အဓိပ္ပါယ်ရှိသောလူ


(က)
သူ့ကို သူမသိခဲ့တာ ကြာပါပြီ။ ရှင်းသန့်ကြည်လင်သော ရုပ်သွင်.... အေးချမ်းတည်ငြိမ်သော အမူအရာ... သိမ်မွေ့ငြိမ်းချမ်းလှသော အပြုအမူလှုပ်ရှားမှုတွေနှင့်... ဆရာဝန်ဆိုသော ဂုဏ်ဒြပ်နှင့် အညီ... မေတ္တာ ဂရုဏာတရားတို့ လွှမ်းခြုံထားသောကြောင့် သူ့ကိုမြင်တိုင်း လေးစားအားကျစိတ်ဖြင့် သူမ တိတ်တ ဆိတ် စောင့်ကြည့်မိပါသည်။ ဆရာဝန်အစ်ကိုကြီးဆိုသော အထင်ကြီးစိတ်က အရှိန်အ၀ါကြီးတစ်ခုလို သူမအား လွှမ်းမိုးထားတတ်၏။ သူ့မျက်နှာကို မြင်ရလျှင် လူနာတွေ ရောဂါတ၀က် သက်သာနိုင်လောက်ပါ၏။ ဆယ်တန်းကျောင်းသူကလေးတစ်ယောက်၏ အမြင့်မားဆုံးဆန္ဒမှာ ဆယ်တန်းကို ဂုဏ်ထူးတွေ တသီကြီးနှင့် အောင်မြင်ဖို့ ဆေးကျောင်းတက်ခွင့်ရဖို့ ဆိုသော ရည်မှန်းချက်ဖြစ်သည်မို့... ဆရာဝန်တောင် ဖြစ်နေပြီဖြစ်သော လူတစ်ယောက်သည်... သူမအတွက်တော့ စံပြထားစရာ... သူရဲကောင်း တစ်ယောက်ဖြစ်သည်။
သူနေသောတိုက်ခန်းသည် သူမတို့တိုက်ခန်းတွေနှင့် မျက်နှာချင်းဆိုင်ဖြစ်ကာ သူမ၏ အခန်းက တစ်ထပ်ပိုမြင့်သည်မို့ သူတို့ ဧည့်ခန်းတစ်ခုလုံးကို စီးမိုး၍ မြင်ခွင့်ရထားပါသည်။ သူမ၏ စာကြည့်စားပွဲမှာ ၀ရံတာမှာရှိလေသောကြောင့် စာဖတ်ရင်း သူမ၏မျက်ဝန်းတွေက သူ့ရဲ့ဧည့်ခန်းဆီမှာသာ အနေများတတ်သည်။ စိတ်ဓာတ်အင်အားဆိုသည်မှာ ဓာတ်ကူးယူလို့ရသလိုပင်... သူ့ရဲ့တက်ကြွသွက်လက်သော လှုပ်ရှားမှုများကို မြင်ရရုံဖြင့် သူမပါ အလိုလို တက်ကြွလန်းလာတတ်ပါ၏။ သူ့ကိုမြင်တိုင်း သူ့လို ဆရာဝန်ဖြစ်ချင်စိတ်တွေ... ထက်သန်လာကာ စာကြိုးစားချင်စိတ်တွေ ရင်ထဲမှာ ပြင်းပြလာတတ်မြဲ။
လူတစ်ယောက်၏ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရင်း... သူ့အပြုအမူတိုင်းကို အတုခိုးကူးယူမိနေခြင်းသည် သူမအတွက်တော့ အဓိပ္ပါယ်ရှိလွန်းလှပါသည်။
(ခ)
မနက်ငါးနာရီဆို သူနိုးနေကျ...။ ဧည့်ခန်းခေါင်းရင်းဘက်မှာ ဘုရားစင်ထားသောကြောင့်... ဘုရားစင်ရှေ့မှာ သူငြိမ်ငြိမ် မတ်မတ်ထိုင်ကာ... တရားထိုင်နေသော မြင်ကွင်းကို စောင့်ကြည့်မိသော အချိန်တိုင်း.... သူမရင်ထဲ ငြိမ်းချမ်းကြည်မွေ့လွန်းရမြဲ။ တစ်နာရီအတိထိုင်ပြီး မေတ္တာပို့ အမျှဝေကာ သူ ကြေးစည်ထုတတ်ပါသည်။ မနက်စောစော သူ့ကြေးစည်သံကလေးက အလွန်စိတ်ကြည်နူးဖွယ်ရာ..။ ပြီးလျှင် သူ့ကို ၀ရံတာထွက်လာတာ မြင်ရမည်။ နို့ဆီဗူးထဲမှ ဆန်တွေ အိမ်ရှေ့ဆီ ဖြန့်ကျဲချိန်ကို အသင့်စောင့်နေကြသော ခိုတစ်အုပ်ကြီး အိမ်ရှေ့မှာ စုရုံးရောက်ရှိလာကာ အစာစားကြသော မြင်ကွင်းက ပီတိဖြစ်စရာ...။ သူ့မျက်နှာသည်... နူးညံ့သိမ်မွေ့နေတတ်၏။ ပြီးလျှင် သူအိမ်ထဲ ပြန်ဝင်သွားမည်။ သူ့ကို မမြင်ရတော့ချိန်မှာ သူမလည်းကျောင်းသွားဖို့ ပြင်ဆင်ရပြီ။
သူဆေးရုံသွားချိန်သည် သူမလမ်းထွက်ပြီး ကျောင်းကားစောင့်ချိန်... သူက ဘတ်စ်ကားမှတ်တိုင်ဆီ လမ်းလျှောက်သွားချိန်ဖြစ်သည်။ ကော်လံကတုံးနှင့် ရှပ်အင်္ကျီဖြူလွှလွှသန့်သန့်နှင့် ချည်ပုဆိုးကွက်စိပ် ကလေးတွေ အမြဲဝတ်တတ်သည်ကို သူမပင် အလွတ်ရနေခဲ့ပြီ။ သူက ဘေးဘီဝဲယာဆီ သိပ်မကြည့်တတ်သူမို့ သူမနှင့်မျက်လုံးချင်း ဘယ်တော့မှ ဆုံလေ့မရှိတတ်ပါ။ သားရေအနက်ဆေးအိတ် ကလေးနှင့် ထမင်းဗူးကလေးကိုင်ကာ ဘတ်စ်ကားမှတ်တိုင်ဆီ ခြေလှမ်း မှန်မှန်နှင့် လျှောက်သွား တတ်သောသူ့ကို သူမ မျက်စိတစ်ဆုံး ငေးကြည့်မိမြဲ။
သူမကျောင်းကပြန်လာချိန်မှာ သူ ဆေးရုံကနေ ပြန်မရောက်တတ်သေးပါ။ သူမ ရေမိုးချိုးပြီး ခဏတဖြုတ်နားချိန်မှာ သူပြန်ရောက်လာတတ်သည်။ ဧည့်ခန်းမှာ သူ့ကို စာအုပ်ဖတ်လျက်ဖြစ်စေ တွေ့ရတတ်ပါ၏။ ညနေခြောက်နာရီဆို သူဘုရားစင်ရှေ့မှာ တရားထိုင်နေပြီ။ တစ်နာရီအတိ...။ မေတ္တာပို့၊ အမျှဝေကာ ကြေးစည်ထုသံကလေးကို စောင့်နားထောင်ရင်း သူမစာဖတ်ရသည်။ ပြီးလျှင် သူခဏပျောက်သွားကာ... ညရှစ်နာရီလောက်မှာ စာကြည့်စားပွဲထိုင်ကာ... စာဖတ်နေတတ်သည်။ တစ်ခါတစ်ရံ ညဂျူတီရှိချိန်များဆိုလျှင်တော့ သူ့ကို ညပိုင်းနှင့် မနက်ခင်းအစောပိုင်းမှာ မတွေ့ရတော့။ ထိုအခါမျိုးမှာ သူမစိတ်ထဲ လှပ်ဟာဟာနှင့်... တစ်ခုခု လိုအပ်နေသလိုပဲ ခံစားမိပါသည်။ သူ့ကိုမြင်နေရလျှင် သူ့ဆီက စိတ်ဓာတ်အင်အားတွေ... သူ့လိုတော်ချင်စိတ်တွေ... ဘဝကိုစနစ်တကျ သေသေသပ်သပ်နေထိုင်တတ်ပုံတွေကို သူ့ဆီကနေ အတုခိုး လေ့လာသင်ယူခွင့် ရသည်မဟုတ်လား။ သူ့အတွက် သူမသီးသန့်ပေးထားသော နာမည်တစ်ခု ရှိပါသည်။ “လမ်းပြကြယ်” တဲ့။
(ဂ)
သူမဆယ်တန်းအောင်တဲ့နေ့က... သူ့ကို ပြေးတွေ့ပြီး... ကျေးဇူးတင်စကားပြောချင်လိုက်သည်မှာ ဆိုဖွယ်မရှိပါ။ ဆယ်တန်းကို လေးဘာသာဂုဏ်ထူးဖြင့် သူမ အောင်ခဲ့ပါပြီ။ သူမ ဆေးကျောင်းတက်ခွင့်ရချင်ပါသည်။ သူ့လိုပဲ အေးချမ်းတည်ငြိမ်သော ဆရာဝန်တစ်ယောက် ဖြစ်ချင်သေး၏။ ဖြစ်နိုင်လျှင် လုပ်ငန်းခွင်မှာ သူနှင့်အတူ ပြန်ဆုံချင်ပါသေးသည်။ သူ့ဆီကနေ လေ့လာသင်ယူစရာတွေ အများကြီး။ သူကိုယ်တိုင်တောင်မသိလိုက်ဘဲ သူ့ရဲ့ နေထိုင်မှုပုံစံဟာ တခြားသူတစ်ယောက်အတွက် စံတစ်ခုဖြစ်ခဲ့ကြောင်း သူ့ကို ဖွင့်ပြောပြချင်ခဲ့တာပါ။ ခက်တာက သူမက မိန်းကလေးတစ်ယောက်မို့ မျက်လုံးချင်းတောင် ဆုံခွင့်မရခဲ့သော ယောက်ျားလေးတစ်ယောက်ကို အတင်းလိုက်ပြီး စကားပြောဖို့ရာလည်း သူမသတ္တိမရှိပြန်ပါ။ သူမ အကြိမ်ကြိမ်ကြိုးစားခဲ့ပါသေးသည်။ မအောင်မြင်ခဲ့...။ သူ့အနားရောက်လျှင် သူ့ရဲ့တည်ငြိမ်လေးနက်သော အမူအရာကြောင့် အလိုလိုရှိန်ကာ ခြေဖျားလက်ဖျားတွေ အေးစက်လျက်... စကားစဖို့သတ္တိကင်းမဲ့စွာ အလိုလို နောက်ဆုတ်ပြန်လာခဲ့ရသည်ချည်းပါ။ ဒီလိုနဲ့ပဲ သူ့ရဲ့ တစ်နေ့တာ နေထိုင်ပုံတွေကို.. ရုပ်ရှင်တစ်ကားလို နေ့စဉ်ပုံမှန်မရိုးနိုင်အောင် စောင့်ကြည့်ရင်း သူတရားထိုင်ချိန်ဆို သူမပါ ဘုရားစင်ရှေ့သွားပြီး တရားလိုက်ထိုင်... သူ စာဖတ်ချိန်ဆို သူမပါ စာအုပ်တစ်အုပ်အုပ်လိုက်ဖတ်နေရင်းဖြင့် သူ့ဘဝကို သူမဘဝဖြစ်အောင် ပုံတူကူးယူနေမိရင်း... ဆေးကျောင်းတက်ခွင့်ရအောင် စောင့်ဆိုင်းနေခဲ့ပါသည်။ 
(ဃ)
လောကကြီး တကယ်ပဲ ဆန်းကြယ်လွန်းခဲ့သည်။ လုံးဝထင်မှတ်မထားသော အလှည့်အပြောင်းတစ်ခုဖြင့် လူတွေကို အံ့ဘနန်းဖြစ်အောင် မျက်လှည့်ပြတတ်ပါသေးသည်။ သူမက ရိုးရိုးစင်းစင်းတွေးထားခဲ့သော လူတစ်ယောက်၏ဘဝသည် မယုံနိုင်စရာကောင်းလောက်အောင် ချိုးကွေ့သွားခဲ့ခြင်းဖြစ်ပါသည်။ သူမ ဆေးကျောင်းပထမနှစ် စတက်သောနှစ်မှာ သူ့အိမ်မှ ဖိတ်စာတစ်စောင် လာပို့ခဲ့ပါ၏။ “ရဟန်းခံအလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ” တဲ့။ ပြီးတော့ ဖိတ်စာကိုယ်တိုင်လာပို့သော သူ့မေမေ၏ မျက်နှာက တစ်မျိုးထူးဆန်းနေခဲ့ပါ၏။ “လာဖြစ်အောင် ဆက်ဆက်လာခဲ့ကြပါနော်... သားက ရဟန်းဘောင်ကို ရာသက်ပန် အပြီးဝင်တော့မှာပါ” တဲ့။ ထိုစကားကိုကြားရတော့ သူမတစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတွေ စိမ့်ဖြာသွားသည်အထိ အံ့သြမင်သက်သွားခဲ့မိခြင်းဖြစ်သည်။ မိခင်၏မျက်နှာပေါ်က ကြည်နူးပီတိနှင့် ဂုဏ်ယူဝမ်းမြောက်မှုကို ကျွန်မ ရှာတွေ့ခဲ့ပါ၏။ မေမေက အံ့သြလို့ မဆုံးနိုင်...။
“အို... အစ်မကြီးရယ်... သားလေးတစ်ယောက်တည်းရှိတာ.. ပြီးတော့ သူက ဆရာဝန်ကလေးမှတ်လား... ဘယ်လိုဖြစ်လို့ ဘုန်းကြီးအပြီးဝတ်လိုက်ရတာလဲဟင်.. လူဘဝမှာ သူမပျော်လို့လားဟင်”
“သားက သူ့ဘဝကို ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားပြီးသား ညီမရဲ့... ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့တာကလည်း အမေက ငါ့သားလေးကို ဆရာဝန်အဖြစ် မြင်ချင်လိုက်တာဆိုလို့ ဆရာဝန်ဖြစ်တဲ့အထိ အမေစိတ်ချမ်းသာအောင် လုပ်ပေးခဲ့တာပါ။”
သူ့မေမေတော့ ဘယ်လိုနေသည်မသိပါ။ သူမမှာတော့ ရင်ထဲမှာ တလှပ်လှပ်နှင့် သူ့ရဲ့စိတ်ကို လေးစားကြည်ညို၍ မဆုံးနိုင်ခဲ့ပါ။ 
(င)
လူ့ဘဝမှာတော့ စကားတစ်ခွန်းမှ မဆိုဖြစ်ခဲ့သော မျက်လုံးချင်ပင် မဆုံဖြစ်ခဲ့သော သူ့ကို ဦးဇင်းဘဝမှာ စကားဆိုခွင့် ရခဲ့ပါပြီ။ ရဟန်းအဖြစ် မယ်တော်အိမ်ကို ဆွမ်းခံကြွလေ့ရှိသောကြောင့် သူမကပါ အိမ်ကို ဆွမ်းခံကြွပေးပါရန် လျှောက်ထားခဲ့လိုက်ပါ၏။ နေ့စဉ် ဆွမ်းထမင်း ဆွမ်းဟင်း ချက်သော တာဝန်ကို သူမ ကိုယ်တိုင် ယူထားကာ ဦးဇင်း ဆွမ်းခံကြွလာလျှင် သူမကိုယ်တိုင် ကြည်ညိုလေးမြတ်စွာ ဆွမ်းလောင်းလှူ ရိုသေစွာ ရှိခိုးကန်တော့ပါ၏။ ထိုတဒင်္ဂကလေးဖြစ်ပင် သူမ၏တစ်နေ့တာ လှပသက်ဝင်ကာ အဓိပ္ပာယ်ရှိရစမြဲ။ 
ဦးဇင်း၏ တည်ငြိမ်နက်ရှိုင်းလွန်းသော ဣနြေ္ဒသိက္ခာသည် ရဟန်းဘဝနှင့် အလိုက်ဖက် အတင့်တယ်ဆုံးပဲ ဖြစ်သည်။ နေ့စဉ်ဆွမ်းခံကြွလာတိုင်း မျက်လွှာချလျက် ဆွမ်းခံယူပြီးလျှင် စကားတစ်ခွန်းမျှမဟဘဲ အေးအေးချမ်းချမ်းပြန်ကြွသွားလေ့ရှိသော ဦးဇင်းကို တစ်နေ့တော့ အရဲစွန့်သတ္တိမွေးကာ စကားလျှောက်ထားလိုက်မိပါ၏။ 
“ဘုန်းဘုန်းကို လျှောက်ထားစရာလေးတစ်ခုရှိလို့ ခွင့်ပြုတော်မူပါဘုရား”
“လျှောက်နိုင်ပါတယ် ဒကာမလေး”
ဦးဇင်းရဲ့အသံကို ပထမဆုံး ကြားခွင့်ရလိုက်ခြင်း ဖြစ်ပါသည်။
“ဦးဇင်းကတော့ သတိထားမိချင်မှ ထားမိမှာပါ... တပည့်တော် အခု ဆေးကျောင်းတက်ခွင့်ရခဲ့တာ ဘုန်းဘုန်းရဲ့ကျေးဇူးတွေ အများကြီး ပါပါတယ်ဘုရား။ ဘုန်းဘုန်းကို အားကျအတုယူပြီး ကြိုးစားခဲ့ရတာပါ။ ဘုန်းဘုန်းက တပည့်တော်မရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။ ဘုန်းဘုန်း ဆရာဝန်တစ်ယောက် ဖြစ်ခဲ့ပြီးမှ ဘုန်းကြီးဝတ်လိုက်တာကို အရမ်းလည်း အံ့သြမိတယ်။ ဘုန်းဘုန်းရဲ့ ခံယူချက်ကလေးကိုလည်း သိခွင့်ရရင် သိချင်ပါတယ်ဘုရား”
ဦးဇင်းရဲ့ မျက်နှာက ပိုပြီးလေးနက်တည်ငြိမ်သွားခဲ့ပါသည်။ အဲ့ဒီနောက်မှာတော့ ဦးဇင်းထံမှ စကားသံတစ်ချို့ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့ပါ၏။ သူမက လက်အုပ်ကလေးချီထားလျက် ငြိမ်သက်စူးစိုက်စွာ နားထောင်နေမိပါသည်။
“လူတစ်ယောက်ဟာ သူ ဘာဖြစ်ဖို့ မွေးဖွားလာခဲ့တယ်ဆိုတာ အစကတည်းက ပါလာခဲ့ပြီးသားပါ။ တချို့က နိုင်ငံခေါင်းဆောင်ဖြစ်ဖို့... နိုင်ငံရေးသမားဖြစ်ဖို့... ဆရာဝန်ဖြစ်ဖို့... စာရေးဆရာ ပန်းချီဆရာ အနုပညာသမားဖြစ်ဖို့  မွေးဖွားလာခဲ့တာ... ဦးဇင်းကတော့ ရဟန်းဖြစ်ဖို့ကို မွေးဖွားလာခဲ့တာပါ။ သူတော်ကောင်းတွေနေတဲ့အရပ်မှာ သူတော်ကောင်းတွေ ကျင့်ကြံနေထိုင်အပ်တဲ့ ဝိနည်းနဲ့ သူတော်ကောင်းတရားကို ပွားများအားထုတ်တာဟာ ဦးဇင်းဘဝရဲ့ အဓိပ္ပာယ်အနှစ်သာရပါ ဒကာမလေး။ ဒါမှ ဦးဇင်းအသက်ရှင်နေထိုင်ရကျိုး နပ်မယ်။ ရဟန်းဘဝဟာ အမြတ်ဆုံးနဲ့ အရိုးရှင်းဆုံးဘဝပဲ..။ ဒီဘဝကို ဦးဇင်းဘယ်တော့မှ မစွန့်တော့ဘူး။ လူတစ်ယောက်က သူနေပျော်တဲ့ဘဝမှာ နေထိုင်ရမှ အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်တာပါ”
အသံက ကြည်လင်သိမ်မွေ့သလောက် ရဲရင့်ပြတ်သားမှုလည်း အပြည့်ရှိပါသည်။ သူမတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းကလေးများပင် စိမ့်ပြာသွားတဲ့အထိ ပီတိလှိုင်းတွေ ရင်ဆီလာရောက် ရိုက်ခတ်သွားခဲ့တာပါ။ သူမ ဦးဇင်းရဲ့ မျက်နှာကို ကြည်ညိုလေးမြတ်ခြင်းများစွာနဲ့ စိုက်ငေးကြည့်မိလို့...
“ဘုန်းဘုန်း ရာသက်ပန်အပြီး ဘုန်းကြီး ဝတ်တော့မှာပေါ့နော်..”
“ဟုတ်တယ် ဒကာမလေး။ မြတ်စွာဘုရားရှင်ကို ကြည်ညိုလွန်းလို့။ ဘုရားရှင်ရဲ့ တရားတော်တွေကို လေ့လာသင်ယူဖို့ ရဟန်းဘဝနဲ့ မြတ်စွာဘုရားရဲ့ သားတော်အဖြစ် ခံယူလိုက်တာပါ။ ရဟန်းဆိုတာ အစားကို တစ်နပ်ပဲစားတယ်။ အဝတ်ကို သင်္ကန်းတစ်မျိုးတည်း ဝတ်တယ်။ တစ်ယောက်တည်းနေပြီး တစ်စိတ်တည်းထားတယ်။ တရားနဲ့ပဲ မွေ့လျော်တယ်”
သူမက ဦးဇင်းကို ကြည်ညိုခြင်းများစွာနှင့် ဦးခိုက်မိပါသည်။ ဦးဇင်းရဲ့မျက်နှာဟာ... ကြည်လင်ငြိမ်းချမ်းစွာနဲ့ မေတ္တာဓာတ်နဲ့ သိမ်မွေ့နူးညံ့သလောက်... စိတ်ဓာတ်နဲ့ ခံယူချက်ကတော့ အာဇာနည်တစ်ယောက်လို ရဲရဲတောက်ပါသည်။ ဘယ်လောက် အဓိပ္ပာယ်ရှိတဲ့ ဘဝပါလဲ။ ဘယ်လောက် တန်ဖိုးရှိလိုက်တဲ့ ဘဝပါလဲ။ သူမရဲ့ သူရဲကောင်းတစ်ယောက်။ သူမရဲ့ဘဝကို လမ်းပြပေးခဲ့သူတစ်ယောက်။ အလင်းရောင်ဖြာပေးခဲ့သူတစ်ယောက်။ သူမဘဝတစ်လျှောက် မမေ့နိုင်ခဲ့တဲ့ အမှတ်တရရှိခဲ့သူ တစ်ယောက်... အခုတော့.. အငြိမ်းချမ်းဆုံးသောလူ.. တန်ဖိုးအရှိဆုံးသောလူ... အဓိပ္ပာယ်အရှိဆုံးသောလူတစ်ယောက် ဖြစ်ခဲ့ပြီ။ သူမကရော?... ဘဝကို အဲ့ဒီလောက် စွန့်လွှတ်နိုင်စွမ်း... တွယ်တာမှု သံယောဇဉ်တွေကို ဖြတ်တောက်နိုင်စွမ်း ရှိခဲ့ပြီလား။ ဟင့်အင်း... သူမအများကြီး ကြိုးစားရဦးမှာပါ။








လွန်းထားထား(ဆေးတက္ကသိုလ်)

2 comments:

ကြိုက်တယ် မမလွန်း..။
စိတ်ထဲကို အေးချမ်းသွားစေတယ်။
လေးစားစွာ

 

ကျေးဇူးပါ..မြတ်မွန်ရေ

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...
Free Image Hosting Upload Photos Animation Pics