ဖူးစာနှစ်ကံပြိုင်


ဖူးစာနှစ်ကံပြိုင် ဇာတ်ကားကို ဒီနေရာမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါပြီ။

လွန်းထားထား(ဆေးတက္ကသိုလ်)

သမီးက လိမ္မာပါတယ် မေမေ...


(က)
 “May May... Please don't shout at me. 
If you shout at me, I feel so miserable." တဲ့။
အသက်ခြောက်နှစ်အရွယ်သမီးကလေးက သူ့ကိုဆူမိတဲ့ ကျွန်မကို ပြန်ပြောလိုက်တဲ့ စကားလေးပါ။ ထိုစကားလေး ကြားလိုက်ရချိန်မှာ ကျွန်မစိတ်မကောင်း ဖြစ်သွားရပါတယ်။ ဟုတ်သားပဲ...။ ကလေးတွေဟာ သူတို့ကို ဆူတာ မကြိုက်ပါဘူး။ ကျွန်မငယ်ငယ်ကလည်း အဆူခံရတိုင်း အရမ်းဝမ်းနည်းအားငယ် တတ်ခဲ့တာပါ။ သမီးလေးလို သူ့ခံစားချက်လေးကို ပြန်ပြောပြသလို မပြောပြခဲ့ဘဲ ကိုယ့်ဘာသာ စိတ်ကောက်နာကျင်နေတတ်ခဲ့တာ...။ ကလေးတွေဟာ အဆူခံရတဲ့အခါတိုင်း သူတို့အရွယ်ကလေးနဲ့သူ စိတ်ဖိစီးမှု ခံစားရတတ်ပါတယ်။ ခဏခဏ အဆူခံရရင် သူတို့ကို သူတို့ ယုံကြည်မှုအားနည်းသွားတတ်တာမျိုး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအားနည်းသွားတတ်တာမျိုး သူတို့ကိုယ်သူတို့ အပြစ်ရှိသလို ခံစားနေရတတ်တာမျိုး ဖြစ်နိုင်ပါတယ်။
နောက်ပိုင်းတော့ ဒေါသထွက်မိရင် သူ့ကို မအော်မိအောင် အပြစ်မတင်မိအောင် ကျွန်မသတိထားပြီး ချုပ်ထိန်းရပါတယ်။ ဒေါသထွက်နေတုန်း စကားမပြောမိအောင် အသံတိတ်ပြီး သူ့ကို စိုက်ကြည့်နေလိုက်ရင် သူကလည်း အမေ့ရဲ့ မျက်နှာအရိပ်အကဲကို အမြဲကြည့်နေတတ်သူမို့ ချက်ချင်းရိပ်မိပါတယ်။
“မေမေ... မီးလေးကို စိတ်ဆိုးနေတာလားဟင်” တဲ့။ ချက်ချင်း မေးတတ်ပါတယ်။ အဲ့ဒီအခါ ကျွန်မက သူ့ရဲ့အပြစ်ကို ပုံမှန်လေသံနဲ့ ရှင်းပြရင်း အဲ့ဒီအပြုအမူဟာ မကောင်းတဲ့အကြောင်း "Bad behaviour" ဖြစ်ကြောင်း၊ သူအဲ့ဒီလို ဆိုးလိုက်တဲ့အခါ မေမေ စိတ်ထိခိုက်ဝမ်းနည်းရကြောင်း ကျွန်မရဲ့ခံစားချက်ကိုပါ ထည့်ပြောပြတဲ့အခါ သူက ချက်ချင်းပဲ ပြန်တောင်းပန်တတ်ပါတယ်။ "Sorry ပါ မေမေ.. I didn't mean it" လို့ ပြောတဲ့အခါ.. ကျွန်မ စိတ်ဆိုးမိတာလည်း အမြန်ကျေပျောက်ရပါတယ်။ ဒါကြောင့် ကလေးတွေကို ဆူပူအပြစ်တင်တာထက် အကျိုးအကြောင်းရှင်းပြပြီး သူနားလည်အောင် သွန်သင်တာဟာ ပိုပြီးထိရောက်တယ်လို့ ကျွန်မက မှတ်ယူပါတယ်။
(ခ)
"May May... if you love me, please hug me and kiss me. If you kiss me, I'm the happiest person in the whole wide world." တဲ့..။
တစ်ခါတစ်ခါ သူ့ကို သိပ်ချစ်မိတဲ့အခါ... သူ့ကို ခပ်တင်းတင်းပွေ့ဖက်ပြီး နမ်းမိတဲ့အခါ တစ်ခစ်ခစ် သဘောတကျ ရယ်မောစွာနဲ့ ပြန်ပြောတတ်တဲ့စကားလေးပါ။ ဟုတ်ပါတယ်... ကလေးတွေအတွက် မိဘရဲ့ နွေးထွေးတဲ့ ပွေ့ဖက်ယုယမှုနဲ့ ချစ်မြတ်နိုးစွာ နမ်းရှိုက်ခြင်းကို ခံရတာလောက် လုံခြုံပျော်ရွှင်ဖွယ်ကောင်းတာ ရှိမယ်မထင်ပါ။ “သမီးလေးကို ချစ်လိုက်တာ” လို့ ကျွန်မ တဖွဖွ ရေရွတ်တတ်ပါတယ်။ အဲ့ဒီအခါတိုင်း သမီးလေးဟာ ကျေနပ်ပီတိဖြာတဲ့ ရုပ်ကလေးနဲ့...
“မီးလေးက မေမေ့ကို မေမေချစ်တာထက် ပိုချစ်တယ်” လို့ ပြန်ချွဲတတ်သူပါ။ ချစ်ခြင်းမေတ္တာလောက် ကလေးငယ်တစ်ယောက်ရဲ့ စိတ်နှလုံးကို ရဲရင့်လုံခြုံစေနိုင်စွမ်းတဲ့အရာ မရှိတော့ပါဘူး။ မိဘရဲ့ အပြည့်အဝ ချစ်မြတ်နိုး ဂရုစိုက်ခြင်းကို ခံယူရတဲ့ ကလေးတိုင်းဟာ တခြားကလေးငယ်တွေထက်ပိုပြီး သဘောထားပြည့်ဝရင့်ကျက်တယ်လို ကျွန်မယူဆပါတယ်။ မျက်နှာကလေးတွေကအစ မကျေနပ်ရိပ်ကင်းစင်ပြီး ကြည်လင်ဝင်းလက်လို့ နေတတ်ပါတယ်။ အချစ်ခံရတဲ့ကလေးတွေဟာ လိမ္မာရေးခြားလည်း ပိုရှိပြီး အသိဉာဏ်ပညာလည်း ပိုရင့်သန်တတ်ပါတယ်။
ဒါ့ကြောင့်...  ကျွန်မ သမီးလေးကို အချစ်တွေ အပြည့်အဝအလျှံပယ် ပေးလေ့ရှိပါတယ်။
(ဂ)
“မေမေ... I'll do my best, OK!” တဲ့။ 
သူ့ကို အိမ်စာလုပ်ခိုင်းရင်ဖြစ်စေ... သင်္ချာတို့ အင်္ဂလိပ်စာတို့ Reasoning ဆိုင်ရာ Accessment တွေ လုပ်ခိုင်းတိုင်း သမီးလေးရေရွတ်တတ်တဲ့စကားပါ။ သူလိုအပ်တာက မိခင်ဆီက အားပေးယုံကြည်မှုပဲ ဖြစ်လိမ့်မယ်လို့ ကျွန်မခံစားရပါတယ်။
“မေမေသိတာပေါ့... သမီးလေးရဲ့။ သမီးလေးတော်တာ... မေမေယုံပြီးသား။ အကောင်းဆုံးလုပ်ရမှာပေါ့။ ဒါမှ သမီးလေးအောင်မြင်မှာ” ဆိုတဲ့ ကျွန်မရဲ့ အားပေးချီးမြှောက်တဲ့စကားကြောင့် သူ လန်းဆန်းတက်ကြွစွာနဲ့ ကြိုးကြိုးစားစားလုပ်နေတာမြင်ရတော့ ကလေးငယ်တွေ တကယ်လိုအပ်တဲ့အရာဟာ မိဘဆီက ချီးမွမ်းစကားနဲ့ယုံကြည်မှုပဲလို့ ကျွန်မနားလည်ရပါတယ်။ သမီးလေးက စာရေးစာဖတ် အရမ်းဝါသနာပါတာ... ချစ်ဖို့ကောင်းပါတယ်။ အိမ်စာတွေဆို ကျောင်းကနေပြန်ရောက်တာနဲ့ ချက်ချင်းထိုင်လုပ်တတ်တာမို့ စာနဲ့ပတ်သက်ရင် သိပ်မတိုက်တွန်းရပါ။ Accessment တွေ ဘယ်လောက်များများပဲ လုပ်ခိုင်း လုပ်ခိုင်း များလိုက်တာလို့ မညည်းညူတတ်ပါ။ အကူအညီလိုအပ်ရင် လာမေးတတ်တာကလွဲပြီး သူမဘာသာ တကုပ်ကုပ်နဲ့ လုပ်နေတတ်တာပါ။ သူ အလုပ်တွေပြီးသွားတဲ့အခါ ကျွန်မက...
“ဟယ်... မေမေ့သမီးကလေးက တော်လိုက်တာဟယ်... ကြည့်စမ်း” လို့ တလှိုက်တလှဲ ချီးမွမ်းပြီး သူ့ကို “ဆု” ပးရပါတယ်။ အဲဒီ“ဆု”ဟာ ချောကလက်ဖြစ်စေ.. ကွန်ပျူတာ ကစားခွင့်ဖြစ်စေ... တီဗွီကြည့်ခွင့်ဖြစ်စေ... တစ်ခုခုပေါ့။ ချီးမွမ်းခြင်းနဲ့“ဆု”ဟာ ကလေးတွေကို အလုပ်ကို တက်ကြွထက်သန်စွာ မက်မက်မောမော စိတ်ဝင်တစားလုပ်ကိုင်တတ်အောင် ညှို့ငင်ဆွဲဆောင်နိုင်စွမ်း ရှိလှပါတယ်။
(ဃ)
“မေမေ.. Please don't worry. I'm fine. I'm gonna be OK. The more you worry, the more you become coward.”
သူကလေးအတွက် စိုးရိမ်ပူပန်လွန်တတ်တဲ့ကျွန်မကို သူက ပြန်နှစ်သိမ့်တတ်တဲ့စကားလေးပါ။ တစ်ခါတစ်ရံမှာ ကလေးတွေဟာ မယုံနိုင်စရာကောင်းလောက်အောင်ကို လူကြီးတွေထက် ပိုပြီး ရင့်ကျက်သိတတ်နေပြန်သေးတာပါ။ တစ်နေ့တစ်နေ့ ကျောင်းခန်းထဲမရောက်မချင်း... ကားမောင်းရင်းလည်း ကားပေါ်မှာ အတန်းဆီအထိ လိုက်ပို့နေရင်းလည်း လမ်းမှာ... ထမင်းဗူးကို ကုန်အောင်စားဖို့... အမြင့်တွေ လျှောက်မတက်ဖို့... အရမ်းမပြေးဖို့... ရေဗူးကို ကုန်အောင်သောက်ဖို့.. ရေကူးပြီးရင် ဆံပင်တွေခြောက်အောင်သုတ်ဖို့... စသဖြင့် တတွတ်တွတ်မှာမပြီးတတ်တဲ့ ကျွန်မကို သူ စိတ်ရှည်လက်ရှည်နဲ့ “ဟုတ်ကဲ့” လိုက်ပေးရှာတာကလေးက ကျေးဇူးတင်စရာပါ။
မအေက စိတ်ပူတတ်လွန်းတာကို မကြိုက်လှပေမယ့် သည်းခံနားထောင်ပေးဖော်ရပြီး ကျွန်မစိတ်မပူအောင် အဲ့ဒီစကားကလေးနဲ့ ကျွန်မကို ပြန်နားချတာပေါ့လေ။ ကလေးတွေဟာ လူကြီးတွေရဲ့ ပူပန်ကြောင့်ကြတာတွေကို မလိုချင်ဘူး။ သူတို့ဟာ အမှီအတွယ်ကင်းကင်းနဲ့ လွတ်လပ်စွာ ရှင်သန်ကြီးထွားလိုသူတွေပါ။ နွယ်ပင်ကလေးတွေလို... လောင်းရိပ်ပင်ကလေးတွေလို... မိဘကို မမှီတွယ်ချင်တတ်တာကို တစ်ခါတစ်ရံမှာ ကျွန်မနားလည်နိုင်ဖို့ အတော်ကြိုးစားယူရပါတယ်။
ကျွန်မရင်ခွင်ထဲမှာ သူ့ကို တစ်ချိန်လုံး ဝှက်ထားလို့ မရနိုင်ဘူးလေ။ တစ်နေ့ထက်တစ်နေ့ သူ့အတောင်ပံတွေဟာ အားကောင်းသန်မာလာတော့မှာ..။ သူကလေးကို လွတ်မြောက်ခွင့် ပျံသန်းခွင့် ကျွန်မ မပေးမဖြစ်ကို ပေးရမှာပါလေ။ အင်း... ကျွန်မနှလုံးသားကို ရင့်ကျက်အောင် လေ့ကျင့်ယူဖို့တော့ ကျွန်မ အချိန်အများကြီး ယူရဦးမှာပါ။

လွန်းထားထား(ဆေးတက္ကသိုလ်)
၁၁-၁၀-၂၀၁၁

အဓိပ္ပါယ်ရှိသောလူ


(က)
သူ့ကို သူမသိခဲ့တာ ကြာပါပြီ။ ရှင်းသန့်ကြည်လင်သော ရုပ်သွင်.... အေးချမ်းတည်ငြိမ်သော အမူအရာ... သိမ်မွေ့ငြိမ်းချမ်းလှသော အပြုအမူလှုပ်ရှားမှုတွေနှင့်... ဆရာဝန်ဆိုသော ဂုဏ်ဒြပ်နှင့် အညီ... မေတ္တာ ဂရုဏာတရားတို့ လွှမ်းခြုံထားသောကြောင့် သူ့ကိုမြင်တိုင်း လေးစားအားကျစိတ်ဖြင့် သူမ တိတ်တ ဆိတ် စောင့်ကြည့်မိပါသည်။ ဆရာဝန်အစ်ကိုကြီးဆိုသော အထင်ကြီးစိတ်က အရှိန်အ၀ါကြီးတစ်ခုလို သူမအား လွှမ်းမိုးထားတတ်၏။ သူ့မျက်နှာကို မြင်ရလျှင် လူနာတွေ ရောဂါတ၀က် သက်သာနိုင်လောက်ပါ၏။ ဆယ်တန်းကျောင်းသူကလေးတစ်ယောက်၏ အမြင့်မားဆုံးဆန္ဒမှာ ဆယ်တန်းကို ဂုဏ်ထူးတွေ တသီကြီးနှင့် အောင်မြင်ဖို့ ဆေးကျောင်းတက်ခွင့်ရဖို့ ဆိုသော ရည်မှန်းချက်ဖြစ်သည်မို့... ဆရာဝန်တောင် ဖြစ်နေပြီဖြစ်သော လူတစ်ယောက်သည်... သူမအတွက်တော့ စံပြထားစရာ... သူရဲကောင်း တစ်ယောက်ဖြစ်သည်။
သူနေသောတိုက်ခန်းသည် သူမတို့တိုက်ခန်းတွေနှင့် မျက်နှာချင်းဆိုင်ဖြစ်ကာ သူမ၏ အခန်းက တစ်ထပ်ပိုမြင့်သည်မို့ သူတို့ ဧည့်ခန်းတစ်ခုလုံးကို စီးမိုး၍ မြင်ခွင့်ရထားပါသည်။ သူမ၏ စာကြည့်စားပွဲမှာ ၀ရံတာမှာရှိလေသောကြောင့် စာဖတ်ရင်း သူမ၏မျက်ဝန်းတွေက သူ့ရဲ့ဧည့်ခန်းဆီမှာသာ အနေများတတ်သည်။ စိတ်ဓာတ်အင်အားဆိုသည်မှာ ဓာတ်ကူးယူလို့ရသလိုပင်... သူ့ရဲ့တက်ကြွသွက်လက်သော လှုပ်ရှားမှုများကို မြင်ရရုံဖြင့် သူမပါ အလိုလို တက်ကြွလန်းလာတတ်ပါ၏။ သူ့ကိုမြင်တိုင်း သူ့လို ဆရာဝန်ဖြစ်ချင်စိတ်တွေ... ထက်သန်လာကာ စာကြိုးစားချင်စိတ်တွေ ရင်ထဲမှာ ပြင်းပြလာတတ်မြဲ။
လူတစ်ယောက်၏ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရင်း... သူ့အပြုအမူတိုင်းကို အတုခိုးကူးယူမိနေခြင်းသည် သူမအတွက်တော့ အဓိပ္ပါယ်ရှိလွန်းလှပါသည်။
(ခ)
မနက်ငါးနာရီဆို သူနိုးနေကျ...။ ဧည့်ခန်းခေါင်းရင်းဘက်မှာ ဘုရားစင်ထားသောကြောင့်... ဘုရားစင်ရှေ့မှာ သူငြိမ်ငြိမ် မတ်မတ်ထိုင်ကာ... တရားထိုင်နေသော မြင်ကွင်းကို စောင့်ကြည့်မိသော အချိန်တိုင်း.... သူမရင်ထဲ ငြိမ်းချမ်းကြည်မွေ့လွန်းရမြဲ။ တစ်နာရီအတိထိုင်ပြီး မေတ္တာပို့ အမျှဝေကာ သူ ကြေးစည်ထုတတ်ပါသည်။ မနက်စောစော သူ့ကြေးစည်သံကလေးက အလွန်စိတ်ကြည်နူးဖွယ်ရာ..။ ပြီးလျှင် သူ့ကို ၀ရံတာထွက်လာတာ မြင်ရမည်။ နို့ဆီဗူးထဲမှ ဆန်တွေ အိမ်ရှေ့ဆီ ဖြန့်ကျဲချိန်ကို အသင့်စောင့်နေကြသော ခိုတစ်အုပ်ကြီး အိမ်ရှေ့မှာ စုရုံးရောက်ရှိလာကာ အစာစားကြသော မြင်ကွင်းက ပီတိဖြစ်စရာ...။ သူ့မျက်နှာသည်... နူးညံ့သိမ်မွေ့နေတတ်၏။ ပြီးလျှင် သူအိမ်ထဲ ပြန်ဝင်သွားမည်။ သူ့ကို မမြင်ရတော့ချိန်မှာ သူမလည်းကျောင်းသွားဖို့ ပြင်ဆင်ရပြီ။
သူဆေးရုံသွားချိန်သည် သူမလမ်းထွက်ပြီး ကျောင်းကားစောင့်ချိန်... သူက ဘတ်စ်ကားမှတ်တိုင်ဆီ လမ်းလျှောက်သွားချိန်ဖြစ်သည်။ ကော်လံကတုံးနှင့် ရှပ်အင်္ကျီဖြူလွှလွှသန့်သန့်နှင့် ချည်ပုဆိုးကွက်စိပ် ကလေးတွေ အမြဲဝတ်တတ်သည်ကို သူမပင် အလွတ်ရနေခဲ့ပြီ။ သူက ဘေးဘီဝဲယာဆီ သိပ်မကြည့်တတ်သူမို့ သူမနှင့်မျက်လုံးချင်း ဘယ်တော့မှ ဆုံလေ့မရှိတတ်ပါ။ သားရေအနက်ဆေးအိတ် ကလေးနှင့် ထမင်းဗူးကလေးကိုင်ကာ ဘတ်စ်ကားမှတ်တိုင်ဆီ ခြေလှမ်း မှန်မှန်နှင့် လျှောက်သွား တတ်သောသူ့ကို သူမ မျက်စိတစ်ဆုံး ငေးကြည့်မိမြဲ။
သူမကျောင်းကပြန်လာချိန်မှာ သူ ဆေးရုံကနေ ပြန်မရောက်တတ်သေးပါ။ သူမ ရေမိုးချိုးပြီး ခဏတဖြုတ်နားချိန်မှာ သူပြန်ရောက်လာတတ်သည်။ ဧည့်ခန်းမှာ သူ့ကို စာအုပ်ဖတ်လျက်ဖြစ်စေ တွေ့ရတတ်ပါ၏။ ညနေခြောက်နာရီဆို သူဘုရားစင်ရှေ့မှာ တရားထိုင်နေပြီ။ တစ်နာရီအတိ...။ မေတ္တာပို့၊ အမျှဝေကာ ကြေးစည်ထုသံကလေးကို စောင့်နားထောင်ရင်း သူမစာဖတ်ရသည်။ ပြီးလျှင် သူခဏပျောက်သွားကာ... ညရှစ်နာရီလောက်မှာ စာကြည့်စားပွဲထိုင်ကာ... စာဖတ်နေတတ်သည်။ တစ်ခါတစ်ရံ ညဂျူတီရှိချိန်များဆိုလျှင်တော့ သူ့ကို ညပိုင်းနှင့် မနက်ခင်းအစောပိုင်းမှာ မတွေ့ရတော့။ ထိုအခါမျိုးမှာ သူမစိတ်ထဲ လှပ်ဟာဟာနှင့်... တစ်ခုခု လိုအပ်နေသလိုပဲ ခံစားမိပါသည်။ သူ့ကိုမြင်နေရလျှင် သူ့ဆီက စိတ်ဓာတ်အင်အားတွေ... သူ့လိုတော်ချင်စိတ်တွေ... ဘဝကိုစနစ်တကျ သေသေသပ်သပ်နေထိုင်တတ်ပုံတွေကို သူ့ဆီကနေ အတုခိုး လေ့လာသင်ယူခွင့် ရသည်မဟုတ်လား။ သူ့အတွက် သူမသီးသန့်ပေးထားသော နာမည်တစ်ခု ရှိပါသည်။ “လမ်းပြကြယ်” တဲ့။
(ဂ)
သူမဆယ်တန်းအောင်တဲ့နေ့က... သူ့ကို ပြေးတွေ့ပြီး... ကျေးဇူးတင်စကားပြောချင်လိုက်သည်မှာ ဆိုဖွယ်မရှိပါ။ ဆယ်တန်းကို လေးဘာသာဂုဏ်ထူးဖြင့် သူမ အောင်ခဲ့ပါပြီ။ သူမ ဆေးကျောင်းတက်ခွင့်ရချင်ပါသည်။ သူ့လိုပဲ အေးချမ်းတည်ငြိမ်သော ဆရာဝန်တစ်ယောက် ဖြစ်ချင်သေး၏။ ဖြစ်နိုင်လျှင် လုပ်ငန်းခွင်မှာ သူနှင့်အတူ ပြန်ဆုံချင်ပါသေးသည်။ သူ့ဆီကနေ လေ့လာသင်ယူစရာတွေ အများကြီး။ သူကိုယ်တိုင်တောင်မသိလိုက်ဘဲ သူ့ရဲ့ နေထိုင်မှုပုံစံဟာ တခြားသူတစ်ယောက်အတွက် စံတစ်ခုဖြစ်ခဲ့ကြောင်း သူ့ကို ဖွင့်ပြောပြချင်ခဲ့တာပါ။ ခက်တာက သူမက မိန်းကလေးတစ်ယောက်မို့ မျက်လုံးချင်းတောင် ဆုံခွင့်မရခဲ့သော ယောက်ျားလေးတစ်ယောက်ကို အတင်းလိုက်ပြီး စကားပြောဖို့ရာလည်း သူမသတ္တိမရှိပြန်ပါ။ သူမ အကြိမ်ကြိမ်ကြိုးစားခဲ့ပါသေးသည်။ မအောင်မြင်ခဲ့...။ သူ့အနားရောက်လျှင် သူ့ရဲ့တည်ငြိမ်လေးနက်သော အမူအရာကြောင့် အလိုလိုရှိန်ကာ ခြေဖျားလက်ဖျားတွေ အေးစက်လျက်... စကားစဖို့သတ္တိကင်းမဲ့စွာ အလိုလို နောက်ဆုတ်ပြန်လာခဲ့ရသည်ချည်းပါ။ ဒီလိုနဲ့ပဲ သူ့ရဲ့ တစ်နေ့တာ နေထိုင်ပုံတွေကို.. ရုပ်ရှင်တစ်ကားလို နေ့စဉ်ပုံမှန်မရိုးနိုင်အောင် စောင့်ကြည့်ရင်း သူတရားထိုင်ချိန်ဆို သူမပါ ဘုရားစင်ရှေ့သွားပြီး တရားလိုက်ထိုင်... သူ စာဖတ်ချိန်ဆို သူမပါ စာအုပ်တစ်အုပ်အုပ်လိုက်ဖတ်နေရင်းဖြင့် သူ့ဘဝကို သူမဘဝဖြစ်အောင် ပုံတူကူးယူနေမိရင်း... ဆေးကျောင်းတက်ခွင့်ရအောင် စောင့်ဆိုင်းနေခဲ့ပါသည်။ 
(ဃ)
လောကကြီး တကယ်ပဲ ဆန်းကြယ်လွန်းခဲ့သည်။ လုံးဝထင်မှတ်မထားသော အလှည့်အပြောင်းတစ်ခုဖြင့် လူတွေကို အံ့ဘနန်းဖြစ်အောင် မျက်လှည့်ပြတတ်ပါသေးသည်။ သူမက ရိုးရိုးစင်းစင်းတွေးထားခဲ့သော လူတစ်ယောက်၏ဘဝသည် မယုံနိုင်စရာကောင်းလောက်အောင် ချိုးကွေ့သွားခဲ့ခြင်းဖြစ်ပါသည်။ သူမ ဆေးကျောင်းပထမနှစ် စတက်သောနှစ်မှာ သူ့အိမ်မှ ဖိတ်စာတစ်စောင် လာပို့ခဲ့ပါ၏။ “ရဟန်းခံအလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ” တဲ့။ ပြီးတော့ ဖိတ်စာကိုယ်တိုင်လာပို့သော သူ့မေမေ၏ မျက်နှာက တစ်မျိုးထူးဆန်းနေခဲ့ပါ၏။ “လာဖြစ်အောင် ဆက်ဆက်လာခဲ့ကြပါနော်... သားက ရဟန်းဘောင်ကို ရာသက်ပန် အပြီးဝင်တော့မှာပါ” တဲ့။ ထိုစကားကိုကြားရတော့ သူမတစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတွေ စိမ့်ဖြာသွားသည်အထိ အံ့သြမင်သက်သွားခဲ့မိခြင်းဖြစ်သည်။ မိခင်၏မျက်နှာပေါ်က ကြည်နူးပီတိနှင့် ဂုဏ်ယူဝမ်းမြောက်မှုကို ကျွန်မ ရှာတွေ့ခဲ့ပါ၏။ မေမေက အံ့သြလို့ မဆုံးနိုင်...။
“အို... အစ်မကြီးရယ်... သားလေးတစ်ယောက်တည်းရှိတာ.. ပြီးတော့ သူက ဆရာဝန်ကလေးမှတ်လား... ဘယ်လိုဖြစ်လို့ ဘုန်းကြီးအပြီးဝတ်လိုက်ရတာလဲဟင်.. လူဘဝမှာ သူမပျော်လို့လားဟင်”
“သားက သူ့ဘဝကို ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားပြီးသား ညီမရဲ့... ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့တာကလည်း အမေက ငါ့သားလေးကို ဆရာဝန်အဖြစ် မြင်ချင်လိုက်တာဆိုလို့ ဆရာဝန်ဖြစ်တဲ့အထိ အမေစိတ်ချမ်းသာအောင် လုပ်ပေးခဲ့တာပါ။”
သူ့မေမေတော့ ဘယ်လိုနေသည်မသိပါ။ သူမမှာတော့ ရင်ထဲမှာ တလှပ်လှပ်နှင့် သူ့ရဲ့စိတ်ကို လေးစားကြည်ညို၍ မဆုံးနိုင်ခဲ့ပါ။ 
(င)
လူ့ဘဝမှာတော့ စကားတစ်ခွန်းမှ မဆိုဖြစ်ခဲ့သော မျက်လုံးချင်ပင် မဆုံဖြစ်ခဲ့သော သူ့ကို ဦးဇင်းဘဝမှာ စကားဆိုခွင့် ရခဲ့ပါပြီ။ ရဟန်းအဖြစ် မယ်တော်အိမ်ကို ဆွမ်းခံကြွလေ့ရှိသောကြောင့် သူမကပါ အိမ်ကို ဆွမ်းခံကြွပေးပါရန် လျှောက်ထားခဲ့လိုက်ပါ၏။ နေ့စဉ် ဆွမ်းထမင်း ဆွမ်းဟင်း ချက်သော တာဝန်ကို သူမ ကိုယ်တိုင် ယူထားကာ ဦးဇင်း ဆွမ်းခံကြွလာလျှင် သူမကိုယ်တိုင် ကြည်ညိုလေးမြတ်စွာ ဆွမ်းလောင်းလှူ ရိုသေစွာ ရှိခိုးကန်တော့ပါ၏။ ထိုတဒင်္ဂကလေးဖြစ်ပင် သူမ၏တစ်နေ့တာ လှပသက်ဝင်ကာ အဓိပ္ပာယ်ရှိရစမြဲ။ 
ဦးဇင်း၏ တည်ငြိမ်နက်ရှိုင်းလွန်းသော ဣနြေ္ဒသိက္ခာသည် ရဟန်းဘဝနှင့် အလိုက်ဖက် အတင့်တယ်ဆုံးပဲ ဖြစ်သည်။ နေ့စဉ်ဆွမ်းခံကြွလာတိုင်း မျက်လွှာချလျက် ဆွမ်းခံယူပြီးလျှင် စကားတစ်ခွန်းမျှမဟဘဲ အေးအေးချမ်းချမ်းပြန်ကြွသွားလေ့ရှိသော ဦးဇင်းကို တစ်နေ့တော့ အရဲစွန့်သတ္တိမွေးကာ စကားလျှောက်ထားလိုက်မိပါ၏။ 
“ဘုန်းဘုန်းကို လျှောက်ထားစရာလေးတစ်ခုရှိလို့ ခွင့်ပြုတော်မူပါဘုရား”
“လျှောက်နိုင်ပါတယ် ဒကာမလေး”
ဦးဇင်းရဲ့အသံကို ပထမဆုံး ကြားခွင့်ရလိုက်ခြင်း ဖြစ်ပါသည်။
“ဦးဇင်းကတော့ သတိထားမိချင်မှ ထားမိမှာပါ... တပည့်တော် အခု ဆေးကျောင်းတက်ခွင့်ရခဲ့တာ ဘုန်းဘုန်းရဲ့ကျေးဇူးတွေ အများကြီး ပါပါတယ်ဘုရား။ ဘုန်းဘုန်းကို အားကျအတုယူပြီး ကြိုးစားခဲ့ရတာပါ။ ဘုန်းဘုန်းက တပည့်တော်မရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။ ဘုန်းဘုန်း ဆရာဝန်တစ်ယောက် ဖြစ်ခဲ့ပြီးမှ ဘုန်းကြီးဝတ်လိုက်တာကို အရမ်းလည်း အံ့သြမိတယ်။ ဘုန်းဘုန်းရဲ့ ခံယူချက်ကလေးကိုလည်း သိခွင့်ရရင် သိချင်ပါတယ်ဘုရား”
ဦးဇင်းရဲ့ မျက်နှာက ပိုပြီးလေးနက်တည်ငြိမ်သွားခဲ့ပါသည်။ အဲ့ဒီနောက်မှာတော့ ဦးဇင်းထံမှ စကားသံတစ်ချို့ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့ပါ၏။ သူမက လက်အုပ်ကလေးချီထားလျက် ငြိမ်သက်စူးစိုက်စွာ နားထောင်နေမိပါသည်။
“လူတစ်ယောက်ဟာ သူ ဘာဖြစ်ဖို့ မွေးဖွားလာခဲ့တယ်ဆိုတာ အစကတည်းက ပါလာခဲ့ပြီးသားပါ။ တချို့က နိုင်ငံခေါင်းဆောင်ဖြစ်ဖို့... နိုင်ငံရေးသမားဖြစ်ဖို့... ဆရာဝန်ဖြစ်ဖို့... စာရေးဆရာ ပန်းချီဆရာ အနုပညာသမားဖြစ်ဖို့  မွေးဖွားလာခဲ့တာ... ဦးဇင်းကတော့ ရဟန်းဖြစ်ဖို့ကို မွေးဖွားလာခဲ့တာပါ။ သူတော်ကောင်းတွေနေတဲ့အရပ်မှာ သူတော်ကောင်းတွေ ကျင့်ကြံနေထိုင်အပ်တဲ့ ဝိနည်းနဲ့ သူတော်ကောင်းတရားကို ပွားများအားထုတ်တာဟာ ဦးဇင်းဘဝရဲ့ အဓိပ္ပာယ်အနှစ်သာရပါ ဒကာမလေး။ ဒါမှ ဦးဇင်းအသက်ရှင်နေထိုင်ရကျိုး နပ်မယ်။ ရဟန်းဘဝဟာ အမြတ်ဆုံးနဲ့ အရိုးရှင်းဆုံးဘဝပဲ..။ ဒီဘဝကို ဦးဇင်းဘယ်တော့မှ မစွန့်တော့ဘူး။ လူတစ်ယောက်က သူနေပျော်တဲ့ဘဝမှာ နေထိုင်ရမှ အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်တာပါ”
အသံက ကြည်လင်သိမ်မွေ့သလောက် ရဲရင့်ပြတ်သားမှုလည်း အပြည့်ရှိပါသည်။ သူမတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းကလေးများပင် စိမ့်ပြာသွားတဲ့အထိ ပီတိလှိုင်းတွေ ရင်ဆီလာရောက် ရိုက်ခတ်သွားခဲ့တာပါ။ သူမ ဦးဇင်းရဲ့ မျက်နှာကို ကြည်ညိုလေးမြတ်ခြင်းများစွာနဲ့ စိုက်ငေးကြည့်မိလို့...
“ဘုန်းဘုန်း ရာသက်ပန်အပြီး ဘုန်းကြီး ဝတ်တော့မှာပေါ့နော်..”
“ဟုတ်တယ် ဒကာမလေး။ မြတ်စွာဘုရားရှင်ကို ကြည်ညိုလွန်းလို့။ ဘုရားရှင်ရဲ့ တရားတော်တွေကို လေ့လာသင်ယူဖို့ ရဟန်းဘဝနဲ့ မြတ်စွာဘုရားရဲ့ သားတော်အဖြစ် ခံယူလိုက်တာပါ။ ရဟန်းဆိုတာ အစားကို တစ်နပ်ပဲစားတယ်။ အဝတ်ကို သင်္ကန်းတစ်မျိုးတည်း ဝတ်တယ်။ တစ်ယောက်တည်းနေပြီး တစ်စိတ်တည်းထားတယ်။ တရားနဲ့ပဲ မွေ့လျော်တယ်”
သူမက ဦးဇင်းကို ကြည်ညိုခြင်းများစွာနှင့် ဦးခိုက်မိပါသည်။ ဦးဇင်းရဲ့မျက်နှာဟာ... ကြည်လင်ငြိမ်းချမ်းစွာနဲ့ မေတ္တာဓာတ်နဲ့ သိမ်မွေ့နူးညံ့သလောက်... စိတ်ဓာတ်နဲ့ ခံယူချက်ကတော့ အာဇာနည်တစ်ယောက်လို ရဲရဲတောက်ပါသည်။ ဘယ်လောက် အဓိပ္ပာယ်ရှိတဲ့ ဘဝပါလဲ။ ဘယ်လောက် တန်ဖိုးရှိလိုက်တဲ့ ဘဝပါလဲ။ သူမရဲ့ သူရဲကောင်းတစ်ယောက်။ သူမရဲ့ဘဝကို လမ်းပြပေးခဲ့သူတစ်ယောက်။ အလင်းရောင်ဖြာပေးခဲ့သူတစ်ယောက်။ သူမဘဝတစ်လျှောက် မမေ့နိုင်ခဲ့တဲ့ အမှတ်တရရှိခဲ့သူ တစ်ယောက်... အခုတော့.. အငြိမ်းချမ်းဆုံးသောလူ.. တန်ဖိုးအရှိဆုံးသောလူ... အဓိပ္ပာယ်အရှိဆုံးသောလူတစ်ယောက် ဖြစ်ခဲ့ပြီ။ သူမကရော?... ဘဝကို အဲ့ဒီလောက် စွန့်လွှတ်နိုင်စွမ်း... တွယ်တာမှု သံယောဇဉ်တွေကို ဖြတ်တောက်နိုင်စွမ်း ရှိခဲ့ပြီလား။ ဟင့်အင်း... သူမအများကြီး ကြိုးစားရဦးမှာပါ။








လွန်းထားထား(ဆေးတက္ကသိုလ်)

ချစ်ခြင်း၏ဧရိယာအတွင်းရောက်ရှိနေပါသဖြင့်..


ဒီနေရာတွင် Download ရယူဖတ်ရှုနိုင်ပါတယ်။

လွန်းထားထား(ဆေးတက္ကသိုလ်)

အလင်းတန်းဂျာနယ်မှအင်တာဗျူး




 လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...