သမီးလေးရဲ့ ဘာသာစကား



(၁)

“Sorry ဖေဖေ I didn't mean to hurt you” အဲဒီစကားဟာ သမီးကလေး မောင့်ကို စိတ်ဆိုး၊ စိတ်ကောက်၊ ဆိုးနွဲ့၊ ဂျီကျပြီးတိုင်း ပြောလေ့ရှိတဲ့ စကားလေးပါ။ ကြားစတုန်းက ကျွန်မရော မောင်ပါ တော်တော်အံ့သြပြီး ရယ်မိကြပါတယ်။ ဒီအရွယ်လေးနဲ့ ပြောတတ်တယ်ပေါ့လေ။ သူ အဲဒီလို မျက်နှာကလေး အောက်စိုက်ပြီး စိတ် မကောင်းသလို တောင်းပန်စကားဆိုလိုက်ရင် ကျွန်မတို့ရဲ့ ဟာ့ထ်ကို ထိမှန်းလည်း အလည်မကလေးက သိပြီးသားပါ။ သူမဟုတ်တာ တစ်ခုခု လုပ်ပြီးတိုင်း အဲဒီစကားကို တွင်တွင်သုံးလေ့ရှိပါတယ်။ မောင်ကတော့ ခံရတာများပြီမို့ တဟားဟားသာ အော်ရယ်နေတတ်ပါတယ်။ သူမ အားပါးတရ စိတ်ကောက်ငိုယိုလို့ပြီးရင် သူမပြောနိုင်ခင်မှာ ကျွန်မတို့က ဦးအောင် သူ့လေယူလေသိမ်းမျိုး တမင်တုပပြီး “Sorry ဖေဖေ I didn't mean to hurt you” လို့ ဝိုင်းအော်ရင်တော့ သူ့ခမျာ ရှက်ကိုးရှက်ကန်းကြီးဖြစ်ပြီး ရယ်မောပါလေရော။
နောက်တစ်ခု ရှိပါသေးတယ်။ “အောင်မယ် ဘယ်လိုဖြစ်တာလဲ အပိုဆာဒါးတွေ” တဲ့။ အဲဒါက ကျွန်မက သူ့ကို စိတ်တိုင်းမကျ အလိုမကျတဲ့အခါတိုင်း ပြောလေ့ရှိတဲ့စကားပါ။ အဲဒါကို သူက သေသေချာချာ မှတ်ထားတာ။ မောင်နဲ့ကျွန်မ စကားလက်ဆုံကျလို့ စကားကောင်းနေပြီဆို သူ့ကို ဂရုမစိုက်တော့ရင် သူက မကျေမနပ်နဲ့ အဲဒီစကားလုံးနဲ့ ဝင်ခွပ်တော့တာပါ။ သူ အဲဒီလိုပြောရင် မေးစေ့ကလေး ကလည်း ဆတ်ကာ ဆတ်ကာနဲ့ အရမ်း ရယ်ရတာပါ။ အခုဆို သမီးက Nursery သွားနေပြီမို့ သူ့ကျောင်းမှာ တခြားကလေးတွေ အကြောင်းပြောချင်ရင် သမီးနဲ့ကျွန်မက မျက်နှာထားကိုတော့ ပြုံးပြုံးကလေးထားပြီး အတင်းအုပ်လေ့ရှိပါတယ်။ တစ်နေ့တော့ ကလေးတစ်ယောက်က မေ့ကို ရယ်ရယ်မောမော စကားပြောနေတုန်း သမီးက ပက်ခနဲ ပြောလိုက်တာ။ အဲဒီ “အောင်မယ် ဘယ်လိုဖြစ်တာလဲ အပိုဆာဒါးတွေ” ဆိုလို့ ကျွန်မ နှုတ်ခမ်းနာနာ ကိုက်ထားရပါတယ်။ 

(၂)

သမီးလေးက ကျွန်မလိုပဲ စာအုပ်လောဘကြီးတတ်သေးသူပါ။ Library တစ်ခါသွားရင် တော်တော်နဲ့ မပြန်ချင်ဘဲ သူဖတ်ချင်သမျှ စာအုပ်တွေ ဆွဲဆွဲယူပြီး “မီးလေး ဒါလည်း ဖတ်ရမယ်၊ ဒါလည်း ဖတ်ချင်တယ်” နဲ့ ရွေးလို့ကို မပြီးနိုင်တော့တာ။ တစ်ကြိမ်ငှားရင် ၁၇ အုပ်လောက် ပါတာမို့ ကျွန်မမှာ သယ်ရတာ မနိုင်မနင်းပါ။ စာအုပ်တွေ ရလာပြီးရင် ညတိုင်း တစ်ညတစ်အုပ်နှုန်း ကျွန်မကို ဖတ်ခိုင်းတော့တာပါ။ သူက story တွေ အရမ်းကြိုက်ပါတယ်။ ပြီးရင် သူ့ဘာသူလည်း ပြန်စီစဉ်ချဲ့ထွင်ပြီး ခပ်တည်တည်နဲ့ သူက ကျွန်မကို ပြန်ဖတ်ပြနေသေးတော့တာ။ သူ့ပုံပြင်ကိုလည်း နားထောင်ကြည့်ပါဦး။ “Once upon a time, there was a princess. Her name is May Moe Mahn Maung and she is so beautiful.” ဆိုတာမျိုးပါ။
အသက်ကဖြင့် လေးနှစ်တောင် မပြည့်သေးပါ။ ကြီးကြီးကျယ်ကျယ်တွေ အင်မတန်ပြောတတ် လုပ်တတ်ပါတယ်။ တလောက ကျွန်မတို့ မိသားစု သုံးယောက် ပွဲတစ်ပွဲတက်ကြတော့ ဧည့်မှတ်တမ်းမှာ လက်မှတ်ထိုးကြတော့ သူကပါ “မီးလေးလည်း ထိုးရမယ်”ဆိုပြီး ဧည့်မှတ်တမ်းမှာ "MAY"သူ့နာမည်သူ ကျကျနန စာလုံးပေါင်း ရေးထည့်တာမို့ အဲဒီက အမျိုးသမီးက သဘောတွေ ကျနေသေးတာပါ။ သူက သူ့ကို အဲဒီလို ဂရုတစိုက် အရေးတယူလုပ်တာကိုလည်း အရမ်းသဘောကျ။ မဂ္ဂဇင်းတွေထဲမှာ သူ့ဓာတ်ပုံလေးတွေ ပါလာရင်လည်း တပြုံးပြုံးနဲ့ ကျေနပ်သဘောကျလို့ မဆုံးပါ။ ဓာတ်ပုံရိုက်တိုင်း သူ့မှာပို့စ်တွေ အမျိုးမျိုးပေးပြီး ဓာတ်ပုံအရိုက်ခံတတ်သလို ကျွန်မကိုလည်း “လှလှလေးရိုက်နော်၊ မေမေ ပြီးရင် မဂ္ဂဇင်းပို့ရမယ်” လို့ ပြောတတ်သေးသူပါ။

(၃)

သမီးလေးရဲ့ လက်သုံးစကား နောက်တစ်ခုကတော့ "All by myself." တဲ့။ ဘာပဲလုပ်လုပ် သူ့ဘာသာသူပဲ လုပ်ချင်တာမို့ တစ်ခါတစ်လေကျတော့ ကျွန်မက စိတ်မရှည်ချင်။ ဈေးဝယ်ပြီး check out လုပ်ရင်လည်း သူပါ။ ပိုက်ဆံပေးဖို့ credit card ထည့်ရင်လည်း သူထည့်ချင်။ Pin နံပါတ် နှိပ်တာကို သူပဲနှိပ်ချင်တော့ မခက်ပေဘူးလား။ ဆူပြန်ရင်လည်း Ok! Ok! ဆိုပြီး နောက်ဆုတ်ပေးရှာတာမို့ တော်ပါသေးတယ်။ “ကလေးလေးက ကလေးလေးနဲ့ကို မတူဘူး၊ နေရာတကာ ဝင်ပါတာမကောင်းဘူးနော်” လို့ ကျွန်မကပြောရင် သူက ဆင်ခြေကလေးနဲ့ "I'm not a baby anymore! I am a big girl now. I can do it all by myself." တဲ့။ သူက လေးနှစ်ပြည့်သေးလို့သာပဲ။ ဆယ့်လေးနှစ်ဆိုရင် ကျွန်မက သူ့တပည့်များ လုပ်နေရမလား မသိတော့ပါဘူး။ ခုကတည်းက ကွန်ပျူတာကိုလည်း အင်မတန်လုတတ်ပါတယ်။ ကျွန်မရဲ့ sony lap top လေးကို မောင်ပိုင်စီးပြီး သူ့ဘာသူ website တွေကို ရှာဖွေတတ်ပြီး အဲဒီက ကလေးတွေအတွက် fun and games တွေကို ကျကျနနကစားတတ်နေပြီမို့ game သရဲလေးပါ။ ကျွန်မက သူ့ကို “တော်ပြီသမီး တစ်နာရီပဲ ဆော့ရမယ်” လို့ အချိန်သတ်မှတ်ပေးထားရပါတယ်။ တစ်ခါတစ်လေတော့ ရစ်ချင်သေးတာ။ “မေမေက စာရေးပါ။ မီးလေးက ကွန်ပျူတာ ဂိမ်းဆော့မယ်။ ဖေဖေက TV ကြည့်” ဆိုပြီးတော့ ခွဲတမ်းတွေ ချနေတာ။ ဒါကြောင့် သူ့အဖေက wii game ဝယ်ချင်တာကို လုံးဝမဝယ်ရဘူးလို့ တားမြစ်ထားရပါတယ်။ သူပဲ ဦးထားတော့မှာကို ကြိုသိနေလို့လေ။

(၄)

သမီးလေးရဲ့ စကားတစ်ခွန်း ရှိပါသေးတယ်။ "expire ဖြစ်နေပြီလားဟင်" တဲ့။ ညက သောက်ပြီး ကျန်တဲ့ ဖန်ခွက်ထဲက ရေကို မနက်ကျရင် မသောက်ပါ။ နှာခေါင်းလေးရှုပ်ပြီး expire ဖြစ်နေပြီ မေမေ လို့ ပြောတတ်ပါတယ်။ မနေ့ကတော့ သူ့ကို You Tube ကနေ Black Hole အဖွဲရဲ့ “သနပ်ခါး”ဆိုတဲ့ သီချင်းကလေး ဖွင့်ပြတာကို နားထောင်ပြီးတော့ သူက “မေမေ မီးလေး သနပ်ခါးလိမ်းချင်တယ်” တဲ့။ ကျွန်မကလည်း အမေတို့လာတုန်းက လိမ်းလက်စ ကျန်ရစ်ခဲ့တဲ့ သနပ်ခါးဗူးကလေး ရှာဖွေထုတ်ယူပေးတော့ “ဟင် မေမေ့သနပ်ခါးက expire ဖြစ်နေပြီနော်” တဲ့။ ကျွန်မမှာ ရယ်လိုက်ရတာ။ နောက်စကားတစ်ခွန်းကတော့ "but why?" ဆိုတဲ့စကားပါ။ သူဆင်ခြေတက်ချင်ပြီဆိုရင် ၊ကျွန်မခိုင်းတာကို မလုပ်ချင်တဲ့အခါမျိုးဆိုရင် ၊ သူနားမလည်တာ တစ်ခုခုရှိရင် အဲဒီစကားကို တွင်တွင် သုံးတတ်တာမို့ ကျွန်မမှာ သူနားလည်လက်ခံလာတဲ့အထိ ရှင်းပြရတာ အမောပါပဲ။ ကျွန်မအတွက် စိတ်လည်းညစ်ရ၊ ပြုံးလည်းပြုံးမိစေတဲ့ စကားကတော့ “Please မေမေ Please” တဲ့။ သူ တစ်ခုခုလုပ်ချင်တဲ့အခါ၊ သူလိုချင်တာ ပူဆာတဲ့အခါ၊ ကျွန်မက သူ့ကိုမလုပ်ဖို့ တားမြစ်တဲ့အခါ သူက ပြုံးပြုံးကလေးနဲ့ ချွဲချွဲနွဲ့နွဲ့လေသံကလေးနဲ့ “Please မေမေ Please” ဆိုပြီး ဆွဲဆွဲငင်ငင် တောင်းဆိုပူဆာလေတိုင်း ကျွန်မမှာ မငြင်းရက်တော့တာများပါတယ်။ ကျွန်မရဲ့အားနည်းချက်ကို သူကလည်း သိထားပြီးသားကိုး။ တစ်ခါတစ်ခါကျတော့ စည်းကမ်းနဲ့ပတ်သက်လာတာမျိုးဆိုရင်တော့ ကျွန်မက သူ့ကိုအလျှော့မပေးဘဲ အသံခပ်မာမာနဲ့ ဆူမိတဲ့အခါမှာတော့ သူက အလျှော့ပေးပြန်ပါတယ်။ ဒါတောင်  ရိုးရိုးလိုက်နာတာမဟုတ်။ သူ့စကားလေးနဲ့သူ ၊ လေယူလေသိမ်းကလည်း မနိုင်၍ သည်းခံလိုက်ရပါတယ် ဆိုတဲ့ လေသံမျိုးနဲ့ "Ok! Ok!  if you say so." တဲ့လေ။ ပြီးတော့ ပြောသေးတယ်။ “မေမေ မီးလေးကို အော်ပါနဲ့။ မီးလေးက စိတ်မကောင်း ဖြစ်တတ်တယ်” တဲ့။ သူ့ကို ဆူမိတဲ့ ကျွန်မကပဲ ပြန်တောင်းပန်ရတော့မလိုပါပဲ။ ဘာပဲဖြစ်ဖြစ် အနှစ်ချုပ်လိုက်ရင်တော့ သူကလေးက လိမ္မာတဲ့ကလေးတစ်ယောက်ပါ။ သူလုပ်ချင်တာရှိရင် ကျွန်မဆီက ခွင့်ပြုချက်အရင်တောင်းပြီးမှ ကျွန်မခွင့်ပြုမှ လုပ်တတ်တဲ့ အကျင့်ကလေးရှိတာကို ကျေနပ်ရပါတယ်။ သူကလေး တစ်နေ့တစ်ခြား ကြီးပြင်းရင့်ကျက်လာတာနဲ့အမျှ ကျွန်မမှာလည်း တစ်နေ့တစ်မျိုး မရိုးနိုင်အောင် အတွေ့အကြုံတွေ တိုးလို့ပေါ့လေ။


လွန်းထားထား(ဆေးတက္ကသိုလ်)

7 comments:

သမီးလေးက ချစ်ဖို့ကောင်းလိုက်တာ
ပုံကလေးကြည့်ရတာနဲ့တင် သိပ်ချစ်ဖို့ကောင်းမှန်းသိသာတယ်..
စကားလဲတတ်၊ ဥာဏ်လဲကောင်းဆိုတော့ ဘာပြောကောင်းမလဲနော်..
ဖတ်ရင်းနဲ့ ပြုံးမိတယ်.. ဒီလောက်ချစ်ဖို့ကောင်းတဲ့ သိတတ်တဲ့ ကလေးဆိုပြီးလေ။
ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘ၀လေးကို ရာသက်ပန် ပိုင်ဆိုင်နိုင်ပါစေ မထားရေ။

 

ပေးတဲ့  ဆုနဲ့ ပြည့် ပါရစေ.. ချောညီမရေ..။

 

ွှအမ သမီးဘေးအကြောင်းတွေများများရေးပါနော်..
သိပ်ချစ်စရာကောင်းတာပဲ
စကားလဲတတ်တယ်။ ဥာဏ်လဲကောင်းတယ်
ချောလဲချောတယ်။

 

မမရေ..
သမီးလေးက တတ်လိုက်တာနော် ...သွက်လက်ချက်ခြာပြီး
သိပ်သိတတ်တဲ့ ဦးနှောက်ရင့်သန်မှုလဲကောင်းလိုက်တာလို့
စာဖတ်ရင်းတွေးမိတယ်။
သူက ရုပ်ကလေးကလဲ ချစ်ဖို့ကောင်း (ချောမော) ပြီး
ဒီလောက်တောင် သွက်လက်ချက်ခြာနေမှတော့
အားလုံးပြည့်စုံတဲ့ကလေးလေးဖြစ်နေပြီ။
ဒီကလေးလေးကိုပိုင်ဆိုင်ရတဲ့အတွက် ..မမတို့ကံကောင်းလိုက်တာ။
လင့်ခ်လေးချိတ်ယူခွင့်ပြုပါနော်။ မဖြိုးဘလော့ဂ်ကနေတွေ့လို့ ခေါင်းစဉ်လေးစိတ်ဝင်စားပြီးရောက်လာခဲ့တာပါ။ နောက်လဲ မကြာခဏဖတ်ချင်တာမို့လင့်ခ်ယူသွားမယ်နော်မမ။
ကျန်းမာပျော်ရွှင်ပါစေ။

 

မထားရေ သမီးလေးက အရမ်းချစ်စရာကောင်းတယ်။ အပြုအမူရော မျက်နှာလေးပါချစ်စရာလေး။ Facebook မှာတည်းက သမီးကိုကြည့် ပြီးချစ်နေတာ။ သူ့အကြောင်းလေးပါဖတ်လိုက်ရတော့ ပိုချစ်သွားပြီ၊

 

မထားရေ

အမအတွက်တော့ တကယ့်အဆုံးမသတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာအပြည့်တွေနဲ့ ကိုယ်တွေ့ ဇာတ်လမ်းလေးတွေနော် ။

ဖတ်ရတာ တကယ့်ကိုပိတိဖြစ်ရတယ်သိလား အမ ။

မျက်နှာကို ပြုံးနေမိတာ ။

သွက်လက်ချက်ချာ ချစ်စဖွယ်သမီးလေး.......ပိုပြီးတော်လာ ။ ထက်မြက်လာပါစေနော် ။

 

ဆရာမ သမီးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ
စကားလည်းတတ်ပ . . .
ပြောလိုက်ရင်လည်း ချက်ကျကျပဲ
ပြီးရင် complain လည်း တက်တတ်သေးတယ်
cute baby လေးပဲ
ပျော်ရွှင်ပါစေ ဆရာမရေ . . .

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics