ပါရမီ

  
သားကို နို့ချိုတိုက်ကျွေးတိုင်း
ဘယ်လိုမှ ကြည့်ပျော်၊ သာယာနာပျော်ဖွယ်မရှိတဲ့
သားရုပ်ဆိုးကလေးကို တစိမ့်စိမ့်ကြည့်ရင်း
အတော်ကံဆိုးရှာတဲ့ ကလေးလေးလို့
မေတ္တာကရုဏာတွေ စီးကျရမြဲပါပဲ
(က)

သူ့ကို မွေးခါစအချိန်မှာ သူဟာ ဆေးရုံပေါ်မှာရှိတဲ့ ကလေးတွေအားလုံးထဲမှာ အရုပ်အဆိုးဆုံး ကလေးတယောက်ဖြစ်ခဲ့တာမို့ သူ့အမေဟာ အတော်လေးကို စိတ်ဓာတ်ကျဆင်းခဲ့ပါတယ်။
သူ့မျက်လုံးတွေဟာ ဖွင့်လို့ရတဲ့အချိန်မှာ တော်တော်ပြူးကျယ်ပြီး အပြင်ကို ပြူးထွက်လုနီးပါး ရှိခဲ့ပါတယ်။ နှာခေါင်းက အရှည်ကြီး၊ လူတစ်ယောက်ရဲ့နှာခေါင်းမှ ဟုတ်ရဲ့လားလို့တောင် သံသယဝင်စေခဲ့တာပါ။ နဖူးကလည်း ခပ်မောက်မောက်နဲ့၊ မေးစေ့ကလည်း ကောက်ချိတ်ချိတ်၊ မှင်စာကလေးတစ်ယောက်များ မွေးမိသလားလို့ ထင်မှတ်စရာပါ။
သူ့အမေဟာ အတော်စိတ်ဓာတ်ကျပြီး သားကို သေသေချာချာတောင် မကြည့်မိပါဘူး။  စိတ်မကောင်းလည်း ဖြစ်စွာနဲ့ သားရဲ့အနာဂတ်ကို ဟိုးအဝေးကြီးထိအောင် တွေးကြည့်ပြီး စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ သားကလေးဟာ လူတောမှတိုးပါ့မလား။ “ကိုရုပ်ဆိုး”လို့ နာမည်တွင်ပြီး လူတွေဟာ သားအပေါ်မှာ ကောင်းကောင်းမွန်မွန်မှ ဆက်ဆံကြပါ့မလား။ 
သားဟာ သိတတ်လာတဲ့ အရွယ်ရောက်တဲ့အခါ သူ့ကို ဒီရုပ်ဒီရည်ဖြစ်အောင် မွေးထုတ်ပေးခဲ့တဲ့ သူ့အမေကို အပြစ်တင်ကောင်း တင်ပါလိမ့်မယ်။ ဒါဆိုရင် ဘယ်သူ့ကို အပြစ်တင်ရမှာပါလိမ့်။ သူ့အမေဟာ တစိမ့်စိမ့်တွေးလေ၊ စိတ်မချမ်းမသာ ဖြစ်လေပါပဲ။ 
သားကို နို့ချိုတိုက်ကျွေးတိုင်း ဘယ်လိုမှ ကြည့်ပျော်သာယာနာပျော်ဖွယ်မရှိတဲ့ သားရုပ်ဆိုးကလေးကို တစိမ့်စိမ့်ကြည့်ရင်း အတော်ကံဆိုးရှာတဲ့ မေတ္တာကရုဏာတွေ စီးကျရစမြဲပါပဲ။

(ခ)


သားရဲ့ ခေါင်းဟာ ကြီးပြီး လည်ပင်းဟာ ဆွဲဆန့်ထားသလို ခပ်ရှည်ရှည်နဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံကလည်း မပြေပြစ်ရှာပါဘူး။
သားကလေး ရုပ်ဆိုးလွန်းလို့ သူ့ကို မြင်ရတိုင်း မြင်ပြီးတာနဲ့ နောက်တစ်ကြိမ် လှည့်မကြည့်ဘဲ မနေနိုင်ကြပါဘူး။ ဘယ်လို ကလေးလေးပါလိမ့်ပေါ့။ ပြီးရင် သူ့ကို မပြုံးမရယ်ဘဲ မနေနိုင်ကြပါဘူး။ သားကိုကြည့်ပြီး ပြုံးရယ်တတ်ကြတဲ့ သူတွေကို သူ့မိခင်က အလွန်ဒေါသထွက် နာကြည်းစွာနဲ့ ကရုဏာတရား၊ ကိုယ်ချင်းစာတရား ကင်းမဲ့ကြသူတွေ လို့ ကင်ပွန်းတပ်လေ့ရှိပါတယ်။
တချို့ကတော့ လှလွန်းလို့ သမင်လည်ပြန် လှည့်ကြည့်ကြရတာပါ။ သူကျတော့ ရုပ်ဆိုးလွန်းလို့ သမင်လည်ပြန် လှည့်ကြည့်ကြရပြီး ကြည့်ပြီးတိုင်းလည်း သူတို့ ရယ်မောလေ့ရှိကြပါတယ်။ 
သား ငါးနှစ် ကျောင်းစတက်တဲ့အချိန်မှာ ပြဿနာက စပါပြီ။ သားရဲ့ အတန်းဖော်ကလေးတွေက သားရဲ့ရုပ်ရည်ကိုကြည့်ပြီး သူ့ဘေးမှာ မထိုင်ချင်ကြတဲ့အတွက် သားကို သူ့တစ်ယောက်တည်း တစ်ခုံပေးထားရပါတယ်။ ကလေးမိဘတွေက သားရဲ့မျက်နှာ၊ သားရဲ့ ဟန်ပန်အမူအရာတွေကိုကြည့်ပြီး ကျိတ်ရယ်တတ်ကြပါတယ်။ သူ့အမေကတော့ စိတ်ဓာတ်ကလေး အနာတရဖြစ်ရှာမှာကို စိုးရိမ်ပူပန်တဲ့အတွက် သားရဲ့ အခန်းဝကတောင် မခွာပါဘူး။ သားကို အမြဲအရိပ်တကြည့်ကြည့် စောင့်ကြည့်နေရပါတယ်။ သား စိတ်ထိခိုက်မှာလား၊ ရှက်ရှာမှာလား လို့ သူ့အမေက သောက များနေပေမယ့် သားကတော့ ခပ်တည်တည်ပြုံးပြုံးရယ်ရယ်ပါပဲ။
အတန်းဖော်ကလေးတိုင်းကို နှစ်လိုရင်းနှီးခင်မင်ပုံနဲ့ လိုက်ရယ်ပြတတ်ပါတယ်။ သားကိုကြည့်ပြီး ကလေးတွေက ခိုးခိုးခစ်ခစ် ရယ်မောကြပါရော၊ သားက မျက်လုံးပြူးပြ၊ လျှာထုတ်ပြ၊ ပြောင်စပ်စပ်မျက်နှာအမျိုးစုံ လုပ်ပြတိုင်း ကလေးတွေက ရယ်မောကြပြီး သားကို ရယ်စရာ သတ္တဝါတစ်ကောင်လို သဘောထားကြပါတယ်။ 
နောက်ပိုင်းမှာတော့ သားနဲ့ သူ့အတန်းဖော်တွေ ပလဲနံပ သင့်သွားခဲ့ပါတယ်။ သူ့အမေလည်း သားရဲ့ စာသင်ခန်းဝမှာ ရက်အနည်းငယ်သာ စောင့်ပေးလိုက်ရတယ်။ သားရဲ့ဘေးမှာ ကလေးတွေ ဝိုင်းအုံနေခဲ့ပါပြီ။
သဘောကောင်းတဲ့သားက ကလေးတွေအပေါ် အနွံတာခံတတ်၊ သည်းညည်းခံတတ်တယ်။ ရယ်စရာမျိုးစုံတွေ လုပ်ပြတတ်တော့ “လူချော”ဆိုတဲ့ ကိုရုပ်ဆိုးကလေးဟာ အပေါင်းအသင်းတွေရဲ့ ခင်မင်နှစ်လိုမှုကို အပြည့်အဝရခဲ့ပုံက မယုံကြည်နိုင်စရာ သားရဲ့ အစွမ်းအစ ဖြစ်ခဲ့ပါတော့တယ်။
                  
(ဂ)


ဒီလိုနဲ့ သူ တစ်နေ့တခြား အရွယ်ရောက်လာတာနဲ့အမျှ သူ့ရဲ့ရုပ်ဆိုးမှု၊ အချိုးအစားမပြေပြစ်မှုဟာ ထင်ရှားသထက် ထင်ရှားလာခဲ့ပါတယ်။ အံ့သြစရာ ကောင်းတာက သူ့ကို မြင်တာနဲ့ မိန်းကလေးပဲဖြစ်ဖြစ် ပြုံးစိစိကနေ ရယ်မောရတဲ့ အထိ ဖြစ်ကြရခြင်းပါပဲ။ ဒါကလည်း အထူးအဆန်း မဟုတ်တော့ဘဲ သူ့အတွက် ရိုးအီနေပါပြီ။
သူ ဘာလုပ်လုပ်၊ ဘာပြောပြော လူတိုင်းက ရယ်မောကြခြင်းနဲ့သာ တုံ့ပြန် လေ့ရှိပါတယ်။ သူကလည်း အဲဒီလူတွေ ရယ်မောသည်ထက် ရယ်မောအောင် ဟာသပြက်လုံးတွေ တမင်တကာ ရှာဖွေပြောပြစရာမလိုဘဲ မျက်နှာ၊ ကိုယ်ဟန်အမူအရာတွေနဲ့ ဖမ်းစား တတ်လာခဲ့ပါတော့တယ်။
သူ့ရဲ့ ရုပ်ဆိုးခြင်းဟာ သူ့ရဲ့ အစွမ်းအစတစ်ခုလို ဖြစ်လာခဲ့ပါပြီ။ သူ့ကို ကံဆိုးလိမ့်မယ်၊ လူတောမတိုး ဖြစ်လိမ့်မယ်လို့ စိုးရိမ်ပူပန်လေ့ရှိတဲ့ သူ့အမေကတောင် သားကိုမြင်ရင် တပြုံးပြုံးနဲ့ ရယ်မော တတ်လာပါပြီ။ 
သူဟာ တဖြည်းဖြည်း တစစနဲ့ နာမည်ကြီးလာပါတယ်။ လူချစ်လူခင် များလာပါတယ်။ ရုပ်ဆိုးတာနဲ့ စိတ်သဘောကောင်းခြင်းဟာ သူ့ဆီမှာ တိုက်ရိုက်အချိုးကျတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ 
လူတချို့ဆို သူ့ကို တကူးတကခေါ်ပြီး လက်ဖက်ရည်တိုက် မုန့်ကျွေးပြီး ...
“လာကွာ... မင်း ငါတို့ နားမှာနေ ၊ မင်းလုပ်ချင်တာလုပ်၊ မင်းကိုကြည့်ပြီး ငါတို့ ရယ်ချင်လို့”
လို့ဆိုပြီး သူလုပ်သမျှ အမူအရာတိုင်းကို ဝိုင်းပြီး ရယ်မော အပန်းဖြေတတ်ကြပါတယ်။ တချို့က....
“မင်း... လူရွှင်တော်၊ ဟာသမင်းသား လုပ်ပါလားကွ... ဒါဆို မင်း တော်တော်အောင်မြင်မယ်၊ မင်း မျက်နှာကို မြင်ရတာနဲ့ ရယ်နေရတာကိုက မင်းရဲ့ပါရမီပဲ...”
လို့ ပြောကြပါတယ်။
အဲဒီလိုနဲ့ သူ့နာမည်ဟာ တကယ်ပဲ လူတွေကြားမှာ ပျံ့နှံ့ကျော်ကြားလာခဲ့တာ အမှန်ပါပဲ။ သူဟာ စကားတစ်ခွန်းမှ မပြောဘဲနဲ့ကို လူတကာရဲ့ ရယ်မောအူမြူးခြင်းကို သဲ့ယူဖမ်းစားနိုင်တဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ပါတယ်။

(ဃ)


သူ့အသက်နှစ်ဆယ်အရွယ်မှာ မယုံနိုင်လောက်အောင် ကံကြမ္မာရဲ့ လက်ဆောင် တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒါကတော့ ပြစ်မျိုးမှဲ့ မထင် လောက်အောင် လှပ ချောမွေ့တဲ့ မိန်းမချောကလေးတစ်ယောက်ရဲ့ အချစ်ကို သိမ်းပိုက်ရယူ နိုင်ခဲ့တာပါပဲ။
မိန်းမချောကလေးရဲ့ အဓိကအားနည်းချက် (သို့မဟုတ်) လိုအပ်ချက်ကတော့ ရယ်မောဖို့ဝါသနာပါခြင်း (သို့မဟုတ်) အရယ်သန်ခြင်းပဲ ဖြစ်ပါတယ်။ သူ့ကို မြင်တာနဲ့ မိန်းမချောကလေးဟာ ပါးစပ်မစေ့နိုင်အောင်ဘဲ အမြဲရယ်မော နေတတ်ပါတော့တယ်။
သူ ဘာပြောပြော သူ ဘာလုပ်လုပ် သူမဟာ ရယ်မောလို့သာ နေတတ်ပါတယ်။
“လူချောရယ် ရှင်နဲ့သာ အတူတူနေရရင် ကျွန်မတော့ အတော်အသက်ရှည်မှာပဲ၊ အမြဲရယ်နေရတော့ ကျွန်မလည်း တော်တော်နုပျိုပျော်ရွှင်နေမှာပဲ၊ ရှင်က ဒီကမ္ဘာလောကကြီးမှာ ကျွန်မကို အမြဲရယ်မောအောင် လုပ်ပေးနိုင်မယ့် နုပျိုဆေးပဲ”
လို့ ဆိုခဲ့ပါတယ်။
သိပ်ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ သူ အတူယှဉ်တွဲသွားလာခြင်းဟာ မြင်ရသူတိုင်းအတွက် အပြောင်မြောက်ဆုံး ဟာသတစ်ခုပါပဲ။ လူတွေက သူမတို့စုံတွဲကို ကြည့်ပြီး ရယ်လေ ၊ သူမကလည်း သဘောကျလေပါပဲ။
“မင်း ကိုယ့်ကို လက်ထပ်မှာလား”
လို့ မေးတဲ့အခါ သူမက...
“ဒီလို စိန်မခေါ်နဲ့လေ၊ ကျွန်မ ရှင့်ကို တကယ်လက်ထပ်မှာနော်၊ ကျွန်မဘဝတစ်လျှောက်လုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ဖို့ အမြဲတမ်း ရယ်မောနေဖို့က အရေးအကြီးဆုံး လိုအပ်ချက်ပဲ”
လို့ အဖြေပေးခဲ့ပါတယ်။


(င)


သူနဲ့ သူမတို့ မင်္ဂလာပွဲဟာ ရယ်မောသံတွေနဲ့သာ ပြည့်လျှံ စည်ကားခဲ့ပါတယ်။ သတို့သားနဲ့ သတို့သမီးဟာ ကမ္ဘာပေါ်မှာ မလိုက် ဖက်ဆုံးသော စုံတွဲဖြစ်ပေမယ့် ပရိသတ်အတွက်တော့ တကယ့်ကို ဟဒယရွှင်ဆေးတစ်ခုပါပဲ။
သူကလည်း မင်္ဂလာပွဲကျင်းပရင်းနဲ့ကို မျက်နှာအမူအရာတွေ အမျိုးမျိုး လုပ်ပြနေတာကို သတို့သမီးကတောင် ဣနြေ္ဒမဆည်နိုင်တဲ့အထိ ခွက်ထိုးခွက်လှန်ရယ်မောရပါတယ်။ ပရိသတ်ကလည်း ပွဲကျလို့ မဆုံး ပါဘူး။
သူ့မိခင်ဟာ သားအတွက် ဝမ်းသာဂုဏ်ယူတတ်ခဲ့ပါပြီ။ သတို့သမီးကိုယ်တိုင်က သားကို နှစ်လိုစုံမက် မှုအပြည့်နဲ့ တန်ဖိုးထားတာကို မြင်ရတာမို့ပါ။
မင်္ဂလာဆောင်ပြီးတော့မှ သူဟာ ပိုပြီးစန်းတက်လာပါတယ်။ သူ့ကို ဟာသမင်းသားအဖြစ်တင်ပြီး ရုပ်ရှင်ရိုက်ပေးမယ့် ဒါရိုက်တာတစ်ယောက် အမှန်တကယ်ကို ပေါ်ပေါက်လာခဲ့လို့ပါ။
သူ့မိန်းမကလည်း သဘောတူကြည်ဖြူခဲ့ပါတယ်။ သူလည်း အလွန်နာမည်ကြီးတဲ့ ဟာသမင်းသား တစ်ယောက် အဖြစ် စတင်ကျော်ကြားလာပါတော့တယ်။
သူတို့လက်ထပ်ပြီး တစ်နှစ်လောက်အကြာမှာ သူဟာ မြန်မာပြည်မှာ အကျော်ကြားဆုံး ဟာသမင်းသား တစ်လက်ဖြစ်လာခဲ့ပြီး သူ့မိန်းမက သားကလေးတစ်ယောက် မွေးဖွားခဲ့ချိန်မှာ သူရော၊ သူ့အမေရော၊ ဆေးရုံတစ်ရုံလုံးကပါ လှိုက်လှိုက်လှဲလှဲဆုတောင်းနေခဲ့တဲ့ ဆုတောင်းတစ်ခုရှိပါတယ်။
အဲဒီဆုတောင်းကတော့ မွေးလာမယ့်သားကလေးဟာ သူနဲ့ထပ်တူချွတ်စွပ် တူနေစေဖို့ပါပဲ။


.............



လွန်းထားထား၊ဆေးတက္ကသိုလ်၊

လုံးချင်းဝတ္ထုသစ်မိတ်ဆက်


(၂၀၁၀စက်တင်ဘာ၂၀ရက်နေ့မှာထွက်ရှိမယ့်ငါ့ရဲ့လမင်းဘယ်သူဝှက်ထားလဲအသစ်စက်စက်လုံးချင်းဝတ္ထုသစ်မျက်နှာဖုံးပါ)

ငါ့ရဲ့လမင်းဘယ်သူဝှက်ထားလဲ
ကောင်းကင်မှာ
လမင်းအမြဲမသာနိုင်ဘူးဆိုပေမယ့်
ငါ မော်ဖူးဖို့
အပြေးလိုက်ခဲ့မှာ
ငါ့ကို ရူးပြီလို့ စွပ်စွဲစမ်းပါ
ငါ ရိုးသားစွာပဲ ရူးလိုက်တော့မယ်...
လမင်းရယ်...
ငါ့ရင်ခွင်ထဲ အမြဲသာနေပေးပါ
လွန်းထားထားဆေးတက္ကသိုလ်၊





(၂၀၁၀ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့က ထွက်ရှိခဲ့တဲ့ ဇနီးချောများကွန်ရက် လုံးချင်းဝတ္ထု မျက်နှာဖုံး ဖြစ်ပါတယ်....)

ဇနီးချောများကွန်ရက်
မိန်းမသားတွေရဲ့
နှလုံးသားဟာ
ခင်ပွန်းသည်တွေရဲ့ အချစ်နဲ့
စပ်ဖျော်ထားတဲ့
ဝိုင်ချိုချိုတစ်ခွက်နဲ့
တူပါတယ်လေ...။
အချစ်အပြင်းများလေလေ
ဝိုင်ချိုချိုရဲ့ ယစ်မူးနိုင်စွမ်း ပြင်းလေလေပေါ့...။
လွန်းထားထား၊ဆေးတက္ကသိုလ်၊






(၂၀၁၀ခုနှစ် မေလက ထွက်ရှိခဲ့တဲ့ သစ္စာတရားကသိမ်:ပိုက်ထားတဲ့မြို့တော်... လုံးချင်းဝတ္ထု မျက်နှာဖုံး ဖြစ်ပါတယ်)

သစ္စာတရားကသိမ်:ပိုက်ထားတဲ့မြို့တော်
လောကမှာ
တစ်ယောက်ယောက်ဆီကနေ တစ်ခုခုယူထားပြီးရင်...
တစ်ချိန်ချိန်မှာ
ကိုယ့်ဘက်က ပြန်ပေးရမယ်...
လွန်းထားထား၊ဆေးတက္ကသိုလ်၊” 









(၂၀၁၀ခုနှစ်မတ်လကထွက်ရှိခဲ့တဲ့ တစ်ခေတ်ဆန်းနှလုံးအိမ်မှာထိုးထွင်းခဲ့သောTATTO ရာဇဝင် လုံးချင်းဝတ္ထုမျက်နှာဖုံးဖြစ်ပါတယ်)

 တစ်ခေတ်ဆန်းနှလုံးအိမ်မှာထိုးထွင်းခဲ့သောTATTO ရာဇဝင်

မောင်...
တစ်ယောက်ယောက်က 
ရှေ့တိုးလာမှ 
ကျွန်မတို့နီးရမယ်ဆိုရင်
အဲဒီခြေတစ်လှမ်းကို
မောင်... တိုးလာလိုက်ပါ။
ကျန်တဲ့ခြေလှမ်းတွေအတွက်
ကျွန်မ တာဝန်ယူပါတယ်။
လွန်းထားထား၊ဆေးတက္ကသိုလ်၊





(၂၀၁၀ခုနှစ် ဇန်နဝါရီလက ထွက်ရှိခဲ့တဲ့ မုန်းမိမယ် လုံးချင်းဝတ္ထု မျက်နှာဖုံး ဖြစ်ပါတယ်...)

မုန်းမိမယ်
လူတစ်ယောက်ကို 
မုန်းနေရတယ်ဆိုတာ 
ကင်ဆာတစ်မျိုး 
ကိုယ့်ရင်ထဲ ထည့်မိသလိုပါပဲ... 
တစ်နေ့တခြား 
အမုန်းဆဲလ်တွေပွားပြီး 
ပြန့်လာလေလေ 
ခံရလေပါပဲ...။ 
လွန်းထားထား၊ဆေးတက္ကသိုလ်၊






 (၂၀၀၉ခုနှစ် နိုဝင်ဘာလက ထွက်ရှိခဲ့တဲ့ သစ္စာရှင်းတမ်း လုံးချင်းဝတ္ထု မျက်နှာဖုံး ပါ...)


သစ္စာရှင်းတမ်း  
  
တစ်ယောက်ယောက်ကို
ပေးဆပ်လိုက်ရတာက
သူ့ဆီကနေ 
ရယူလိုက်ရတာထက် 
အများကြီး
ပိုပြီးကြီးမြတ် 
ဂုဏ်သိက္ခာရှိပါတယ်....

လွန်းထားထား၊ဆေးတက္ကသိုလ်၊


ကျွန်မရဲ့ပရိသတ်ကြီးအနေနဲ့ လုံးချင်းဝတ္ထုတွေကို ဒီမှာ သွားရောက် ဝယ်ယူဖတ်ရှုနိုင်ပါတယ်....

အားပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိလျှက်...


လွန်းထားထား(ဆေးတက္ကသိုလ်)

ဟောက်တတ်သူများ


(က)

အဖြစ်ကတော့ ရယ်စရာကောင်းပါတယ်။ ကျွန်မဘဝမှာ အကြောက်ဆုံးအသံက လူတယောက်အိပ်တဲ့အခါ  အိပ်မောကျပြီး ထွက်ပေါ်လာတဲ့ ဟောက်သံကိုပါပဲ။ အထူးသဖြင့် ညဥ့်နက်သန်းခေါင် ကိုယ်က အိပ်မပျော်သေးခင် တပါးသူတွေရဲ့ အသံမျိုးစုံနဲ့ ဟောက်သံတွေကို ကြားရရင် ကျွန်မ စိတ်ချောက်ချားပြီး ပိုလို့တောင် အိပ်မရဖြစ်ရပါတယ်။
အိမ်မှာဆိုရင်တော့ အင်မတန်ဟောက်သံကျယ်တဲ့ မေမေနဲ့အတူ မအိပ်ရဲလို့ ငယ်ငယ်ကတည်းက ဖေဖေက ကျွန်မအတွက် သီးသန့်အခန်းကလေး လုပ်ပေးထားပါတယ်။ အခန်းကလေးက ရှည်မျောမျောနဲ့ ဝင်ထွက်ဖို့ တံခါးပေါက်တခုနဲ့ ဝရန်တာကို ထွက်ဖို့ တံခါးပေါက်တခုရယ်သာ ပါဝင်တာမို့ sound proof ဖြစ်ပါတယ်။ တခါတရံ မေမေ့အခန်းကို အိပ်မပျော်လို့ သွားအိပ်မိတဲ့အခါမျိုးမှာ အမေအိပ်မောကျတဲ့အခါ ပြင်းပြင်းထန်ထန် ရှူးရှူးရှားရှား အသံနက်ကြီးကို ကြားရမြဲပါပဲ။ အဲဒီအခါကျရင် ကျွန်မကလည်း အထိတ်တလန့်နဲ့ ထွက်ပြေးလာရမြဲပါပဲ။
တခါတုန်းကတော့ မေမေက သူချေးထားတဲ့ ငွေတွေ ပြန်မရသေးလို့... ခုတလော ကျန်းမာရေး ချူချာလို့ဆိုပြီး ဗေဒင်သွားမေးပါတယ်။ ဗေဒင်ဆရာက သောကြာသမီးနဲ့အတူတူ အိပ်ရာပြောင်းအိပ်ဖို့ ယတြာပေးပါတယ်။ ယတြာကြောင့် မေမေဟာ ကျွန်မအခန်းထဲမှာ လာအိပ်တဲ့ ညတညဟာ ကျွန်မဘဝရဲ့ စိတ်ချောက်ချားဖွယ် ညတစ်ညပေါ့။ မေမေ့ဟောက်သံကြီးကို ထိုင်နားထောင်ရင်း မိုးလင်းတဲ့အထိ တမှေးမှ မအိပ်လိုက်ရပါဘူး။ 
"မေမေရယ်.... မဟောက်ဘဲ အိပ်ရင် မရဘူးလား"
လို့ ကျွန်မကပြောတော့ မေမေက ရယ်ပါတယ်။ 
"သမီးရယ်... အိပ်ပျော်သွားမှတော့ ဘယ်သူက ဘာသိတော့မှာလဲ၊ သမီးအိပ်ပျော်သွားရင်လည်း ဟောက်တာပါပဲ  "
"အံမယ်... သမီးက ဟောက်သံကို ဒီလောက်မုန်းနေတာ ဟောက်မှာမဟုတ်ပါဘူး၊ မေမေ တမင်ပြောတာနေမှာ"
ကျွန်မက သူများဟောက်တာတွေကိုသာ မုန်းပြီး ကိုယ်ကိုယ်တိုင် ဟောက်တတ်တယ်ဆိုတာကိုတော့ လက်မခံချင်သူပါ။
"အေး .... တနေ့ကျမှ သမီး ဟောက်သံတွေကို မေမေ ရီကော်ဒါနဲ့ ဖမ်းထားဦးမယ်"
လို့ မေမေက ဆိုပါတယ်။
အဲ့ဒီလို ဟောက်သံတွေကို ကြောက်တတ်လေ့ရှိတဲ့ ကျွန်မဟာ ဘယ်နေရာသွားသွား ဟောက်တတ်သူတွေနဲ့သာ ကြံကြံဖန်ဖန် တိုက်ဆိုင်ဆုံတွေ့ ကြုံကြိုက်လေ့ရှိတတ်ပါတယ်။

(ခ)

တရားစခန်းဝင်တုန်းကလည်း ကျွန်မအတွက် ဒုက္ကရစရိယ အကျင့်ရဆုံးအချိန်ဟာ ညဘက်အချိန်တွေပါပဲ။ အခန်းကျယ်တခုတည်းမှာ ခုတင်တွေစီတန်းပြီး အများနဲ့ အိပ်ရတာမို့ ညညဆို ကျွန်မကလည်း အိပ်မပျော်နိုင်။ ဟောက်သံတွေကိုလည်း သံစုံတီးဝိုင်းတွေလို ဟိုကထွက် ဒီကထွက်နဲ့ ခပ်စူးစူး ခပ်ရှည်ရှည်နဲ့ ဆိုးဆိုးရွားရွား ထွက်ပေါ်နေပါတယ်။ 
ခြေရင်းဘက် ခပ်စောင်းစောင်းကျတဲ့ ခုတင်က အန်တီကြီးဆီက ထွက်နေတဲ့ ဟောက်သံဟာ တသက်နဲ့တကိုယ် မကြုံဘူးတဲ့ ရထားဥသြသံရှည်လို မီးရထားခုတ်မောင်းတဲ့ ဂျုံးဂျုံးဂျက်ဂျက်အသံကို ခပ်ပြင်းပြင်း ခြိမ်းတဲ့ မိုးကြိုးသံလို အခန်းတခန်းလုံးကို လွှမ်းမိုးထားပါတယ်။
အဲ့ဒီအန်တီဟာ မအိပ်ခင် ဆေးပေါင်းခတဲ့ညဆိုပြီး သူမခန္ဓာကိုယ် ဝတုတ်ကြီးကို လိမ်းဆေးတွေ အမျိုးစုံလိမ်း၊ မြန်မာဆေးတွေ ခွက်တခုမက နှစ်ခုလောက်နဲ့ဖျော်၊ နာရီခြားပြီး အင်္ဂလိပ်ဆေးလည်း သောက်ထားရဲ့။ သူမကတော့ သူမရဲ့ ဆေးအစွမ်းတွေကြောင့် ခေါင်းချတာနဲ့ ကောင်းကောင်း အိပ်မောကျနေပြီ။
ကျွန်မမှာ အဲ့ဒီ ဟောက်သံတွေကို ထိုင်နားထောင်ရင်း အိပ်မရတာနဲ့အတူတူ ဘယ်သူ့ဟောက်သံတွေကတော့ ဘယ်လောက်ပိုကျယ်တယ်။ ဘယ်အသံကြီးက ရယ်စရာကောင်းတယ်နဲ့ တွေးရင်း မိုးလင်းခဲ့တဲ့ရက်ပေါင်းကလည်း မရေတွက်နိုင်ခဲ့ပါဘူး။

(ဂ)

ရယ်စရာကောင်းတာက ဟောက်သံတွေကို ကြောက်တတ်တဲ့ ကျွန်မဟာ အမြဲတမ်း ဟောက်တတ်သူတွေနဲ့ပဲ ကံဆုံလေ့ရှိပါတယ်။ တခါတုန်းက ကျွန်မ ကိစ္စတခုနဲ့ SRILANKA  ကိုအသွား BKK Airport မှာ Transist က ၅နာရီကြာအောင်နေပြီးမှ ကိုယ်သွားမယ့် SRILANKA ကို သုံးနာရီကျော် လေယာဉ်ထပ်စီးပြီးမှ ရောက်မှာမို့ BKK လေဆိပ်ထဲမှာ ထိုင်နေပြီး စာဖတ်နေတုန်း ကျွန်မရဲ့ဘေးကို ခပ်ဖိုင့်ဖိုင့် ထိပ်ပြောင်ပြောင်နဲ့ နိုင်ငံခြားသားတယောက် လာထိုင်ပါတယ်။ သူ့ကိုကြည့်ရတာ အင်မတန် Alert ဖြစ်နေပြီး ကျွန်မဖတ်နေတဲ့ မဂ္ဂဇင်း ပြီးရင် သူ့ကို ခဏငှားပါဆိုပြီး မိတ်ဖွဲ့လာပါတယ်။
သူလည်း SRILANKAကိုပဲ သွားမှာမို့ အကြာကြီးစောင့်ရမှာမို့ဆိုပြီး စကားစတော့ ကျွန်မနဲ့ ခရီးအတူတူဖြစ်တာမို့ ဝမ်းသာစွာနဲ့ တောင်ရောက်မြောက်ရောက် စကားတွေ ပြောဖြစ်ကြပါတယ်။ တအောင့်လောက်နေတော့ သူ့မျက်လုံးတွေက မှေးစင်းစပြုလာပြီ။ အဲဒါနဲ့ ကျွန်မလည်း Airportထဲက Mall တွေမှာ လျှောက်ကြည့် မုန့်စားရင်း အချိန်တွေဖြုန်းရပါတယ်။ 
လေယာဉ်ထွက်မယ့် ညအချိန်လည်းရောက်ရော အဲဒီဖက်တီးကြီးက ကျွန်မရဲ့ထိုင်ခုံဘေးမှာ တိုက်ဆိုင်စွာ ရောက်လာပါတယ်။ ခရီးစဉ်က စီးရမှာ သုံးနာရီကျော်တာမို့ လေယာဉ်ပေါ်မှာ စာဖတ် သီချင်းနားထောင် ပရိတ်ရွတ်နဲ့ လိုက်သွားပါတယ်။ လေယာဉ်ပျံချိန် တစ်နာရီလောက်ရောက်တော့ ဘေးက သကောင့်သားက အိပ်မောကျစပြုပြီး ခလူးခလူးနေအောင် ဟောက်လို့နေပါတော့တယ်။ သေရော၊ ဒီလို ဟောက်တတ်သူတွေနဲ့ပဲ ရေစက်လာလာဆုံနေရတာ ဘယ်လောက်များ စိတ်ပျက်စရာကောင်းလိုက်ပါ သလဲ။ ဟောက်သံကြားရင်ကို ကျွန်မမှာ မှေးချင်တိုင်း မှေးလို့မရဘဲ စိတ်တိုတောင်းစွာနဲ့ အညံ့ခံနေ ရပါတော့တယ်။
အဲ့ဒီလို ဘယ်နေရာသွားသွား ဟောက်စတားတွေနဲ့ချည်းသာ ဆုံစည်းရလေ့ရှိတဲ့ ကျွန်မအဖြစ်ဟာ တွေးလိုက်တိုင်း ရယ်ရမလိုလို ငိုရမလိုနဲ့ အတော် အောင့်သီး အောင့်သက် ဖြစ်ရပါတယ်။

(ဃ)

ဒီလိုနဲ့ မေမေပေးစားတဲ့ ယောက်ျားကို ယူရတော့မယ့်အချိန်မှာ ကျွန်မ ပထမဆုံး သတိရ မမေ့မလျော့ မေးမိတဲ့ မေးခွန်းကတော့ အဲ့ဒီယောက်ျား ဟောက်တတ်သလား၊ မဟောက်တတ်ဘူးလား ဆိုတာပါပဲ။ တသက်လုံး ကိုယ်နဲ့ တခုတင်တည်း အိပ်ရမယ့် ယောက်ျားဟာ ကျွန်မအကြောက်ဆုံးနဲ့ စိတ်အပျက်ဆုံး ဟောက်သံတွေ မြည်တမ်းတတ်ရင်တော့ ဆောရီးပါပဲ။ တသက်လုံး အပျိုကြီးပဲ လုပ်ပါတော့မယ်။
သူနဲ့.... ပထမဆုံး လူချင်းစတွေ့တော့ ရုပ်ရည်ကလည်း ချောမောသန့်ပြန့် ဆိုဖွယ်ရာမရှိ၊ ပညာကလည်း ဆရာဝန်ဆိုတော့ အပြင်ပန်းအားဖြင့် အပြစ်ပြောစရာမရှိ။ 
"ရှင် ဟောက်တတ်လားဟင်"
ကျွန်မကမေးတော့ သူက ခပ်ကြောင်တောင်တောင်ဖြစ်လို့။
"မဟောက်တတ်ပါဘူး၊ ဘာဖြစ်လို့ ဟောက်ရမှာလဲ"
လို့ ခပ်ကြောင်ကြောင် ပြန်ဖြေပါတယ်။ ကျွန်မကိုလည်း ဒီမိန်းမ ကတ်သီးကတ်သတ် ဘာတွေမေးနေပါလိမ့် ... ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ပါတယ်။
"တကယ်သေချာတယ်နော်၊ ကျွန်မက ဟောက်တတ်သူဆို သိပ်မုန်းတာ၊ သည်းကို မခံနိုင်ဘူး"
"တကယ် မဟောက်တတ်ဘူး"
လို့ သူကဖြေတာနဲ့တင် တော်တော်ကျေနပ်သွားပါတယ်။ တခြား အကျင့်စာရိတ္တကောင်းသလား အရက်သောက်တတ်သလား ဖဲရိုက်တတ်သလား မိန်းမပွေရှုပ်တတ်သလား ဆိုတာတွေ ဘာတခုမှ ရှည်ရှည်ဝေးဝေး တွေးမနေတော့ပါဘူး
ကျေကျေနပ်နပ်ပဲ အဲ့ဒီ မင်္ဂလာပွဲကို သဘောတူခေါင်းညိတ်လိုက်ပါတယ်။ သူ့အပေါ် သဘောမကျနိုင်စရာ အချက်အလက် ဘာတခုမှ မမြင်မိပါဘူး။ အားလုံး ကျေနပ်စရာအတိပါပဲ။

(င)

မင်္ဂလာပွဲကလည်း စည်ကားသိုက်မြိုက်စွာနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ သူနဲ့လည်း အင်မတန် လိုက်ဖက်လှချည့်လို့ လူတကာက ချီးမွမ်းမဆုံးပါဘူး။
အဖြစ်အပျက်အားလုံးက သမားရိုးကျပါပဲ။ သမားရိုးကျမဟုတ်တာတခုက ညဉ့်နက်သန်းခေါင်ယံအချိန်မှာ ကျွန်မ ရုတ်တရက် လန့်နိုးလာခဲ့ခြင်းပါပဲ။ ကျွန်မ လန့်နိုးရတာ တခြားကြောင့် မဟုတ်ပါဘူး။ အလွန်အင်မတန် ကျယ်လောင်လှတဲ့ ဟောက်သံကြီးတခုကြောင့်ပါ။
ဟောက်သံကြီးဟာ... ကျွန်မကြားဖူးသမျှ ဟောက်သံတွေထဲမှာ အထူးခြားဆုံးနဲ့ အဆန်းကြယ်ဆုံးပါပဲ။
"ဘုရားရေ..."
ကျွန်မ အလန့်တကြားဖြစ်ပြီး ငေါက်ခနဲ ငုတ်တုတ် ထထိုင်မိပါတော့တယ်။ အဲ့ဒီ ဟောက်သံရှည်ရှည် ဆွဲဆွဲငင်ငင်ကြီး ထွက်ပေါ်လာနေရာက ကျွန်မဘေးမှာ အိပ်စက်အိပ်မောကျနေတဲ့ ယောက်ျားတဦးဆီကပါ၊ အင်မတန်ကို စိတ်ပျက်ဖွယ်ကောင်းတဲ့ အဖြစ်ပါလား။
"သေရော... ဒီဟောက်သံကြီးနဲ့ တသက်လုံး ဘယ်လိုစခန်းသွားရမလဲ၊ ကြည့်စမ်း ပြောတော့ဖြင့် မဟောက်တတ်ဘူးတဲ့၊ လိမ်သေးတယ်" 
ကျွန်မ တော်တော်ပဲ စိတ်အနှောင့်အယှက်ကြီးစွာ ဖြစ်ရပါတယ်။ အိပ်မောကျပြီး ခပ်မှန်မှန်ဟောက်နေတဲ့ သူ့ကို အတော်ကြာအောင် ငေးကြည့်နေမိသေးပါတယ်။ သည်းမခံနိုင်တဲ့ အဆုံးမှာတော့ ကျွန်မဟာ သူ့ကို အတင်းဆွဲလှုပ်နှိုးမိပါတော့တယ်။
"ဟင်....ဟင်.... ဘာလဲ ... ဘာလဲ"
သူက အလန့်တကြား ပြူးပြူးပျာပျာ နိုးထလာပါတယ်။ 
"ရှင်ပြောတော့ မဟောက်တတ်ဘူးဆို၊ အခုတော့ ဟောက်သံကြီးက တခန်းလုံးမှာ ကျယ်လောင်နေတာပဲ၊ ကျွန်မတောင် လန့်နိုးလာတယ်"
"ဘာများလဲလို့ကွာ... အိပ်ပျော်သွားပြီးတဲ့နောက် ကိုယ်ဟောက်သလား မဟောက်ဘူးလား ဘယ်လိုလုပ် သိတော့မှာလဲ... စိတ်ထဲက ကိုယ့်ဘာသာကိုယ် မဟောက်ဘူးပဲ ထင်တာပေါ့၊ အခု ဟောက်သလား ဟုတ်လား"
လို့ အိပ်ချင်မူးတူးနဲ့ ပြန်မေးပါတယ်။ ကျွန်မအတော်ပဲ အောင့်သီးအောင့်သက် ဖြစ်နေပါတော့တယ်။
"ဟောက်ပါ့၊ ဟောက်သမှ ဘယ်လိုအသံမှန်းကိုမသိဘူး၊ ကျွန်မအိပ်လို့ကိုမရဘူး"
သူက စိတ်ရှုပ်ထွေးတဲ့မျက်နှာနဲ့ ကျွန်မကို အသာငေးကြည့်နေပြီး 
"ဒါဖြင့် ဒီလိုလုပ်ကွာ၊ ခင်အရင်အိပ်ပျော်အောင် အိပ်၊ ကိုယ်စောင့်ပေးမယ် ခင်အိပ်ပျော်သွားမှ ကိုယ်အိပ်မယ် ဟုတ်ပြီလား"
လို့ ဆိုပါတယ်။ ဒီလိုဆို မဆိုးဘူးဆိုပြီး ကျွန်မအိပ်ပျော်အောင် အိပ်ဖို့ ကြိုးစားရပါတယ်။
ဒီလိုနဲ့ ကျွန်မ အိပ်ပျော်သွားပါတယ်။ မနက်မိုးလင်း ကော်ဖီဝိုင်းမှာ သူနဲ့ မျက်နှာချင်းဆိုင်ဆုံတော့ သူက ခပ်ပြုံးပြုံးလှမ်းကြည့်ပြီး...
"ညက အိပ်ပျော်သွားပြီး ဟောက်သံကြားရသေးလား"
လို့ မေးတော့...
"သြော်... အိပ်ပျော်သွားမှတော့ ဘယ်သိတော့မှာလဲလို့"
ပြန်ဖြေလိုက်ပါတယ်။
အဲ့ဒီတော့ သူက ခပ်ပြုံးပြုံးနဲ့ လက်ထဲက ရကော်ဒါလေးကို ကျွန်မရှေ့မှာ ချပြီး ဖွင့်ပြပါတယ်။
"ဒါ... ဘာလဲ"
"နားထောင်ကြည့်လေ"
ရကော်ဒါလေးထဲက ထွက်လာတဲ့အသံဟာ ရှည်လျားကျယ်လောင်တဲ့ ဟောက်သံကြီးတခုပါ။
"ဟင်... လာပြန်ပြီ၊ ဒီဟောက်သံ ... ဒါ ဘယ်သူ့ ဟောက်သံကြီးလဲ ဟင်"
"ဘယ်သူရှိမလဲ၊ အဲ့ဒါ ခင်ဗျား အိပ်မောကျသွားတော့ ထွက်လာတဲ့ ဟောက်သံပေါ့။ ညက တမင် ရကော်ဒါနဲ့ အသံဖမ်းယူထားတာ"
ကျွန်မမယုံနိုင်လောက်အောင် အံ့အားသင့်ကြီးစွာနဲ့ အငိုက်မိခံလိုက်ရသလို ငြိမ်သက်သွားပါတယ်။
ဘုရားရေ... ကျွန်မရဲ့ ဟောက်သံကြီးက မုန်းတီးစရာကောင်းလှပါလား။
အစ်မပုတုသို့ အမှတ်တရ


လွန်းထားထား(ဆေးတက္ကသိုလ်)

အလှဆင်ပေးသူ


“သူမကို ကျွန်တော် အလွန်ချစ်ခဲ့ဖူးပါသည်
သူများတကာတွေလို ရူးသွပ်တာတို့
စုံမက်တာတို့ မပါဘဲ ပကတိ တည်ငြိမ်အေးချမ်းစွာ
ချစ်မြတ်နိုးခဲ့ရတာ ဖြစ်၏။
သူမကိုဆိုလျှင်
ဆံစမျှင်ကလေးများမှ စကာ
သနပ်ခါးရနံ့ကလေး မွှေးပျံ့ပျံ့ကို အလယ်
သူမ ခြေဖမိုးဖြူဖြူကလေးတွေထိ အဆုံး
ကျွန်တော် သက်ဝင်ငြိတွယ်ခဲ့ပါသည်”


(၁)

သူမကို ကျွန်တော် အလွန်ချစ်ခဲ့ဖူးပါသည်။ သူများတကာတွေလို ရူးသွပ်တာတို့ စုံမက်တာတို့ မပါဘဲ ပကတိ တည်ငြိမ်အေးချမ်းစွာ ချစ်မြတ်နိုးခဲ့ရတာ ဖြစ်၏။ သူမကိုဆိုလျှင် ဆံစမျှင်ကလေးများမှ စကာ သနပ်ခါး ရနံ့ကလေး မွှေးပျံ့ပျံ့ကို အလယ် သူမ ခြေဖမိုးဖြူဖြူကလေးတွေထိ အဆုံး ကျွန်တော် သက်ဝင်ငြိတွယ်ခဲ့ ပါသည်။
သူမကို ပိုးပန်းစဉ်ကာလကလည်း သူမလိမ်းဖို့ သနပ်ခါးကအစ ကျွန်တော်ကိုယ်တိုင် တယုတယသွေးကာ ဘူးကလေးနှင့်ထည့်၍ လက်ဆောင်ပေးတတ်သော အလေ့အကျင့်ကလေးကို စွဲမြဲစွာ ကျင့်သုံးခဲ့ရာ ချစ်သူဘဝရောက်တဲ့အထိ မမေ့မလျော့ပါ။ သူမ ပါးပြင်ဆီမှ သနပ်ခါးမှုန်မှုန် သင်းပျံ့ပျံ့အနံ့ကလေး ထုံနေလျှင်ပင် ကျွန်တော့်ပီတိကို မလဲဖယ်နိုင်..။
သူမတကိုယ်လုံးတွင် အထူးခြားဆုံးမှာ အလွန်မဟာဆန်သော ဆံပင်ရှည်ရှည်များဖြစ်သည်။ ဆံပင်သားများမှာ ထူအိချောမွတ်ပြီး နက်မှောင်ပြောင်လက်စွာ တံကောက်ကွက်အထိ ဖြာဆင်းနေဟန်မှာ ကျက်သရေအရှိဆုံးပါပင်။ သူမကို မြင်သူတကာတိုင်းကလည်း ထိုဆံပင်များကြောင့် အမှတ်တရ ရှိသွားကြကာ မေ့လည်းမမေ့နိုင် ဖြစ်ရ၏။

ကျွန်တော်က သူမဆံပင်မှာ တပ်ဆင်ဖို့ ကလစ်၊ ဆံညှပ်လှလှကလေးများကို မရိုးနိုင်အောင်ဝယ်၍ သူမကို လက်ဆောင်ပေးရတာ အလွန်သဘောကျပါသည်။ သူမခေါင်းမှာ ထိုကလစ်လှလှကလေးများ လှပစွာ တပ်ဆင်ထားတာကို မြင်တိုင်း ကျွန်တော့်ပီတိနှင့်မြတ်နိုးမှုမှာ ဘာနဲ့မျှ နှိုင်းမရခဲ့ပါ။
ပြီးတော့ ကျွန်တော် သူမခြေဖမိုး ဝင်းအိအိကလေးတွေကို မြတ်နိုးပါသည်။ ကျွန်တော် သူမနံဘေးမှာ ရှိတိုင်း ထိုခြေထောက်ကလေးများကို ယုယခင်တွယ်စွာ စိုက်ငေးကြည့်နေရုံဖြင့် ကျေနပ်ငြိမ်းချမ်းခဲ့ပါသည်။ ထိုခြေထောက်ကလေးများကို ဖိနပ်လှလှကလေးတွေ တစ်ရံပြီးတစ်ရံဝယ်၍ သူမကို လက်ဆောင်ပေးဖူးပါသည်။ 

သူမ ခြေဖမိုး ဖြူဝင်းဝင်းကလေးအပေါ်တွင် ကျွန်တော့်ဖိနပ်ကလေးများ သူမဆင်မြန်းသည်ကို မြင်ရတိုင်း ကျွန်တော် ပင့်သက်ဖြာ၍ ကြည်နူးခဲ့ရသည်။ 
အဲ့ဒါ ကျွန်တော့် အချစ်ပင် ဖြစ်ပါသည်။

(၂)

ကျွန်တော်တို့ဇာတ်လမ်းကို ကြားရသူတိုင်းက အင်မတန်ရိုးစင်းလှသည် ထင်မှာပဲ။ တကယ်လည်း ရိုးစင်းခဲ့တာပါ။
“အိမ်က နေခြည်ကို ကိုနဲ့ သဘောမတူဘူး ကို၊ သူတို့ လက်ထပ်ပေးမယ့်သူ ရှိတယ်။ သိပ်ချမ်းသာတာပဲ။ သူချမ်းသာတာတွေက ဆယ်သက်တောင် စားမကုန်နိုင်ဘူးတဲ့။ နေခြည်က ပိုက်ဆံမချမ်းသာချင်ပါဘူး၊ စိတ်ပဲ ချမ်းသာချင်တာ၊ နေခြည်တို့ ထွက်ပြေးကြရအောင်လား ကို...”
သူမက ပြောရှာပါသည်။
“နေခြည် ကိုယ့်ကို သိပ်ချစ်တာပဲလား ဟင်”
“သိပ်ချစ်တာပဲ ကို၊ မခွဲနိုင်ဘူ...း”
“နေခြည် အဆင်းရဲ ခံနိုင်သလား၊ ကိုယ်က ဆင်းရဲတယ်”
“ဒါပေမယ့်... ကိုက အရမ်းကြင်နာယုယတယ်၊ ကို့အချစ်က သိပ်သိမ်မွေ့တာပဲ... နေခြည် လူဆင်းရဲပေမယ့် စိတ်မဆင်းရဲမှာ သေချာတယ်”
သူမက မြတ်မြတ်နိုးနိုး ပြောခဲ့ပါသည်။
“ကောင်းပြီလေ၊ ကိုယ် နေခြည့်ကို ခိုးပါ့မယ်”
တကယ်တမ်းတွင် ကံကြမ္မာက ကျွန်တော်တို့ကို လှလှပပကလေးပင် ခွဲပစ်ခဲ့ပါသည်။
သူမနှင့်ကျွန်တော် ချိန်းထားသောနေ့တွင် သူမရှိရာဆီသို့ ကျွန်တော်အလာ လမ်းတွင် လူကြီးတယောက် Heart Attack ရသဖြင့် ကျွန်တော် သူ့ကို ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုက ဆေးရုံကြီးသို့ရောက်အောင် ပို့ပေးခဲ့ရသည်။ လူနာကို အသက်ကယ်နေရသည်မှာ အတော်ပင်ကြာမြင့်၏။ ကျွန်တော် ဆေးရုံကြီးမှ ပြန်လာချိန်အထိ လူနာက သတိပြန်မလည်သေးပါ။ 
ကျွန်တော် သူမနှင့်ချိန်းထားရာဆီသို့ ရောက်သွားချိန်တွင် သူမ ရှိမနေတော့ပါ။ နောက်ရက်တွေမှာလည်း သူမနှင့်ကျွန်တော် ဆုံစည်းခွင့်မရခဲ့ပါ။
နောက်တပတ်အကြာတွင်  သူမလက်ထပ်သွားသော သတင်းကို ကျွန်တော် သတင်းစာထဲမှာ ဖတ်ရပါသည်။
ကျွန်တော် အသည်းကွဲ စိတ်ထိခိုက်ရပေမယ့် ရူးလောက်အောင်တော့ မဖြစ်ခဲ့ပါ။
သူမအပြင် နောက်ထပ် ဘယ်မိန်းမကိုမှ ထပ်ချစ်၍မရတော့သဖြင့် ကျွန်တော် ချစ်သူထပ်မရှာတော့သလို လက်လည်းမထပ်ခဲ့ပါ။ ကျွန်တော် တယောက်တည်း လူပျိုကြီးဘဝနှင့် အဖော်မဲ့အထီးကျန်စွာ ဖြတ်သန်းလာခဲ့ပါသည်။

(၃)

ယနေ့ ကျွန်တော့်အသက် ခြောက်ဆယ်ပြည့်ခဲ့ပါပြီ။ ဘုရားပေါ်သို့တက်ကာ ကျွန်တော် တရားထိုင်၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ နံ့သာကပ်ပြီး ငြိမ်းချမ်းစွာထိုင်နေစဉ် သူမကို ကျွန်တော် ဖျတ်ကနဲ ပြန်တွေ့ပါသည်။ ဟိုးအရင်က ထူထဲနက်မှောင်သော တံကွက်ကောက်အထိ ရှည်လျားသည့်ဆံပင်တို့သည် ယခုတော့ ငွေမင်ရောင် ဆံထုံးကြီးအဖြစ် ပြောင်းလဲသွားခဲ့သည့်တိုင် သူမငယ်ရုပ်ကို ကျွန်တော်မှတ်မိဆဲပင်...။
သူမဘေးတွင် အသက်ခြောက်နှစ်အရွယ်လောက် မြေးမကလေးတယောက်ကို လက်ဆွဲလျက်...။ သူမနားဆီမှ လက်မ လက်သည်းခွံခန့်ရှိသော စိန်နားကပ်က နေရောင်အောက်တွင် တလက်လက်ဝင်းဖြာနေပါသည်။ လက်တဖက်က မိကျောင်းသားရေအိတ် မည်းမည်းပြောင်ပြောင်နှင့်...။
ကျွန်တော် ရင်တထိတ်ထိတ်ခုန်ကာ သူမနောက်သို့လိုက်ခဲ့ပြီး 
“နေခြည်များလားဟင်”
ဟု မေးလိုက်စဉ်.... သူမက ဖျတ်ကနဲ လှည့်ကြည့်ပါသည်။ သူမမျက်လုံးတွေ လက်ခနဲ ဖြာလက်သွားတာ ကျွန်တော် မြင်ရ၏။
“ဟုတ်ကဲ... ကိုနေမျိုး များလား...”
“ဟုတ်ပါတယ်... တွေ့တွေ့ချင်း မှတ်မိတာနဲ့ လိုက်လာတာပါ၊ ဒါ မြေးမကလေးလား...”
“ဟုတ်ပါတယ်.... ကျွန်မသားက မွေးတာလေ၊ သားတယောက်ပဲ ရပါတယ်၊ ခုတော့ သားက အင်္ဂလန်မှာပါ။ M.R.C.P ရပြီးသွားပြီ၊ ဆရာဝန်ကြီးပေါ့၊ ချွေးမကလည်း ဆရာဝန်ပဲ၊ သူတို့နှစ်ယောက်စလုံး အင်္ဂလန်မှာ ဆိုတော့... ကျွန်မတို့ အဘိုးအဘွားကပဲ မြေးမလေးကို စောင့်ရှောက်နေရတယ်၊ သူကလေးက I.L.B.C မှာ တက်နေတယ်လေ ...
ခုလို ပြန်တွေ့ရတာ သိပ်ဝမ်းသာတာပဲ ကိုနေမျိုးရယ်... မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့တိုင်း ကျွန်မ အသက် ပြန်ပြန် ငယ်သွားတာ၊ အိမ်လိုက်ခဲ့ပါဦးလား... ကျွန်မ ခင်ပွန်းနဲ့ တွေ့ရအောင်”
“ကောင်းသားပဲ”
ကျွန်တော် သူမနှင့် လိုက်သွား ခဲ့မိပါသည်။ ရွှေတောင်ကြားရပ်ကွက်ထဲရှိ ရဲတိုက်ကြီးတမျှ ခမ်းနားလှသော အိမ်ကြီးကို မြင်တော့ ကျွန်တော် သူမ၏ ချမ်းသာကြွယ်ဝမှုအတွက် မုဒိတာပွားကာ ကျေနပ်မိသည်။ သူမ၏ မာစီးဒီးစ် ကားကြီးမှာ ငြိမ့်ညောင်းလှသဖြင့် စက်သံပင် မကြားရ။
“လာ.. ကိုနေမျိုး ၊ ကျွန်မခင်ပွန်းက အင်မတန်သဘောကောင်း ဖော်ရွေတဲ့သူပေါ့.... ရှင်နဲ့တွေ့ရင် ခင်သွားပါလိမ့်မယ်၊ နောင်လည်း လာလည်ပါ ကိုနေမျိုးရယ်၊ ကျွန်မ ရှင်နဲ့ စကားတွေ ပြောချင်ပါတယ်...”

(၄)

သူမခင်ပွန်းက တကယ်ပဲ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ လူတော် လူကောင်း တယောက်ပါ။ ဒီလို လူမျိုးကို ရတာ ကျွန်တော် သူမကိုယ်စား အလွန်စိတ်ချမ်းသာမိပါသည်။
စကားပြောပြီး ခဏအကြာတွင် ကျွန်တော်တို့ မိတ်ဆွေရင်းချာသဖွယ် ခင်မင်ရင်းနှီးသွားကြပါသည်။ ထို့နောက် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ကြသည်။
“ကိုနေမျိုးကို ကျွန်မတောင်းပန်ရဦးမယ်... ဟိုး လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်က ကိုနေမျိုးနဲ့ကျွန်မ ချိန်းခဲ့ကြတဲ့ တရက်ကို မှတ်မိသေးလား၊ ကျွန်မ လာစောင့်နေခဲ့ပါတယ်၊ ဒါပေမယ့် တနာရီလောက်ပဲ စောင့်ရသေးတယ်၊ အိမ်က ကားနဲ့ မေမေ ရောက်ချလာတယ်၊ ကျွန်မဖေဖေ Heart Attack ရလို့ ဆေးရုံရောက်နေတဲ့အကြောင်း ဆေးရုံကြီးက အကြောင်းကြားလို့တဲ့၊ ကျွန်မတို့ ချက်ချင်း လိုက်သွားရတာလေ... လူငယ်တယောက် လာပို့ပေးတာလို့ ဆေးရုံကပြောတယ်၊ အဲဒီလူကိုတော့ မတွေ့ရတော့ဘူး။ ဖေဖေလမ်းလျှောက်ထွက်ရင်း  Heart Attack ရရှာတာ၊ အဲဒီ လူငယ်တယောက် ကယ်ခဲ့လို့ ဖေဖေမသေခဲ့တာ၊ ဒါပေမယ့် သူဘယ်သူလဲဆိုတာ ကျွန်မတို့ သိခွင့်မရခဲ့ဘူး၊ လောကကြီးမှာ အဲဒီလို လူစားမျိုးလည်း ရှိတယ်နော်၊ သိပ်ကျေးဇူးတင်စရာကောင်းတာပဲ...နောက်တော့... ကျွန်မလည်း ဖေဖေ့ရောဂါကို ငဲ့ညှာပြီး ကိုအောင်မြင်ကို လက်ထပ်ဖို့ သဘောတူလိုက်တာ”
သူမက ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြလျက်ရှိသလို ကိုအောင်မြင်ကလည်း တပြုံးပြုံးနှင့်ရှိသည်။
ကျွန်တော်ကယ်တင်လိုက်မိသော လူကြီးသည် ကျွန်တော်သိပ်ချစ်သော ကျွန်တော့်ချစ်သူ၏ ဖခင်ဖြစ်ခဲ့မှန်း ဒီနေ့မှပင် ကျွန်တော် ရိုးသားစွာ သိခွင့်ရလိုက်ခြင်းဖြစ်ပါသည်။
ထိုအချိန်တွင် ကျွန်တော့် နှလုံးသားမှာ ပီတိတမျိုးကို လှပစွာ ခံစားရပါသည်။ ထိုပီတိမှာ သူမကို ချစ်သူဘဝတုန်းက ကျွန်တော်သွေးပေးခဲ့သော သနပ်ခါးသင်းပျံ့ပျံ့ဖြင့် သူမ လှပခဲ့စဉ်တုန်းက၊... သူမ၏ လှပသော ဆံပင်ရှည်ကြီးမှာ ကျွန်တော့်လက်ဆောင် ကလစ်ကလေးများ လှပစွာ ရှိခဲ့စဉ်တုန်းက...၊ ကျွန်တော် ချစ်မြတ်နိုးသော သူမ၏ ခြေဖမိုးဖြူဖြူတွင် ကျွန်တော့်လက်ဆောင် ဖိနပ်ကလေးများ သူမ ဆင်မြန်းခဲ့စဉ်တုန်းက...၊ ကျွန်တော်ခံစားခဲ့ရသော ပီတိနှင့် တထပ်တည်းဖြစ်ပါသည်။
တကယ်တော့... ကျွန်တော့်နှလုံးသားဖြင့် သူမဘဝကို အလှဆင်ပေးခဲ့ခြင်းသည် ထိုက်တန်သည် ဆိုပါစို့....။




လွန်းထားထား(ဆေးတက္ကသိုလ်)

မိန်းမသုံးယောက်


(က)

ဒီအချိန်ကို မေသီ အမုန်းဆုံး။ ဆေးရုံကနေ ပင်ပင်ပန်းပန်း တစ်ယောက်တည်း ကားမောင်းပြီး အိမ်ပြန်လာ။ အိမ်ပေါက်ဝကနေ “မောလာပြီလား ဟန်နီ”  လို့ ဆီးကြိုထွေးပွေ့မည့်သူ မရှိ။ အိမ်က အမှောင်အတိကျလို့။ အေးစက်စက် အသံဗလံ ဘာမှမရှိ။ နွေးနွေးထွေးထွေး ဘာမှ မရှိ။ ရယ်မော နောက်ပြောင် ကျီစယ်သံတွေ မရှိ။ ချွဲနွဲ့မြှူချိုသံတွေ မရှိ။ ပကတိ အေးစက်တိတ်ဆိတ်ခြင်း သက်သက်။ ဒါဟာ မေသီ နေ့စဉ်ရင်ဆိုင်ရတဲ့ ညနေခင်းတွေ။ ရင်မဆိုင်လို့လည်း မရ။ ရှောင်ပြေးစရာလည်း မရှိ။ ဒါကို “ငြီးငွေ့စရာ အထီးကျန်ဘဝ” လို့ အမည်တပ်မယ်ဆိုရင် ဘယ်လိုနေမလဲ။ မေသီဖြင့် ငြင်းစရာလည်း လိုမယ်မထင်။ ဒါက မေသီကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ခဲ့တဲ့ ဘဝလေ။ မေသီ့ဘဝမှာ သင်ယူလေ့လာစရာတွေ အများကြီးပဲ ရှိနေသေးတာ။ MBBS တဘွဲ့တည်းနဲ့ မတင်းတိမ် မရောင့်ရဲနိုင်လို့ MRCP (UK) ဘွဲ့လည်း ထပ်ယူခဲ့ပြီးပြီ။ ကျက်ခဲ့မှတ်ခဲ့ရတဲ့ စာတွေ။ အခြားလူမှုရေးကိစ္စတွေအတွက် အချိန်ကို မပေးနိုင်ခဲ့တာ။ ပြီးတော့ မေသီ့လို ပညာကိုသာ တန်ဖိုးထား ရှေ့တန်းတင်ပြီး ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးဖြစ်တဲ့ တစ်ကိုယ်ကောင်းလည်း ဆန်လေ့ရှိတဲ့ ပညာတတ်မိန်းမတစ်ယောက်အဖို့ နံဘေးမှာ မှီခိုအားထားစရာအဖော်တစ်ယောက်ကို သွေးရူးသွေးတန်း ရှာစရာမလိုပါဘူး လို့လည်း မာနသွေးက တက်ခဲ့သေးတော့။ 
အင်း.... ခုတော့ မေသီ့အသက် သုံးဆယ့်ရှစ် ပြည့်တော့မယ်။ အိမ်ထောင်လည်း မပြုချင်ခဲ့။ အဖော်လည်း မရှာခဲ့။ တစ်ယောက်တည်း ရှင်သန်ရတာ သိပ်ကို အားရှိတာပဲလို့ ယူဆခဲ့တာလေ။ အမှီအတွယ်တွေ အနှောင်အဖွဲ့တွေ အပူသောကတွေလည်း မလိုချင်ခဲ့။ ကိုယ့်ဘာသာကိုယ် ရပ်တည်ဖြေရှင်းနိုင်စွမ်းရှိတဲ့ ဘဝကိုပဲ ဂုဏ်ယူကျေနပ်ခဲ့တာ။ ဘယ်သူတွေနဲ့ပဲ ယှဉ်လိုက်ယှဉ်လိုက် တစ်ယောက်တည်းမို့ အားလည်းမငယ်ပေါင်။ အပူအပင်ကင်းတဲ့ ဘဝ။ လုပ်ချင်တာ လုပ်ခွင့်ရတဲ့ဘဝလောက် ငြိမ်းချမ်းတာ ရှိဦးမလားလို့ ဟစ်ကြွေးခဲ့တာ။ မေသီ့မှာဖြင့် အားလည်း မအားနိုင်ခဲ့ပေါင်။ စာတွေကျက်ရ စာမေးပွဲတွေဖြေရ ဆေးရုံမှာ လူနာတွေနဲ့ အလုပ်တွေရှုပ်ရနဲ့ အားလပ်ချိန်ရယ်လို့ကို မရှိခဲ့တာ။ အပန်းဖြေစရာဆိုလို့ တခါတရံ သူငယ်ချင်းတွေ စုပြီး ချိန်းကြ၊ picnic ထွက်ကြ၊ စားကြသောက်ကြ၊ ရုပ်ရှင်လေး ကြည့်ကြ။ ဒါလေးပဲ ရှိတာ။ မေသီက ဘဝမှာ ပညာကိုသာ အလေးအနက်ထားခဲ့လွန်းတော့ ဘယ်အရာကိုမှ ပညာလောက် အရေးကြီးတယ်လို့ တယ်မထင်ခဲ့ဘူးလေ။ အချစ်ဆိုတာကိုလည်း လုံးဝ အယုံအကြည် မရှိ။ ချစ်သူ အဖော်မွန်ဆိုတာကိုလည်း အချိန်ကုန်စေတယ်လို့ ထင်မိသူ။ ခုတော့ အရွယ်တော်လည်း တော်တော်ဟိုင်းခဲ့ပြီမို့ အဖော်ကိုလည်း မတမ်းတ လိုတော့ပါဘူး။ အဖော်မရှာခဲ့တာကို နောင်တတော့ မရချင်ပေမယ့် ကိုယ့်ဘဝကို ဘာကို စိတ်တိုင်းမကျ ဖြစ်မိမှန်းမသိ။ စိတ်တိုင်းမကျမိတာတော့ အမှန်ပါပဲ။ ဘာကိုလိုအပ်မှန်း တောင့်တချင်မှန်းလည်း မသိ။ အထီးကျန်ဆန် ခံစားမိတာကိုတော့ဖြင့် မဖုံးကွယ်လိုပါဘူးလေ။ ခုချိန်ကျတော့မှ....။

(ခ)
ညနေ ခြောက်နာရီဆို မောင်ပြန်လာချိန်...။ ကေသီက ငါးနာရီခွဲဆို မီးဖိုခန်းထဲမှာ သီချင်းကလေး တအေးအေးနဲ့ ချက်ပြုတ်ပြင်ဆင်နေကျ...။ ဒါမှ မောင်ပြန်လာချိန်မှာ... တိုင်ပင်ကိုက် ထမင်းဟင်း ပူပူနွေးနွေးစားရမှာကိုး။ သမီးလေးက ကျောင်းကပြန်ရောက်ပြီး ခဏနား ရေချိုးပေးပြီး ခဏအိပ်ခိုင်းထားပြီ။ သူ့ဖေဖေ ပြန်လာရင် နိုးနေကျ။ အဲဒီတော့မှ မိသားစုသုံးယောက် ထမင်းဝိုင်းမှာ... ရယ်မော စကားတွေ ဆိုရင်း အတွေ့အကြုံတွေ ဖလှယ်ကြ။ အဲ့ဒီအချိန်ကလေးကို ကေသီ မက်မောပျော်ရွှင်မိပါရဲ့...။ တနေကုန် တလှုပ်လှုပ်နဲ့ အိမ်မှုကိစ္စ ဝေယျာဝစ္စတွေကြားမှာ မအားလပ်နိုင်အောင် ရှိခဲ့ပေမယ့်လည်း မောလှတယ်လို့ ကေသီဖြင့် မထင်မိပေါင်။ ကေသီချစ်မြတ်နိုးသော မောင်နဲ့ သမီးလေးအတွက် ဝေယျာဝစ္စလုပ်ကိုင်ပေးရတာကို ကေသီ ကြည်နူးနှစ်သက်မြဲ...။ အိမ်ရဲ့ဝင်ငွေကို မောင်က ပြည့်စုံလောက်ငှစွာ ဖွေရှာပေးနိုင်သူမို့ မိသားစုဘဝ သာယာပျော်ရွှင်မှုကလေးကို ကေသီက ပိုက်ဆံထက် ပိုမက်မောတာမို့ အိမ်ရှင်မဘဝကို ကြည်ကြည်ဖြူဖြူပဲ ရွေးချယ်ခဲ့တာပါ။ အိမ်ရှင်မ လုပ်နေရတဲ့အတွက် အောက်ကျသိမ်ငယ်တယ်ရယ် လို့လည်း မခံစားမိပါဘူး။ မောင်နဲ့သမီးလေးတို့ရဲ့ ရယ်မောသံ နောက်ပြောင်ကျီစယ်သံတွေ ညံစီနေတဲ့ ဒီအိမ်ကလေးကိုပဲ တွယ်တွယ်တာတာ ရှိလှတာပါ။ ကိုယ့်ကိုယ်ကို နောက်မှာထား မြှုပ်နှံပြီး မောင်နဲ့သမီးအတွက် ပါရမီဖြည့်ရတာကိုပဲ ကျေနပ်နေသူ....။
သူများတွေအတွက်တော့ ကေသီမသိ။ ကေသီကတော့ မောင့်အတွက် ရုံးသွားဖို့ အဝတ်အစားကို သပ်သပ်ရပ်ရပ် လိုက်ဖက်ညီအောင် ရွေးချယ်ပေးရတာ။ မောင့်ရဲ့ neck tie ကို ကိုယ်တိုင်ချည်ပေးရတာ။ သမီးလေးကို ကိုယ်တိုင်ကျောင်းပို့ရတာ။ စာတွေသင်ပေးရတာ။ ကဗျာတွေ အတူတူရွတ်ပေးရတာ။ ဘုရားအတူတူ ရှိခိုးရတာ။ အိပ်ရာဝင်ပုံပြင်စာအုပ်တွေ ဖတ်ပြရတာကို ပျော်မွေ့ကြည်နူးတတ်သူပါ။ ကေသီ့သူငယ်ချင်းတွေ စီးပွားရေးနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရနေချိန်မှာ ကေသီက အများအမြင်မှာ ဘာမှမဟုတ်တဲ့ သာမန်အိမ်ထောင်ရှင်မတစ်ယောက်လို့ပဲ မြင်ကြလိမ့်မယ်။ ကေသီကတော့ ကိုယ့်ကိုယ်ကို အပျော်ရွှင်ဆုံးမိန်းမတယောက်လို့ သတ်မှတ်ပါတယ်။ လူဆိုတာ ကိုယ်ရွေးချယ်ထားတဲ့ဘဝကို ကျေနပ်ရောင့်ရဲနိုင်မှ ပျော်ရွှင်နိုင်တာမှတ်လား။ အပျော်ရွှင်ဆုံးလူတွေဆိုတာ အကောင်းဆုံးတွေ ရထားတဲ့သူတွေကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ရထားတာတွေအပေါ် ကျေနပ်ရောင့်ရဲနိုင်သူတွေကမှ အပျော်ဆုံးလူတွေပါ...။

(ဂ)

ရုံးမှာ တနေကုန် ပင်ပန်းနွမ်းနယ်ခဲ့ပြီးရင်... ကားကို ကိုယ်တိုင်မောင်းလို့ အိမ်ပြန်ရောက်ချိန်မှာ... စန္ဒီတယောက် သက်ပြင်းမောကို ချမိတာ နေ့တိုင်းပါပဲ...။ ယောက်ျားလုပ်တဲ့သူက စန္ဒီ့ထက်နောက်ကျပြီးမှ ပြန်ရောက်မှာ။ အိမ်မှာ လူပိုခေါ်မထားဘဲ စန္ဒီတို့နှစ်ယောက်တည်း ကိုယ်ထူကိုယ်ထစနစ်ကျင့်သုံးတာမို့ တယောက်နဲ့တယောက် တွက်ကပ်ချင်စိတ်ကလေးတွေလည်း ရှိချင်သေးတာ။ ဝင်ငွေရှာကြတာချင်းအတူတူ ဘယ်သူကမှ ပိုပြီး အခွင့်အရေးမယူသင့်ဘူး လို့ကို ကြွေးကြော်ထားကြတာလေ။ စန္ဒီတို့နှစ်ယောက်စလုံးက ဘိုဆန်ဆန်အတွေးအခေါ်မျိုးတွေ ပိုင်ဆိုင်ထားကြသူတွေ ဆိုတော့ “အခွင့်အရေး” တို့ “ရပိုင်ခွင့်” တို့ ဆိုတာတွေကိုတော့ တွင်တွင်ကျယ်ကျယ် သုံးစွဲတတ်တယ်လေ။ သာတာနာတာတွေ တွက်လွန်းလို့ ကလေးတောင် မယူတာ ကြည့်။ ကလေးရလာရင် ကလေးရဲ့ တာဝန် ဝေယျာဝစ္စတွေ ကလေးကို ပြုစုပျိုးထောင်ရမယ့် အရေး ... အမလေး ...တွေးလိုက်ရင် ရင်မောစရာမို့ ကလေးဆို ဝေးဝေးကရှောင်ပါ တယ်။ နှစ်ယောက်စလုံးက တကိုယ်ကောင်းဆန်ချင်တာလည်း အတူတူမို့... ကလေးရှိလာရင် စွန့်လွှတ်ပေးဆပ်ရတာတွေ အများသားမို့ လုံးဝကလေးမယူကြေး...။
အိမ်ပြန်ရောက်ရင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားရမှာကို စားတော့စားချင်ပေမယ့် မလုပ်ချင်တာက ဆိုးတာ..။ အဲဒီတော့ ခေါက်ဆွဲပြုတ် ရယ်ဒီမိတ်အစားအစာတွေနဲ့ပဲ နပန်းလုံးနေတာ အိမ်ထောင်သက် ငါးနှစ်လုံးလုံး..။ ကိုယ့်အဝတ်ကိုယ်လျှော်... ကိုယ့်ဘာသာ မီးပူတိုက်ဝတ်ကြေး...။ ဘယ်သူ့ဘယ်သူကိုမှ လုပ်မပေးနိုင်။ ဒါတောင် အိမ်သန့်ရှင်းရေးအတွက် ဖုန်စုပ်စက်ဆွဲဖို့ကို ဘယ်သူကများ အလိုက်သိဆွဲပေးမလဲလို့ တယောက်ကိုတယောက် စောင်းပေပေ စောင့်ကြည့်ချင်သေးတာ။ စန္ဒီတို့က လင်မယားတွေပေမယ့် စိမ်းတော့အစိမ်းသား။ သူကလည်း ပြန်ရောက်လာရင် သူ့ဘာသာ ရှာကြံစားသောက်ပြီး Lap top တလုံးနဲ့ အလုပ်လုပ်ရင်း အင်တာနက်ဝင်နေတော့တာ။ စန္ဒီကလည်း ကိုယ်ပိုင် Lap top တလုံးနဲ့ သပ်သပ်...အချိန်ကုန်။ ညအိပ်ရာဝင်တော့လည်း ကျောချင်းကပ်လျက်...။ တခါတလေတော့လည်း စဉ်းစားမိသေး...။ စန္ဒီတို့ရဲ့ အိမ်ထောင်သည်ဘဝက ဘယ်လိုကြီးများလဲလို့။ တမိုးအောက်မှာ သူစိမ်းနှစ်ယောက် အတူနေပြီး ကိုယ့်ဘဝနဲ့ကိုယ် သူ့ဘဝနဲ့သူ တိုးတက်ရာတိုးတက်ကြောင်း ရှာဖွေကြိုးစားနေကြတဲ့ ဘဝဟာ... ဘာမှလည်း အဓိပ္ပါယ်မရှိသလိုပါပဲ... ဒါပေမယ့်လည်း စန္ဒီက နေသားတကျဖြစ်လို့....။


လွန်းထားထား(ဆေးတက္ကသိုလ်)

မေမေသို့ပေးစာ (၂)



(က)

ချစ်သောမေမေ...
သမီးအသက် နှစ်နှစ် ရှိပြီနော်။  အသက်နှစ်နှစ် ဆိုတဲ့ အချိန်ကာလအတွင်းမှာ လောကကြီးဆီကနေ သမီးသင်ယူခဲ့တာတွေကလည်း အများကြီးပဲ သိလား။ တီဗွီထဲက သီချင်းတွေကို ကြည့်ပြီး လိုက်ဆိုတတ်တယ်။ သူတို့လို လိုက်ကတတ်တယ်။ သမီးက ဖေဖေနဲ့မေမေ စကားပြောရင်လည်း နားထောင်ထားပြီး သိမ်းထားတာ မေမေရဲ့။ လိုအပ်တော့မှ ပြန်ထုတ်သုံးတာ ခိ ခိ...။ 
တစ်ခါတုန်းကလေ ဖေဖေ့ကို မေမေက “ဖေဖေ ရက်စက်တယ်” လို့ ပြောဖူးတယ်လေ။ အဲဒါကို သမီးက မှတ်ထားတယ်။ တစ်နေ့ကျတော့ ဖေဖေက အောက်ထပ်ကို ဆင်းသွားတာ သမီးကို ခေါ်မသွားဘူးလေ။ အဲဒီတော့ သမီးက အော်ပစ်လိုက်တာပေါ့။ “ဖေဖေ ရက်စက်တယ်” လို့လေ။ အဲဒီအခါကျတော့ ဖေဖေ နဲ့ မေမေ တအံ့တသြတွေဖြစ်ပြီး ရယ်မောကြပါလေရော။ သမီး ပထမဆုံးပြောတဲ့ စကားအသစ်အဆန်းတွေကို ကြားတိုင်း မေမေတို့ တအံ့တသြရယ်ကြတယ်နော်။ မေမေ သမီးကို ထမင်းခွံ့တဲ့အခါ အလုပ်ကြီးကြီးခွံ့တော့ သမီးက...
မေမေ... ကြီးကြီးမကျွေးနဲ့၊ သေးသေးလေးကျွေး။ မေမေ ရက်စက်တယ်”လို့ ပြောလိုက်တော့ မေမေ့မှာ အဲဒီအကြောင်းကို ဖေဖေ့ကို ပြန်ပြောပြပြီး ရယ်လို့မဆုံးဘူးလေ။ သမီးက ဒီလိုပဲ။ တစ်ခါတစ်ခါကျရင် စကားအသစ်အဆန်းတွေ မေမေတို့ မျှော်လင့်မထားတဲ့အချိန်မှာ ထုတ်ထုတ်ပြောတတ်တယ်လေ။ အဲဒါ သမီးရဲ့ အကျင့်ပေါ့။
မေမေက ပြောတယ်။ Terrible Two တဲ့။ အသက်နှစ်နှစ်ဝန်းကျင်ဟာ ကလေးတွေ အဆိုးဆုံးအချိန်တဲ့။ လူကြီးရဲ့စကားကိုလည်း နားမထောင်၊ အန္တရာယ်ကိုလည်း နားမလည်ဘဲ ဇွတ်တရွတ်ထင်ရာစိုင်းလွန်းလို့ အဆိုးဆုံးလို့ပြောတာတဲ့။ သမီးကတော့ သမီးအသက်အရွယ်ကလေးနဲ့ လိမ္မာပါတယ်လို့ ပြောချင်ပါတယ်။ ဖေဖေ မေမေ မရယ်နဲ့လေ။ သမီးက ဥပမာပြမှာပေါ့။ ဥပမာ- သမီး နှစ်နှစ်မပြည့်ခင်ကတည်းက Nappy ထဲမှာ အီအီးတွေ မပါချတော့ဘဲ မေမေ့ကို “မေမေ အီးအီး တကယ်ပါမှာ” လို့ ပြောပြီး မေမေတင်ပေးတဲ့ မေမေတင်ပေးတဲ့ ကမုတ်ပေါ်မှာ သမီးရဲ့ ထိုင်ခုံကမုတ်အသေးကလေး တစ်ထပ်ထပ်ခင်းပြီး အီးအီးပါတတ်နေပြီလေ။ 
နောက်ပြီးတော့ ရှိသေးတယ်။ ညညဆိုလည်း မေမေ့ကို တရားထိုင်ဖြစ်အောင် ဘုရားခန်းကို ဦးဆောင်ပြီး ခေါ်တာ သမီးလေ ဟုတ်တယ်မှတ်လား။ မေမေတရားထိုင်၊ မီးလည်းတရားထိုင် အတူတူထိုင် ဆိုပြီး မေမေ့ဘေးမှာ မေမေ့လို ငုတ်တုတ်လေးထိုင်ပြီး သမီးက တရားထိုင်တယ်လေ။ မေမေ သင်ပြပေးသလို မျက်လုံးကလေးတွေ မှိတ်ထားပြီး နှာခေါင်းကနေ အသက်ရှူတာပေါ့။ ဒါပေမယ့် သိတယ်မှတ်လား။ သမီးရဲ့ မျက်နှာကလေးက ပြုံးစိစိ စပ်ဖြီးဖြီးကလေးပေါ့။ ဒါပေမယ့်လည်း မေမေတရားထိုင်ဖြစ်အောင် သမီးက လိမ္မာပေးခဲ့တာပါရှင့်။ 
နောက်ထပ် သမီး သိတတ်တာတွေ အများကြီးပဲ ရှိပါသေးတယ်နော်။ သမီးက နှစ်နှစ်မပြည့်ခင်ကတည်းက  မေမေသင်ပေးတဲ့ နမောတဿ ဘဂဝတော အရဟတော (အရဟတော ကို ကျန်ကျန်ရစ်ခဲ့ပါတယ်) သမ္မာသဗ္ဗုဒ္ဓဿ ဆိုတဲ့ ဘုရားရှိခိုးကို အလွတ်ရနေပြီလေ။ အဲဒါလည်း လိမ္မာတာပေါ့နော်။ ပြီးတော့လည်း မနက် မနက်ဆို မေမေက သမီးကို မျက်နှာသစ်ပေးရင် အရဟံကနေစပြီး ဘဂဝါအဆုံးထိအောင် ဂုဏ်တော်ကိုးပါးနဲ့ မျက်နှာသစ်ပေးနေကျမို့ တခါတခါ မေမေ မေ့သွားရင်တောင် သမီးက မေမေ့ကို “မေမေ... သြကာသ” ဆိုပြီးတော့ သတိပေးတတ်တယ်လေ။ အဲဒါ သမီးလိမ္မာတာပေါ့နော် မေမေ။ 


(ခ)


မေမေရေ...
သမီးက မိန်းကလေးဆိုတော့ အလှတော့ကြိုက်တတ်တယ်နော် မေမေ။ မေမေ နှုတ်ခမ်းနီဆိုးရင်လည်း သမီးက ဆိုးချင်တယ်။ ဘွားဘွားက မျက်ခုံးဆွဲတော့လည်း သမီးဆွဲချင်တာပဲလေ။ ပြီးတော့ မေမေက အင်္ကျီ အသစ် ဂါဝန်အသစ် လှလှလေးတွေ ဝယ်ပေးတဲ့အခါ သမီးက အရမ်းကြိုက်။ မေမေ့နားက နားကပ်လေးကို ကိုင်ကြည့်ပြီး ...
“မေမေ စိန်လိုချင်တယ်” လို့ သမီး ပူဆာတော့ မေမေက မျက်လုံးပြူးပြီး ဟက်ဟက်ပက်ပက်ကို ရယ်ပါလေရောနော်။ မေမေလုပ်သမျှ အကုန် အတုခိုးပြီး သမီးလုပ်တော့လည်း မေမေက သဘောတွေ ကျနေတာပါပဲ။ သမီးကို ကြည့်ပြီး ရယ်စရာများ မှတ်နေသလား ဟင် မေမေ။ 
မေမေက ဖေဖေ ရုံးသွားရင် တံခါးဝထိ လိုက်ပို့ပြီး ... “မောင်... take care, bye bye ဒါလင်” လို့ပြောရင် သမီးကလည်း “မောင်... take care, bye bye ဒါလင်” လို့ လိုက်ပြောတာပေါ့။ သမီးရဲ့ အမူအရာကလေးကို ကြည့်ပြီး ဖေဖေက သဘောကျလို့ ရယ်နေတာပဲ။ ပြီးတော့ သမီးကလေ ဖေဖေ့နာမည် အံ့ထွန်းမောင်၊ မေမေ့နာမည် ထားထားလင်း၊ သမီးနာမည် မေမိုးမာန်မောင်။ ဖေဖေက ဆရာဝန်၊ မေမေက စာရေးတယ်ဆိုတာတွေလည်း ပြောပြတတ်နေပြီနော်။ သမီးကြီးလာရင် ဘာလုပ်မှာလဲလို့ မေမေကမေးရင် သမီးက ဆရာဝန်လို့ပြောတော့ ကြားရတဲ့လူတိုင်းက သဘောကျကြတယ်လေ။ သမီးက ဒီလိုပါပဲ။ ဖေဖေ ဆရာဝန်၊ မေမေ ဆရာဝန်ဆိုတော့ သမီးလည်း ဆရာဝန်လုပ်မှာပေါ့နော်။ အင်း... ပြီးတော့ သမီးလုပ်ချင်တာ မေမေ့လို စာရေးဆရာမရှင့်။ မေမေက မွေ့ရာပေါ်မှာ မှောက်ပြီး စာရေးနေပြီဆိုရင် သမီးကလည်း “မေမေ... မီးလည်း စာရေး”ဆိုပြီး ပူဆာတာပေါ့။ အဲဒီတော့ မေမေက စာအုပ်နဲ့ဘောလ်ပဲန် သမီးကို ထုတ်ပေးတယ်လေ။ သမီးကလည်း မေမေ့ကို အတုခိုးပြီး မေမေ့လိုမှောက်ပြီး စာရေးတာပေါ့။ မေမေက မေးတယ်။ 
“နေပါဦး...သမီးက အချစ်ဝတ္ထုရေးမှာလား စုံထောက်လား” ဆိုတော့ သမီးက မစဉ်းစားဘဲ “စုံထောက်” လို့ ခပ်သွက်သွက် ပြန်ဖြေတော့ မေမေက အံ့သြပြီးရယ်ပါရော။ 
“သမီးက ဟယ်ရီပေါ်တာရေးမှာလား”လို့ မေမေက မေးတော့ “ဟယ်ရီပေါ်တာရေးမှာ”လို့ သမီးက ပြန်ဖြေတာပေါ့။ ခစ်...ခစ်... ရယ်ရတယ်နော်။ ဟယ်ရီပေါ်တာ ဆိုတာ ဘာမှန်းလဲ သမီးသိတာမဟုတ်ပါဘူး။ မေမေ မေးလို့ ဖြေရတာ။ 


(ဂ)


ချစ်မေမေ....
သမီးက ဦးထုပ်တို့၊ နေကာမျက်မှန်တို့၊ လက်ကိုင်အိတ်တို့ကိုလည်း သိပ်ကြိုက်သေးတယ်နော်။ Super Stores တွေဆီ မေမေသွားတဲ့အခါ သမီးက မျက်မှန်တွေကောက်တပ်၊ ဦးထုပ်တွေ တစ်ခုပြီးတစ်ခု ဆောင်းကြည့်၊ လက်ကိုင်အိတ်တွေ ကိုင်ကြည့်နဲ့ အိုက်တင်တွေ အမျိုးမျိုးလုပ်နေတာပေါ့။ လူတွေက သမီးကို လှည့်လှည့်ကြည့်ပြီး ရယ်သွားကြတယ်လေ။ မေမေက သမီးကို မော်ဒယ်လ် လုပ်မလားလို့ မေးရင် သမီးက “မေမေ မော်ဒယ်လ်လုပ်မယ်” လို့ ပူဆာတာပေါ့။ မေမေက သဘောကျပြီး ရယ်ပါလေရော။ သမီးက မေမေ့အတွက် အမြဲတမ်းရယ်စရာကောင်းနေလားဟင်။ ဒါပေမယ့် မေမေရယ်နေရင် သမီးပျော်တယ် သိလား။ 
ပြီးတော့ ရှိပါသေးတယ်။ မေမေက သမီးကို မြန်မာပြည်က ကာရာအိုကေသီချင်းတွေ ဖွင့်ပြတယ်လေ။ သမီးက မို့မို့သီချင်းတွေဆို သိပ်ကြိုက်ပဲ။ လိုက်တောင် ဆိုတတ်တယ်သိလား။ ကောင်လေးရယ် တို့၊ ဆွေး.... တို့ ဆိုရင် သမီးက အိုက်တင်ကလေးတွေပါ အတုခိုးပြီး လိုက်ဆိုတာပေါ့။ နောက်ပြီး စိုးလွင်လွင်လည်း ကြိုက်တယ်။ နောက်ပြီး Hip Hop လည်း သမီးကြိုက်တာပဲ။ မေမေ့ကို Hip Hop ဖွင့်ပေးပါလို့ ပူဆာရတာလည်း အမောပဲနော်။
ပြီးတော့ မေမေ ကွန်ပျူတာဖွင့်တာနဲ့ “မီး ပုံကြည့်မယ်.... မီး ပုံကြည့်မယ်” လို့ သမီးက ပူဆာနေကျလေ။ ဘာဖြစ်လို့လဲဆိုတော့ ကွန်ပျူတာထဲမှာ သမီးရဲ့ပုံတွေ အများကြီးပဲ မေမေက ထည့်သိမ်းထားတာကိုး။ သမီးရဲ့ ပုံလေးတွေကို ပြန်ကြည့်ရတာ သမီးသိပ်ပျော်တာပဲ သိလား မေမေ။ တခိခိနဲ့ သမီးဘာသာ သဘောကျပြီး ရယ်နေရတယ်။ သမီးက ဓာတ်ပုံအရိုက်ခံရတာကိုလည်း ဝါသနာပါသေးတယ်။ မေမေက သမီးကို ဂါဝန်လှလှဝတ်ပေးပြီးရင် သမီးက “မေမေ ဓာတ်ပုံရိုက်” လို့ အော်နေကျလေ။ နောက်ပြီးတော့ သမီးကို ဗွီဒီယိုရိုက်ထားရင်လည်း သမီးက အရမ်းသဘောကျ။ သမီးက အိုက်တင်တွေ လုပ်ရတာ အမောပဲ။ ဟီဟိ။ သမီးက မျက်ခုံးတွေ၊ မျက်လုံးတွေ ပင့်ပြီး အိုက်တင်တွေ သိပ်လုပ်တတ်တာ။ အဲဒီတော့ မေမေက မေးပြန်ရော။ သမီးကြီးလာရင် မင်းသမီးလုပ်မလားတဲ့။ သမီးက “မေမေ မင်းသမီးလုပ်မယ်” လို့ ပူဆာပြန်ရောလေ။

ချစ်သောမေမေ....
မေမေက သမီးကို သင်ပေးထားတယ်လေ။ I love you ဆိုတဲ့ စကားလေးပေါ့။ သမီးက ဖေဖေ၊ မေမေ၊ ပြီးတော့ ဘိုးဘိုး၊ ဘွားဘွားတွေကို I  love you လို့ ပြောရင် ကြားရတဲ့သူတိုင်း သိပ်ကို ဘဝင်ကျကြတာလေ။ အဲဒါကို သမီးက သိထားတာပေါ့။ တစ်နေ့ကျတော့ သမီးတို့ အိမ်ဘေးက  ကောင်လေးကို တွေ့တော့ သမီးက...
“ကောင်လေး....I love you.”  လှမ်းအော်ပြီး ပြေးလိုက်တော့ ဖေဖေက “ဟာကွာ....သမီးနော်”ဆိုပြီး သမီးကို အတင်းဖမ်းချုပ်ထားပါလေရော။ သမီးက ဘယ်သိပါ့မလဲ။ မေမေက သင်ထားတာကိုး။ တွေ့သမျှလူကို I love you လို့ ပြောလိုက်ရင် သူတို့က သဘောကျကြတာကိုး။ အဲဒီနောက်တော့ ဖေဖေက သမီးကို သင်ပြန်တယ်။
“သမီး...ကောင်လေးတွေကိုတွေ့ရင် I love you လို့ မပြောရဘူးနော်။ bye bye လို့ ပြောရတယ် ကြားလား” တဲ့။ သမီးက မှတ်ထားတာပေါ့။ နောက်တစ်ခါ ကစားကွင်းမှာ သမီးအရွယ်ကောင်လေးတွေကို တွေ့တဲ့အခါ သမီးက “ကောင်လေး...။ love” လို့ပဲ တိုးလိုးတန်းလန်းကလေး ပြောပြီးမှ ဖေဖေ့ကိုချက်ချင်းသတိရပြီး ပြုံးစိစိလှမ်းကြည့်လိုက်ပြီး “bye bye” လို့ ပြောင်းပြောလိုက်တာပေါ့။ ဖေဖေက သမီးသိတတ်လွန်းတာကို သဘောတွေကျပြီး “ဒါမှ ဖေဖေ့သမီး” ဆိုပြီး သမီးကို ပြုံးပြုံးကြီးကြည့်တယ်။ တကယ်တော့ သမီး သိတတ်တာတွေက အများကြီးပါ မေမေရဲ့။ ဒါပေမယ့်လည်း သမီးဆိုးတဲ့အချိန်လည်း ရှိချင်ရှိမှာပေါ့။ မေမေက သမီးကို ဂရုမစိုက်ဘဲ အလုပ်တွေချည်း ဖိလုပ်နေတဲ့အခါ သမီးဆိုးတာပေါ့။ အာခေါင်ခြစ်ပြီး အကျယ်ကြီးအော်ပစ်လိုက်တာပေါ့။ 
သမီးသိပ်ပျော်တဲ့ အချိန်တစ်ခုရှိသေးတယ်။ မေမေ အဲဒီအချိန်ကလေးကို သမီးမမေ့သေးဘူး။ အမြဲတမ်း သတိရတယ်။ သမီး နှစ်နှစ် ပြည့်တုန်းကပေါ့။ အဲဒီတုန်းက Birthday Cake ကြီး နှစ်လုံးတောင် လက်ဆောင်ရတယ်လေ။ တစ်လုံးက ဘွားဘွားသိန်းပေးတာ။ ချောကလက်ကိတ်ကြီး။ နောက်တစ်လုံးက ဘွားဘွားမီးပေးတာ။ ချိစ်ကိတ်အကြီးကြီးပဲ။ အဲဒီအပေါ်မှာ ဖယောင်းတိုင်လှလှကလေး နှစ်တိုင်တင်ပြီး Happy Birthday သီချင်းကို ဝိုင်းဆိုကြတာ ပျော်စရာကြီးနော် မေမေ။ သမီးက ဖယောင်းတိုင်ကလေးတွေကို တဖူးဖူးနဲ့မှုတ်ရတာ သိပ်ပျော်တာပဲ။ အဲဒီအချိန်တုန်းက ဘွားဘွားညွန့်ရောက်နေတာမို့ ဘွားဘွားညွန့်ရဲ့ စပါယ်ရှယ် Chicken Rose ကြက်ဆီထမင်းချက်ပြီး ဘွားဘွားတွေကို ဖိတ်ကျွေးတယ်လေ။ သမီးလည်း မွေးနေ့လက်ဆောင် မုန့်ဖိုးတွေ အများကြီးရတာပေါ့။ သမီးကို ခဏခဏ Happy Birthday လုပ်ပေးပါမေမေ။ နောက်ဆိုရင် ဆိုင်တွေမှာ သွားစားတဲ့အခါ အဲဒီဆိုင်မှာ ဖယောင်းတိုင်ကလေးတွေ ထွန်းထားတိုင်း သမီးက Happy to you ဆိုပြီး မှုတ်မှုတ်ပစ်တတ်တယ်လေ။ မေမေက မမှုတ်ရဘူးတဲ့။ ပျော်လို့ပါ မေမေရဲ့။


(ဃ)


မေမေရေ....
ဒီအရွယ်ဟာ အင်မတန် အတုခိုးတတ်တဲ့အရွယ်လို့ မေမေက ပြောတယ်နော်။ အဲဒီတော့ သမီးရှေ့မှာ တောက် တွေ မခေါက်ပါနဲ့။ သမီးက လိုက်ခေါက်မှာပဲ။ သမီးရှေ့မှာ စိတ်ညစ်လိုက်တာနော် လို့ မညည်းပါနဲ့။ သမီးကလည်း မေမေလုပ်သလို ခေါင်းကုတ်ပြီး မျက်နှာကလေးရှုံ့ပြီး စိတ်ညစ်လိုက်တာနော် လို့ လိုက်ညည်းမှာပေါ့။ ပြီးတော့ အမလေး မောလိုက်တာနော် လို့ မေမေပြောသလို သမီးလိုက်ပြောတော့ မေမေက တဟားဟားနဲ့ အော်ရယ်ပါလေရော။ ဖေဖေ့ကို နှိပ်ပေးသလို သမီးကလည်း ဖေဖေ့ကို နှိပ်ပေးပါတယ်နော်။ ပြီးတော့ ညောင်းတတ်တဲ့ မေမေ့ကို သမီးက ကျောပေါ်တက်ပြီး နင်းပေးသေးတယ်လေ ဟုတ်တယ်မှတ်လား။ ပြီးတော့မှ သမီးအလှည့်ပေါ့။
“မီးအလှည့်” ဆိုပြီး ဖေဖေ့ရှေ့မှာ ဇက်ကလေးထိုးပေးတော့ ဖေဖေက သမီးကို ရှယ်နှိပ်ပေးတာ သိလား။ သမီးက မျက်လုံးကလေးမှေးပြီး ဇိမ်ခံတာပေါ့နော်။ 
ဖေဖေကပြောသေးတယ်။ သမီးမှာ Photographic memory ရှိတယ်တဲ့။ တစ်ခါတစ်ခါ လူကြီးတွေထက်တောင် သမီးက ပိုမှတ်မိနေသေးတယ်။ တစ်ခါတုန်းကပေါ့။ ဘွားဘွားမြ နဲ့ ဘဘပြည့်တို့ လာလည်တုန်းက ပြန်ခါနီးမှာ Manchester Airport ဘေးနားက Travel Lodge တစ်ခုမှာ ညအိပ်ပြီးမှ မနက်လေဆိပ်ဆင်းကြတာကိုး။ အဲဒီလိုပဲ ဘွားဘွားညွန့် ဒီတစ်ခေါက်ပြန်တော့လည်း အဲဒီ Travel Lodge မှာပဲ တစ်ညအိပ်ဖို့ ဖေဖေက Online ကနေ Online Booking လုပ်ထားတယ်လေ။ သမီးတို့ရောက်သွားတော့ အဲဒီအခန်းက ဘွားဘွားမြတို့ နေသွားတဲ့ အခန်းနံပါတ် ၁၃၃။ အဲဒီအခန်းနား ရောက်တာနဲ့ သမီးက ချက်ချင်းမှတ်မိပြီး ...
“ဘွားဘွားမြ... ဘွားဘွားမြ” လို့ ထအော်လိုက်တော့ ဖေဖေနဲ့မေမေ တအံ့တသြ မျက်လုံးကို ဝိုင်းရော။ ဒီအခန်းပဲဆိုတာ ဖေဖေရော မေမေပါ သမီးနောက်မှ သတိထားမိကြတယ်လေ။ သမီးက အဲဒီလို မှတ်ဉာဏ်လည်း ကောင်းသေးတာ မေမေရဲ့။ မေမေသင်ပေးလို့ ၁ ကနေ ၁၀ အထိလည်း ရေတတ်ပြီ။ A to Z လည်း မေမေဆိုသလို လိုက်ဆိုနိုင်ပြီ မေမေရေ... သမီးက တစ်ဦးတည်းသော သမီးလေးမို့လားမသိဘူး အရွယ်တူ အဖော်ကလေးတွေမြင်ရင် အရမ်းပျော်တယ် မေမေရဲ့။ ဒါကြောင့် သမီးကို ကျောင်းမြန်မြန် ပို့တော့နော်။ သမီးကျောင်းတက်ချင်ပြီ မေမေရဲ့။ ဖေဖေနဲ့မေမေက သမီးကို Nursery အပ်ပေးထားပြီ။ နောင်နှစ်ဆို သမီးကျောင်းတက်ရတော့မယ်လေ။ အဲဒီအခါကျ သမီးအသက် သုံးနှစ်ရှိပြီပေါ့။ ဒါဆိုရင် ရေးစရာအတွေ့အကြုံတွေလည်း အများကြီးပဲ ရလာဦးမှာ။ အဲဒီအခါကျမှ ထပ်ရေးတော့မယ်နော် မေမေ။ အခုတော့ တာ့တာ။

မေမေ့ ချစ်သမီး “မေ”




လွန်းထားထား(ဆေးတက္ကသိုလ်) 
{၂၀၀၈ ခုနှစ် ဒီဇင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်း }

သမီးလေးနဲ့ မေးခွန်းတွေ


(က) 
အိမ်ကပို့လိုက်တဲ့ အလင်းတန်းဂျာနယ်အဖုံးမှာ အဆိုတော်ရဲလေးရဲ့နာမည်ကို အင်္ဂလိပ်လိုရေးထားတာမို့ ဇွန်လထဲမှာ ငါးနှစ်ပြည့်တော့မယ့် သမီးလေးက ချက်ချင်းပဲ ပေါင်းဖတ်ပါတယ်။ Ye Lay .... ရဲလေး တဲ့။  
“ဟုတ်တယ်သမီးလေး၊ အဲဒီ ကိုကိုရဲ့နာမည်က ရဲလေးတဲ့.... အဆိုတော်လေ...”လို့ ဆိုတော့ ကျေနပ်မသွားဘဲ ဆက်မေးပါတယ်။
“Why he's called ရဲလေး” တဲ့။ 
“သြော်... သူ့မေမေက ရဲလေးလို့ ပေးထားလို့ပေါ့ သမီးရဲ့...။ သမီးကို မေမေက မေမိုးမာန်မောင် လို့ ပေးထားသလိုမျိုးပေါ့။ လူတိုင်းမှာ နာမည်တွေရှိရတယ်လေ...”  
သူ ကျေနပ်ပုံမရသေး။ “Why” တဲ့။ ဆက်မေးနေသေးတာ။ သူမေးချင်တာကို ကျွန်မလည်း နားလည်သလိုလို ရှိတာနဲ့ သူ စိတ်ကျေနပ်လောက်တဲအထိ အဖြေကို စနစ်တကျ စီစဉ်ရှင်းပြရပါတယ်။ 
“ဒီလိုသမီးရယ်....လူတွေက အများကြီးရှိတယ်မဟုတ်လား... နာမည်တွေ ပေးမထားရင် အကုန်ရောကုန်မှာပေါ့နော်။ သမီးက ဥပမာဆိုပါတော့ သမီးရဲ့သူငယ်ချင်းတွေမှာ နာမည်တွေ ပေးမထားရင် သူတို့ကို သမီး ဘယ်လိုခေါ်မလဲ။ ဟုတ်တယ်မလား။ ဒါကြောင့် လူတွေကို မှတ်လို့လွယ်အောင်၊ ခေါ်လို့လွယ်အောင် နာမည်တွေ ပေးထားရတာပေါ့။ တစ်ချို့က နာမည်လှလှလေးတွေ ရှာပြီး ပေးတတ်ကြတယ်။ လူနဲ့လိုက်အောင်ပေါ့။” လို့ ရှင်းပြမှ ခေါင်းတညိတ်ညိတ်နဲ့ ကျေနပ်သွားပါတယ်။ 
ဒီအရွယ် ကလေးတွေရဲ့ ခေါင်းထဲမှာ သိချင်စရာ မေးခွန်းတွေက အများကြီးပဲ တန်းစီရှိနေတတ်တာပါ။ သူတို့ မေးသမျှကို စိတ်ရှည်လက်ရှည်ဖြေပေးဖို့ အချိန်ယူဖို့၊ နားလည်တဲ့အထိ ရှင်းပြဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ သူတို့သိချင်တာလေးတွေ သိခွင့်ရတဲ့အခါ ကျေနပ်သွားပြီး သူတို့ကိုယ်သူတို့လည်း ယုံကြည်မှုတိုးလာသလို ရင့်လည်းရင့်ကျက်လာတတ်ပါတယ်။ 

 (ခ)

 တစ်နေ့ကတော့ ကျောင်းကနေ သွားပြန်ကြိုလာချိန်မှာ သမီးလေးက မေးခွန်းတစ်ခု မေးလာပါတယ်။
 “မေမေ သမီးမှာ သူငယ်ချင်းတွေ အများကြီးရှိလာအောင် သမီးဘာလုပ်ရမလဲဟင်”တဲ့။ 
ကျွန်မ ချက်ချင်း အဖြေမပေးသေးဘဲ အချိန်ခဏယူပြီး စဉ်းစားရပါတယ်။ ဘယ်လိုဖြေရင်ကောင်းမလဲ။ ကိုယ့်သမီးလေးကို တော်တဲ့ကလေးတစ်ယောက် ဖြစ်စေချင်တာကတော့ မိခင်တိုင်းရဲ့ အတ္တပဲ ဖြစ်လိမ့်မယ်ထင်ပါရဲ့...။
“သမီးမှာ သူငယ်ချင်းတွေ အများကြီးရှိစေချင်ရင် သမီးဘာလုပ်ရမလဲဆိုရင်တော့ သမီးတော်နေအောင် ကြိုးစားရမယ်သမီး။ တော်တဲ့ လူတစ်ယောက်ကို လူတိုင်းက ပေါင်းချင်တယ်။ အထင်လည်း ကြီးကြတယ်” 
သမီးလေးရဲ့ မျက်လုံးကလေးတွေ အရောင်တလက်လက် တောက်လာတာကို ကျွန်မချက်ချင်းပဲ သတိထားမိပါတယ်။ သူ စိတ်ဝင်စားနေပြီ။ 
“တော်အောင် ဘာလုပ်ရမလဲ မေမေ”တဲ့။
“တော်အောင် စာတွေအများကြီးဖတ်ရမယ်။ သချာင်္တွေ အများကြီး တွက်ရမယ်။ Sports တွေ အများကြီးလုပ်ရမှာပေါ့” ဆိုတဲ့ ကျွန်မရဲ့ အဖြေကို သူလက်ခံပါတယ်။ 
အိမ်ပြန်ရောက်တော့ Library က ငှားထားတဲ့ စာအုပ်တွေကို တစ်လုံးချင်း စိတ်ရှည်လက်ရှည် ပေါင်းဖတ်နေတော့တာကိုး။ ပြီးတော့ သချာင်္စာအုပ်ထဲမှာ အပေါင်း အနုတ်တွေကို စိတ်ပါလက်ပါ ထိုင်တွက်နေတော့တာမို့ ကျွန်မရဲ့အဖြေအတွက် နည်းနည်းစိတ်တိုင်းကျမိပါတယ်။ 
မိခင်တစ်ယောက်ဟာ သားသမီးကလေးတွေကို ကိုယ်လိုချင်တဲ့ ပုံစံကလေးရလာအောင် သိမ်းသွင်းဆွဲဆောင်ရာမှာ ပညာသားကလေးလည်း ပါရမယ်လေ။

(ဂ)

သမီးလေးက တစ်ခါတစ်ခါ တစ်ခုခုကို အာရုံစူးစိုက်တွေးနေတတ်သလိုမျိုး အကြာကြီးတွေးနေတတ်ပါတယ်။ တွေးနေရာကနေ မေးခွန်းတွေက ပါလာတော့တာပါ။ ဆောင်းတွင်းတစ်ခုတုန်းက သစ်ရွက်တွေမရှိတော့တဲ့ သစ်ပင်တွေကို ကြည့်ပြီး...
“မေမေ သစ်ရွက်တွေက အပင်ပေါ်မှာမနေဘဲ ဘာဖြစ်လို့ အောက်ကို ကြွေကုန်ရတာလဲ”တဲ့။ 
ကျွန်မ ဘယ်လိုဖြေရမလဲ စဉ်းစားရပြန်ပါတယ်။ 
“ဆောင်းတွင်းဆိုတော့ အရမ်းအေးလာတယ်လေ သမီးရဲ့။ အအေးဒဏ်ကို သစ်ရွက်လေးတွေ မခံနိုင်ဘူးလေ။ ဒါကြောင့် ကြွေကုန်တာ။ နွေရာသီကျတော့ ပြန်နွေးလာတော့ သစ်ရွက်ကလေးတွေ ပန်းပွင့်ကလေးတွေ ပြန်ရှင်လာကြတာပေါ့” လို့ဖြေတော့ “သြော် သြော်” တဲ့။ ပြီးတော့ ဆက်မေးပြန်တယ်။
“မေမေ သမီးသူငယ်ချင်းတွေရဲ့ ဆံပင်တွေက ဘာလို့ blonde ဖြစ်နေပြီး သမီးက ဘာလို့ Black ဖြစ်နေရတာလဲဟင်” တဲ့။
“အဲဒါ မေမေတို့နဲ့ သူတို့ မျိုးရိုးဗီဇချင်း မတူကြဘူးလေ။ သူတို့က လူဖြူမျိုးနွယ်တွေ ဆံပင်တွေက အဲဒီအရောင်တွေချည်းပဲ။ မေမေတို့က အာရှမျိုးနွယ်တွေ ဆံပင်တွေက အနက်ရောင်ပေါ့”
“မျိုးရိုးဗီဇဆိုတာ ဘာလဲမေမေ” တဲ့။
သမီးကို Gene အကြောင်း Genetics အကြောင်း ပြောပြဖို့ စောများနေမလား။ သူ ငါးနှစ်တောင်မပြည့်သေးဘူးလေ။ 
“အဲဒါ သမီးကြီးလာရင် သင်ရလိမ့်မယ်။ မျိုးရိုးဗီဇဆိုတာ လူမျိုးစုတွေ အများကြီးရဲ့ မတူညီတာတွေ၊ တူတာတွေကို လေ့လာရတဲ့ ဘာသာတစ်မျိုးဆိုပါတော့ သမီးရယ်။ သမီးနားလည်အောင် နောက်တော့ မေမေသေချာရှင်းပြမယ်နော်” ဆိုတာကို သိပ်တော့ ကျေနပ်ပုံမရ။ ဒါပေမယ့် ဆက်တော့ မမေးတော့။

(ဃ)

တစ်နေ့တော့ သမီးလေးက ပြုံးစိစိမျက်နှာပေးနဲ့ မေးခွန်းတစ်ခုမေးလာပါတယ်။
“မေမေ... သမီးက ဘယ်ကနေ ရောက်လာတာလဲ” တဲ့။ ကျွန်မ ရယ်ချင်သွားပါတယ်။ အင်း ဘယ်လိုဖြေရပါ့။
“သမီးကို မေမေ့ဗိုက်ထဲမှာ အကြာကြီးလွယ်ထားခဲ့ရတာ သမီးရဲ့။ ပြီးမှ ဗိုက်ထဲကနေ ခွဲထုတ်ပြီးမွေးလို့ သမီးလေး ရောက်လာတာပေါ့”
“အို...မေမေ နာမှာပဲနော်”
“နာတာပေါ့ သမီးရဲ့။ မေမေ့ဗိုက်မှာ အရာကလေးတောင် ကျန်သေးတယ်။ ”
“မေမေ ဖေဖေ့ကို ချစ်လားဟင်”
“ချစ်တာပေါ့ သမီးရဲ့။ ချစ်လို့ လက်ထပ်ထားတာပေါ့”
“မေမေက သူများကို လက်မထပ်ဘဲ ဘာလို့ ဖေဖေ့ကိုပဲ လက်ထပ်တာလဲ”
“ဟယ် သူများကိုမှ မေမေကမချစ်တာ။ ဖေဖေ့ကိုပဲချစ်လို့ ဖေဖေ့ကိုပဲ လက်ထပ်တာပေါ့ သမီးရဲ့”
အဲဒီတော့ သူက မျက်လုံးကလေး ကလယ်ကလယ်၊ မျက်နှာကလေးက ပြုံးဖြီးဖြီးနဲ့ 
“မေမေ သမီးလေးရော ဘယ်တော့ လက်ထပ်ရမှာလဲဟင်” တဲ့။
ဘုရားရေ ဆိုပြီး ကျွန်မ မျက်လုံးပြူးသွားမိပါတယ်။ 
“အမလေး သမီးရယ် သမီးအသက်က ခုမှ ငါးနှစ်တောင် မပြည့်သေးတဲ့ဥစ္စာ။ လက်ထပ်ဖို့ကိစ္စကို အသက်သုံးဆယ်လောက်ကျမှ ပြောကြတာပေါ့။ ဖေဖေ ဆူလိမ့်မယ်နော်” လို့ ဆိုတော့ တခစ်ခစ်နဲ့ သဘောကျစွာ ရယ်လို့ မဆုံးတော့ပါ။ ဘာပဲဖြစ်ဖြစ် သူကလေးရဲ့ မေးခွန်းတွေကို ဖြေရတာ ကျွန်မအတွက် ပျော်စရာလည်းကောင်း၊ စဉ်းစားစရာတွေလည်း တိုးနဲ့ အချိန်တွေလည်း ဘယ်လိုကုန်မိမှန်း မသိတော့။





လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...