ပါရမီ

  
သားကို နို့ချိုတိုက်ကျွေးတိုင်း
ဘယ်လိုမှ ကြည့်ပျော်၊ သာယာနာပျော်ဖွယ်မရှိတဲ့
သားရုပ်ဆိုးကလေးကို တစိမ့်စိမ့်ကြည့်ရင်း
အတော်ကံဆိုးရှာတဲ့ ကလေးလေးလို့
မေတ္တာကရုဏာတွေ စီးကျရမြဲပါပဲ
(က)

သူ့ကို မွေးခါစအချိန်မှာ သူဟာ ဆေးရုံပေါ်မှာရှိတဲ့ ကလေးတွေအားလုံးထဲမှာ အရုပ်အဆိုးဆုံး ကလေးတယောက်ဖြစ်ခဲ့တာမို့ သူ့အမေဟာ အတော်လေးကို စိတ်ဓာတ်ကျဆင်းခဲ့ပါတယ်။
သူ့မျက်လုံးတွေဟာ ဖွင့်လို့ရတဲ့အချိန်မှာ တော်တော်ပြူးကျယ်ပြီး အပြင်ကို ပြူးထွက်လုနီးပါး ရှိခဲ့ပါတယ်။ နှာခေါင်းက အရှည်ကြီး၊ လူတစ်ယောက်ရဲ့နှာခေါင်းမှ ဟုတ်ရဲ့လားလို့တောင် သံသယဝင်စေခဲ့တာပါ။ နဖူးကလည်း ခပ်မောက်မောက်နဲ့၊ မေးစေ့ကလည်း ကောက်ချိတ်ချိတ်၊ မှင်စာကလေးတစ်ယောက်များ မွေးမိသလားလို့ ထင်မှတ်စရာပါ။
သူ့အမေဟာ အတော်စိတ်ဓာတ်ကျပြီး သားကို သေသေချာချာတောင် မကြည့်မိပါဘူး။  စိတ်မကောင်းလည်း ဖြစ်စွာနဲ့ သားရဲ့အနာဂတ်ကို ဟိုးအဝေးကြီးထိအောင် တွေးကြည့်ပြီး စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ သားကလေးဟာ လူတောမှတိုးပါ့မလား။ “ကိုရုပ်ဆိုး”လို့ နာမည်တွင်ပြီး လူတွေဟာ သားအပေါ်မှာ ကောင်းကောင်းမွန်မွန်မှ ဆက်ဆံကြပါ့မလား။ 
သားဟာ သိတတ်လာတဲ့ အရွယ်ရောက်တဲ့အခါ သူ့ကို ဒီရုပ်ဒီရည်ဖြစ်အောင် မွေးထုတ်ပေးခဲ့တဲ့ သူ့အမေကို အပြစ်တင်ကောင်း တင်ပါလိမ့်မယ်။ ဒါဆိုရင် ဘယ်သူ့ကို အပြစ်တင်ရမှာပါလိမ့်။ သူ့အမေဟာ တစိမ့်စိမ့်တွေးလေ၊ စိတ်မချမ်းမသာ ဖြစ်လေပါပဲ။ 
သားကို နို့ချိုတိုက်ကျွေးတိုင်း ဘယ်လိုမှ ကြည့်ပျော်သာယာနာပျော်ဖွယ်မရှိတဲ့ သားရုပ်ဆိုးကလေးကို တစိမ့်စိမ့်ကြည့်ရင်း အတော်ကံဆိုးရှာတဲ့ မေတ္တာကရုဏာတွေ စီးကျရစမြဲပါပဲ။

(ခ)


သားရဲ့ ခေါင်းဟာ ကြီးပြီး လည်ပင်းဟာ ဆွဲဆန့်ထားသလို ခပ်ရှည်ရှည်နဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံကလည်း မပြေပြစ်ရှာပါဘူး။
သားကလေး ရုပ်ဆိုးလွန်းလို့ သူ့ကို မြင်ရတိုင်း မြင်ပြီးတာနဲ့ နောက်တစ်ကြိမ် လှည့်မကြည့်ဘဲ မနေနိုင်ကြပါဘူး။ ဘယ်လို ကလေးလေးပါလိမ့်ပေါ့။ ပြီးရင် သူ့ကို မပြုံးမရယ်ဘဲ မနေနိုင်ကြပါဘူး။ သားကိုကြည့်ပြီး ပြုံးရယ်တတ်ကြတဲ့ သူတွေကို သူ့မိခင်က အလွန်ဒေါသထွက် နာကြည်းစွာနဲ့ ကရုဏာတရား၊ ကိုယ်ချင်းစာတရား ကင်းမဲ့ကြသူတွေ လို့ ကင်ပွန်းတပ်လေ့ရှိပါတယ်။
တချို့ကတော့ လှလွန်းလို့ သမင်လည်ပြန် လှည့်ကြည့်ကြရတာပါ။ သူကျတော့ ရုပ်ဆိုးလွန်းလို့ သမင်လည်ပြန် လှည့်ကြည့်ကြရပြီး ကြည့်ပြီးတိုင်းလည်း သူတို့ ရယ်မောလေ့ရှိကြပါတယ်။ 
သား ငါးနှစ် ကျောင်းစတက်တဲ့အချိန်မှာ ပြဿနာက စပါပြီ။ သားရဲ့ အတန်းဖော်ကလေးတွေက သားရဲ့ရုပ်ရည်ကိုကြည့်ပြီး သူ့ဘေးမှာ မထိုင်ချင်ကြတဲ့အတွက် သားကို သူ့တစ်ယောက်တည်း တစ်ခုံပေးထားရပါတယ်။ ကလေးမိဘတွေက သားရဲ့မျက်နှာ၊ သားရဲ့ ဟန်ပန်အမူအရာတွေကိုကြည့်ပြီး ကျိတ်ရယ်တတ်ကြပါတယ်။ သူ့အမေကတော့ စိတ်ဓာတ်ကလေး အနာတရဖြစ်ရှာမှာကို စိုးရိမ်ပူပန်တဲ့အတွက် သားရဲ့ အခန်းဝကတောင် မခွာပါဘူး။ သားကို အမြဲအရိပ်တကြည့်ကြည့် စောင့်ကြည့်နေရပါတယ်။ သား စိတ်ထိခိုက်မှာလား၊ ရှက်ရှာမှာလား လို့ သူ့အမေက သောက များနေပေမယ့် သားကတော့ ခပ်တည်တည်ပြုံးပြုံးရယ်ရယ်ပါပဲ။
အတန်းဖော်ကလေးတိုင်းကို နှစ်လိုရင်းနှီးခင်မင်ပုံနဲ့ လိုက်ရယ်ပြတတ်ပါတယ်။ သားကိုကြည့်ပြီး ကလေးတွေက ခိုးခိုးခစ်ခစ် ရယ်မောကြပါရော၊ သားက မျက်လုံးပြူးပြ၊ လျှာထုတ်ပြ၊ ပြောင်စပ်စပ်မျက်နှာအမျိုးစုံ လုပ်ပြတိုင်း ကလေးတွေက ရယ်မောကြပြီး သားကို ရယ်စရာ သတ္တဝါတစ်ကောင်လို သဘောထားကြပါတယ်။ 
နောက်ပိုင်းမှာတော့ သားနဲ့ သူ့အတန်းဖော်တွေ ပလဲနံပ သင့်သွားခဲ့ပါတယ်။ သူ့အမေလည်း သားရဲ့ စာသင်ခန်းဝမှာ ရက်အနည်းငယ်သာ စောင့်ပေးလိုက်ရတယ်။ သားရဲ့ဘေးမှာ ကလေးတွေ ဝိုင်းအုံနေခဲ့ပါပြီ။
သဘောကောင်းတဲ့သားက ကလေးတွေအပေါ် အနွံတာခံတတ်၊ သည်းညည်းခံတတ်တယ်။ ရယ်စရာမျိုးစုံတွေ လုပ်ပြတတ်တော့ “လူချော”ဆိုတဲ့ ကိုရုပ်ဆိုးကလေးဟာ အပေါင်းအသင်းတွေရဲ့ ခင်မင်နှစ်လိုမှုကို အပြည့်အဝရခဲ့ပုံက မယုံကြည်နိုင်စရာ သားရဲ့ အစွမ်းအစ ဖြစ်ခဲ့ပါတော့တယ်။
                  
(ဂ)


