ရွှေအမြုတေမဂ္ဂဇင်းနှင့် အင်တာဗျူး

 စနစ်တကျ အချိန်ဇယားနဲ့ ကြိုးစားခဲ့တဲ့ လွန်းထားထား 
 ရွှေအမြုတေ နှစ် ၂၀ ပြည့် အထူးထုတ်အတွက် စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်)ကို ဆက်သွယ်ပြီး မေးမြန်း ဖော်ပြပေး လိုက်ပါတယ်။ ဆရာမ... စာပေ လောကထဲကို ရောက်လာအောင် ကြိုးစားခဲ့ပုံကို အခု ရွှေအသစ် ကဏ္ဍမှာ ကလောင်စမ်း နေကြတဲ့ ၀ါသနာရှင်များ သိအောင် ပထမဆုံး ပြောပြပေးပါဦး။
ပထမဆုံးတော့ ၀တ္ထုတိုတွေ စပြီး ရေးခဲ့တာပါ။ အဲဒီ ၀တ္ထုတိုတွေကို မဂ္ဂဇင်းတိုက် တစ်တိုက်ဝင် တစ်တိုက်ထွက် လိုက်ပို့ခဲ့တယ်။ မဂ္ဂဇင်းတွေမှာ ၀တ္ထုတို တော်တော် များများ ပါပြီးတော့မှ လုံးချင်း ရေးနိုင်ဖို့ ကြိုးစားခဲ့ရတာပါ။ အဲဒီတုန်းက အဓိက အရေးကြီးခဲ့တာကတော့ စိတ်ဓာတ် တွန်းအားပါပဲ။
အဲဒီတုန်းက သမီး အနေနဲ့ လက်ကိုင် ထားခဲ့တဲ့ ဆောင်ပုဒ် ကလေးတစ်ခုကို အခု စာရေးဖို့ ကြိုးစား နေကြတဲ့ ညီမလေးတွေ၊ မောင်လေးတွေ သိအောင် လက်ဆင့်ကမ်းပေး ချင်ပါတယ်။ အဲဒီ ဆောင်ပုဒ်ကလေးကတော့ ကမ္ဘာကျော် စာရေး ဆရာကြီး ၀ီလျံရှိတ်စပီးယားစ်ရဲ့ဆောင်ပုဒ်ပါ။ ဘာလဲ ဆိုတော့ “များများကြိုးစားပါ၊ အကောင်းဆုံး ဖြစ်အောင် လုပ်ပါ၊ ဒါပေမယ့် အများကြီး မမျှော်လင့်ပါနဲ့”ဆိုတာလေးပါ။ အဲဒီ ဆောင်ပုဒ်အတိုင်း သမီး ကြိုးစားခဲ့ပါတယ်။
ဆရာမ အဖေကလည်း စာရေးဆရာ တစ်ယောက်ဆိုတော့ စာရေးဖို့ ကြိုးစားတဲ့ နေရာမှာ အဖေ့ အရှိန်အ၀ါ ပါနိုင်သလား။
ဖေဖေ့ဆီက သမီး ရခဲ့တာဆိုလို့ စာများများ ဖတ်တဲ့ ၀ါသနာရယ်၊ စာအုပ်တွေ အများကြီးရယ်ပါ။ စာစဖတ် တတ်တဲ့ အချိန်မှာ ဧည့်ခန်းထဲက ဗီရိုထဲမှာ ရှိတဲ့ စာအုပ်တွေ အများကြီးက သမီး ရလိုက်တဲ့ ဖေဖေ့ အမွေပါပဲ။ အဲဒီကနေ စာရေးဖြစ်အောင် ကုန်ကြမ်းတွေ အများကြီး ရခဲ့ပါတယ်။ သမီး စာစရေးတဲ့ အချိန်မှာ ဖေဖေ မသိခဲ့သလို မဂ္ဂဇင်း တိုက်တွေကို စာမူပို့တဲ့ အချိန်မှာလည်း ဖေဖေ မသိခဲ့ပါဘူး။ လုံးချင်းတွေ ရေးပြီး ထုတ်ဝေရေး တိုက်နဲ့ စာချုပ် ချုပ်တော့မယ် ဆိုတော့မှ ဖေဖေက လူကြီး တစ်ယောက် အနေနဲ့ သမီးဘေးမှာ မားမားမတ်မတ် ရပ်ပေးခဲ့တာပါ။ သမီး စာရေးတဲ့ နေရာမှာ ဖေဖေ ဘာမှ ၀င်မပါခဲ့ပါဘူး။ ခုနက ပြောသလို စာအုပ်တွေ အများကြီး ဖတ်ခွင့်ရတာပဲ ရှိပါတယ်။
လွန်းထားထား(ဆေးတက္ကသိုလ်)ဖြစ်အောင် ကြိုးစား နေချိန်မှာ တစ်ဖက်ကလည်း ဆေးတက္ကသိုလ် တက်နေရတာ ဆိုတော့ ကျောင်းစာများမှာ အမှန်ပဲ။ အဲဒီတော့ စာရေးတာ တစ်ဖက်၊ ကျောင်းစာ တစ်ဖက်နိုင်အောင် အချိန်ကို ဘယ်လိုများ ခွဲဝေ သုံးစွဲခဲ့သလဲ။
သမီးက ဘ၀မှာ အချိန် ဇယားချပြီး အလုပ် လုပ်ရတာကို ၀ါသနာပါတယ်။ ကျောင်းစာဖတ်တဲ့ အချိန်မှာ ဖတ်ပြီး စာရေးဖို့ အတွက် တစ်နေ့ကို တစ်နာရီ၊ နှစ်နာရီလောက် သီးခြား သတ်မှတ်ထားပါတယ်။ အဲဒီ သတ်မှတ် ထားတဲ့ အချိန်အတွင်းမှာ စာကို မဖြစ်မနေ ရေးပါတယ်။ တစ်ခါတလေ ငါးမျက်နှာ၊ တစ်ခါတလေ သုံးမျက်နှာ၊ တစ်ခါတလေ ကျတော့လည်း နှစ်မျက်နှာလောက်ပဲ ပြီးပါတယ်။ ဒီအချိန်ကို သမီး အိပ်ချိန်ထဲက ဖဲ့ပြီးပေးတာပါ။ ကျောင်းစာဖတ် ပြီးရင် စာရေး ရမယ်ဆိုတဲ့ အသိကလေး စိတ်ထဲမှာ သွင်းထားတယ်။ အဲဒီ အချိန်တုန်းက စိတ်ဓာတ် ကလည်း အရမ်း တက်ကြွနေတော့ စာရေးရမယ့် အချိန်မှာ ရေးကို ရေးဖြစ်တယ်။ အဓိကကတော့ စိတ်ဓာတ် ခွန်အားလည်း ပါမယ် ထင်ပါတယ်။
ဆရာမရေးခဲ့တဲ့ ၀တ္ထု အားလုံးနီးပါးဟာ လူငယ်စာဖတ် ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲဒီလို ဆွဲဆောင်နိုင်တဲ့ ၀တ္ထုတွေ ဖန် တီးနိုင်အောင် ဘယ်အရာက စေ့ဆော် ပေးခဲ့သလဲ။
အဓိကကတော့ သမီး ဖတ်တဲ့ စာအုပ်တွေပါပဲ။ နံပါတ်နှစ် အချက်ကတော့ သမီး ပတ်ဝန်းကျင်ပေါ့။ သမီး ဆေးကျောင်း တက်နေတုန်းက ဆိုရင် သူငယ်ချင်းတွေ ရှိတယ်။ သူတို့ အကြောင်းတွေ၊ သူတို့ တစ်ဆင့် ပြောပြတဲ့ အကြောင်းအရာတွေက ၀တ္ထုတွေ ဖြစ်အောင် ဖန်တီး နိုင်ခဲ့တယ်။ တတိယ အချက်ကတော့ ရုပ်ရှင်တွေ ကြည့်တယ်၊ သီချင်းတွေ နားထောင်တယ်။ စကားလေး တစ်လုံး၊ စာလေး တစ်ကြောင်းကနေလည်း ၀တ္ထု တစ်ပုဒ်ဖြစ်လာအောင် ဆင့်ပွား တွေးယူလို့ ရပါတယ်။
အခု ဆရာမက အိမ်ထောင်ကျပြီး အင်္ဂလန်နိုင်ငံကို ရောက်နေတော့ ရုပ်ရှင် ကားသစ်တွေ ပိုကြည့်ခွင့်ရပြီး နိုင်ငံခြား ၀တ္ထုတွေလည်း ပိုဖတ်ခွင့် ရနေတော့ အခု စာရေးရာမှာ ပိုပြီး အထောက်အကူ ပြုနေမယ်ထင်တယ်။
ဟုတ်ကဲ့၊ သမီးအတွက် ပိုပြီး အထောက်အကူ ရတယ်လို့ ပြောနိုင်ပါတယ်။ ရုပ်ရှင်တွေ ကြည့်ရတယ်၊ ၀တ္ထုတွေ ဖတ်ရတယ်။ နောက်ပြီးတော့ အင်တာနက် အဆက်အသွယ်ကလည်း ပိုကောင်းတော့ သိချင်တာ တစ်ခုခုရှိရင် အင်တာနက်ထဲမှာ ထရှာလိုက်လို့ ရတယ်။
အဓိကကတော့ ကိုယ်ရေးမယ့် အကြောင်းအရာက ဘယ်အချက်အလက်ပေါ် တည်မလဲ ဆိုတာကို အရင် စဉ်းစားလိုက်တယ်။ အဲဒီ အကြောင်းအရာက ကိုယ် မကျွမ်းကျင်တဲ့ အကြောင်းအရာ ဆိုရင် အသေးစိတ် သိနိုင်အောင် အင်တာနက်မှာ ရှာလိုက်တယ်။ ပြည့်ပြည့်စုံစုံ အကုန် သိရတယ်။ အရင်တုန်းကတော့ ကိုယ်မသိတဲ့ အကြောင်းအရာ ဆိုရင် လူကြီးတွေဆီမှာ မေးရတယ်။ ဖေဖေ့ကို မေးရတယ်။အင်တာနက် အကူအညီ ကြောင့် အခုတော့ စာရေးရတာ ပိုပြီး လွယ်ကူ လာတယ်လို့ ပြောနိုင်ပါတယ်။
လွန်းထားထားရဲ့ဝတ္ထု တွေမှာ ဇာတ်ကောင် နာမည်တွေက ထူးထူးဆန်းဆန်းလေးတွေ ဖြစ်တာကို တွေ့ရတယ်။ အဲဒီလို ထူးခြားတဲ့ နာမည်တွေ ရအောင် ဘယ်လိုများ ရှာဖွေ စုဆောင်းထားသလဲ။
များသောအားဖြင့် ရှေးခေတ်က ကဗျာ စာအုပ်တွေမှာ နာမည်လှလှလေးတွေ ရတတ်တယ်။ သမီးက နာမည် ဆန်းဆန်းတွေကို ရှာဖို့ ၀ါသနာလည်း ပါတာကြောင့် စာအုပ်တွေ ဖတ်တိုင်းမှာ ဘယ်စာလုံးနဲ့ ဘယ်စာလုံး ပေါင်းလိုက်ရင် နာမည် ဆန်းဆန်းလေး ဖြစ်လာမလဲ ဆိုတာကို စဉ်းစားတတ်တယ်။ ရလာရင် မှတ်စု စာအုပ်နဲ့ သီးခြား မှတ်ထားပြီး လိုအပ်တဲ့ အခါမှာ သုံးတယ်။
ဆောင်းပါးတစ်ခုမှာ ၀တ္ထုရေးတဲ့ အခါ ဇာတ်ကောင်ရဲ့ နာမည်ဟာ သူ့စရိုက်နဲ့ ကိုက်ညီရမယ်လို့ ဖတ်ဖူးတယ်။ ဒီတော့ ဆရာမ အနေနဲ့ နာမည်လှလှနဲ့ ဇာတ်ကောင် စရိုက် ကိုက်ညီအောင် ဘယ်လို ချိန်ဆသလဲ။
နံပါတ်တစ်ကတော့ လှပြီး ဆန်းတဲ့ နာမည်ကို ဦးစား ပေးပါတယ်။ နံပါတ် နှစ်ကတော့ ဇာတ်ကောင်ရဲ့ စရိုက်နဲ့ ကိုက်ညီဖို့ သတိထားပါ တယ်။ ဥပမာ သမီးဝတ္ထု တစ်ပုဒ်ဖြစ်တဲ့ မာယာ ရထားထဲမှာ ဗီလိန်ဆန်တဲ့ စရိုက်ရှိတဲ့ မိန်းကလေးရဲ့ နာမည်ကို “နက်နက်”လို့ ပေးထားတယ်။ စိတ်ထား ဖြူစင်တဲ့ သူကျတော့ “သံစဉ်ဖြူ”လို့ ပေးထားတယ်။ အဲဒီလိုပေါ့။ ဇာတ်ကောင် စရိုက်နဲ့ ကိုက်ညီမယ့် နာမည်လေးတွေ ပေးပါတယ်။ ဒီတော့ သမီး ဇာတ်ကောင်တွေရဲ့ နာမည်တွေဟာ ဆန်းတာက တစ်ပိုင်း၊ သူတို့ရဲ့ စရိုက် Image လေးတွေ ပါအောင်တော့ ပေးပါတယ်။
လုံးချင်း ၀တ္ထုရေးတဲ့ နေရာမှာပဲ ဖြစ်ဖြစ်၊ ၀တ္ထုတို ရေးတဲ့ နေရာမှာပဲ ဖြစ်ဖြစ် ၀တ္ထုရဲ့ ကျောရိုး အကျဉ်းချုပ်ကို အရင်ချ ရေးပြီးမှ အစအဆုံး ရေးသလား၊ ဒါမှမဟုတ် ကျောရိုးက သိထားပြီးသား ဖြစ်တဲ့ အတွက် ဒီအတိုင်း တောက်လျှောက် ရေးသွား သလား။
အဲဒါနဲ့ ပတ်သက်လို့တော့    နှစ်ပိုင်း ရှိပါတယ်။ ပထမ တစ်မျိုးက ဇာတ်လမ်း အကျဉ်းကို အရင်ချ ရေးထားတယ်။ ပြီးတော့ အခန်းခွဲတယ်။ သာမန်အားဖြင့် ဆိုရင်တော့ သမီး ရေးနေတဲ့ လုံးချင်း ၀တ္ထုတွေမှာ အခန်း ၁၂ ခန်းလောက်ပါတယ်။ တစ်ခန်းစီမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေ၊ ဇာတ်ကောင် စရိုက်တွေ ပေါ်လွင်လာအောင် ပြည့်ပြည့်စုံစုံ ချရေးတယ်။ အဲဒါက တစ်ပိုင်း ပေါ့နော်။
တစ်ခါတလေကျတော့ ရေးနေရင်းနဲ့ ဇာတ်ကောင်တွေရဲ့ စရိုက်က ရုပ်လုံး ပိုကြွလာပြီး ကိုယ်ဖန်တီးချင်သလို မဟုတ်တော့ဘဲ ဇာတ်လမ်း ပြောင်းသွားတဲ့အခါတွေ လည်း ရှိပါတယ်။ အဲဒီလို နှစ်ပိုင်းရှိပါတယ်။
အခု ဆရာမ စာရေးသက် ဘယ်လောက် ရှိသွားပြီလဲ။
စာရေးသက် နှစ် ၂၀ နီးပါး ရှိပါပြီ။ ရွှေအမြုတေနဲ့ အသက် သိပ်မကွာဘူး။ ရွှေအမြုတေ ထွက်ခါစကလည်း သမီး ၀တ္ထုတိုတွေ ဖော်ပြခဲ့ ပါသေးတယ်။
နှစ်နှစ်ဆယ် အတွင်းမှာ လုံးချင်းဝတ္ထု ဘယ်နှအုပ် ထွက်သွားပြီးပြီလဲ။
အုပ် ၁၇၀ ထွက်ပြီးပါပြီ။
စာပေ အသိုက်အ၀န်းမှာ ဆရာမတို့ ရေးတဲ့ ၀တ္ထုတွေကို အပျော်ဖတ် စာပေလို့ ခေါ်ကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဆရာမ ဘယ်လိုများ ခံစား ရသလဲ။
အဲဒါနဲ့ ပတ်သက်လို့ ကတော့ သမီးအနေနဲ့ အငြင်း မပွားလိုပါဘူး။ ဒါတွေဟာ လူတွေရဲ့ ထင်မြင်ချက် အယူ အဆတွေပါ။ သူတို့ ထင်မြင်ချင်သလို ထင်မြင်လို့ ရပါတယ်။ အပျော်ဖတ် ဆိုတဲ့ သဘောက သမီးတို့ ၀တ္ထုတွေကို စာဖတ် ပရိသတ်က ဖတ်နေတဲ့ အချိန်မှာ ပျော်စရာလေး တွေခံစားရမယ်၊ ဒါပေမယ့် ဖတ်ပြီး ချိန်မှာတော့ ဘာမှ မကျန်ရစ်ဘဲ ရှိတတ်တာကြောင့် အပျော်ဖတ် စာပေလို့ သတ်မှတ်ပုံ ရပါတယ်။
ဒါနဲ့ ပတ်သက်လို့ သမီး ဘယ်လို ယူဆသလဲ ဆိုတော့ သမီးတို့ ၀တ္ထုတွေဟာ စာဖတ် ပရိသတ် အတွက် ဖျော်ဖြေရေး တစ်ခုဖြစ်တာ မှန်ပေမယ့် စေတနာ တစ်ခုတော့ ထားပါတယ်။ သမီး စာဖတ် ပရိသတ်တွေက ဆယ်ကျော်သက်တွေ များပါတယ်။ သူတို့ဆီက ပြန်ကြားရတဲ့ သတင်း စကား တွေ အရဆိုရင် သမီး ၀တ္ထုတွေ ဖတ်ရတဲ့ အခါ ၀တ္ထုထဲမှာ ပါတဲ့ ဇာတ်ကောင်ရဲ့ ရည်မှန်းချက် မြင့်မားတာမျိုး၊ အနိုင်မခံ အရှုံး မပေးတတ်တဲ့ ဇွဲ သတ္တိ ရှိတာမျိုး သူတို့ အတုယူလို့ ရတယ်လို့ ဆိုကြတယ်။ သမီးက စာရေးတဲ့ နေရာမှာ သူတို့အတွက် Message တစ် ခုရအောင်တော့ စေတနာ ထားပါတယ်။ အလေးအနက် ထားဖတ်တဲ့ သူတွေ အတွက် ရသွား နိုင်တယ်။ တချို့က ခပ်ပေါ့ပေါ့ ဖတ်တဲ့ အခါမှာတော့ ရချင်မှ ရမယ်ပေါ့။ ၀တ္ထုဖတ် ပြီးပြီးသွားရော ဆိုတဲ့သူတွေလည်း ရှိပါလိမ့်မယ်။
တစ်ခါတလေမှာ စကားလုံးလေး တစ်လုံးက လူတစ်ယောက်ရဲ့ ဘ၀ကို ပြောင်းလဲ သွားစေနိုင်တယ် ဆို တာ သမီး ယုံကြည်ပါတယ်။ ဒါကြောင့် သမီး စာတွေဟာ လူငယ်တွေ အတွက် အဆိပ်အတောက်တော့ မဖြစ်စေရဘူး။ တစ်စုံတစ်ခု ရအောင်လို့တော့ ကြိုးစားပြီး ရေးပေးပါတယ်။
အခု ဆရာမရဲ့လုံးချင်းတွေကို ပုံမှန် ထုတ်နေတဲ့ စေတနာ စာပေ အပြင် ဆရာမရဲ့ အစ်ကို ဦးစီးတဲ့ တံခွန်တိုင် စာပေကနေလည်း ထုတ်ဝေမယ် လို့သိရတယ်။ အဲဒီ အစီအစဉ်က ဘယ်လို သွားမလဲ သိပါရစေ။
သမီး လုံးချင်း လောကထဲ ရောက်ကတည်းက စေတနာ စာပေနဲ့ပဲ တောက်လျှောက် လုပ်ခဲ့တာပါ။ သူတို့နဲ့ လက်တွဲခဲ့တာလည်း နှစ်ပေါင်း ၂၀ လောက် ရှိပြီပေါ့။ အခု အစ်ကိုက စာပေ ထုတ်ဝေရေး လုပ်ငန်းကို ဦးစီးပြီး လုပ်မယ်ဆိုတော့ စေတနာ စာပေနဲ့ တံခွန်တိုင် စာပေ တစ်လှည့်စီ ထုတ် သွားပါလိမ့်မယ်။စေတနာ စာပေနဲ့ ဘာပြဿနာမှ မရှိပါဘူး။ တံခွန်တိုင် စာပေက နိုဝင်ဘာလမှာ သမီးရဲ့ သစ္စာ ရှင်းတမ်း ဆိုတဲ့ လုံးချင်း အသစ် စထွက်လာပါလိမ့်မယ်။
အဓိကကတော့ စာအုပ် အပြင်အဆင်က အစ စိတ်တိုင်းကျလေး လုပ်ချင်တာလည်း ပါပါတယ်။ အစ်ကိုနဲ့က အမြဲ လိုလိုတွေ့နေတော့ ဘာလုပ် ချင်တယ်၊ ဘယ်လိုလုပ်မယ် ဆိုတာကို တိုင်ပင်လို့ ရတယ်၊ ပြောလို့ရတယ်။ စေတနာ စာပေနဲ့ကျတော့ တစ်ခါတလေမှာ အဆက်အသွယ်က ပြတ် နေတယ်။ ကိုယ်လုပ်ချင်တာကို ပြောလို့ မရဘူး။ အဓိက ကတော့ အဲဒီ အချက်ပါပဲ။ ဒါ ကြောင့် သမီး ၀တ္ထုတွေကို တိုက်နှစ်တိုက်စလုံးက ပုံမှန် ထုတ်နေမှာပါ။ တခြား ဘာပြဿနာမှ မရှိပါဘူး။
ကျေးဇူးပဲ ဆရာမ။ စာပေကို စိတ်ဝင်စားတဲ့ ၀ါသနာရှင်လေးတွေ အတွက် ဆရာမရဲ့ သဘောထား ခံယူချက် ကလေးတွေ ပြောပြပေးတဲ့ အတွက် အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။  
ဘို

(မှတ်ချက်။ ။ 2009 ခုနှစ်တွင် ရွှေအမြုတေမဂ္ဂဇင်းမှ ဘို နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့သည်များကို အွန်လိုင်း စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
လွန်းထားထား(ဆေးတက္ကသိုလ်)

4 comments:

ဂုဏ်ယူလေးစားပါတယ် မထားရေ
စာပေနယ်မှာ နှစ်ပေါင်း ၂၀ တိုင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တာ တကယ်အရည်အချင်းကြောင့်ဆိုတာ သိသာထင်ရှားပါတယ်။ ဆက်လက်ပြီး အောင်မြင်တဲ့ ကြယ်တစ်ပွင့်အဖြစ် နှစ်ပေါင်းများစွာတိုင် လင်းလက်တောက်ပနိုင်ပါစေနော်..

 

ကျေးဇူးပါ ချောရေ..

 

ဝေမျှပေးတဲ့တွက် ကျေးဇူးပါ ဆရာမ..

မလေး မကြာခဏ ရောက်ကြောင်းပါရှင်။

 

မထားရဲ့Blog ကိုခုမှသိပေမယ့်ဖတ်ရတော့မယ်ဆိုတဲ့စိတ်နဲ့အရမ်းကိုပျော်သွားတယ်။ မကြာမကြာလာလည်နေမိမှာအသေအချာပါပဲမထားရေ ...

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics