ဆယ့် နှစ်ကြိုးကဝေ


၂၀၁၀ နိုဝင်ဘာ ၂၂ရက်နေ့မှာ ထွက်ရှိတဲ့ ဆယ့်နှစ်ကြိုးကဝေ လုံးချင်းဝတ္ထုသစ် မျက်နှာဖုံးကာဗာဖြစ်ပါတယ်။
“ကိုယ့်ကိုယ်ကို
ချစ်နေတယ်ဆိုတာကို
သေချာသိထားသူထက်
ကိုယ့်ကိုယ်ကိုယ် ချစ်နေမိမှန်းတောင်
မသေချာတဲ့ လူတစ်ယောက်က
ပိုပြီးတော့ ရှုံးနိမ့်ဖို့လွယ်တယ်....”


လွန်းထားထား၊ဆေးတက္ကသိုလ်၊

မုန်းမိမယ်



ဒီမှာ Download ရယူပြီး ဖတ်ရှုနိုင်ပါပြီ။


လွန်းထားထား ၊ဆေးတက္ကသိုလ်၊

ငါ့ရဲ့လမင်း ဘယ်သူဝှက်ထားသလဲ


ဒီမှာ Download ရယူပြီး ဖတ်ရှုနိုင်ပါပြီ။ 



လွန်းထားထား ၊ ဆေးတက္ကသိုလ်၊

မိန်းမတစ်ယောက်၏သံသယ

(က)
သူမတို့ ထိုအိမ်ကလေးဆီ ပြောင်းလာခဲ့သော နေ့ကစပြီး သူမတို့ တိုက်ခန်းကလေး၏အောက်ထပ်ရှိ ထိုမိန်းမကို သူမစတင်၍ သတိထားမိခြင်းဖြစ်လေသည်။ သတိမထားဘဲ နေပ့ါမလား။ သူမတို့ စတင်ရွှေ့ပြောင်းလာစဉ်ကတည်းက ထိုမိန်းမကို ဝရန်တာမှာ အမြဲတမ်းတွေ့ရသည်။ အထူးသဖြင့် သူမနှင့်မောင် အပြင်သို့ အတူတူ ထွက်သည့်အခါတွင်ဖြစ်စေ... ဒါမှမဟုတ် အပြင်ကနေ ပြန်လာသည့်အခါဖြစ်စေ... ထိုမိန်းမသည် ဝရန်တာသို့ ထွက်ရပ်ကာ သူမတို့နှစ်ယောက်ကို စိတ်ဝင်တစား လှမ်း၍ ကြည့်တတ်မြဲဖြစ်သည်။ ထိုမိန်းမ၏ မျက်လုံးများကို သူမ မနှစ်မြို့ပါ။ ထိုမျက်လုံးများ ရိုးသားမှုမရှိဘူးဟု သူမက ထင်လေသည်။
အဲဒီအကြောင်းကို မောင့်ကိုပြောပြတော့ မောင်က သဘောကျစွာ ရယ်မောပါသည်။
“ဘာဖြစ်လို့လဲကွယ်... သူ့ဘာသာသူ ကိုယ်တို့ကို စိတ်ဝင်စားလို့ လိုက်ကြည့်နေတာဖြစ်မှာပေါ့” ဟု ပြေရာပြေကြောင်း နှစ်သိမ့်လေသည်။
သို့သော် သူမ၏စိတ်ထဲမှာ ထိုမိန်းမ၏အကြည့်များက တစ်မျိုးထူးဆန်းနေသည်ဟု ထင်လေသည်။ ထိုမိန်းမသည် အသက်သုံးဆယ်ကျော်လောက်တော့ ရှိလေမည်။ အိမ်နီးချင်းဆိုတဲ့ သဘောမျိုးနဲ့ ခင်မင်နှစ်လိုသော မျက်ဝန်းမျိုးလည်းမဟုတ်။ သူမနှင့်မောင် ချစ်ချစ်ခင်ခင် ဂရုတစိုက်ရှိလှတာကို မနာလို၊ သဝန်တိုလျက်ရှိသော မျက်လုံးများဟု သူမက ထင်လေသည်။
ပြီးတော့ သူမတို့အိမ်ကလေးတွေက သုံးထပ်သာ ပါရှိပြီး သူမတို့က အပေါ်ဆုံး အထပ်မှာဖြစ်သည်။ ထိုမိန်းမက ဒုတိယထပ်ဖြစ်လေသည်။ အခန်းလေးတွေက တစ်ခန်းနှင့်တစ်ခန်း စကားပြောလျှင်၊ လှုပ်ရှားလျှင်တောင် အတိုင်းသားကြားနေရလောက်အောင် နီးကပ်လှသည်။ အထူးသဖြင့် ထိုမိန်းမ ဝရန်တာမှာထွက်ရပ်ပြီး ဖုန်းပြောနေလျှင်ဖြစ်စေ၊ စီးကရက်သောက်နေလျှင် ဖြစ်စေ သူမအတိုင်းသား ကြားရလေသည်။
ပထမတော့ အသစ်ပြောင်းလာသော လူသစ်တွေမို့ စိတ်ဝင်တစား စပ်စုလိုသောစိတ်ဖြင့် လိုက်ကြည့်တာဆိုလျှင် သူမက မေ့မေ့ပျောက်ပျောက် ထားနိုင်ပါသည်။ အခုတော့ အဲဒီလိုမျိုး မဟုတ်။ သူမတို့ လင်မယား၏ လှုပ်ရှားသံကို ကြားလိုက်တာနှင့် ထိုမိန်းမက ဝရန်တာသို့ ရောက်နေပြီ။ ဥပမာ လှေကားဆီမှ သူမတို့ဆင်းလာသော ခြေသံကို ကြားလျှင်ဖြစ်စေ၊ သူမနှင့်မောင် အချင်းချင်းနောက်ပြောင် ရယ်မောလျက် ကျီစယ်ကြသော စကားသံသဲ့သဲ့ကို ကြားလျှင်ဖြစ်စေ၊ ထိုမိန်းမ ဝရန်တာသို့ ထွက်ရပ်နေပြီ။ အဲဒီနောက်တော့ သူမတို့ဆင်းသွားတာကို စူးရှနက်မှောင်သော မျက်ဝန်းစိမ်းစိမ်းများဖြင့် လိုက်ကြည့်နေမည်။ သူမတို့ အပြင်က ပြန်လာလျှင်လည်း ကားသံကြားရတာနှင့် ထိုမိန်းမက အိမ်ထဲကနေ ဝရန်တာဆီသို့ ဖျတ်ခနဲ ထွက်ရပ်လာသည်။ ပြီးလျှင် မောင့်ကို တစ်လှည့်၊ သူမကို တစ်လှည့် ပေါ်ပေါ်ထင်ထင်ကြီးပင် စူးစူးရှရှ စိုက်ကြည့်လေသည်။
“ကိုယ်တော့ အဲဒီမိန်းမကို မသင်္ကာတော့ဘူး မောင်။ ဒီမိန်းမ ဘာဖြစ်ချင်တာလဲ မသိဘူး။ ကိုယ်တို့ကို အမြဲတမ်းလိုက်ကြည့်နေတယ်။ သူ့အကြည့်ကြီးက တစ်မျိုးကြီး။ ခင်မင်နှစ်လိုတဲ့ အကြည့်မျိုးလည်း မဟုတ်ဘူး။ မလိုတမာ အကြည့်မျိုးကြီး” ဟု သူက မောင့်ကို ထပ်၍ ပြောပြန်လေသည်။
ဒီတစ်ခါတော့ မောင်က ပထမအကြိမ်တုန်းကလို ပေါ့ပေါ့ပါးပါး မရယ်မောတော့ဘဲ
“ဟုတ်တယ်။ ကိုယ်လည်း သတိထားမိတယ်။ သူ့ကိုကြည့်လိုက်ရင် အမြဲတမ်း ဝရန်တာမှာပဲ ရပ်နေတာ တွေ့ရတယ်။ တစ်ခါတလေ မင်းမပါဘဲ ကိုယ်တစ်ယောက်တည်း ထွက်သွားရင်လည်း ကိုယ့်ကို သေသေချာချာကြီး လိုက်ပြီးတော့ စိုက်ကြည့်နေတတ်တယ်။ သူ့မျက်လုံးကြီးတွေက တစ်မျိုးတော့ တစ်မျိုးပဲ”
“သတိတော့ထားနော်... မောင်။ ကြည့်ရတာ မောင့်ကိုများ စိတ်ဝင်စားနေလား မသိဘူး”
ဟု သူမက သံသယဖြင့် စိုးရိမ်ပူပန်စွာ ပြောမိတော့ မောင်ကပြုံး၍ ပုခုံးသာ တွန့်ပြလေသည်။

(ခ)
မနက်ဆိုလျှင် မောင်က အလုပ်သွားလေ့ရှိပြီး ညနေကျမှ ပြန်လာတတ်သည်ဖြစ်ရာ တစ်နေ့လုံး အိမ်မှာ သူမတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့မြဲဖြစ်သည်။ အိမ်မှုကိစ္စ၊ ဝေယျာဝစ္စတွေနှင့် သူမတစ်ယောက်တည်း အားလပ်သည်ရယ်လို့ မရှိချေ။
အဲသည်နေ့ကတော့ အခန်းတံခါးဆီမှ တံခါးခေါက်သံကို သူမစတင်၍ ကြားရသည်။ ပထမတော့ သူမ နည်းနည်းအံ့သြသွားသည်။ ဒီအချိန် ဘယ်သူကများ တံခါးလာခေါက်တာပါလိမ့်။ များသေားအားဖြင့် သူမအခန်းကို ဘယ်သူမှ လာတွေ့လေ့မရှိပါ။ တစ်ခါတစ်ရံ နေ့ခင်းဘက် မောင်ပြန်လာပြီး ထမင်းစားတတ်သည်က လွဲ၍ပေါ့။ ဒီအချိန်ကလည်း မောင်... ထမင်းပြန်စားသည့်အချိန် မဟုတ်ပါ။
သူမသည် စိုးရိမ်စပ်စုစိတ်ကလေးဖြင့် အခန်းတံခါးရှိ ချောင်းကြည့်ပေါက် ကလေးထဲမှ ချောင်းကြည့်လိုက်မိသည်။
အလိုလေး အောက်ထပ်က မိန်းမပါလား။ ထိုခဏမှာ သူမကျောရိုးတစ်လျှောက်ဆီမှ စိမ့်ခနဲဖြစ်သွားသည်။ ထိုမိန်းမကို တံခါးဖွင့်ပေး၍ သင့်တော်ပါ့မလား။ အိမ်မှာ သူမတစ်ယောက်တည်း။ မောင်လည်းမရှိ၊ ပြီးတော့ ထိုမိန်းမ၏ မျက်ဝန်းအကြည့်တွေကို သူမရော မောင်ပါ သံသယ ရှိနေကြသည်ဖြစ်ရာ မတော်တဆ အခန်းထဲသို့ ဝင်လာပြီးမှ သူမကို ရန်ပြုလျှင် သူမ ဘယ်လိုလုပ်ရမည်နည်း။ ထိုမိန်းမက တံခါးကို ထပ်၍ ခေါက်မြဲခေါက်လေသည်။ ဒီပုံအတိုင်းဆို သူမ တံခါးဖွင့်မပေးမချင်း ထိုမိန်းမ ပြန်ဆင်းသွားလိမ့်မည် မဟုတ်။ အိမ်ထဲမှာ သူမရှိတယ်ဆိုတာကို ထိုမိန်းမ သိပြီး ဖြစ်လိမ့်မည်။ သူမတစ်ယောက်တည်း ရှိနေတယ်ဆိုတာ သိလို့ တမင်သက်သက် တက်လာတာပဲဖြစ်မည်။ သူမ တော်တော်လေး စိတ်ရှုပ်ထွေးသွားလေသည်။ ဘယ်လိုလုပ်ရမလဲ။
နောက်ဆုံးတော့ တစ်ဖက်မှ တံခါးခေါက်နေတာကို အားနာလာသောစိတ်ဖြင့် သူမက တံခါးကို ဖျတ်ခနဲ ဖွင့်ပေးလိုက်မိသည်။
တံခါးဝမှာရပ်နေသော ထိုမိန်းမက သူမကို ပြုံးပြနေကာ...
“ကိုယ် အောက်ထပ်ကပါ... ပျင်းပျင်းရှိတာနဲ့ ရှင်နဲ့မိတ်ဆက်ဖို့ တက်လာခဲ့တာ။ ကိုယ်.... အိမ်ထဲ ဝင်လို့ရမလားဟင်”
ဟင့်အင်း မဝင်နဲ့ဟု သူမ ဘယ်လိုလုပ် ပြော၍ဖြစ်မည်နည်း။ သူမရင်ထဲ စိုးရိမ်ကြောင့်ကြစိတ်ကလေးနှင့် သံသယသည် လူးလွန့်လျက် ရှိသည်ကို ဟန်ဆောင်ဖုံးကွယ်ထားရင်း ခင်မင်နှစ်လိုဟန် ပြုံးပြကာ...
“ရပါတယ်... အစ်မလာပါ... ဝင်ပါ။ အောက်ထပ်မှာ အစ်မတစ်ယောက်တည်း နေတာလား”
“ဟုတ်တယ်။ ကိုယ်တစ်ယောက်တည်း။ ရှင်တို့ကတော့ နှစ်ယောက်နော်။ ရှင်တို့ လင်မယားနှစ်ယောက်ကို ကြည့်ရတာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြပုံပဲ။ ကြင်ကြင်နာနာ ယုယုယယနဲ့ ဂရုတစိုက်လည်း ရှိကြတယ်။ ရှင်တို့ကို ကြည့်ရတာ သိပ်စိတ်ချမ်းသာဖို့ ကောင်းတာပဲ။ ဒါကြောင့် ကျွန်မ အမြဲတမ်း စောင့်စောင့်ကြည့်နေမိတာ”
သူမက ပြုံးရုံသာပြုံးနေလိုက်သည်။
“ကျွန်မတို့ လက်ထပ်ပြီးတာ နှစ်လလောက်ပဲ ရှိသေးတယ်”
“သြော်... အခုမှ ယူပြီးခါစကိုး။ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်နေကြတာ”
ထိုမိန်းမက သူမတို့ ဧည့်ခန်းရှိ ဆိုဖာဆက်တီပေါ်တွင် ကျကျနနကို ဝင်ထိုင်ရင်း တစ်အိမ်လုံးကို လိုက်၍ အကဲခတ်လေသည်။ သူမစိတ်ထဲမှာ ထိုမိန်းမကို မနှစ်မြို့သောစိတ်က ပို၍ အားကောင်းလာလေသည်။ အဓိပ္ပါယ်မရှိတာ။ ဘယ်လိုမိန်းမပါလိမ့်။ သူများအိမ်ပေါ်တက်လာပြီး စပ်စပ်စုစုရှိလိုက်တာဟု သူမစိတ်ထဲက တွေးနေမိလေသည်။ ထိုမိန်းမက တော်တော်နှင့်မပြန်ဘဲ သူမကို ဟိုမေး သည်မေးနှင့် မေးခွန်းတွေ တစ်မျိုးပြီးတစ်မျိုး ထုတ်လျှက်ရှိသည်။
နောက်ဆုံးတော့ သူမက အားမနာနိုင်တော့ဘဲ....
“ဆောရီး... အစ်မရယ်။ ကျွန်မမှာ လုပ်စရာကလေးတွေ ရှိသေးလို့ အစ်မ အေးအေးဆေးဆေး ထိုင်ဦးနော်။ ကျွန်မ ကော်ဖီဖျော်ပေးမယ်”ဟု ပြောရင်း ကော်ဖီတစ်ခွက်ကို ဖျော်ပေးလိုက်ကာ သူမလုပ်စရာရှိသော အလုပ်တွေကို ဆက်၍ လုပ်မြဲလုပ်နေရင်း တစ်ဖက်ကလည်း ထိုမိန်းမကို မသိမသာ အကဲခတ် နေမိလေသည်။
ထိုမိန်းမကတော့ ခပ်တည်တည်ပင်။ သူမနှင့်မောင် လက်ထပ်တုန်းက ရိုက်ခဲ့သော ဓာတ်ပုံအယ်လ်ဘမ် စာအုပ်ကို တစ်အုပ်ပြီးတစ်အုပ် ဖွင့်ကြည့်ရင်း အေးအေးလူလူ စိမ်ပြေနပြေပင် ရှိလေသည်။ သူမ စိတ်ထဲမှာ တင်းကျပ်လာလေသည်။ ထိုမိန်းမ အလုပ်တွေ ဘာတွေ မရှိဘူးလားမသိ။ အလိုက်ကန်းဆိုးလည်း သိပုံမရချေ။ ထိုမိန်းမကို ဘယ်လိုများ အလိမ္မာသုံးပြီး နှင်ထုတ်ရပါ့မလဲဟု သူမက ဦးနှောက်ခြောက်စွာ စဉ်းစားလေသည်။ ဘယ်လိုမှ အကြံမရချေ။
ညနေ... မောင်ပြန်လာခါနီး အချိန်လောက်ကျမှ ထိုမိန်းမက ဗြုန်းခနဲ ထရပ်ကာ....
“ကဲ... ကိုယ်ပြန်လိုက်ဦးမယ်။ နောက်ဆို... ကိုယ် အမြဲတမ်း လာလည်မယ်နော်။ တစ်ယောက်တည်း နေရတာ သိပ်အထီးကျန်လွန်းလို့” ဟု ပြောသွားလိုက်သေးသည်။
မောင်ပြန်လာသောအခါ ထိုမိန်းမအကြောင်း မောင့်ကို ပြောပြမိတော့ မောင်က မျက်ခုံးရှုံ့ရင်း စဉ်းစား နေလေသည်။
“သူက... အကြောင်းမရှိဘဲ ဘာကိစ္စ အိမ်မှာ လာလည်နေရတာလဲ။ သိပ်ပြီး ရောရောနှောနှော မနေနဲ့ပေါ့ကွာ။ ခပ်တည်တည် ခပ်ပြတ်ပြတ် ဆက်ဆံလိုက်ရင် သူ နောက်လာတော့မှာ မဟုတ်ပါဘူး။ ဒီမိန်းမ ဘာအကြံရှိသလဲမှ မသိတာ” ဟု မောင်ကလည်း သံသယဖြင့် ပြောလေသည်။

(ဂ)
နောက်နေ့တွေမှာလည်း ထိုမိန်းမက အခန်းတံခါးကို လာခေါက်မြဲ ခေါက်လေသည်။ သူမမှာ တံခါးဖွင့်ပေးရအခက်၊ ဖွင့်မပေးရအခက်နှင့် အတော်ဗျာများ စိတ်နောက်ကျိ ရှုပ်ထွေးမိလေသည်။ မသက်သာတဲ့အဆုံးမှာ တံခါးဖွင့်ပေးလိုက်တော့ ထိုမိန်းမက အခန်းထဲသို့ ဗြုန်းခနဲ ဝင်ရောက်လာကာ သူမလက်ထဲမှ ချိုင့်ကလေးကို လှမ်း၍ ပေးလေသည်။
“ကိုယ် လက်ဖက်သုပ် လုပ်လာခဲ့တယ်။ ကိုယ်တို့ အတူတူ စားကြတာပေါ့” ဟု ဆိုလိုက်သေးသည်။
သူမ အနည်းငယ် စိတ်ညစ်လာသည်။ ဘယ်လိုမိန်းမမျိုးပါလိမ့်။ တစ်ဆိတ် တစ်အိတ်လုပ်ကာ လက်ဖက်သုပ် စားနေမည့် ပုံပေါ်သည်။ ဘယ်လိုလုပ်ပြီး ထိုမိန်းမကို သူလာလာလည်နေတာကို မကြိုက်ကြောင်း သိအောင် ဖွင့်ပြောရပါ့မလဲ။
နောက်ဆုံးတော့ သူမက အားနာတတ်သော စိတ်အခံဖြင့် လက်ဖက်သုပ်တွေကို ပန်းကန်ကြီးတစ်ခုထဲမှာ ပြောင်းလှယ်၍ ထည့်ပေးလိုက်ကာ ထိုမိန်းမရှေ့မှာ ချထားလိုက်သေးသည်။ ရေနွေးအိုးတည်ပြီး လက်ဖက်ခြောက်ခပ်ကာ ရေနွေးကရားကိုပါ အဆင်သင့် ချထားပေးလိုက်သည်။
“မင်းလည်း လာစားလေ။ ကိုယ်တို့ အတူတူစားရင်း စကားပြောကြတာပေါ့”
“ဆောရီးပဲ အစ်မရယ်။ ကျွန်မမှာ လုပ်စရာတွေက အများကြီးပဲ ရှိသေးတယ်။ ကျွန်မယောက်ျားက အရမ်းအသန့်အပြန့်ကြိုက်တာဆိုတော့ တစ်အိမ်လုံး သန့်ပြန့်ပြောင်လက်နေမှ သူက သဘောကျတာ။ တစ်နေ့တစ်နေ့လည်း အိမ်အလုပ်တွေနဲ့ မအားပါဘူး အစ်မရယ်။ မနက် သူ ... ရုံးသွားတဲ့ အချိန်ကစပြီး သူပြန်လာတဲ့ အချိန်အထိ ကျွန်မမှာ တစ်စက်ကလေးမှ မနားရဘူး။ အိမ်အလုပ်တွေ တော်တော်အရှုပ်သား” ဟု သူမက ခပ်ညည်းညည်းလေး ပြောလိုက်လေသည်။
ထိုမိန်းမက သူမကို စိုက်ကြည့်၍ ပြုံးနေကာ...
“ရှင့်ယောက်ျားကို ရှင်သိပ်ချစ်တာပဲလား” ဟု မေးလေသည်။
ထိုမေးဟန်မှာ မလိုတမာရိပ်တစ်မျိုး စွက်နေသည်ဟု သူမ ခံစားရပါသည်။
“အို... သိပ်ချစ်တာပေါ့ အစ်မရယ်။ ဘယ်လိုမေးလိုက်တာလဲ။ ကျွန်မတို့ နှစ်ယောက် ချစ်သူသက်တမ်းကလည်း ဆယ်နှစ်ကျော်ကြာခဲ့တာ။ အခု လက်ထပ်ပြီးတာမှ လပိုင်းပဲ ရှိသေးတယ်။ သိပ်ချစ်တာပေါ့။ ကျွန်မ ယောက်ျားကလည်း ကျွန်မကို သိပ်ချစ်တာ။ သူ့ဘဝမှာ ကျွန်မကလွဲရင် တခြား ဘယ်မိန်းကလေးကိုမှတောင် ရှိတယ်လို့ အောက်မေ့တာမဟုတ်ဘူး” ဟု သူမက ခပ်ပိုပိုသာသာလေး ပြောလိုက်လေသည်။ အဓိကကတော့ သူမစိတ်ထဲမှာ ထိုမိန်းမသည် မောင့်ကိုများ စိတ်ဝင်စားနေ သလားဟူသော သံသယစိတ်လည်း ဖြစ်နေသောကြောင့် ဖြစ်သည်။
“ကိုယ့်ယောက်ျားကို ကိုယ်သိပ်ချစ်တာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ် တစ်ခုတော့ သတိပေးထားချင်တယ်။ ယောက်ျားကို ချစ်တာလည်း ချစ်ပေါ့။ ဒါပေမယ့် ကိုယ်သိပ်ချစ်ကြောင်း အဲဒီယောက်ျားသိအောင် အမြဲတမ်း သိပ်မပြနေဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားတွေဟာ မိန်းမက သူတို့ကို အရူးအမူး သိပ်ချစ်နေတာ သိသွားပြီဆိုရင် အဲဒီမိန်းမကို စွန့်ပစ်လိုက်တတ်ကြတယ်” ဟု ထိုမိန်းမက ပြောသောအခါ သူမရင်ထဲ အောင့်ခနဲ မျက်သွားလေသည်။
“ကျွန်မယောက်ျားက အဲဒီလိုယောက်ျားမျိုးမဟုတ်ပါဘူး။ သူက သူ့ကို သိပ်ချစ်ကြောင်းပြမှ ကြိုက်တာ။ သူကလည်း ကျွန်မကို သိပ်ချစ်ကြောင်း အမြဲတမ်းပြလေ့ရှိတယ်” ဟု သူမက ခပ်ဆတ်ဆတ် အသံကလေးဖြင့် ပြန်ပြောလိုက်လေသည်။ ထိုမိန်းမက နှုတ်ခမ်းပေါ်မှာ မဲ့ပြုံးကလေးနှင့် ခေါင်းတဆတ်ဆတ် ညိတ်နေလေသည်။
“အဲဒါက ရှင်တို့လက်ထပ်တာ သိပ်မကြာသေးလို့ပါ။ စောင့်ကြည့်လိုက်ပါဦး။ တစ်နှစ်လောက်နေရင် ယောက်ျားဆိုတာ ကိုယ်သိပ်ချစ်လို့ လက်ထပ်ထားတဲ့ မိန်းမကို ငြီးငွေ့လာကြတာချည်းပဲ”
သူမစိတ်ထဲ အနှောင့်အယှက်ကြီးစွာ ဖြစ်လာသည်။ ထိုမိန်းမဟာ ဘယ်လိုမိန်းမစားမျိုးလဲ။ သူများအိမ်ပေါ်လည်း တက်လာသေးတယ်။ သူများလင်မယား ချစ်ချစ်ခင်ခင် ရှိကြတာကိုလည်း မနာလို မရှုဆိတ်ပုံစံမျိုးနှင့် သွေးခွဲစကားတွေ ဘာကြောင့်ပြောနေရတာလဲ။ သူမ နားမလည်နိုင်ပါ။ စိတ်ထဲမှာ သူမအပေါ်ထားသော သံသယစိတ်က တဖြည်းဖြည်းကြီးထွား၍ လာလေသည်။
အဲဒီနေ့ကလည်း ထိုမိန်းမသည် မောင်ပြန်လာခါနီး အချိန်လောက်ကျမှ ပြန်သွားလေသည်။ စားပွဲပေါ်မှာ လက်ဖက်သုပ်ပန်းကန်ကြီးက ဒီအတိုင်း။ ထိုမိန်းမ တို့ထိ၍ပင် မသွားချေ။ သူမကလည်း ထိုလက်ဖက်သုပ်တွေကို ဘယ်လိုမှ မစားဝံ့ချေ။ လက်ဖက်သုပ်ထဲမှာ ဆေးတွေ ဘာတွေများ ခပ်ထားရင် မခက်ဘူးလား ဟူသော သံသယဖြင့် ထိုလက်ဖက်သုပ်ပန်းကန်ကြီးကို တစ်ပန်းကန်လုံး သွန်ပစ်လိုက်လေသည်။ အဲဒီအကြောင်း မောင့်ကိုပြောပြတော့ မောင်ကလည်း နားမလည်နိုင်စွာဖြင့်....
“ကြည့်ရတာ ဒီမိန်းမရဲ့စိတ်အခြေအနေဟာ ပုံမှန်မဟုတ်ဘူးထင်တယ်။ မင်း သတိတော့ထားနော်။ နောက်ဆို တံခါးဖွင့်မပေးပါနဲ့ကွာ” ဟု စိုးရိမ်ပူပန်သလို ပြောလေသည်။

(ဃ)
နောက်နေ့တွေမှာ ထိုမိန်းမတံခါးလာခေါက်တော့ သူမ တံခါးဖွင့်မပေးတော့ချေ။ အခန်းထဲမှနေ၍ ...
“အစ်မရေ... ကျွန်မခေါင်းတွေသိပ်ကိုက်နေလို့ နေမကောင်းဘူးအစ်မရယ်၊ ဒီနေ့တော့ အစ်မကို ဧည့်ခံနိုင်မှာမဟုတ်ဘူး။ တောင်းပန်ပါတယ်နော်” ဟု အလိမ္မာကလေးဖြင့် ယဉ်ယဉ်ကျေးကျေး ငြင်းပစ် ရလေသည်။
သူမသည် ထိုမိန်းမပေးသော မုန့်တွေကို ဘယ်လိုမှ စားဖို့ စိတ်ကူးမရှိသော်လည်း မကောင်း တတ်သောကြောင့် တံခါးဖွင့်ကာ လဲလှယ်ယူထားလိုက်ရလေသည်။ နောက်တော့ အဲဒီ မုန့်ဟင်းခါးတွေအားလုံးကို အမှိုက်ပုံထဲ သွန်ပစ်လိုက်လေသည်။ နောက်ရက်တွေမှာလည်း ထိုမိန်းမက စားစရာတွေ တစ်မျိုးပြီးတစ်မျိုး မရိုးအောင် ပေးရင်း ထိုမိန်းမ ပေးသမျှ မုန့်တွေကိုတော့ အမှိုက်တောင်းထဲဆီသို့သာ သွန်ပစ်မြဲ သွန်ပစ်လေသည်။
ကြာတော့ သူမ... တစ်နေ့တခြား စိတ်ညစ်၍လာလေသည်။ ထိုမိန်းမမှာ ဘယ်လိုအကြံအစည်မျိုး ရှိနေသလဲဆိုတာ သူမ ဘယ်လိုမှ ခန့်မှန်း၍ မရချေ။ သေချာတာကတော့ သူမတို့ လင်မယားနှစ်ယောက်ကို ထိုမိန်းမက အမြဲတမ်း မျက်စိဒေါက်ထောက် လိုက်ကြည့်နေတတ်တာကို သူမတော်တော်ကလေး စိတ်ပျက်လေသည်။
“မောင်ရယ်... ကျွန်မတို့ ဒီအိမ်ကနေ ပြောင်းမှ ကောင်းမယ်ထင်တယ်။ ကျွန်မတို့ တစ်နေ့တစ်နေ့ မနက်မိုးလင်းလာရင် အဲဒီမိန်းမ တက်လာမှာကိုပဲ စိုးရိမ်နေမိတယ်။ သူ့မှာ ဘယ်လိုအကြံအစည်၊ ဘယ်လိုစိတ်ကူးမျိုးတွေ ရှိနေမှန်းလဲ မသိဘူး။ သူ့မျက်လုံးတွေကလည်း တစ်မျိုးပဲ။ မူမမှန်သလိုပဲ။ နေ့တိုင်း တက်တက်လာပြီး မုန့်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေးနေတာလည်း ဘယ်လိုစိတ်ကူးမျိုးလည်းမသိဘူး။ တစ်နေ့နေ့မှာ ကျွန်မကို သူအန္တရာယ်ပေးရင် ဘယ်လိုလုပ်မလဲ။ မောင်လည်း ရှိတာမဟုတ်ဘူး။ ကျွန်မတစ်ယောက်တည်း နေရတာ။ ကျွန်မ ဒီအိမ်မှာနေရတာ မပျော်တော့ဘူး။ စိတ်ထဲမှာ လုံခြုံမှုလည်း မရှိဘူး။ အောက်ထပ် ကနေ အဲဒီမိန်းမက ကျွန်မတို့ကို အမြဲတမ်း စောင့်ကြည့်နေသလိုကြီး ခံစားရတယ်” ဟု မောင့်ကိုပြောပြကာ အိမ်ပြောင်းဖို့ တိုက်တွန်းရလေသည်။
မောင်ကလည်း သူမကို အမြဲတမ်းအလိုလိုက်လေ့ရှိသူပီပီ....
“အေးလေ... မေမပျော်ဘူးဆိုလည်း ကိုယ်တို့ ပြောင်းကြတာပေါ့။ ပြဿနာမရှိပါဘူး။ ကိုယ်လည်း တစ်နေ့တစ်နေ့ အဲဒီမိန်းမကို စိတ်မချဘူး။ အိမ်မှာ မေတစ်ယောက်တည်း ရှိနေတာ သိသိနေတော့ အဲဒီလို သူ တက်တက်လာတာကို မောင်လည်း မကြိုက်ဘူး။ စိတ်ထဲမှာ အဲဒီမိန်းမကို စိုးရိမ်နေမိတယ်။ စိတ်ထဲမှာ လိပ်ပြာမသန့်ဘူး ဆိုရင် ဆက်မနေတာပဲ ကောင်းပါတယ်။ ကိုယ်တို့ ဒီလကုန်ရင် ပြောင်းကြတာပေါ့” ဟု မောင်က လိုက်လျောလေသည်။
“ရှင်တို့ ပြောင်းကြတော့မလို့ဆို။ ဘယ်လိုဖြစ်တာလဲ။ တစ်လပဲရှိသေးတယ်။ ချက်ချင်းကြီးပြောင်းတာ ဘာဖြစ်လို့လဲ”
အဲဒီနေ့က သူမက ထုံးစံအတိုင်း အပေါ်ထပ်သို့တက်လာပြီး စပ်စပ်စုစုမေးမြန်းလေသည်။ ထိုနေ့က မောင်လည်း ရှိနေတာမို့ သူမက ထိုမိန်းမကို သိပ်မကြောက်ချေ။
“အေးဗျာ... ကျွန်တော်တို့မှာ တခြား အိမ်အသစ်တစ်လုံး ရှာတွေ့လို့ပါ” ဟု မောင်က ပြီးစလွယ်ပင် အဖြေပေးလိုက်သည်။
ထိုမိန်းမက မောင့်ကို စူးစူးရှရှ စိုက်ကြည့်ပြန်လေသည်။
“ဒီအိမ်မှာ နေရတာ မပျော်လို့လား”
ဟု အဓိပ္ပါယ်မရှိ ဆက်မေးနေပြန်လေသည်။
“အင်း... မပျော်လို့ပဲ ဆိုပါတော့ဗျာ။ ကျွန်တော်ကလည်း တစ်နေ့တစ်နေ့ အလုပ်သွားနေရတော့ ကျွန်တော့်မိန်းမက အိမ်မှာ တစ်ယောက်တည်း ကျန်ကျန်နေခဲ့ရတာ။ သူ့ကို ကျွန်တော် စိတ်မချဘူးလေ”
“ဘာ စိတ်မချစရာရှိလဲ။ ကျွန်မ တစ်ယောက်လုံး ရှိနေတာပဲ။ သူ ပျင်းနေမှာစိုးလို့ ကျွန်မ နေ့တိုင်း တက်လာပြီး အဖော်လာလုပ်ပေးနေတာပဲ”
“ကျေးဇူးတင်ပါတယ်ဗျာ။ အဲဒီလို အဖော်လာလုပ်ပေးတဲ့အတွက် ကျွန်တော်တို့က အစ်မကို ကျေးဇူးတင်ပါတယ်”
“ရှင်တို့ကြည့်ရတာ ကျွန်မအပေါ်မှာ သံသယတစ်ခုခုများရှိနေသလားလို့။ ရှင်တို့ရဲ့ မျက်လုံးတွေထဲမှာ ကျွန်မကို မယုံသင်္ကာသလိုပဲ။ ဘာဖြစ်လို့လဲ။ ကျွန်မက ရှင်တို့လင်မယားကို သိပ်ချစ်တတ်တဲ့စုံတွဲ လင်မယားကလေးဆိုပြီး ခင်မင်ချင်တဲ့ စိတ်သက်သက်နဲ့ အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ လိုက်ကြည့်နေမိတာ။ အဲဒါကို ရှင်တို့ စိတ်အနှောင့်အယှက်များ ဖြစ်လို့လား”
“မဖြစ်တော့ မဖြစ်ပါဘူးအစ်မရယ်။ ဒါပေမယ့် ကျွန်တော်တို့ စိတ်ထဲမှာ နည်းနည်းကလေးတော့ သံသယလေးတွေ ဖြစ်မိတာပေါ့” မောင်က ပွင့်ပွင့်လင်းလင်းပြောသောအခါ ထိုမိန်းမက ထုံးစံအတိုင်း မဲ့ပြုံးကလေးပင် ပြုံးနေလေသည်။
“ဘာမှ သံသယမဖြစ်ပါနဲ့။ ရှင်တို့နှစ်ယောက် သိပ်ချစ်ကြတာကို ကျွန်မက အားကျမိရုံသက်သက်ပါ။ ပြီးတော့ ကိုယ့်ဘဝကိုယ် အထီးကျန်လွန်းလို့ စိတ်ပျက်ဝမ်းနည်းမိတာ တစ်ခုပဲ ရှိတယ်။ ရှင်တို့နှစ်ယောက်ကျတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတာပဲ။ ကျွန်မကတော့ အိမ်ထောင်ရေးမှာ ကံမကောင်းခဲ့ဘူး။ ကျွန်မတို့လက်ထပ်ပြီး တစ်နှစ်အကြာမှာ ကျွန်မယောက်ျားက ကျွန်မကို ငြီးငွေ့သွားတယ်။ ကျွန်မကို စွန့်ပစ်သွားတယ်။ ကျွန်မကတော့ သူ့ကိုချစ်လိုက်ရတာ။ ယောက်ျားတွေဟာ မိန်းမတွေရဲ့ အချစ်နဲ့ သိပ်ပြီးမထိုက်တန်လှပါဘူး” ထိုမိန်းမ၏ မျက်နှာပေါ်မှာ အထီးကျန်မှု နှင့် နာကြည်းမှုကို တွေ့ရလေသည်။
“အဲဒီလို ပြောလို့တော့ မရဘူးလေဗျာ။ မိန်းမတိုင်းရဲ့အချစ်ဟာ ယောက်ျားတိုင်းအတွက် မထိုက်တန်ဘူး လို့တော့ အစ်မ တရားသေကြီး မယူဆပါနဲ့။ အချစ်ဆိုတာ ပေးတဲ့ လူနဲ့ ခံယူသူရဲ့ကြားမှာ ညီမျှခြင်းတစ်ခုတော့ ရှိရတာပေါ့ဗျာ။ ပေးတဲ့လူက အများကြီးပေးပြီး ယူတဲ့သူက နည်းနည်း လေးပဲ ခံယူရင်လည်း တရားမျှတမှုမရှိဘူးပေါ့။ အဲဒီလိုပဲ ပေးတဲ့သူက နည်းနည်းလေး ပေးပြီး လိုချင်တဲ့သူက အများကြီးခံယူချင်တယ်ဆိုရင်လည်း ညီမျှမှု မရှိနိုင်တော့ဘူး။ အဲဒါဆိုရင် ဒီလူနှစ်ယောက်ရဲ့ အချစ်ရေးဟာ ဘယ်လိုမှ သာယာမျှတမှု ရှိမှာမဟုတ်ဘူး။ ကျွန်မတို့ လင်မယားကတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မျှမျှတတ နားလည်မှုနဲ့ အပေးအယူ ရှိကြပါတယ်။ ကျွန်တော်ပေးနိုင်သလောက် အချစ်ကို သူက ခံယူနိုင်သလို၊ သူလိုချင်သလောက်အချစ်ကိုလည်း ကျွန်တော်က ပေးနိုင်အောင်ကြိုးစားတယ်လေ။ အဲဒါ ကျွန်တော်တို့နှစ်ယောက်ကြားက အပေးအယူပဲ” ဟု မောင်က ရှင်းပြသောအခါ ထိုမိန်းမက ငြိမ်သက်စွာနားထောင်နေရင်းမှ ခေါင်းတညိတ်ညိတ်လုပ်လာသည်။
“ဟုတ်တယ်... ရှင်ပြောတာ မှန်တယ်။ ကျွန်မနဲ့ ကျွန်မယောက်ျားရဲ့ ချစ်ခြင်းထဲမှာ ကျွန်မယောက်ျားကတော့ နည်းနည်းကလေးပဲ ပေးချင်ပြီး ကျွန်မကတော့ သူ့ဆီက အချစ်တွေ အများကြီး လိုချင်ခဲ့မိတယ်။ သူ့ကို သိပ်ချစ်လွန်းတော့ သူ့ကိုလည်း ကျွန်မက ကျွန်မရဲ့အချစ်တွေ မတန်တဆကြီး တနင့်တပိုးပေးတယ်။ သူလိုချင်ရဲ့လား၊ လက်ခံနိုင်ရဲ့လား ဆိုတာ ကျွန်မ သိပ်မစဉ်းစားဘူး။ ကျွန်မပေးချင်သလောက် အချစ်တွေ အားလုံးပုံအောပြီး ရက်ရက်ရောရောကြီး ပေးပစ်ခဲ့တာ။ ပြီးတော့ သူ့ဆီက အချစ်ကိုလည်း ကျွန်မ လောဘတကြီး အများကြီးပဲ ပြန်လိုချင်ခဲ့မိတယ်။ ဒါပေမယ့် စောစောက ရှင်ပြောသလို သူ့ဘက်က ကျွန်မလိုချင်သလောက် အများကြီး မပေးနိုင်ခဲ့ဘူး ထင်ပါရဲ့။ ဒါကြောင့် ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်မှာ သံဟဇာတ မမျှခဲ့တာပေါ့”
ထိုမိန်းမ၏မျက်နှာပေါ်မှာ အခုမှ အဖြေတစ်ခု ပေါ်လာသလို ရှင်းရှင်းလင်းလင်း ဖြစ်သွားပုံ ရလေသည်။
“ကျွန်တော့်ကို စပ်စုတယ်လို့ မထင်နဲ့နော်။ အစ်မတို့ ဘယ်လိုလုပ်ပြီး ကွဲသွားကြတာလဲ။ အစ်မ ပြောချင်မှ ပြောပါ။ ကျွန်တော် မေးကြည့်ရုံမေးကြည့်တာပါ”
“ရပါတယ်။ ရှင်သိလို့ရပါတယ်။ ကျွန်မက ပြောပြချင်ပါတယ်။ ကျွန်မက ကျွန်မယောက်ျားကို သိပ်ချစ်တာ။ သိပ်ချစ်တော့ အရမ်းလည်း သဝန်တိုတတ်တယ်။ ဉပမာ သူသိပ်ချစ်တဲ့ ကြောင်ကလေးကိုကအစ ကျွန်မ မနာလိုဘူး။ အဲဒီကြောင်ကလေးကိုပဲ တစ်ချိန်လုံး သူ တယုတယနဲ့ ထွေးပိုက်နေတာကို ဘယ်လိုမှ မရှုဆိတ်နိုင်ဘူး။ အဲဒီတော့ အဲဒီကြောင်ကလေးကို ကားပေါ်ခေါ်တင်သွားပြီး အိမ်နဲ့ အဝေးဆုံးတစ်နေရာမှာ သွားပြီး စွန့်ပစ်လိုက်တယ်။ ကျွန်မယောက်ျားသိတော့ စိတ်တွေဆိုးလိုက်တာလေ။ အဲဒီလိုပဲ သူ စာအုပ်ချည်းပဲ သဲကြီးမဲကြီးဖတ်နေတယ် ဆိုရင်လည်း ကျွန်မက သူဖတ်နေတဲ့စာအုပ်ကို ဆုတ်ဖြဲပြီး လွှင့်ပစ်လိုက်တယ်။ ကျွန်မဖြစ်စေချင်တာက သူ့ရဲ့ စိတ်အာရုံတစ်ခုလုံးကို ကျွန်မတစ်ယောက်တည်း အပိုင်သိမ်းလိုက်ချင်တာမျိုးလေ။ သူ့အာရုံကို ဖမ်းစားထားသမျှ အရာအားလုံးဟာ ကျွန်မအတွက် ရန်သူပြိုင်ဘက်ကြီးပဲ။ သူ တီဗွီချည်း သဲကြီးမဲကြီး ကြည့်နေတယ်ဆိုရင် အဲဒီတီဗွီကို ကျွန်မ ပျက်စီးအောင် လုပ်ပစ်တတ်တယ်။ အဲဒီလိုပဲ သူတစ်ချိန်လုံး ကွန်ပျူတာဂိမ်းကစားနေတယ်ဆိုရင်လည်း အဲဒီကွန်ပျူတာကို ကျွန်မက ဖျက်ဆီးပစ်လိုက်ရော။ ကျွန်မက အဲဒီလို တယူသန် တစ်ဖက်စွန်းရောက်စွာနဲ့ သူ့ကို ချစ်ခဲ့မိတာ။ ပထမတော့ သူ... ကျွန်မကို ချစ်တဲ့စိတ်နဲ့ သည်းညည်းခံပါသေးတယ်။ နောက်တော့ ကျွန်မတို့နှစ်ယောက်ကြားမှာ အကြီးအကျယ်အက်ကြောင်း ထင်လာခဲ့တယ်။ ကျွန်မတို့လက်ထပ်ပြီး တစ်နှစ်လောက်ကြာတဲ့အခါမှာ သူ ကျွန်မကို စိတ်ပျက် ငြီးငွေ့သွားခဲ့ပုံရတယ်။ ကျွန်မကို စွန့်ပစ်သွားတယ်လေ။ အိမ်ကနေ ကျွန်မမသိအောင် တိတ်တဆိတ်ထွက်သွားခဲ့တာ။ ခုချိန်ထိ သူ ပြန်မလာတော့ဘူး”
ထိုမိန်းမက ပြောရင်း မျက်ရည်တွေ ပါးပြင်ပေါ်မှာ အဆက်မပြတ် လိမ့်ဆင်းလာခဲ့ကာ သနားစဖွယ် ရှိုက်ငင်လျက် ရှိလေသည်။
အခုကျမှပဲ ထိုမိန်းမ၏စိတ်ကို ဂဃနဏ သေသေချာချာ သိခွင့်ရလိုက်သည်။ သနားစရာကောင်းသော မိန်းမတစ်ယောက်အဖြစ် သူမ မြင်လာမိလေသည်။ တစ်ချိန်လုံး ထိုမိန်းမအပေါ်မှာ သံသယတွေ ထားခဲ့မိတာအတွက် ထိုမိန်းမကို အားနာ၊ မျက်နှာပူသလိုလို ခံစားမိကာ ရှက်လည်း ရှက်မိလေသည်။
ထိုမိန်းမ၏ အဖြစ်အပျက်အမှန်ကို သိခွင့်ရလိုက်ပြီးချိန်တွင် မောင်နှင့်ကျွန်မ တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းဆုံကာ ကြည့်မိကြ၏။ ကျွန်မတို့နှစ်ယောက် ထိုမိန်းမအပေါ် သံသယအတွေးတွေနှင့် မယုံသင်္ကာရှိခဲ့တာကို ထိုမိန်းမများသိလျှင် ဘယ်လောက်များ အားနာဖို့ ကောင်းလိုက်ပါသနည်း။
မောင်နှင့်ကျွန်မ မျက်လုံးချင်း စကားဆိုမိကာ ထိုမိန်းမမသိအောင် မသိမသာ ပြုံးလိုက်မိကြလေသည်။
သြော်... ဖြစ်မှဖြစ်ရလေ။ လူတစ်ယောက်အပေါ် ထားမိတဲ့ သံသယဟာ ဘယ်လောက်များ ရယ်မောဖို့ ကောင်းလိုက်ပါသလဲ။


လွန်းထားထား(ဆေးတက္ကသိုလ်)
Idea (September, 2004)
Related Posts Plugin for WordPress, Blogger...