ဒီလိုနဲ့ သူ တစ်နေ့တခြား အရွယ်ရောက်လာတာနဲ့အမျှ သူ့ရဲ့ရုပ်ဆိုးမှု၊ အချိုးအစားမပြေပြစ်မှုဟာ ထင်ရှားသထက် ထင်ရှားလာခဲ့ပါတယ်။ အံ့သြစရာ ကောင်းတာက သူ့ကို မြင်တာနဲ့ မိန်းကလေးပဲဖြစ်ဖြစ် ပြုံးစိစိကနေ ရယ်မောရတဲ့ အထိ ဖြစ်ကြရခြင်းပါပဲ။ ဒါကလည်း အထူးအဆန်း မဟုတ်တော့ဘဲ သူ့အတွက် ရိုးအီနေပါပြီ။
သူ ဘာလုပ်လုပ်၊ ဘာပြောပြော လူတိုင်းက ရယ်မောကြခြင်းနဲ့သာ တုံ့ပြန် လေ့ရှိပါတယ်။ သူကလည်း အဲဒီလူတွေ ရယ်မောသည်ထက် ရယ်မောအောင် ဟာသပြက်လုံးတွေ တမင်တကာ ရှာဖွေပြောပြစရာမလိုဘဲ မျက်နှာ၊ ကိုယ်ဟန်အမူအရာတွေနဲ့ ဖမ်းစား တတ်လာခဲ့ပါတော့တယ်။
သူ့ရဲ့ ရုပ်ဆိုးခြင်းဟာ သူ့ရဲ့ အစွမ်းအစတစ်ခုလို ဖြစ်လာခဲ့ပါပြီ။ သူ့ကို ကံဆိုးလိမ့်မယ်၊ လူတောမတိုး ဖြစ်လိမ့်မယ်လို့ စိုးရိမ်ပူပန်လေ့ရှိတဲ့ သူ့အမေကတောင် သားကိုမြင်ရင် တပြုံးပြုံးနဲ့ ရယ်မော တတ်လာပါပြီ။ 
သူဟာ တဖြည်းဖြည်း တစစနဲ့ နာမည်ကြီးလာပါတယ်။ လူချစ်လူခင် များလာပါတယ်။ ရုပ်ဆိုးတာနဲ့ စိတ်သဘောကောင်းခြင်းဟာ သူ့ဆီမှာ တိုက်ရိုက်အချိုးကျတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ 
လူတချို့ဆို သူ့ကို တကူးတကခေါ်ပြီး လက်ဖက်ရည်တိုက် မုန့်ကျွေးပြီး ...
“လာကွာ... မင်း ငါတို့ နားမှာနေ ၊ မင်းလုပ်ချင်တာလုပ်၊ မင်းကိုကြည့်ပြီး ငါတို့ ရယ်ချင်လို့”
လို့ဆိုပြီး သူလုပ်သမျှ အမူအရာတိုင်းကို ဝိုင်းပြီး ရယ်မော အပန်းဖြေတတ်ကြပါတယ်။ တချို့က....
“မင်း... လူရွှင်တော်၊ ဟာသမင်းသား လုပ်ပါလားကွ... ဒါဆို မင်း တော်တော်အောင်မြင်မယ်၊ မင်း မျက်နှာကို မြင်ရတာနဲ့ ရယ်နေရတာကိုက မင်းရဲ့ပါရမီပဲ...”
လို့ ပြောကြပါတယ်။
အဲဒီလိုနဲ့ သူ့နာမည်ဟာ တကယ်ပဲ လူတွေကြားမှာ ပျံ့နှံ့ကျော်ကြားလာခဲ့တာ အမှန်ပါပဲ။ သူဟာ စကားတစ်ခွန်းမှ မပြောဘဲနဲ့ကို လူတကာရဲ့ ရယ်မောအူမြူးခြင်းကို သဲ့ယူဖမ်းစားနိုင်တဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ပါတယ်။

(ဃ)


သူ့အသက်နှစ်ဆယ်အရွယ်မှာ မယုံနိုင်လောက်အောင် ကံကြမ္မာရဲ့ လက်ဆောင် တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒါကတော့ ပြစ်မျိုးမှဲ့ မထင် လောက်အောင် လှပ ချောမွေ့တဲ့ မိန်းမချောကလေးတစ်ယောက်ရဲ့ အချစ်ကို သိမ်းပိုက်ရယူ နိုင်ခဲ့တာပါပဲ။
မိန်းမချောကလေးရဲ့ အဓိကအားနည်းချက် (သို့မဟုတ်) လိုအပ်ချက်ကတော့ ရယ်မောဖို့ဝါသနာပါခြင်း (သို့မဟုတ်) အရယ်သန်ခြင်းပဲ ဖြစ်ပါတယ်။ သူ့ကို မြင်တာနဲ့ မိန်းမချောကလေးဟာ ပါးစပ်မစေ့နိုင်အောင်ဘဲ အမြဲရယ်မော နေတတ်ပါတော့တယ်။
သူ ဘာပြောပြော သူ ဘာလုပ်လုပ် သူမဟာ ရယ်မောလို့သာ နေတတ်ပါတယ်။
“လူချောရယ် ရှင်နဲ့သာ အတူတူနေရရင် ကျွန်မတော့ အတော်အသက်ရှည်မှာပဲ၊ အမြဲရယ်နေရတော့ ကျွန်မလည်း တော်တော်နုပျိုပျော်ရွှင်နေမှာပဲ၊ ရှင်က ဒီကမ္ဘာလောကကြီးမှာ ကျွန်မကို အမြဲရယ်မောအောင် လုပ်ပေးနိုင်မယ့် နုပျိုဆေးပဲ”
လို့ ဆိုခဲ့ပါတယ်။
သိပ်ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ သူ အတူယှဉ်တွဲသွားလာခြင်းဟာ မြင်ရသူတိုင်းအတွက် အပြောင်မြောက်ဆုံး ဟာသတစ်ခုပါပဲ။ လူတွေက သူမတို့စုံတွဲကို ကြည့်ပြီး ရယ်လေ ၊ သူမကလည်း သဘောကျလေပါပဲ။
“မင်း ကိုယ့်ကို လက်ထပ်မှာလား”
လို့ မေးတဲ့အခါ သူမက...
“ဒီလို စိန်မခေါ်နဲ့လေ၊ ကျွန်မ ရှင့်ကို တကယ်လက်ထပ်မှာနော်၊ ကျွန်မဘဝတစ်လျှောက်လုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ဖို့ အမြဲတမ်း ရယ်မောနေဖို့က အရေးအကြီးဆုံး လိုအပ်ချက်ပဲ”
လို့ အဖြေပေးခဲ့ပါတယ်။


(င)


သူနဲ့ သူမတို့ မင်္ဂလာပွဲဟာ ရယ်မောသံတွေနဲ့သာ ပြည့်လျှံ စည်ကားခဲ့ပါတယ်။ သတို့သားနဲ့ သတို့သမီးဟာ ကမ္ဘာပေါ်မှာ မလိုက် ဖက်ဆုံးသော စုံတွဲဖြစ်ပေမယ့် ပရိသတ်အတွက်တော့ တကယ့်ကို ဟဒယရွှင်ဆေးတစ်ခုပါပဲ။
သူကလည်း မင်္ဂလာပွဲကျင်းပရင်းနဲ့ကို မျက်နှာအမူအရာတွေ အမျိုးမျိုး လုပ်ပြနေတာကို သတို့သမီးကတောင် ဣနြေ္ဒမဆည်နိုင်တဲ့အထိ ခွက်ထိုးခွက်လှန်ရယ်မောရပါတယ်။ ပရိသတ်ကလည်း ပွဲကျလို့ မဆုံး ပါဘူး။
သူ့မိခင်ဟာ သားအတွက် ဝမ်းသာဂုဏ်ယူတတ်ခဲ့ပါပြီ။ သတို့သမီးကိုယ်တိုင်က သားကို နှစ်လိုစုံမက် မှုအပြည့်နဲ့ တန်ဖိုးထားတာကို မြင်ရတာမို့ပါ။
မင်္ဂလာဆောင်ပြီးတော့မှ သူဟာ ပိုပြီးစန်းတက်လာပါတယ်။ သူ့ကို ဟာသမင်းသားအဖြစ်တင်ပြီး ရုပ်ရှင်ရိုက်ပေးမယ့် ဒါရိုက်တာတစ်ယောက် အမှန်တကယ်ကို ပေါ်ပေါက်လာခဲ့လို့ပါ။
သူ့မိန်းမကလည်း သဘောတူကြည်ဖြူခဲ့ပါတယ်။ သူလည်း အလွန်နာမည်ကြီးတဲ့ ဟာသမင်းသား တစ်ယောက် အဖြစ် စတင်ကျော်ကြားလာပါတော့တယ်။
သူတို့လက်ထပ်ပြီး တစ်နှစ်လောက်အကြာမှာ သူဟာ မြန်မာပြည်မှာ အကျော်ကြားဆုံး ဟာသမင်းသား တစ်လက်ဖြစ်လာခဲ့ပြီး သူ့မိန်းမက သားကလေးတစ်ယောက် မွေးဖွားခဲ့ချိန်မှာ သူရော၊ သူ့အမေရော၊ ဆေးရုံတစ်ရုံလုံးကပါ လှိုက်လှိုက်လှဲလှဲဆုတောင်းနေခဲ့တဲ့ ဆုတောင်းတစ်ခုရှိပါတယ်။
အဲဒီဆုတောင်းကတော့ မွေးလာမယ့်သားကလေးဟာ သူနဲ့ထပ်တူချွတ်စွပ် တူနေစေဖို့ပါပဲ။


.............



လွန်းထားထား၊ဆေးတက္ကသိုလ်၊

7 comments:

ဖတ်လို့ကောင်းတယ်မမထား။

 

သူဟာ မြန်မာပြည်မှာ အကျော်ကြားဆုံး ဟာသမင်းသား တစ်လက်ဖြစ်လာခဲ့တာ တကယ်လားဟင် sis..။
ဘယ်သူများပါလိမ့်။
ဟာသသရုပ်ဆောင်တွေထဲက ဘယ်သူဖြစ်မလဲ မသိဝူးနော်။

ကိုလူချောရဲ့ စိတ်ဓာတ်ကလေးကို ကြိုက်တယ်။
သူ့ရဲ့ရုပ်ဆိုးနေတဲ့ မျက်နှာကြောင့် စိတ်ဓာတ်မကျဘူး။
လူတွေကို ဘယ်လို အကြိုက်ပေးပြီး ရင်းနှီးအောင် စွဲဆောင်နိုင်တာ..တကယ့် “ ပါရမီ” ပါပဲ။

 

စိတ်သဘောကောင်းသူဟာ ရုပ်မလှပေမဲ့ ပင်ကိုယ်အကြည်ဓာတ်ခံကြောင့်ထင်ပါရဲ့
လူချစ်လူခင်များကြတယ်နော်
ပျော်စရာဇာတ်သိမ်းလေးမို့ ဖတ်ရတာ ကျေနပ်မိပါတယ်..

 

ကောင်းတယ်။ အမရေ..
ချို့ယွင်းချက်ရှိသူတိုင်း ဖတ်သင့်တဲ့
ဝတ္ထုတိုလေးပါပဲ။
သူ့မှာ ချို့ယွင်းချက်ရှိပေမယ့်
လောကကြီးကို ပျော်ရွှင်အောင် သူလုပ်ပေးနိုင်သေးတာပဲနှော်။

 

မမထား ရေ...

ပထမဆုံး ရောက်လာပီး အားရပါးရ မွှေနှောက် ဖတ်သွားဖြစ်ပါတယ် ..။
လွန်းထားထား ဆိုဒ်လေးရှိတယ်ဆိုတာ ကျမ အခုမှ သိရတဲ့အတွက် တော်တော်ညံ့သွားတဲ့ ကိုယ့်ကိုယ်ကို အပစ်တင်လိုက်မိသေးတယ်..။
ကျမ ငယ်ငယ်ကတည်းက လေးစားအားကျခဲ့သော စာရေးဆရာမ တစ်ယောက်ဖြစ်လို့ အမြဲတမ်းပဲ လာရောက် အားပေးနေမှာပါ ...။
ဒီပို့စ်လေးကလည်း ဖတ်လို့ အရမ်းကောင်းပါတယ် ..။

ခင်မင်စွာဖြင့်
နှင်းဟေမာ ...
www.hninhaymar.com

 

ဗေလုဝ ထင်တယ် :D

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics