သမီးလေးနဲ့ မေးခွန်းတွေ


(က) 
အိမ်ကပို့လိုက်တဲ့ အလင်းတန်းဂျာနယ်အဖုံးမှာ အဆိုတော်ရဲလေးရဲ့နာမည်ကို အင်္ဂလိပ်လိုရေးထားတာမို့ ဇွန်လထဲမှာ ငါးနှစ်ပြည့်တော့မယ့် သမီးလေးက ချက်ချင်းပဲ ပေါင်းဖတ်ပါတယ်။ Ye Lay .... ရဲလေး တဲ့။  
“ဟုတ်တယ်သမီးလေး၊ အဲဒီ ကိုကိုရဲ့နာမည်က ရဲလေးတဲ့.... အဆိုတော်လေ...”လို့ ဆိုတော့ ကျေနပ်မသွားဘဲ ဆက်မေးပါတယ်။
“Why he's called ရဲလေး” တဲ့။ 
“သြော်... သူ့မေမေက ရဲလေးလို့ ပေးထားလို့ပေါ့ သမီးရဲ့...။ သမီးကို မေမေက မေမိုးမာန်မောင် လို့ ပေးထားသလိုမျိုးပေါ့။ လူတိုင်းမှာ နာမည်တွေရှိရတယ်လေ...”  
သူ ကျေနပ်ပုံမရသေး။ “Why” တဲ့။ ဆက်မေးနေသေးတာ။ သူမေးချင်တာကို ကျွန်မလည်း နားလည်သလိုလို ရှိတာနဲ့ သူ စိတ်ကျေနပ်လောက်တဲအထိ အဖြေကို စနစ်တကျ စီစဉ်ရှင်းပြရပါတယ်။ 
“ဒီလိုသမီးရယ်....လူတွေက အများကြီးရှိတယ်မဟုတ်လား... နာမည်တွေ ပေးမထားရင် အကုန်ရောကုန်မှာပေါ့နော်။ သမီးက ဥပမာဆိုပါတော့ သမီးရဲ့သူငယ်ချင်းတွေမှာ နာမည်တွေ ပေးမထားရင် သူတို့ကို သမီး ဘယ်လိုခေါ်မလဲ။ ဟုတ်တယ်မလား။ ဒါကြောင့် လူတွေကို မှတ်လို့လွယ်အောင်၊ ခေါ်လို့လွယ်အောင် နာမည်တွေ ပေးထားရတာပေါ့။ တစ်ချို့က နာမည်လှလှလေးတွေ ရှာပြီး ပေးတတ်ကြတယ်။ လူနဲ့လိုက်အောင်ပေါ့။” လို့ ရှင်းပြမှ ခေါင်းတညိတ်ညိတ်နဲ့ ကျေနပ်သွားပါတယ်။ 
ဒီအရွယ် ကလေးတွေရဲ့ ခေါင်းထဲမှာ သိချင်စရာ မေးခွန်းတွေက အများကြီးပဲ တန်းစီရှိနေတတ်တာပါ။ သူတို့ မေးသမျှကို စိတ်ရှည်လက်ရှည်ဖြေပေးဖို့ အချိန်ယူဖို့၊ နားလည်တဲ့အထိ ရှင်းပြဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ သူတို့သိချင်တာလေးတွေ သိခွင့်ရတဲ့အခါ ကျေနပ်သွားပြီး သူတို့ကိုယ်သူတို့လည်း ယုံကြည်မှုတိုးလာသလို ရင့်လည်းရင့်ကျက်လာတတ်ပါတယ်။ 

 (ခ)

 တစ်နေ့ကတော့ ကျောင်းကနေ သွားပြန်ကြိုလာချိန်မှာ သမီးလေးက မေးခွန်းတစ်ခု မေးလာပါတယ်။
 “မေမေ သမီးမှာ သူငယ်ချင်းတွေ အများကြီးရှိလာအောင် သမီးဘာလုပ်ရမလဲဟင်”တဲ့။ 
ကျွန်မ ချက်ချင်း အဖြေမပေးသေးဘဲ အချိန်ခဏယူပြီး စဉ်းစားရပါတယ်။ ဘယ်လိုဖြေရင်ကောင်းမလဲ။ ကိုယ့်သမီးလေးကို တော်တဲ့ကလေးတစ်ယောက် ဖြစ်စေချင်တာကတော့ မိခင်တိုင်းရဲ့ အတ္တပဲ ဖြစ်လိမ့်မယ်ထင်ပါရဲ့...။
“သမီးမှာ သူငယ်ချင်းတွေ အများကြီးရှိစေချင်ရင် သမီးဘာလုပ်ရမလဲဆိုရင်တော့ သမီးတော်နေအောင် ကြိုးစားရမယ်သမီး။ တော်တဲ့ လူတစ်ယောက်ကို လူတိုင်းက ပေါင်းချင်တယ်။ အထင်လည်း ကြီးကြတယ်” 
သမီးလေးရဲ့ မျက်လုံးကလေးတွေ အရောင်တလက်လက် တောက်လာတာကို ကျွန်မချက်ချင်းပဲ သတိထားမိပါတယ်။ သူ စိတ်ဝင်စားနေပြီ။ 
“တော်အောင် ဘာလုပ်ရမလဲ မေမေ”တဲ့။
“တော်အောင် စာတွေအများကြီးဖတ်ရမယ်။ သချာင်္တွေ အများကြီး တွက်ရမယ်။ Sports တွေ အများကြီးလုပ်ရမှာပေါ့” ဆိုတဲ့ ကျွန်မရဲ့ အဖြေကို သူလက်ခံပါတယ်။ 
အိမ်ပြန်ရောက်တော့ Library က ငှားထားတဲ့ စာအုပ်တွေကို တစ်လုံးချင်း စိတ်ရှည်လက်ရှည် ပေါင်းဖတ်နေတော့တာကိုး။ ပြီးတော့ သချာင်္စာအုပ်ထဲမှာ အပေါင်း အနုတ်တွေကို စိတ်ပါလက်ပါ ထိုင်တွက်နေတော့တာမို့ ကျွန်မရဲ့အဖြေအတွက် နည်းနည်းစိတ်တိုင်းကျမိပါတယ်။ 
မိခင်တစ်ယောက်ဟာ သားသမီးကလေးတွေကို ကိုယ်လိုချင်တဲ့ ပုံစံကလေးရလာအောင် သိမ်းသွင်းဆွဲဆောင်ရာမှာ ပညာသားကလေးလည်း ပါရမယ်လေ။

(ဂ)

သမီးလေးက တစ်ခါတစ်ခါ တစ်ခုခုကို အာရုံစူးစိုက်တွေးနေတတ်သလိုမျိုး အကြာကြီးတွေးနေတတ်ပါတယ်။ တွေးနေရာကနေ မေးခွန်းတွေက ပါလာတော့တာပါ။ ဆောင်းတွင်းတစ်ခုတုန်းက သစ်ရွက်တွေမရှိတော့တဲ့ သစ်ပင်တွေကို ကြည့်ပြီး...
“မေမေ သစ်ရွက်တွေက အပင်ပေါ်မှာမနေဘဲ ဘာဖြစ်လို့ အောက်ကို ကြွေကုန်ရတာလဲ”တဲ့။ 
ကျွန်မ ဘယ်လိုဖြေရမလဲ စဉ်းစားရပြန်ပါတယ်။ 
“ဆောင်းတွင်းဆိုတော့ အရမ်းအေးလာတယ်လေ သမီးရဲ့။ အအေးဒဏ်ကို သစ်ရွက်လေးတွေ မခံနိုင်ဘူးလေ။ ဒါကြောင့် ကြွေကုန်တာ။ နွေရာသီကျတော့ ပြန်နွေးလာတော့ သစ်ရွက်ကလေးတွေ ပန်းပွင့်ကလေးတွေ ပြန်ရှင်လာကြတာပေါ့” လို့ဖြေတော့ “သြော် သြော်” တဲ့။ ပြီးတော့ ဆက်မေးပြန်တယ်။
“မေမေ သမီးသူငယ်ချင်းတွေရဲ့ ဆံပင်တွေက ဘာလို့ blonde ဖြစ်နေပြီး သမီးက ဘာလို့ Black ဖြစ်နေရတာလဲဟင်” တဲ့။
“အဲဒါ မေမေတို့နဲ့ သူတို့ မျိုးရိုးဗီဇချင်း မတူကြဘူးလေ။ သူတို့က လူဖြူမျိုးနွယ်တွေ ဆံပင်တွေက အဲဒီအရောင်တွေချည်းပဲ။ မေမေတို့က အာရှမျိုးနွယ်တွေ ဆံပင်တွေက အနက်ရောင်ပေါ့”
“မျိုးရိုးဗီဇဆိုတာ ဘာလဲမေမေ” တဲ့။
သမီးကို Gene အကြောင်း Genetics အကြောင်း ပြောပြဖို့ စောများနေမလား။ သူ ငါးနှစ်တောင်မပြည့်သေးဘူးလေ။ 
“အဲဒါ သမီးကြီးလာရင် သင်ရလိမ့်မယ်။ မျိုးရိုးဗီဇဆိုတာ လူမျိုးစုတွေ အများကြီးရဲ့ မတူညီတာတွေ၊ တူတာတွေကို လေ့လာရတဲ့ ဘာသာတစ်မျိုးဆိုပါတော့ သမီးရယ်။ သမီးနားလည်အောင် နောက်တော့ မေမေသေချာရှင်းပြမယ်နော်” ဆိုတာကို သိပ်တော့ ကျေနပ်ပုံမရ။ ဒါပေမယ့် ဆက်တော့ မမေးတော့။

(ဃ)

တစ်နေ့တော့ သမီးလေးက ပြုံးစိစိမျက်နှာပေးနဲ့ မေးခွန်းတစ်ခုမေးလာပါတယ်။
“မေမေ... သမီးက ဘယ်ကနေ ရောက်လာတာလဲ” တဲ့။ ကျွန်မ ရယ်ချင်သွားပါတယ်။ အင်း ဘယ်လိုဖြေရပါ့။
“သမီးကို မေမေ့ဗိုက်ထဲမှာ အကြာကြီးလွယ်ထားခဲ့ရတာ သမီးရဲ့။ ပြီးမှ ဗိုက်ထဲကနေ ခွဲထုတ်ပြီးမွေးလို့ သမီးလေး ရောက်လာတာပေါ့”
“အို...မေမေ နာမှာပဲနော်”
“နာတာပေါ့ သမီးရဲ့။ မေမေ့ဗိုက်မှာ အရာကလေးတောင် ကျန်သေးတယ်။ ”
“မေမေ ဖေဖေ့ကို ချစ်လားဟင်”
“ချစ်တာပေါ့ သမီးရဲ့။ ချစ်လို့ လက်ထပ်ထားတာပေါ့”
“မေမေက သူများကို လက်မထပ်ဘဲ ဘာလို့ ဖေဖေ့ကိုပဲ လက်ထပ်တာလဲ”
“ဟယ် သူများကိုမှ မေမေကမချစ်တာ။ ဖေဖေ့ကိုပဲချစ်လို့ ဖေဖေ့ကိုပဲ လက်ထပ်တာပေါ့ သမီးရဲ့”
အဲဒီတော့ သူက မျက်လုံးကလေး ကလယ်ကလယ်၊ မျက်နှာကလေးက ပြုံးဖြီးဖြီးနဲ့ 
“မေမေ သမီးလေးရော ဘယ်တော့ လက်ထပ်ရမှာလဲဟင်” တဲ့။
ဘုရားရေ ဆိုပြီး ကျွန်မ မျက်လုံးပြူးသွားမိပါတယ်။ 
“အမလေး သမီးရယ် သမီးအသက်က ခုမှ ငါးနှစ်တောင် မပြည့်သေးတဲ့ဥစ္စာ။ လက်ထပ်ဖို့ကိစ္စကို အသက်သုံးဆယ်လောက်ကျမှ ပြောကြတာပေါ့။ ဖေဖေ ဆူလိမ့်မယ်နော်” လို့ ဆိုတော့ တခစ်ခစ်နဲ့ သဘောကျစွာ ရယ်လို့ မဆုံးတော့ပါ။ ဘာပဲဖြစ်ဖြစ် သူကလေးရဲ့ မေးခွန်းတွေကို ဖြေရတာ ကျွန်မအတွက် ပျော်စရာလည်းကောင်း၊ စဉ်းစားစရာတွေလည်း တိုးနဲ့ အချိန်တွေလည်း ဘယ်လိုကုန်မိမှန်း မသိတော့။





လွန်းထားထား(ဆေးတက္ကသိုလ်)

13 comments:

သမီးလေးရဲ့ အောက်ဆုံးက မေးခွန်းတွေဖတ်ပြီး အသံထွက်အောင်ဘဲ ရယ်လိုက်မိပါတယ်..
ဒီအသက်အရွယ်လေးနဲ့ ဒီလောက်တောင် စကားတွေတတ်နေပြီနော်..
အံ့သြဖို့ကောင်းလောက်အောင် ချစ်ဖို့ကောင်းတယ်..
မထားသမီးလေး နိုင်ငံရပ်ခြားမှာ ကြီးပြင်းခွင့်ရတာ တစ်မျိုးတော့ ကံကောင်းတယ်လို့ ပြောရမယ်နော်.. မြန်မာပြည်မှာသာဆိုရင် ပညာရေးတစ်ခုတည်းကိုသာ ဦးစားပေးကြတယ်... အားကစားကို လိုက်စားရမှန်း သိပ်မသိကြဘူး.. ညီမတော့ ကလေးတွေကို အနုပညာရယ်၊ အားကစားရယ် ပညာရေးရယ်ကို အချိုးညီညီ ဖြစ်စေချင်တယ်.. မြန်မာပြည်ပညာရေးစနစ်မှာလည်း အားကစားကို နေရာပေးထားတာ သိပ်မတွေ့ရဘူး.. ချစ်စရာသမီးလေးရဲ့ အနာဂတ် အောင်မြင်ဖြောင့်ဖြူးပါစေရှင်။

 

ကလေးလေးတွေရဲ့ သိချင်စိတ်ကလေးတွေရှိနေတာ ရဲရဲဝံ့ဝံ့မေးရဲတာ ထက်မြက်တဲ့ ကလေးတွေရဲ့ မွေးရာပါ ဗီဇ တစ်ခုဖြစ်လိမ့်မယ် ထင်တယ်နော်။ ကလေးတိုင်း အဲလို မေးလေ့ မရှိကြဘူး။ မေးရင် ဘေးနားက စိတ်ရှည်လက်ရှည် ဖြေပေးမယ့် မိဘနဲ့လည်း ဆိုင်လိမ့်မယ် ထင်တယ် sisရေ..။
မိခင်တစ်ယောက်ရဲ့နွေးထွေစွာ ဆုံးမသွင်သင်ပုံလေးနဲ့ လိုရာကို ဆွဲယူပြုပြင်တဲ့ ပညာပေးလေး တစ်ခုလို့ မြင်မိပါတယ်ရှင်။

 

သမီးလေးအကြောင်းတွေအားလုံးဖတ်သွားတယ် သိပ်ချစ်စရာကောင်းတာပဲ

 

မမရေ...သမီးကချစ်ဖို့ကောင်းလိုက်တာနော်...
မမရေးတဲ့သူ့အကြောင်းလေးတွေဖတ်ပြီးချစ်နေတာ...
အန်တီ Angel ကနှုတ်ဆက်ကြောင်းပြောပေးပါနော်...

 

ကျေးဇူ။ပါ....မြတ်မွန်.. အေး..နဲ့  Angel တို့  ရေ..

 

စာလာဖတ်ပါတယ် အမ။

 

သမီးလေးက ချစ်စရာလေး..
ကြီးလာရင်လည်း ထက်မြက်မယ့်ပုံပဲ..

 

အိုးးးးးးးးးးသမီးလေးက တတ်လိုက်တာ.................

 

ညီမကအစ်မရဲ့ပရိတ်သတ်တစ်ယောက်ပါ...အစ်မရေးတဲ့စာတွေကိုအမြဲတမ်းအားပေးနေတယ်နော်..အစ်မ ထာဝရ...ပျော်ရွှင်ပါစေနော်...

 

စာလာဖတ်ပါတယ် အမ။

 

မထင်မှတ်ဘဲ ရောက်လာခဲ့တာ အစ်မရေ
သမီးလေးရဲ့ အမေးစကားတွေကို ချစ်စနိုးနဲ့ ဖတ်မိနေတယ်
မိခင်တစ်ယောက်ရဲ့ ချင့်ချိန်ဖြေတာတွေကိုလည်း မြင်နေရတယ်
အဲသလို ဖြေပေးမှလည်း ကလေးတွေမေးချင်တာ မေးရဲကြမယ်ထင်တယ်
ကလေးတွေ self-confidence ရှိဖို့ဆိုတာ မိဘတွေနဲ့များဆိုင်မလားမသိဘူး

 

အစ်မရဲ့ သမီးလေးက အရမ်းချစ်ဖို့ကောင်းတယ် စကားလည်း တော်တော်တတ်တယ်နော်

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics