ညှို့ချက်ပြင်းတယ်

ဒီနေရာမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါပြီ။
လွန်းထားထား(ဆေးတက္ကသိုလ်)

ပြင်းပြင်းရှရှရသ


ဒီနေရာမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။


လွန်းထားထား(ဆေးတက္ကသိုလ်)

ပင်လယ်ပြင်နှင့်ကောင်းကင်ပြာ


ဒီနေရာမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါပြီ။


လွန်းထားထား(ဆေးတက္ကသိုလ်)

မစ္စတာဂျေ

ဒီနေရာမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။


လွန်းထားထား(ဆေးတက္ကသိုလ်)

အမှောင်ထဲကမီးအိမ်

(က)
အခန်းကလေးက ခုတော့ တိတ်တိတ်ဆိတ်ဆိတ်။ ပကတိ ငြိမ်သက်လို့။ မှောင်အတိကျလို့။ ဆူညံခုန်ပေါက်သံ ရယ်မောပျော်ရွှင်သံ ဂီတသီချင်းသံတွေလည်း ဆိတ်သုဉ်းလို့။ သူမ တစ်ယောက် တည်း။ မျှော်လင့်ချက်ဆိုတဲ့ နွေးထွေးတောက်ပသက်ဝင်မှုတွေလည်း သူမရဲ့ မိတ်ဆွေတွေ လို့.... သူမဆီကနေ လွင့်ပြေးခဲ့ပြီ...။ ကိုကြီး... ဟု ချွဲနွဲ့နွဲ့ ခရာတာတာ သူမခေါ်ခဲ့သော လူတစ်ယောက် လည်း သူမအပါးကနေ ခွာသွားခဲ့ပြီ။ တိတ်ဆိတ်လိုက်တာ။ အထီးကျန်လိုက်တာ။ မှောင်မိုက်လွန်းလိုက်တာ။ ဒါကို ဝဋ်ကြွေးတစ်ခုလို့ လူတွေက သတ်မှတ်ကြသည်။ အင်း... သူမလည်း အဲ့ဒီဝဋ်ကြွေးကို ခံရုံပေါ့...။
ဟိုးအရင်တုန်းကတော့ သူမရဲ့ နံဘေးမှာ လူတွေ ဝိုင်းဝိုင်းလည်လို့။ သူမကို ချစ်ခင်အားပေးလိုသူတွေ သူမနဲ့တွဲဖက်ပြီး အလုပ်လုပ်လိုသူတွေ လုပ်ငန်းရှင်တွေ သူမ၏အချစ်ကိုရဖို့ ကြိုးစားနေခဲ့သူတွေ သူငယ်ချင်းတွေ ပါတီတွေ သွားစရာနေရာတွေ ပျော်ပွဲရွှင်ပွဲတွေ... အို စုံလို့ပါပဲ...။ အခုတော့ အဲ့ဒါတွေကို ပြန်ရနိုင်တော့မည်မဟုတ်။ အဲ့ဒီအတွက် သူမ ဘယ်သူ့ကို အပြစ်တင်နာကြည်းမလဲ...။ ဘာကြောင့်လဲ ...။ ဘာကြောင့် သူမကိုမှ ရက်စက်ခဲ့ရသလဲ...။
သူမလို သိပ်လှသော ကျော်ကြားသော မော်ဒယ်လ်ကလေးတစ်ယောက်မှာ ချစ်ခင်သူတွေ ဝိုင်းဝိုင်း လည်နေသလို မနာလိုသူ၊ မလိုလားသူ၊ ပြိုင်ဘက်တွေလည်း ရှိနေနိုင်ပေမယ့် အဲ့ဒီလောက် မုန်းတီးရက်စက် စွာ ဖျက်ဆီးချင်ခဲ့သူ မရှိလောက်ဘူးဟု ထင်ခဲ့မိသည်။ လောကမှာ လူတစ်ယောက်၏ဘဝကို အမုန်းသက် သက်ဖြင့် ဖျက်ဆီးခြေမွခွင့် ရှိပါသလား...။
တဒင်္ဂကလေးအတွင်းမှာ သူမဘဝတစ်ခုလုံး လောင်ကျွမ်းလှိုက်စားလို့ သွားခဲ့ခြင်းဖြစ်သည်။ သူမ၏ မျက်နှာ တစ်ခုလုံးကနေ သူမဘဝတစ်ခုလုံးထိ...။ သူမ၏ အနာဂတ်တစ်ခုလုံး ဘယ်သူက လုပ်ခဲ့တာလဲဆိုတာ သူမ... မသိလိုက်။ သူမအပေါ် ဘယ်လောက် ရန်ငြိုးအမျက်သိုထားသလဲ ဆိုတာ သူမ... မသိလိုက်။ ကြောက်မက်ဖွယ် ပြင်းထန်ခါးသီးလွန်းသော နာကျင်ပြင်းပြမှုအောက်တွင်... သူမ လပေါင်း များစွာ ရုန်းကန်ကြိုးစားခဲ့ရသည်။ ဘဝကို အစကနေ ပြန်စရတော့မည် ဆိုပေမယ့် တစ်ခါက သိပ်လှပ ခဲ့သော မျက်နှာကလေး... သူမထံမှာ မရှိတော့...။ သူမကို မြင်လျှင်... လူတွေအားလုံး အထိတ် တလန့် ရှောင်ပြေးကြကုန်ပြီ။ ဒါကြောင့် လူတွေကြားထဲ သူမမသွားတော့။ ဖြစ်နိုင်ရင် တစ်ယောက် တည်းပဲ နေသည်။
သူမကို လုပ်ခဲ့သော ရန်သူသည် ခုလောက်ဆို သူမဘဝတစ်ခုလုံး လောင်ကျွမ်းစုတ်ပြတ်သွားပြီ... ဟု ကျေနပ်နှစ်သက်နေမလား။ အဲ့ဒီဝဋ်ကြွေးကို တစ်ချိန်ချိန်မှာ ထိုသူ ပြန်ခံစားရလိမ့်မယ်ဆိုတာကိုတော့ သူမယုံကြည်ပြီးသား။ သူမကိုယ်တိုင်လည်း လွန်ခဲ့သော အတိတ်ဘဝတစ်ခုခုမှာ ဘယ်လိုအပြစ်မျိုးကို ကျူးလွန်ထားခဲ့မှန်းမှ မသိတာ။
သူမ စိတ်ဓာတ်တွေ တစ်စစီ လေလွင့်ပျက်စီးခဲ့ရပါသည်။ ဒီဘဝကို အသစ် တစ်ဖန် ပြန်တည်ဆောက်နိုင် ပါ့မလားဟု အားငယ်ခဲ့ရတာ အခါခါ...။ ဒီအခန်းကလေးထဲမှာ လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး သူမ ဘယ်လောက်ကြာအောင် နေရမလဲ။ ရန်သူတစ်ယောက်ရဲ့ ရက်စက်ကောက်ကျစ်တဲ့ တိုက်ခိုက်မှုအောက် မှာ ဒီလိုပဲ သူမ လဲကျအရှုံးပေးလိုက်ရတော့မလား...။ ဟင့်အင်း သူမ အရှုံးမပေးလိုပါ။ သူတစ်ပါးက သူမဘဝကို သတ်ခွင့်ရှိတာမဟုတ်။ သူမကိုယ်တိုင် သတ်မှသာ... သူမဘဝ သေဆုံးရမှာ။ သူမ ရှင်သန်လွတ်မြောက် ချင်သူ။ ဘယ်လောက်ပဲ အဆိုးဆုံးဘဝကို ရင်ဆိုင်ရ ရင်ဆိုင်ရ။ အဲဒီအဆိုးဆုံး ဘဝထဲကနေ ရုန်းထရှင်သန်ချင်သူ...။ အဲ့ဒီတော့ သူမ ဘာလုပ်ရမလဲ...။
သူတစ်ပါး ဖျက်ဆီးလို့ ပျက်စီးသွားတဲ့ သူမဘဝကို သူမ၏လက်များဖြင့် ပြန်လည်တည်ဆောက်မွမ်းမံရု့ပေါ့။ အဲ့ဒါသည်သူမအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပြီဆိုပါစို့...။

(ခ)
လူတစ်ယောက်ဟာ စိန်ခေါ်မှုရှိမှပဲ ဘဝမှာ ရှင်သန်ရုန်းကန်ရကျိုး နပ်တာမဟုတ်လား။ တစ်ယောက်တည်း အခန်းအောင်းနေချိန်မှာ သူမအတွက် စိန်ခေါ်မှုက တစ်နေ့ကို စာအုပ်ဆယ်အုပ်ပြီးအောင် ဖတ်နိုင်ရေးပဲဖြစ်သည်။ စိတ်ဓာတ်မြှင့်တင်ရေး စာပေတွေ၊ သုတစာပေတွေ၊ ရသစာပေတွေ... လက်လှမ်းမီသမျှ စာကြည့်တိုက်ကနေ သွားငှားပြီး သူမ နေ့နေ့ညည စာထိုင်ဖတ်ခြင်းဖြစ်သည်။ စာအုပ်တွေက လူသူငယ်ချင်းတွေထက် ပိုပြီး သစ္စာရှိကြပါသည်။ မှောင်အတိကျနေသော သူမဘဝအတွက် အလင်းရောင်စဉ်တန်းတွေ မီးမောင်းတွေ ထိုးပေးခဲ့သည်။ သူမအတွက် တီးတိုးဖော်တွေ ဖြစ်လာသည်။ သူမ အထီးမကျန်တော့။ စာအုပ်ထဲက လူတွေသည် သူမ၏အဖော်မွန်တွေ၊ သူမကို ဒုက္ခမပေးသော မလုပ်ကြံသော လောင်ကျွမ်းမှုဖြင့် မပက်တတ်သော သူငယ်ချင်းကောင်းတွေ။ သူမဘဝသည် အဓိပ္ပာယ်ရှိစ ပြုလာသည်။ လူတစ်ယောက်ရဲ့ ဘဝကို ပြန်လည်တည်ဆောက်ဖို့အတွက် အကောင်းဆုံးသော အခြေခံအုတ်မြစ်ဟာ စာအုပ်တွေပဲဆိုတာ သူမနားလည်စ ပြုလာခဲ့ပြီ...။ စာအုပ်တွေကသာ လမ်းမပြခဲ့ရင် စာရေးဆရာကြီးတွေကသာ လက်တွဲမခေါ်ခဲ့လျှင်... သူမဘဝက ဒူးထောက်လျက်သား လဲကျရာကနေ တော်တော်နှင့် ပြန်လည်ထူမတ်နိုင်တော့မှာမဟုတ်ပါ။
(ဂ)
သူမ စာတွေ ရေးတတ်လာသည်။ လူတွေအကြောင်း သစ္စာဖောက်မှုတွေအကြောင်း လုပ်ကျြံမှုတွေအကြောင်း ဘ၀တစ်ခုနှင့် တစ်ခု အလွယ်တကူ ဖျက်ဆီးရက်စက်နိုင်သူတွေအကြောင်း အရှုံးမပေးဘဲ လဲကျရာကနေ ပြန်လည်ထူမတ်ရှင်သန်ပြီး အောင်မြင်မှုကို အမိအရ ဖမ်းဆုပ်ယူနိုင်စွမ်း ရှိသူတွေအကြောင်း။ စိတ်တိုင်းကျ ရေးပြီးသမျှ စာမူတွေ မဂ္ဂဇင်းတိုက်ပေါင်းစုံ… စာတိုက်ကနေ လှမ်းပို့ရတာသည် သူမအတွက် စိတ်လှုပ်ရှားတက်ကြွ ထက်သန်ဖွယ် အလုပ်အသစ်တစ်ခု ဖြစ်လာခဲ့သည်။
ဟိုးအရင်က သူမ၏ မျက်နှာအလှအပ ကိုယ်ခန္ဓာအလှအပတွေဖြင့် မော်ဒယ်လ်လောကမှာ အောင်မြင်မှု တစ်နေရာစာ ရရှိဖို့ သူမ အားကြိုးမာန်တက် ကြိုးစားခဲ့ဖူးသည်။ အသုံးချသင့်သမျှ လူတွေကို အသုံးချခဲ့သည်။ မယာနှင့် ဖမ်းစားဖို့လည်း ၀န်မလေးခဲ့… အချင်းချင်း နင်းတက်ကျော်ဖြတ်သွားဖို့ကိုလည်း လှပသော အပြုံးကလေး တစ်ခုနှင့် ဟန်လုပ်ပြီး သူမ အနိုင်ယူခဲ့ဖူးသည်။ အောင်မြင်မှုသရဖူအတွက် သူမ၏ ကျော်ကြားမှုအတွက် ဘာကိုမှ သူမ၀န်လေးတွန့်ဆုတ်ခြင်းမရှိခဲ့။
အခုတော့ စာရေးရသော အလုပ်သည် သူမတစ်ယောက်တည်း။ ဘယ်သူ့ကိုမှ ကောက်ကျစ်လှည့်စားဖို့ မလို၊ အပြိုင်အဆိုင် လုပ်ဖို့ မလို၊ အခွင့်အရေးတွေလည်း သူတစ်ပါးနှင့် လုယူစရာမလို။ တစ်ခုတည်းပဲရှိသည်။ ရိုးသားမှု မျှဝေခံစားမှု။ သူမရေးချင်တာကို ရိုးသားစွာရေးသည်။ သူမ သိထားသမျှကို သူများတွေလည်း သိနိုင်အောင် မျှဝေခံစားသည်။ ဒါပဲ… အဲ့ဒါထက် ဘာမှပိုပြီး သူမ မမျှော်လင့်။ အောင်မြင်ကျော်ကြားမှုဆိုတာ ကိုလည်း သူမ ငမ်းငမ်းတက် မမျှော်လင့်တော့…။ ဘ၀မှာ လုပ်ချင်တာကို ရိုးသားစွာလုပ်ခွင့်ရနေလျှင် သူမ ကျေနပ်ပြီ။ ထိုစာမူခနှင့် သူမ… ထမင်းစားနိုင်ပြီ။ သူမ… မငတ်တော့။ စာတွေ အဆက်မပြတ် ရေးခွင့်ရလာသည်။ ဖတ်ချင်သော စာတွေ ဖတ်ခွင့်ရသည်။ အခန်းကျဉ်းကျဉ်း စားပွဲကလေးပေါ်ကနေ ရေးလိုက်သော အရုပ်ပျက် အဆင်းပျက် မိန်းမတစ်ယောက်၏ လှပသော အတွေးအခေါ် အာရုံခံစားမှု အသိဥာဏ် ဗဟုသုတ…. အဲ့ဒါတွေနှင့် ထုံမွှမ်းထားသော သက်ဝင်သည့် စာပေတွေသည်… ပရိသတ်၏ နှလုံးသားဆီ ထိုးဖောက်ဝင်ရောက် စီးဆင်း ပျံ့နှံ့နေခဲ့ပြီ..။ ပရိသတ်တွေဆီက စာတွေ တဖွဲဖွဲရောက်လာသည်။ မဂ္ဂဇင်းတိုက်တွေဆီက စာမူတွေ လှိုက်လှဲစွာ တောင်းခံလာကြသည်။ သူမ၏ အခန်းကလေး အမှောင်အတိ ကျမနေတော့။ အထီးကျန်ခြင်း အားငယ်ခြင်း ဖျက်ဆီးခံရခြင်းဖြင့် ကြေမွတိတ်ဆိတ်မနေတော့…။ အလင်းရောင်ကို သူမကိုယ်တိုင် ထွန်းညှိလိုက်မှတော့ ဘယ်သူက မှောင်အောင် လုပ်နိုင်တော့မှာလဲ…။ ဘ၀မှာ တွန်းချဖျက်ဆီးခံရတာက သူတစ်ပါးရဲ့ တာဝန်ပါ။ ပြန်ရုန်းကန် ထူမတ်ထနိုင်ဖို့က ကိုယ့်တာဝန် သူမ၏ ဘ၀တစ်ခုကို သူမမှလွဲပြီး ဘယ်သူမှ ဖျက်ဆီးလို့မရပါ။

လွန်းထားထား(ဆေးတက္ကသိုလ်)
ကလျာ စက်တင်ဘာ ၂၀၁၀


Related Posts Plugin for WordPress, Blogger...