FASHION IMAGE INTERVIEW လေးပါ..

အခွင့်အရေးတွေကို လက်မလွတ်ပါစေနဲ့လို့ ပြောတဲ့ စာရေးဆရာမ လွန်းထားထား

ပထမဆုံး ဒီစာအုပ် ၂၀၀ပြည့် အထိမ်းအမှတ်ပွဲလေး လုပ်ဖို့ စိတ်ကူးရလာပုံကို ပြောပြပေးပါဦး။
ဒါကတော့ မထားရဲ့ အုပ်(၂၀၀)ပြည့် ပွဲလေးပေါ့။ ဒီပွဲလေးကို လုပ်ဖြစ်ခဲ့တာက အုပ် (၂၀၀)ပြည့်တဲ့အထိ အားပေးလာကြတဲ့ မထားရဲ့ပရိသတ်ကြီးနဲ့ တွေ့ဆုံချင်တယ်။ နောက်ပြီးတော့ သူတို့ကို ကျေးဇူးတင်မိတယ်။ ကျေးဇူးလည်း တုံ့ပြန်ချင်မိတဲ့အတွက် လက်ဆောင်တစ်ခုခု ပြန်ပေးချင်တယ်။ ဘာပေးရင်ကောင်းမလဲလို့ စဉ်းစားမိတဲ့အခါ တခြားလက်ဆောင်တွေထက် မထားရဲ့ ကိုယ်ပိုင်စာအုပ်၊ မထား လက်မှတ်ရေးထိုးပေးထားတဲ့စာအုပ်ဆိုရင် ပရိသတ်တွေအတွက် ပိုတန်ဖိုးထားမယ်၊ ပိုမက်မောမယ်လို့ ယူဆမိတဲ့အတွက် အမြန်စီစဉ်လိုက်ပြီး လုပ်လိုက်တာပါ။
ဒါဆို ပရိသတ်တွေနဲ့ ဆုံလာရတဲ့ခဏမှာ ခံစားရတဲ့ ခံစားချက်လေးကို ပြောပြပေးပါဦး။
ပျော်ပါတယ်၊ ဝမ်းလည်းသာပါတယ်။ ဒီလောက်လာမယ်လည်း ထင်မထားဘူး။ အများကြီးလာတယ်။ မထားရောက်တဲ့အချိန်မှာသူတို့တွေ စောင့်နေတာတွေ့ရတော့ဝမ်းသာတယ်။မထားလည်းဒီလိုနွေးနွေးထွေးထွေးတွေ့ချင်တယ်လေ။
တွ့လည်းတွေ့လိုက်ရတော့ ကြည်နူးမိပါတယ်။
အုပ်(၂၀၀)ပြည့်ပြီဆိုတော့ ဒီစာအုပ်က တခြားစာအုပ်တွေထက် ရေးရတာ အခက်အခဲရှိခဲ့ ပါသလား။
အခက်အခဲတော့ မရှိပါဘူး။ မထားက ဒီစာအုပ်ကို ရေးနေကျပုံစံတွေထက် နည်းနည်းလေးပဲ ခွဲထွက်သွားတာ။ ဆန်းဆန်းလေးဖြစ်အောင်၊ အခုခေတ် လူငယ်အကြိုက်လေးဖြစ်အောင် လုပ်လိုက်တာ၊ မထားပရိသတ်တွေက အခုဆိုရင် အသက် (၂၀၊၃၀) ဝန်းကျင်လောက်ပေါ့။ အခုခေတ် ဆယ်ကျော်သက်လေးတွေ ကြိုက်နှစ်သက်သွားအောင် ဆွဲခေါ်လိုက်တာမျိုးပါ။ သူတို့ ကြိုက်နိုင်မယ့် ခေတ်နဲ့အညီလိုက်နိုင်မယ့် ဇာတ်လမ်းဆန်းဆန်းလေးပေါ့။ အတွေးအခေါ်တွေပါမယ်၊ ဒဿနတွေပါမယ်။ Message လေးတွေလည်းပါမယ်။ အခုခေတ်ကလေးတွေက အဲဒါလေးတွေကို ကြိုက်ကြတယ်၊ တောင့်တကြတယ်ဆိုတော့ အဲဒီလို ပုံစံလေးဝင်အောင် ကြိုးစားထားပါတယ်။
အရင်တုန်းက ညီမလေးဖတ်ဖို့၊ အချစ်ဒဿနများနဲ့ အလှအပများနဲ့ ဆိုင်တဲ့ စာအုပ်လေးတွေ ထွက်တော့လေ ဝတ္ထုလိုင်းမဟုတ်ဘဲ အဲဒီလိုမျိုးတွေရော ရေးဖို့ရှိလား။
မထား ရေးဖို့အစီအစဉ်ရှိပါတယ်။ ဒဿနလေးတွေဆိုရင်လည်း မထား Facebook မှာ နေ့စဉ်တင်တယ်။ ပရိသတ်ရဲ့ Response က သူတို့ အရမ်းပဲ ကြိုက်ကြတယ်။ အဲဒီလို များများရေးပါလို့ တိုက်တွန်းကြတော့ မထားအနေနဲ့ အဲဒါလေးတွေ နေ့တိုင်းရေးမယ်။ ပြီးတော့ စုထားပြီး စာအုပ်လေးတစ်အုပ် လှလှပပ သေသေသပ်သပ်လေးနဲ့ ပြန်ထုတ်ဖို့ ရှိပါတယ်။
ဒါဆိုရင် ပရိသတ်တွေကို အစ်မရဲ့ စာအုပ်တွေနဲ့ပတ်သက်ပြီး ဆက်လုပ်သွားမယ့် အစီအစဉ်တွေကိုလည်း ပြောပြပေးပါဦး။
မထား အခု ပုံမှန်လည်း ဝတ္ထုတွေ ထွက်နေမယ်။ သုတပိုင်းမှာလည်း လုပ်သွားမယ်။ မထားစိတ်က ကိုယ်အရမ်းကြိုက်သွားပြီ ဆိုရင် ပရိသတ်ကို မျှဝေချင်တယ်။ ကျန်းမာရေးဆိုလည်း ကျန်းမာရေးပေါ့။ မထား အခုဆိုရင် ယောဂလေ့ကျင့်ခန်းကို ပုံမှန်လုပ်ဖြစ်တယ်။ ပြီးတော့ ယောဂရဲ့ အကျိုးကျေးဇူးတွေလည်း သိသာလာတယ်။ အဲဒါကြောင့် ယောဂနဲ့ပတ်သက်တဲ့ စာအုပ်လေးတစ်အုပ် ပြုစုဖို့ စီစဉ်နေတယ်။ လိုအပ်တဲ့ အချက်အလက်လေးတွေရယ်၊ လုပ်ပုံလုပ်နည်းလေးတွေရယ်၊ အကျိုးကျေးဇူးလေးတွေရယ်ပေါ့။ အဲဒါလေးတွေ ပြုစုဖို့ ဆန္ဒရှိနေတယ်။ နောက်ဆိုရင် အဲဒီလိုစာအုပ်လေးတွေပဲ ဆက်ထုတ်သွားမှာပါ။
အခု ပြန်ရောက်နေတဲ့အခိုက်အတန့်မှာ ကိုယ်က အနုပညာရှင်တစ်ယောက်ဖြစ်သွားပြီလေ။ ဟိုမှာဆို ကိုယ်ကအိမ်ထောင်ရှင်မတစ်ယောက်ပေါ့။ အဲဒီနှစ်ခုကြားထဲမှာ ဘာတွေကွာခြားသွားတယ်လို့ မြင်မိပါသလဲ။
မထားအတွက်တော့ သိပ်ပြီးတော့ မထူးခြားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မထားရဲ့အလုပ်က စာရေးတဲ့အလုပ်ဆိုတော့ ဘယ်မှာရေးရေး မထားအတွက် အဆင်ပြေနေတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် အနုပညာရှင်ကြီးလို့တော့ မမြင်မိဘူးပေါ့။ အင်္ဂလန်မှာလည်း မထားရဲ့ တနေ့တာက အရမ်းရိုးရှင်းတယ်။ ရိုးရှင်းတယ်ဆိုတာက မနက် သမီးကို ကျောင်းပို့ပြီး မထားက စာကြည့်တိုက်သွား စာရေးတယ်၊ စာဖတ်တယ်၊ ရုပ်ရှင်ကြည့်မယ်၊ သီချင်းနားထောင်မယ် အဲဒါပဲ။ ဒီမှာနေတုန်းကလည်း ဒီအတိုင်းပဲဆိုတော့ အနုပညာသမားရယ်၊ အိမ်ထောင်ရှင်မရယ် ဆိုပြီးတော့ ကွဲပြားမနေပါဘူး။
သမီးလေးက အသက်ဘယ်လောက်ရှိသွားပြီလဲ။
သမီးလေးက (၆)နှစ်ခွဲ ရှိသွားပါပြီ။
သမီးအပေါ်မှာ အစ်မရဲ့ ခံယူချက်လေးလည်း သိချင်ပါတယ်။
သမီးလေးကိုတော့ မျှော်လင့်ထားတယ်။ ဒါပေမယ့် မျှော်လင့်ထားတယ်ဆိုတာက သူဘာဖြစ်ချင်လဲ၊ ဖြစ်ချင်တဲ့ပုံစံလေးကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးမယ်။ မိဘတစ်ယောက်အနေနဲ့ကတော့ ကိုယ့်သမီးကလေးကို အကောင်းဆုံး၊ အတော်ဆုံး၊ အမြင့်မားဆုံးဖြစ်စေချင်ကြတာပဲလေ။ သူ့ကို ပါရမီရှင်လေးတစ်ယောက် ဖြစ်စေချင်တယ်။ ဒါပေမယ့် အရမ်းလည်း Push မလုပ်ချင်ဘူး။ သူ ဘာကိုအားသန်လဲ၊ ဘာကိုစိတ်ဝင်စားလဲ၊ သူလုပ်ချင်တဲ့၊ ဖြစ်ချင်တဲ့ဟာကိုပဲ တိုက်တွန်းပြီးတော့ လုပ်ပေးသွားမယ်လို့ စိတ်ကူးထားတယ်။
အစ်မ ဒီပြန်ရောက်နေတဲ့အခိုက်မှာ ဒီမှာလည်း ပြောင်းလဲမှုတွေ ဖြစ်နေတယ်ပေါ့နော်။ အဲဒီအပေါ်မှာ အစ်မရဲ့ အမြင်လေး သိချင်ပါတယ်။
မထားရဲ့အမြင်ကတော့ အစစအရာရာ ကောင်းသောဘက်ကို ဦးတည်ပြီးတော့ ပြောင်းလဲမှုတွေ အများကြီးတွေ့နေရတယ်။ မနှစ်ကနဲ့မတူဘူး၊ အစစအရာရာ နွေးနွေးထွေးထွေးနဲ့ ပွင့်လင်းမှုတွေ ရှိလာတယ်။ နောင်နှစ်တွေမှာလည်း ဒီထက်ပိုပြီး ကောင်းသောပြောင်းလဲခြင်းတွေပဲ ရှိလာမယ်ဆိုရင် မထားအနေနဲ့ အရမ်းပျော်မှာပဲ။ မထားတို့ သူငယ်ချင်းတွေလည်း ဒီကိုပြန်လာပြီး လုပ်ငန်းတွေ၊ Businessတွေ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေကြတယ်။ တချို့ဆို ဒီကိုပြန်လာပြီး လုပ်ကို လုပ်နေကြပြီဆိုတော့ အရမ်းကောင်းပါတယ်။
ဒီလိုပြောင်းလဲလာတဲ့အတွက် လူငယ်တွေရဲ့ အနာဂတ်တွေ ကောင်းဖို့ ဖြစ်လာပြီပေါ့။ ဒီလိုပြောင်းလဲမှုတွေကြားထဲက လူငယ်တွေအတွက် အစ်မရဲ့ အကြံဥာဏ်လေးကို ပြောပြပေးပါဦး။
လူငယ်တွေအနေနဲ့ကတော့ အခုခေတ်လူငယ်လေးတွေက အရမ်းကြိုးစားကြတယ်။ မထားသိထားသလောက် မထားတို့ အရမ်းလေးစားရတယ်။ လူငယ်လေးတွေက တော်တော်ကို ကြိုးစားလာကြတာ။ သူတို့အတွက်က ထူးထူးခြားခြား အကြံဥာဏ်ပေးရတာထက် မထားပြောချင်တာက အခွင့်အရေးဆိုတာကို လက်မလွတ်ပါစေနဲ့။ အမိအရဆုပ်ကိုင်ပြီး ကြိုးစားဖို့ အကြံဥာဏ်ပေးချင်ပါတယ်။ တကယ်တော့ ထူးထူးခြားခြားကြီး အကြံပေးစရာ မလိုပါဘူး။ သူတို့တွေက အရမ်းတော်တယ်။
ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို သွားတဲ့အခါ အခက်အခဲတွေ ကြုံရမှာပဲလေ။ ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်ရတဲ့အခါ ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာ ပြောပြပေးပါဦး။
မထားလျှောက်ခဲ့တဲ့လမ်းက ချောမွေ့တဲ့လမ်းတော့ မဟုတ်ပါဘူး။ ခလုတ်ကန်သင်းတွေ ရှိခဲ့တာပဲလေ။ ကိုယ့်ကို တွန်းတဲ့တိုက်တဲ့သူတွေရှိတယ်။ ကိုယ့်ကို ခြေထိုးခံတဲ့သူတွေရှိတယ်။ အစစအရာရာပေါ့။ လူငယ်ဆိုတဲ့စိတ်က မဟုတ်မခံစိတ်ရှိတယ်။ ကိုယ့်ကို လူတယောက်က ဆုံးရှုံးအောင်လုပ်မယ်ဆိုရင် အဲဒီလူကို အရှုံးမပေးဘူးပေါ့။ အရှုံးမပေးချင်တဲ့ မာန်က လူတိုင်းမှာရှိတယ်။ မထားလည်း အဲဒီမာန်လေးနဲ့ လျှောက်လှမ်းခဲ့တာပေါ့။ မထားပြောချင်တာက ဘဝမှာ ဘယ်လိုအခက်အခဲပဲ ပေါ်လာပါစေ၊ မတော်တဆ ချော်လဲသွားခဲ့ရင်တောင် ပြန်ထနိုင်ရမယ်။ ပြန်ထနိုင်ခြင်းဟာ ကိုယ့်ရဲ့အောင်မြင်မှုပါပဲ။ မထား အဲဒါလေး ပြောပြချင်ပါတယ်။
လူငယ်ဘဝက လွတ်လပ်ခွင့် (Youth & Freedom) အပြည့်အဝရတယ်ဆိုတဲ့အပေါ် အစ်မရဲ့ အမြင်လေး ပြောပြပေးပါဦး။
လွတ်လပ်ခွင့်ဆိုတာကောင်းပါတယ်။ မထားပြောတာက လွတ်လပ်ခွင့်ရှိမှပဲ လူငယ်တွေက တိုးတက်မှာလေ။ ဆိုလိုတာက အပင်လေးတစ်ပင်က လောင်းရိပ်ရှိရင် ဘယ်လိုမှ ထိုးဖောက်လာမှာ မဟုတ်ဘူး။ လောင်းရိပ်မရှိမှ လွတ်လွတ်လပ်လပ် ရှင်သန်နိုင်မှသာ သူ အစွမ်းကုန် တိုးတက်နိုင်မှာလေ။ အဲဒီလိုပဲ လူငယ်ဘဝမှာလည်း အနှောင်အဖွဲ့တွေ၊ အချုပ်အနှောင်တွေ၊ စည်းမျဉ်းဥပဒေတွေ မရှိရင် သူ့ရဲ့အစွမ်းရှိသလောက် တက်လာနိုင်မှာ။ လွတ်လပ်မှုရှိတာ ကောင်းပါတယ်။ လွတ်လပ်မှုဆိုတာကလည်း စည်းကမ်းတကျ လွတ်လပ်မှုက ပိုကောင်းပါတယ်။ စည်ကမ်းတကျ လွတ်လပ်မှုက လူငယ်တွေအတွက် လိုအပ်ပါတယ်။
အစ်မရဲ့ စာဖတ်ပရိသတ်တွေက စာမျက်နှာပေါ်ကတဆင့် နှုတ်ဆက်စကားလေး ပြောပေးပါဦး။
မထားအနေနဲ့ အခုချိန်အထိ မထားအပေါ် သစ္စာရှိရှိ စိတ်ရှည်ရှည်နဲ့ အားပေးလာကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ မထားကို အားပေးကြပါဦး။ မထားလည်း ဆက်လက်ပြီး ကြိုးစားနေမယ်။ ဆက်လက်ပြီးတော့ မထား ပိုပြီး ကောင်းသထက် ကောင်းအောင် ကြိုးစားနေပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

လွန်းထားထား(ဆေးတက္ကသိုလ်)

People Magzine ၉နှစ်ပြည့် အမှတ်တရစကား

People မဂ္ဂဇင်း (၉)နှစ်ပြည့်အထိမ်းအမှတ်အတွက် "၉"ဂဏန်းနဲ့ပတ်သက်ပြီး အမှတ်တရ ဘာရေးရမလဲလို့စဉ်းစားရင်း "၉"နဲ့ပတ်သက်တဲ့ WIKIPEDIA ထဲလည်း ဝင်ရှာကြည့်မိပါတယ်။ တကယ်တမ်းပြောရရင် "၉"ဂဏန်းဟာ ကျွန်မအတွက် အရေးပါတဲ့ဂဏန်းတစ်ခု ဆိုပါတော့...။
 ကျွန်မလေးစားကြည်ညိုရပါသော ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ မွေးနေ့ဟာ '၉၊ ဇန်နဝါရီ' ပါ။ ကျွန်မချစ်ခင်မြတ်နိုးရပါသော ကျွန်မရဲ့ခင်ပွန်း ဒေါက်တာအံ့ထွန်းမောင်ရဲ့ မွေးနေ့ဟာလည်း "၉ ဇန်နဝါရီ" ဘာကြောင့်မှန်းမသိ '၉'ဂဏန်းကို အင်အားရှိတဲ့စွမ်းအင်ပါဝါတမျိုးရှိတယ်လို့ ကျွန်မယုံကြည်ပါတယ်။
မြတ်စွာဘုရားဂုဏ်တော်ဟာ '၉' ပါး ရှိပါတယ်။ ဒါကြောင့် ကျွန်မ မြတ်စွာဘုရားရှင်ကို ဆီမီး၊ နံ့သာတိုင် ပူဇော်တိုင်း '၉'ကို အင်အားရှိတဲ့ ဂဏန်းတစ်ခုအဖြစ် သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ '၉'ရဲ့အသံထွက်ဟာ Long lasting ဆိုတဲ့ စကားလုံးအတိုင်း တူညီနေလို့ပါ။ "ကြာရှည်မြဲမြံခြင်း" ဆိုတဲ့ အဓိပ္ပါယ်ပေါ့နော်။ ပြီးတော့ '၉'ဂဏန်းဟာ တရုတ်နဂါးနဲ့ ဆက်နွှယ်ပတ်သက်မှုရှိပါတယ်။ တရုတ်နဂါးဟာ Magic and power ရဲ့သင်္ကေတပါ။ 
ဘာကြောင့်ပဲဖြစ်ပါစေ... ကျွန်မရဲ့ဘဝမှာ အမှတ်တရ '၉'တွေ များစွာရှိခဲ့သလို... '၉'ဂဏန်းကိုလည်း ကျွန်မ မြတ်နိုးသက်ဝင်စွဲလန်းမိပါကြောင်း...

 လွန်းထားထား(ဆေးတက္ကသိုလ်)

'''''အမေ..''''''

အမေ...

အမေဟာ.မင်းသမီးတစ်ယောက်လို ရုပ်မလှပါဘူး..

ဒါပေမယ့်  အမေ့နှလုံးသား ပြိုင်သူမဲ့အောင် လှနှိုင်ရက်လွန်းတယ်..။

အမေ..

အမေဟာ..သံတမန် တစ်ယောက်လို အပြောမချိုပါဘူး..

ဒါပေမယ့် ..အမေ့စေတနာ ..အနှိုင်းမဲ့ အောင်ချိုမြလွန်းပါတယ်..။

အမေ..

အမေဟာ..တိုက်ပွဲဝင်နေတဲ့  သူရဲကောင်းတစ်ယောက် မဟုတ်ပါဘူး..

ဒါပေမယ့် ..အမေ့အကာအကွယ်ဟာ..မဟာရံတံတိုင်းထက် လုံခြုံလွန်းလှတယ်..။

အမေ..

အမေဟာ..မြစ်တစ်စင်း မဟုတ်ပါဘူး..

ဒါပေမယ့် .အမေ့မေတ္တာဟာ..မရပ်တန့် စတမ်း တသွင်သွင်စီးလျက်ပါ..။

အမေ..

အမေဟာ..သစ်ပင်တစ်ပင် မဟုတ်ပါဘူး..

ဒါပေမယ့် ..အမေ့အရိပ်အာဝါသဟာ..သမီးတစ်သက်စာအရိပ်ရအေးမြလွန်းပါတယ်..။

သမီးအတွက်တော့ ..

အမေနေ့ဆိုတာ..နေ့တိုင်းပါ..အမေ..။

အမေ့ကို သိပ်ချစ်ပါတယ် အမေ..။

ချစ်သမီး..
လွန်းထားထား..

(၁၈.၀၃.၂၀၁၂..အမေများနေ့ အမှတ်တရ..)

အတွေးစာစု(၄၆)


ဒီလမ်းကလေးပါပဲ...

ပျော်ရွှင်စွာလျှောက်နေချိန်မှာ..ပျော်စရာလမ်းကလေးပေါ့ ..။

ဒီလမ်းကလေးပါပဲ..

ကြေကွဲနာကျင်စွာလျှောက်မိနေချိန်မှာ..ကြေကွဲလမ်းကလေးပေါ့ ..။

ဒီလမ်းကလေးပါပဲ..

မျှော်လင့်ခြင်းတွေနဲ့ လျှောက်နေချိန်မှာ..မျှော်လင့်ခြင်းလမ်းကလေးပေါ့ ..။

ဒီလမ်းကလေးပါပဲ ..

ချစ်သူ့လက်ကိုတွဲလို့  လျှောက်နေမိချိန်မှာ..ချစ်သူ့လမ်းကလေးပေါ့ ..။

ဒီလမ်းကလေးပါပဲ..

အမုန်းနဲ့ လမ်းခွဲရချိန်မှာ..နှုတ်ဆက်လမ်းခွဲကလေးပေါ့ ..။

ဒီလမ်းကလေးပါပဲ.

.... .... ....

.... ..... .....

လမ်းကလေးက ပြောင်းလဲသွားတာ မဟုတ်ပါဘူး..

ဒီလမ်းကလေးကို ဖြတ်လျှောက်သွားတဲ့ ..

လူတွေရဲ့ စိတ်ခံစားမှုတွေကသာ..ပြောင်းလဲသွားခဲ့ တာပါ..။

လွန်းထားထား(ဆေးတက္ကသိုလ်)

ရဝေနွယ်အသစ်....

'အရှင်ဆန္ဒာဓိကအသစ်' ဆိုတဲ့စကားလုံးလေးကို ကွန်ပျူတာ စာလုံးလေး စီ၊ အနေတော်ကတ်ပြားလေး ထုတ်၊ ပလတ်စတစ်လေးလောင်းပြီး စာရေးစားပွဲရှေ့က ကျောင်းတိုင်မကြီးရဲ့ နံရံကပ်ပစ္စည်းတင် စင်လေးပေါ်မှာ မြင်သာ ထင်သာ ထောင်ထားရရင် ကောင်းမလားလို့ ခုတစ်လော မကြာခဏ တွေးနေမိပါတယ်။
လုပ်ချင်တဲ့ အလုပ်တွေ အများကြီးထဲက အလုပ်သင့်ဆုံး အလုပ်ကိုပဲ အဓိကဦးစားပေး လုပ်ဖြစ်သွားဖို့နဲ့ လုပ်သင့်တဲ့အလုပ်တွေ အများကြီးထဲက အလုပ်ချင်ဆုံးအလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်နေဖို့အတွက်ပါ။ တိကျပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ အဓိကအလုပ်ကို ထိထိရောက်ရောက် တွင်တွင်ကျယ်ကျယ် လုပ်ဖြစ်နေချင်လို့ 'အရှင်ဆန္ဒာဓိကအသစ် ဘယ်တော့များဖြစ်လာမလဲ' လို့ တွေးတွေး နေမိတာနေ့စဉ် နေ့တိုင်းပါပဲ။
[ ၂ ]
'အရှင်ဆန္ဒာဓိကအသစ်'ဆိုတဲ့ စကားလုံးလေးကို ၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့က စ,ပြောဖြစ်ခဲ့တာပါ။ ၂-၂-၂၀၀၂ ဆိုတော့ (၂)လေးလုံးနေ့ကပေါ့။ အဲဒီနေ့က နီပေါနိုင်ငံ၊ ခတ္တမန္ဒူလေဆိပ်ကနေ လုမ္ဗိနီလေဆိပ်ကို ဦးတည်ပျံသန်းလာတဲ့ စာရေးသူတို့ရဲ့ တွင်အော်တာ အမျိုးအစား လေယာဉ်ငယ်လေးကို ပြင်းအားများတဲ့မိုးကြိုး ထိမှန်ခဲ့ပါတယ်။
လေယာဉ်ကို မိုးကြိုးပစ်ပြီလို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် လေယာဉ်ပေါ်က ရွှေပါရမီအဖွဲ့သားတွေ လက်အုပ်ကိုယ်စီချီပြီး ဘုရားစာရွတ်လိုက်၊ ဘုရားဂုဏ်တော်ပွားလိုက်နဲ့ အားလုံး သတိအနေအထား ဖြစ်သွားပါတယ်။
လေယာဉ်ဘယ်အချိန် မီးလောင်ပြီး ပျက်ကျမလဲ ဆိုတဲ့ အတွေးနဲ့အားလုံးပဲ တိတ်ဆိတ်ငြိမ်သက်စွာ ...။ တစ်ယောက်မျက်နှာတောင် တစ်ယောက် မကြည့်မိကြ ...။ ကိုယ့်တရားအာရုံလေးနဲ့ကိုယ်၊ ကိုယ့်ကုသိုလ် အာရုံလေးနဲ့ ကိုယ် သေဖို့ အသင့်အနေအထား ပြင်ဆင်ခဲ့ကြပါတယ်။ နဂိုကတည်းက တလှုပ်လှုပ် တခါခါ ဖြစ်နေတဲ့ ခရီးသည် (၁၈)ယောက်ပဲ ဆံ့တဲ့ တွင်အော်တာလေယာဉ် အသေးစားလေးဟာ ဆိုးရွားလှတဲ့ လေထု၊ တိမ်ထုကြားမှာ တယိမ်းယိမ်း တထိုးထိုးနဲ့ လောကဓံကို အန်တုနေ ရရှာပါတယ်။ ရှေ့ဆက်သွားရမယ့် လေယာဉ်လမ်းကြောင်းကို လုံးဝ မမြင်တွေ့ရတော့တဲ့အတွက် နောက်ကြောင်း ပြန်လှည့်ခဲ့ရတဲ့ ဗုဒ္ဓအဲလိုင်းက လေယာဉ်ငယ်လေးဟာ ဟိမ၀န္တာတောင်နံရံနဲ့လည်း အချိန်မရွေး တိုက်မိပျက်ကျနိုင်ပါသေးတယ်။ (မနေ့တစ်နေ့ကမှ အဲဒီလို တစ်စီး ဖြစ်ခဲ့ဖူးသေးတယ်လေ)
ကံကောင်းထောက်မစွာ ... ခတ္တမန္ဒူလေဆိပ်ကို လေယာဉ်ပြန်လည်ဆင်းသက်နိုင်ချိန်မှာတော့ ... လေယာဉ်ပေါ်က ဆင်းဆင်းချင်း ... 'ဦးဇင်းတော့ အရှင်ဆန္ဒာဓိကအသစ် ဖြစ်သွားပြီ' လို့ ပြောလိုက်မိပါတော့တယ်။ ရွှေပါရမီ ကျောင်းဒကာ၊ ကျောင်းအမကလည်း အားကျမခံ ပြန်ပြောပါတယ်။
'တပည့်တော်လည်း ရှိန်ဝင်းအသစ် ဖြစ်သွားပြီ'
'တပည့်တော်လည်း ခင်ချိုဦးအသစ် ဖြစ်သွားပြီ'
ခမည်းတော်ကြီးကတော့ နှုတ်က ဘာမှထုတ်မပြောဘဲ ပြုံးပြုံးကြီးလုပ်နေလို့ အဲဒီအပြုံးရဲ့ အဓိပ္ပာယ်ကို အပြေးအလွှား ဖွင့်ဆိုကြည့်လိုက်တော့ 'တပည့်တော်လည်း စိန်ဝင်းအသစ်ပါ' ... တဲ့။
နောက်တစ်နေ့မနက်ထွက်တဲ့ ဟိန္ဒူသတင်းစာ တစ်စောင်မှာ 'မြန်မာသံအမတ်ကြီး စီးနင်းလိုက်ပါလာတဲ့ လေယာဉ် လွန်စွာ အင်အားပြင်းထန်သော မိုးကြိုးပစ်ခံရ' ဆိုတဲ့ သတင်းပါလာပါတယ်။ စာရေးသူတို့ရဲ့သီးသန့် ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်ကို ဦးဆောင်သူက နီပေါဆိုင်ရာမြန်မာသံအမတ်ကြီး ဦးနေ၀င်းနဲ့ ဇနီး ဒေါက်တာနွယ်နွယ်လှိုင်ပါ။ သေရွာပြန်လို့ ဆိုနိုင်တဲ့ 'အရှင်ဆန္ဒာဓိကအသစ်' ဆိုတဲ့ ခံစားမှုက တစ်နှစ်ကို နှစ်အုပ်နှုန်းပဲ စာရေးမယ်လို့ ဆုံးဖြတ်ထားတဲ့ စာရေးသူကိုဟောတရားတွေ မြန်မြန်ကုန်အောင် ရေးဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။
'အရှင်ဆန္ဒာဓိကအသစ်' ဆိုတဲ့ မောင်းနှင်အားကြောင့် အသက်(၄၀)မှာ အုပ်ရေ(၄၀)ပြည့်အောင် စာရေးနိုင်ခဲ့ပါတယ်။ အသက် (၃၀)က စ, ရေးခဲ့တာမို့ စာရေးသက် (၁၀)နှစ်ပြည့် အမှတ်တရပါ။ တစ်နှစ် နှစ်အုပ်နှုန်း မှန်းထားရာက တစ်နှစ် လေးအုပ်နှုန်း ဖြစ်သွားတယ်ဆိုတော့ လုပ်ငန်းစွမ်းဆောင်ရည် နှစ်ဆတိုးသွားခဲ့တာပေါ့။
သေခြင်းတရားဟာ တွန်းအားအပြင်းထန်ဆုံး သူငယ်ချင်းချစ်သူလေးပါလား ...။ ကျေးဇူးပါပဲ တွင်အော်တာလေးရယ် ...။
[ ၃ ]
'အရှင်ဆန္ဒာဓိကအသစ်' ဆိုတဲ့ စကားလုံးလေးကို 'နောင်တ ရစရာမလိုအောင် အလုပ်လုပ်ထားသူ' ဆိုတဲ့ အဓိပ္ပာယ်နဲ့ တစ်သားတည်း ဖြစ်နေစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အရှင်ဆန္ဒာဓိကအဟောင်းက အလုပ်နဲ့ပတ်သက်ရင် တစ်ခါတစ်ရံမှာ နောင်တတရားနဲ့လည်း ပတ်သက်နေရတတ်လို့ပါ။
စာရေးသူရဲ့ မနက်ပိုင်းအချိန်ကို စိတ်ကျေနပ်မှု ရှိ မရှိ ရေချိုးချိန်မှာ သိနိုင်ပါတယ်။ နေ့ဆွမ်းမစားမီ ၁၁ နာရီဝန်းကျင် ရေချိုးချိန်ဟာ စာရေးသူရဲ့ မနက်ပိုင်းကာလ အချိန် စီမံခန့်ခွဲမှုအပေါ် ကျေနပ်အားရမှု ရှိ မရှိ အဆုံးအဖြတ်ပေးတဲ့ အချိန်ပါ။ မနက်ပိုင်းအချိန်ကို 'စာရေးချိန်' လို့ သတ်မှတ်ထားတဲ့အတွက်
သတ်မှတ်ထားတဲ့အတိုင်း စာ တကယ်ရေးဖြစ်တယ်ဆိုရင် စာရေးချိန် ပြည့်သွားလို့ ရေချိုးနေတဲ့အချိန်မှာ အင်မတန် စိတ်ကျေနပ်မှု ဖြစ်ရပါတယ်။ 'သူ့ အချိန်နဲ့သူ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို တိတိကျကျ လုပ်ဖြစ်သွားပြီ'ဆိုတဲ့ အတွေးကြောင့် ဖြစ်ရတဲ့ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူး။
တစ်ပိုဒ်ပဲ ရေးဖြစ် ရေးဖြစ်၊ တစ်မျက်နှာပဲ ရေးဖြစ် ရေးဖြစ် ... စာရေးဖြစ်တယ်ဆိုရင်ကိုပဲ 'ဒီနေ့ မနက်တော့ စာရေးဖြစ်သွားပြီ' ဆိုတဲ့အတွေးနဲ့ ပီတိတွေ တသိမ့်သိမ့် ဖြစ်ရပါတယ်။ စာရေးဖြစ်တဲ့နေ့ဆို ရေချိုးရတာ အရသာ ရှိမှရှိ ...။ ရေချိုးတဲ့အလုပ် လုပ်နေရတာကိုက အဓိပ္ပာယ်လေးနက်နေသလိုလို ...။ ရေချိုးနေရင်း မေတ္တာပို့လို့လည်းကောင်း၊ ဂုဏ်တော်ပွားလို့လည်းကောင်း၊ ၀ိပဿနာရှုလို့လည်းကောင်း၊ အားလုံး အားလုံး ကောင်းမှကောင်း ...။ အံမယ် ... ကြေးတွန်းရတာတောင် အရသာ ရှိနေသေး ...။ ဟိုစာအုပ်လေး ဆွဲဖတ်လိုက်၊ ဒီစာစောင်လေး ကောက်လှန်လိုက်နဲ့ စာပဲဖတ်ဖြစ်ပြီး စာ လုံးဝ မရေးဖြစ်တဲ့နေ့ဆို ရေချိုးရတာ လုံးဝ အရသာ မရှိတော့ပါဘူး။ အချိန်ကျလို့သာ ရေချိုးခန်း ၀င်လိုက်ရတယ် ... ခြေလှမ်းတွေက လေးကန်လို့ ...။ 'ဒီနေ့ စာ လုံးဝမရေးဖြစ်လိုက်ဘူး'ဆိုတဲ့ အတွေးက ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်စေပါတယ်။ တစ်မနက်လုံး ဖတ်ထားတဲ့ စာတွေက အချက်အလက် ဘယ်လောက်ပဲကောင်းကောင်း ... ရေချိုးချိန်မှာ စိတ်ကျေနပ်မှု လုံးဝ မပေးနိုင်တော့ပါဘူး။ မနက်ပိုင်းအချိန်ပဲ ကိုယ့်စိတ်နဲ့ ကိုယ့်ဦးနှောက်က စာရေးလို့ကောင်းတာဆိုတော့ နေ့လယ်ပိုင်းမှာ ပြန်အစားထိုးဖို့ကလည်း မဖြစ်နိုင်တော့ ဘူးလေ။ မနက်ပိုင်း စာ မရေးဖြစ်ရင် အဲဒီနေ့အတွက် စာရေးခွင့် ကုန်ဆုံးသွားပါပြီ။
သူ့အချိန်နဲ့သူ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို တိတိကျကျ မလုပ်ဖြစ်သမျှတော့ စိတ်ကျေနပ်မှုလည်း မရနိုင်သလို အလုပ်လည်း မတွင်ကျယ်နိုင်ပါဘူး။ အလုပ်ကို တန်ဖိုးထားသူတိုင်း သူ့အချိန်နဲ့ သူ့အလုပ် အံဝင်ခွင်ကျ ဖြစ်အောင် စီမံခန့်ခွဲတတ်ဖို့ သိပ်အရေးကြီးပါတယ်။ြွခင်းချက်တချို့မှအပ သူ့အချိန်နဲ့သူ ကိုယ်သတ်မှတ်ထားတဲ့ အလုပ်ကို တိကျပြတ်သားစွာ စိတ်နိုင် ကိုယ်နိုင် လုပ်ဖြစ်နေရင် စိတ်ကျေနပ်မှုလည်းရ၊ အလုပ်လည်း ကိုယ်မျှော်မှန်းထားတာထက် အများကြီး ပိုပြီးမြောက်ပါတယ်။ 'စိတ်ကို နိုင်နင်းသူ၊ အလုပ်ကို နိုင်နင်းသူ' ဆိုတဲ့ ဂုဏ်ပုဒ် (သဘာဝတရားက လှိျု့ဝှက်စွာ ပေးအပ်တဲ့ လူမသိ ရှင်မကြား ဂုဏ်ပုဒ်) ကြောင့် ကိုယ့်ကိုယ်ကိုယ် ကြည်ညိုလေးစားစိတ် လေးနက်စွာ ဖြစ်ထွန်းစေနိုင်ပါတယ်။ စိတ်မနိုင်၊ အလုပ်မနိုင်ခြင်းကြောင့် ဖြစ်ရမယ့် နောင်တတရားတွေနဲ့လည်း မပူလောင်၊ မနောက်ကျုရတော့ပါဘူး။ ဘယ်အလုပ်ပဲ လုပ်လုပ်၊ လုပ်နေဆဲကာလမှာ အရသာရှိနေရုံနဲ့ မပြီးသေးပါဘူး၊ လုပ်ပြီးကာလမှာလည်း အရသာ ရှိနေဖို့ လိုပါတယ်။ သူ့အချိန်နဲ့သူ၊ သူ့အလုပ်နဲ့သူ လိုက်လျောညီထွေဖြစ်နေရင် လုပ်နေဆဲမှာလည်း အရသာရှိ၊ လုပ်ပြီးချိန်မှာလည်း အရသာရှိတဲ့အတွက် ဘယ်အလုပ်ကြောင့်မှ နောင်တ မရရတော့ပါဘူး။
စာရေးသူ မကြာခဏ နှလုံးသွင်းဆင်ခြင်ဖြစ်တဲ့ ဂါထာနှစ်ပုဒ်ရှိပါတယ်။ ဆန့်ကျင်ဘက်အဓိပ္ပာယ်ကို ပြဆိုထားတဲ့ အတွဲလိုက်ဂါထာပါ။ စာရေးသူအကြိုက်ဆုံး ဂါထာတွေထဲက ထိပ်တန်းနှစ်ပုဒ်ပါပဲ။
တစ်ပုဒ်က ...
န တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
ယဿ အဿုမုခေါ ရောဒံ၊ ၀ိပါကံ ပဋိသေ၀တိ။
[ဓမ္မပဒဂါထာ - ၆၇]
အဓိပ္ပာယ်ကတော့ ...
'အလုပ်တစ်ခုကို လုပ်လိုက်လို့ လုပ်ပြီးတဲ့နောက်ပိုင်းမှာ သတိရတိုင်း သတိရတိုင်း နောင်တတရားတွေနဲ့ ပူလောင်ပင်ပန်းရတယ်ဆိုရင် အဲဒီ အလုပ်မျိုးကို လုံးဝ မလုပ်တာဘဲ ကောင်းပါတယ်။ အလုပ်တစ်ခုရဲ့ အကျိုးတရားကို မျက်ရည်ရွှဲမျက်နှာနဲ့ ငိုငိြုွေကြးွေကး ဆွေးဆွေးလျလျ ဆင်းရဲစွာ ခံစားရတယ်ဆိုရင် အဲဒီ အလုပ်မျိုးဟာ လုံးဝ မလုပ်သင့်တဲ့အလုပ်ပါပဲ' ... တဲ့။
နောက်တစ်ပုဒ်ကတော့ ...
တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
ယဿ ပတီတော သုမနော၊ ၀ိပါကံ ပဋိသေ၀တိ။
[ဓမ္မပဒဂါထာ - ၆၈]
အဓိပ္ပာယ်ကတော့ ...
'အလုပ်တစ်ခုကို လုပ်လိုက်လို့ လုပ်ပြီးတဲ့နောက်ပိုင်းမှာ သတိရတိုင်း သတိရတိုင်း နောင်တတရားတွေနဲ့ ပူလောင်ပင်ပန်းရခြင်း လုံးဝမရှိဘူးဆိုရင် အဲဒီအလုပ်မျိုးကို လုပ်တာဟာ သိပ်ကောင်းပါတယ်။ အလုပ်တစ်ခုရဲ့ အကျိုးတရားကို နှစ်သက်ရွှင်လန်းစွာ၊ ၀မ်းမြောက်ကြည်နူးစွာ ချမ်းချမ်းသာသာ ခံစားရတယ်ဆိုရင် အဲဒီအလုပ်မျိုးဟာ မလုပ်မဖြစ် လုပ်သင့်တဲ့အလုပ်ပါပဲ' ... တဲ့။
သူ့အချိန်နဲ့သူ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို တိတိကျကျလုပ်ဖြစ်တဲ့နေ့ဆိုရင် ကိုယ့်ကိုယ်ကိုယ် 'အရှင်ဆန္ဒာဓိက အသစ်' လို့ သတ်မှတ်ပါမယ်။ မလုပ်ဖြစ်တဲ့နေ့ဆိုရင်တော့ အရှင်ဆန္ဒာဓိက အဟောင်းပေါ့။ မနက်ပိုင်းအချိန်မှာ စာရေးဖြစ်တဲ့နေ့ဆိုရင် ကိုယ့်ကိုယ်ကိုယ် 'အရှင်ဆန္ဒာဓိက အသစ်' လို့ သတ်မှတ်ပါမယ်။ မရေးဖြစ်တဲ့နေ့ဆိုရင်တော့ အရှင်ဆန္ဒာဓိက အဟောင်းပေါ့။ အရှင်ဆန္ဒာဓိကအသစ် နေ့တိုင်းဖြစ်ဖို့ အားသစ်ရွှင်လန်း ကြိုးစားစမ်းပါ ၀မ်းသာပါရစေ အရှင်ဆန္ဒာဓိကရေ ...။
[ ၄ ]
'အရှင်ဆန္ဒာဓိကအသစ်' ဆိုတဲ့ စကားလုံးလေးကို သေခြင်းတရားနဲ့ ဆက်စပ်ပြီး ဒုတိယအကြိမ် ပြောဖြစ်တာက ၂၀၀၉ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့ ညကပါ။ အဲဒီနေ့က ... ညနေ ၅နာရီခွဲမှာ မုံရွာ၊ ဗောဓိတစ်ထောင်၊ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူဘုရားကြီးရဲ့ ခန္ဓာကိုယ်တော်အတွင်းပိုင်း အဆောက်အအုံထဲက စာရေးသူတို့ စီးနင်းလိုက်ပါလာတဲ့ လုပ်ငန်းခွင်သုံး ၀န်ချီစက် မတော်တဆ ပြုတ်ကျခဲ့ပါတယ်။ စီးဖော်စီးဖက် (၈)ဦးလုံး ခါးနဲ့ ခြေထောက်အသီးသီး ထိခိုက်ဒဏ်ရာရကြတဲ့နေရာမှာ စာရေးသူလည်း ခါးနာ၊ ခြေကျိုး ဖြစ်ခဲ့ရပါတယ်။ ဒူးပြဲတာကတော့ အဆစ်ပေါ့။ မုံရွာ၊ ပြည်သူ့ဆေးရုံနဲ့ မြင့်မြတ်ဆေးခန်းမှာ အကြမ်းဖျင်း ဆေး ကုသမှု ခံယူပြီးတာနဲ့ မန္တလေး၊ အရိုးအထူးကု ဆေးရုံကြီးဆီကို စစ်ကိုင်းတိုင်းမှူးစီစဉ်ပေးတဲ့ ယာဉ်တန်းရှည်ကြီးနဲ့ ညတွင်းချင်း တဖြည်းဖြည်း မောင်းလာလိုက်တာ ည (၁၂)နာရီကျော်မှပဲ မန္တလေးကို ရောက်ပါတော့တယ်။ အားလုံး ကျိုးပဲ့ပျက်စီးနေကြလို့ ဖြည်းဖြည်း လိမ့်လိမ့်ပဲ မောင်းရတာပါ။ မန္တလေးရောက်ရောက်ချင်း စိုးရိမ်တကြီးမျက်နှာတွေနဲ့ အသင့်စောင့်ကြိုနေကြတဲ့ ဒကာ ဒကာမတွေက 'အံမယ်လေး ... ကံကောင်းလိုက်တာ အရှင်ဘုရားရယ် ...၊ တကယ်ဆို သေရမှာ' လို့ ဆီးပြီး အားပေးကြပါတယ်။ 'တကယ်ဆို သေရမှာ' လို့ ၀ိုင်းပြီး အားပေးလိုက်ကြတော့ စာရေးသူလည်း တော်တော် အားရှိသွားတာပေါ့။
ဟုတ်တယ်လေ ... ၊ ဘုရားကြီးရဲ့ ကိုယ်ထည် အတွင်းပိုင်း (၃၁)ထပ်မှာ (၂၇)ထပ်ကနေ (၁၈)ထပ်ထိ တပ်ဆင်ထားတဲ့ ၀န်ချီစက်နဲ့ ပြန်အဆင်း၊ (၂၅)ထပ်လောက်အရောက်ကနေ (၁၈)ထပ် သမံတလင်းအထိ ၂စက္ကန့်၊ ၃စက္ကန့်အချိန်လောက်နဲ့ တစ်ရှိန်ထိုး ပြုတ်ကျ၊ သမံတလင်းပေါ်မှာ ဘာရာဘာအခံမျှ မရှိ၊ သမံတလင်းနဲ့ လူတွေရဲ့အကြား ပျဉ်ချပ်တစ်ချပ်ပဲ ခြား၊ ၀န်ချီစက်ပတ်ပတ်လည်မှာလည်း ဘာအကာအရံမှ မရှိ၊ အထပ်တိုင်းမှာလည်း လေးဖက်လေးတန် ကွန်ကရစ်ဘောင်တွေ၊ တစ်ထပ်ကို အမြင့်(၁၂) ပေ၊ (၇)ထပ်စာ ပြုတ်ကျတာဆိုတော့ အမြင့် (၈၄)ပေ၊ ဒီတော့ 'တကယ်ဆိုသေရမှာ' ဆိုတဲ့ သူတို့ အားပေးစကားက ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ (ပြုတ်ကျတာ မဟုတ်ဘဲ ပြတ်ကျတာဆိုရင်တော့ ဖြစ်ဖို့များပါတယ်။ အခုကတော့ ကြိုးရစ်ဘီးမှာ မူလီပြုတ်ထွက်သွားလို့ ကြိုးမထိန်းနိုင်ဘဲ ပြုတ်ကျ ခဲ့ရုံမို့ပါ)
ဘယ်လိုပဲဖြစ်ဖြစ် ... သူတို့ အားပေးသလို ကိုယ့်ကိုယ်ကိုယ် 'သေရွာပြန်' လို့ပဲ သဘောထားလိုက်ပါတယ်။ ဒါကြောင့်လည်း ည (၁၂)နာရီခွဲကျော်ကျော် ခွဲစိတ်ခန်းထဲ ၀င်ခါနီးလေးမှာ တစ်ခဲနက် လာရောက်အားပေးကြတဲ့ ရွှေမန်းပရိသတ်ကို 'ဦးဇင်းတော့ အရှင်ဆန္ဒာဓိကအသစ်ဖြစ်သွားပြီ' လို့ ပြုံးပြုံးကြီး နှုတ်ဆက်ရင်း ခွဲစိတ်ခန်းထဲ ၀င်ခဲ့လိုက်ပါတော့တယ်။
ည (၂)နာရီခွဲကျော်ကျော်လောက် ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ အချိန်မှာတော့ တကယ်ကို အရှင်ဆန္ဒာဓိကအသစ် ဖြစ်သွားပါတယ်။ ဘယ်ခြေရော၊ ညာခြေရော၊ ခြေထောက်နှစ်ဖက်လုံး ကျောက်ပတ်တီး အဖွေးသားနဲ့၊ ညာဘက်လက်မှာ ဆေးသွင်းပိုက်တန်းလန်းနဲ့ ပုလင်းကြီး ချိတ်လို့၊ လကမ္ဘာပေါ်တက်တဲ့ အာကာသယာဉ်မှူးပုံစံ၊ ဒီဇိုင်းက လန်းမှ လန်း ...။ နာကျင်မှု၊ လေးလံမှုတွေကြောင့် လှုပ်လည်း မရ၊ စောင်းလည်း မရ၊ အိုင်စီယူ (အထူးကြပ်မတ်ကုသခန်း)ထဲက လူနာခုတင်ပေါ်မှာ ပက်လက်ကလေး ... ။ ဒါမှ အရှင်ဆန္ဒာဓိကအသစ် ...။ ခြေထောက်ကျိုးပြီးနောက်ပိုင်း ကိုယ်နဲ့ သေခြင်းတရားနဲ့ အရမ်းနီးကပ်နေသလို ပိုခံစားရတဲ့အတွက် မသေခင်အချိန်ပိုင်းလေးမှာ အများအကျိုးကို သယ်ပိုးနိုင်သလောက် သယ်ပိုးသွားချင်တာရယ်၊ နည်းလမ်းပေါင်းစုံနဲ့ အားပေးစောင့်ရှောက်ခဲ့ကြတဲ့ စာဖတ်ပရိသတ်နဲ့ တိုင်းသူပြည်သားတွေရဲ့ မေတ္တာတရားကို အကောင်းဆုံး တုံ့ပြန်ချင်တာရယ်ကြောင့် ခြေထောက်ဒဏ်ရာနဲ့ နာကျင်ကိုက်ခဲ ဆင်းရဲပင်ပန်းနေတဲ့ကြားကပဲ စာအုပ်နှစ်အုပ် ရေးဖြစ်သွားပါတယ်။ ခြေထောက်နှစ်ဖက်လုံး မလျှောက်နိုင်သေးတဲ့အချိန် (အောက်ခြေလွတ်နေတဲ့အချိန်)တွေမှာ လူနာခုတင်ပေါ်ထိုင်ရင်း ရေးဖြစ်ခဲ့တဲ့ စာအုပ်က'တို့လည်း လိုက်မယ် ချန်မထားနဲ့' စာအုပ် ...။ ခြေထောက် တစ်ဖက်တည်း လျှောက်နိုင်သေးတဲ့အချိန် (ခြေတစ်ပေါင်ကျိုးပြိုင်ပွဲဝင်နေတဲ့အချိန်)တွေမှာ စာရေးကုလားထိုင်ပေါ် ခြေထောက်တစ်ဖက် တန်းတန်းကြီး တင်ထားရင်း ရေးဖြစ်ခဲ့တဲ့စာအုပ်က 'တစ်ပွင့်ပန်လည်း လှပါတယ်' စာအုပ် ...။ စနေအစ စနေအဆုံး စာအုပ်နှစ်အုပ် ...။ အရှင်ဆန္ဒာဓိက အသစ်ရဲ့ သင်္ကေတနှစ်ခု ...။ တစ်ဘ၀လုံးအတွက် အမှတ်တရဖြစ်ခဲ့လို့ ... ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။
[ ၅ ]
'အရှင်ဆန္ဒာဓိကအသစ်' ဆိုတဲ့ စကားလုံးလေးကို ခေါင်းစဉ်တင်ပြီး 'ပြုတ်ကျဘ၀ရဲ့ ဒုက္ခအလှ' အတွေ့အကြုံလေးတွေကို ဆောင်းပါးရှည် စာအုပ်တစ်အုပ် မှတ်တမ်းတင်ရေးသားဖို့ စိတ်ကူးမိပေမယ့် အကြောင်း မညီညွတ်လို့ မရေးဖြစ်တော့ပါဘူး။ ပြုတ်ကျဖော် ပြုတ်ကျဖက်၊ ကျိုးဖော်ကျိုးဖက် ဆရာတော် ရဝေနွယ်ကတော့ 'ရဝေနွယ်အသစ်' ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဆောင်းပါးရှည် ရေးဖြစ်သွားပါတယ်။ 'တပည့်တော်က အရှင်ဘုရား ခြေထောက်ကျိုးတဲ့ အတွေ့အကြုံလေးတွေ ပါမယ်မှတ်နေတာ ... ၊ 'ရဝေနွယ် အသစ်' ဆိုတော့ ရဝေနွယ်ရဲ့ ဘ၀ဇာတ်ကြောင်းလေးတွေ၊ ကိုယ်တွေ့အဖြစ်အပျက်လေးတွေ၊ ရင်တွင်း ခံစားချက်လေးတွေ ပါမယ် အောက်မေ့လို့ ... ၊ ပါမလာဘူးနော်' လို့ စာရေးသူက ပြောတော့ ဆရာတော်ရဝေနွယ်က ... 'တပည့်တော် ကိုယ့်အကြောင်းကိုယ် မရေးရဲလို့ပါ' ...တဲ့။ ရိုးသားလိုက်တဲ့အဖြေ ... ၊ ကြည်ညိုပါတယ် ဘုရား ...။ မရေးရဲလို့ မရေးဖြစ်ပေမယ့် ဘာသာတွေးပြီး ဘာသာဆုံးဖြတ်ထားတဲ့  ရင်တွင်းဖြစ်လေးတွေ တသီတတန်းကြီး ရှိလိမ့်မယ်လို့တော့ မှန်းဆရပါတယ်။ 'ဘယ်သူမြင် ဘယ်သူသိမှာလဲ၊ သူရှိတယ် ကိုယ့်ရင်ထဲ၊ အမြဲငြိတွယ်' ပေါ့နော ...။ 'သူ' ဆိုတာ အဖြစ်အပျက်တွေ၊ ခံစားချက်တွေ၊ သင်ခန်းစာတွေ၊ သုံးသပ်ဆုံးဖြတ်မှုတွေကို ပြောတာပါ။ စာဖတ်သူတိုင်းကတော့ စာရေးသူတွေရဲ့ ကိုယ်တွေ့အဖြစ်အပျက် ခံစားချက်တွေကို ဖတ်ချင်ကြတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ သဘောတရားသက်သက် ဖတ်ရရင်လည်း ကိုယ်တွေ့နဲ့ နှိုင်းယှဉ်ပြီး ခံစားသုံးသပ်နိုင်တဲ့ အတွက် ကျေနပ်ပါတယ်။ စာရေးသူရဲ့ 'အတွေးအကြံ' ကို စာဖတ်သူရဲ့ 'အတွေ့အကြုံ' နဲ့ ပေါင်းစပ်ပြီး လက်တွေ့ဘဝ အံဝင်ခွင်ကျ အသုံးချ ဖြစ်ဖို့က စာဖတ်သူတိုင်းရဲ့ တာဝန်ပဲ မဟုတ်ပါလား ...။
'ရဝေနွယ်အသစ်' ထဲမှာပါတဲ့ သဘောတရားတွေဟာ ရဝေနွယ် အသစ်ဖြစ်အောင် ထုဆစ် ပုံဖော်မယ့် ကိရိယာတန်ဆာပလာတွေပါ။ ကိရိယာတန်ဆာပလာတွေအတိုင်း စာဖတ်သူက စာဖတ်သူရဲ့ဘ၀ကို ထုဆစ်ပုံဖော်ရင် စာဖတ်သူလည်း 'စာဖတ်သူအသစ်' ဖြစ်သွားမှာပေါ့။
[ ၆ ]
'အရှင်ဆန္ဒာဓိကအသစ်' ဆိုတဲ့ စကားလုံးလေးကို 'စိတ်ဓာတ်အသစ်၊ လုပ်ရပ်အသစ်' ဆိုတဲ့ စကားလုံးလေးနဲ့ တွဲပြီး မြင်ပါတယ်။ စိတ်ဓာတ်နဲ့လုပ်ရပ် ဟောင်းနေရင် လူအဟောင်း၊ စိတ်ဓာတ်နဲ့လုပ်ရပ် သစ်နေရင် လူအသစ် ...။ လောဘ၊ ဒေါသ၊ မောဟ (အတိုချုပ်ပြောတော့ လော ဒေါ မော) ဆိုတာ သံသရာတစ်လျှောက်လုံး အမြဲတမ်း ပေါင်းသင်းခဲ့တဲ့ အဟောင်းတရား ...။ စိတ်ဓာတ်နဲ့ လုပ်ရပ်မှာ လော ဒေါ မော တွဲနေရင် စိတ်ဓာတ်အဟောင်း၊ လုပ်ရပ်အဟောင်း ...၊ လူလည်း အဟောင်း။ စိတ်ဓာတ်နဲ့လုပ်ရပ်မှာ လော ဒေါ မော တွဲမနေရင် စိတ်ဓာတ် အသစ်၊ လုပ်ရပ် အသစ် ...၊ လူလည်း အသစ်။ 'အဟောင်းပျောက်လို့ အသစ်ရောက်' တဲ့ 'လူ အသစ်' ဖြစ်ချင်ရင် လောဘ ခေါင်းပါးရမယ်၊ ဒေါသ လျော့ပါးရမယ်၊ မောဟ လွင့်ပါးရမယ်။ 'ပါးသုံးပါး' ပေါ့ ...။ ခေါင်းပါး၊ လျော့ပါး၊ လွင့်ပါး ...။ သာသနာတွင်း သီလ၊ သမာဓိ၊ ပညာ ဆိုတာ သာသနာနဲ့ ကြုံမှ ဖြည့်ကျင့်ခွင့်ရတဲ့ အသစ်တရား ...။ စိတ်ဓာတ်နဲ့ လုပ်ရပ်မှာ သီလ၊ သမာဓိ၊ ပညာ တွဲနေရင် စိတ်ဓာတ် အသစ်၊ လုပ်ရပ် အသစ် ...၊ လူလည်း အသစ်။ စိတ်ဓာတ်နဲ့ လုပ်ရပ်မှာ သီလ၊ သမာဓိ၊ ပညာ တွဲမနေရင် စိတ်ဓာတ်အဟောင်း၊ လုပ်ရပ် အဟောင်း ...၊ လူလည်း အဟောင်း။ 'အသစ်ရောက်လို့ အဟောင်းပျောက်' တဲ့ 'လူအသစ်' ဖြစ်ချင်ရင်သီလ ဖြောင့်မတ်ရမယ်၊ သမာဓိ ခိုင်မတ်ရမယ်၊ ပညာ မြင့်မတ်ရမယ်။ 'မတ်သုံးမတ်' ပေါ့ ...။ ဖြောင့်မတ်၊ ခိုင်မတ်၊ မြင့်မတ် ..။ အဟောင်းပျောက်လို့ အသစ်ရောက်ရင်လည်း အသစ်၊ အသစ်ရောက်လို့ အဟောင်းပျောက်ရင်လည်း အသစ် ...။ အဟောင်းပေါ်လာတိုင်း ဖျောက်ဖျက်ပစ်သွားမယ်ဆိုရင်လည်း အသစ်ဖြစ်၊ အသစ်ပေါ်လာတိုင်း ဖြည့်ဆည်းဖြစ်သွားမယ်ဆိုရင်လည်း အသစ်ဖြစ် ... ။ အသစ်ဖြစ်ချင်ရင် အဟောင်းတွေ ကုန်အောင်ထုတ်။ အသစ်ဖြစ်ချင်ရင် အသစ်တွေ ပြည့်အောင်ဖြည့်။ အဟောင်း လုံးဝကုန်ရင် လုံးဝအသစ်ဖြစ်ပြီ၊ အသစ်လုံးဝပြည့်ရင် လုံးဝ အသစ်ဖြစ်ပြီ ...။ အဟောင်းကုန်မှတော့ အသစ်ဖြစ်ပြီပေါ့၊ အသစ်ပြည့်နေမှတော့ အဟောင်းအတွက် နေရာ ဘယ်ရှိပါတော့မလဲ ...။ အဟောင်းကုန်ဖို့ အဓိကလား၊ အသစ်ပြည့်ဖို့ အဓိကလား ...။ အဟောင်းကုန်မှ အသစ်ပြည့်မယ်၊ အသစ်ပြည့်မှ အဟောင်းကုန်မယ် ...။ အမှောင်ပျောက်ရင်လည်း အလင်းရောက်ပါတယ်၊ အလင်းရောက်ရင်လည်း အမှောင်ပျောက်ပါတယ်။ တစ်ပြိုင်တည်းပါပဲ။
'သွေးသားတွေ ပြောင်းပြီး လှလာလိုက်တာ' ဆိုတဲ့ နေရာမှာ သွေးသားအဟောင်းတွေ ပျောက်သွားလို့လည်း သွေးသားအသစ်တွေ ရောက်လာတာပါ။ သွေးသား အသစ်တွေ ရောက်လာလို့လည်း သွေးသားအဟောင်းတွေ ပျောက်သွားတာပါ။ တစ်ပြိုင်တည်းပါပဲ။ လောဘ၊ ဒေါသ၊ မောဟ အဟောင်းအဟောင်းတွေ ပျောက်သွားရင်လည်း သီလ၊ သမာဓိ၊ ပညာ အသစ်အသစ်တွေ ရောက်လာပါလိမ့်မယ်။ သီလ၊ သမာဓိ၊ ပညာ အသစ်အသစ်တွေ ရောက်လာရင်လည်း လောဘ၊ ဒေါသ၊ မောဟ အဟောင်းအဟောင်းတွေ ပျောက်သွားပါလိမ့်မယ်။ လောဘ၊ ဒေါသ၊ မောဟ ကင်းစင်လေ ... သီလ၊ သမာဓိ၊ ပညာ ပြည့်စုံလေ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံလေ ... လောဘ၊ ဒေါသ၊ မောဟ ကင်းစင်လေ။ တစ်ပြိုင်တည်းပါပဲ။
အရှင်ဆန္ဒာဓိကအဟောင်း ပျောက်သွားရင် အရှင်ဆန္ဒာဓိကအသစ် ဖြစ်လာပါလိမ့်မယ်၊ အရှင်ဆန္ဒာဓိက အသစ် ဖြစ်လာရင် အရှင် ဆန္ဒာဓိကအဟောင်း ပျောက်သွားပါလိမ့်မယ်။ တစ်ပြိုင်တည်းပါပဲ။
 [ ၇ ]
'အရှင်ဆန္ဒာဓိကအသစ်' ဆိုတဲ့ စကားလုံးလေးကို စာရေးတဲ့အလုပ်နဲ့ တွဲတွဲပြီး သတိရတတ်ပါတယ်။ လိုအပ်ချက်နဲ့ စေတနာအရ တခြားပရဟိတ အလုပ်တွေကို မလွှဲမရှောင်သာ လုပ်နေရပေမယ့် ကိုယ့်ရဲ့ အဓိက ပရဟိတအလုပ်က စာရေးတဲ့အလုပ်ဆိုတာကို ဘယ်တော့မှ မမေ့ပါဘူး။ တခြား ဘာ ပရဟိတအလုပ်ပဲ လုပ်နေလုပ်နေ 'ဒါ ငါ့ရဲ့ အဓိကအလုပ် မဟုတ်ဘူး၊ ပရဟိတနဲ့ ပတ်သက်ရင် ငါ့ရဲ့ အဓိကအလုပ်က စာရေးတဲ့ အလုပ်ပဲ' လို့ အမြဲနှလုံးသွင်းပါတယ်။ 'တခြားအလုပ်တွေကြောင့် အဓိကအလုပ် မထိခိုက်ပါစေနဲ့' လို့လည်း အမြဲသတိပေးနေပါတယ်။ ပရဟိတနဲ့ ပတ်သက်ပြီး စာရေးတဲ့အလုပ် တစ်ခုတည်းကိုပဲ ဇောက်ချလုပ်ဖြစ်သွားတဲ့ တစ်နေ့ဟာ ကိုယ်ကိုယ်တိုင် တကယ်ကျေနပ် အားရတဲ့ 'အရှင်ဆန္ဒာဓိက အသစ်' ဖြစ်လာတဲ့နေ့ပါပဲ။
[ ၈ ]
'အရှင်ဆန္ဒာဓိကအသစ်' ဆိုတဲ့ စကားလုံးလေးကို ခရီးသွားစရာကိစ္စ ကြုံလာတိုင်း အားမလိုအားမရ ရေရွတ်နေမိတတ်ပါတယ်။ အခြေအနေ၊ အချိန်အခါအရ မလွှဲမရှောင်သာ ခရီးတွေ သွားသွားနေရပေမယ့် ပြည်တွင်းခရီးလည်း ဘယ်ကိုမှ မသွားချင်တော့ပါဘူး၊ ပြည်ပခရီးလည်း ဘယ်ကိုမှ မသွားချင်တော့ပါဘူး။ ကိုယ့်တောရကျောင်းမှာပဲ အမြဲနေချင်လှပါပြီ။ တောရကျောင်းမှာ နေချိန်များလေ၊ စာလည်း ပိုရေးဖြစ်လေပါ။ စာရေးတဲ့အလုပ်ကို ရည်ရွယ်ပြီး 'မင်း အခု ဘာလုပ်နေလဲ' လို့ အမြဲ မေးဖြစ်သလို... ခရီးသွားတဲ့ကိစ္စကို ရည်ရွယ်ပြီး 'မင်း အခု ဘယ်ရောက်နေလဲ'လို့လည်း အမြဲ မေးဖြစ်ပါတယ်။ ဒီမေးခွန်းနှစ်ခုက ကိုယ့်ကိုယ်ကိုယ် အမြဲ မေးဖြစ်နေတဲ့ မေးခွန်းနှစ်ခုပါ။ စိတ်တိုင်းကျတဲ့ အဖြေကတော့ မရတစ်ချက် ရတစ်ချက် ဖြစ်နေဆဲပါပဲ။
[ ၉ ]
'အရှင်ဆန္ဒာဓိကအသစ်' ဆိုတဲ့ စကားလုံးလေးကို စာရွက်ပေါ်မှာနဲ့ နှုတ်ခမ်းဖျားမှာပဲ ကပ်ငြိ မနေစေချင်ပါဘူး။ နှလုံးသားပေါ်မှာနဲ့ လက်တွေ့ဘ၀ပါ စွဲထင်နေစေချင်ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားလျက်ပါ။ တဖြည်းဖြည်းတော့ ဖြစ်လာပါလိမ့်မယ်။
[ ၁၀ ]
'အရှင်ဆန္ဒာဓိကအသစ်'ဆိုတဲ့ စကားလုံးလေးကို ............................။
ထာဝရအေးချမ်းကြပါစေ ...။
မေတ္တာဖြင့်
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)


လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ 'လွန်းထားထားအသစ်' အမှာစာ



'အသစ်' ဆိုတဲ့အရာကို လူတိုင်းမက်မော သဘောကျတတ်ကြတာ သဘာဝပါ။ နှစ်ဟောင်းတစ်နှစ် ကုန်ဆုံးလို့ 'နှစ်သစ်'တစ်နှစ် စတင်ပြီဆိုတိုင်း လူတိုင်း ရင်ထဲမှာ တူညီတဲ့ စိတ်ခံစားမှုတစ်မျိုးက မတိုင်ပင်ရပါဘဲ အလိုအလျောက် ကိန်းပီတိကလေး ဖြာလို့ပါ။ အ၀တ်အစား အသစ်ကလေးတွေ၊ အသုံးအဆောင်အသစ်ကလေးတွေ ဆိုလည်း တယုတယနဲ့ တန်ဖိုးထား တွယ်တာမြတ်နိုးလိုက်ရတာ အမောပါ။ စာရေးရင်လည်း စာရွက်အသစ် ဖြူဖြူစင်စင်ကလေးနဲ့ရေးရမှ စိတ်ချမ်းသာ ကျေနပ်တတ်သူပါ။ အဲဒီလို အသစ်မှ မက်မောတန်ဖိုးထားမိတတ်တဲ့ ကျွန်မက ကိုယ့်ရဲ့ စိတ်ကလေးကိုရော နေ့တိုင်းအသစ် ဖြစ်နေအောင် တတ်နိုင်သရွေ့ ကြိုးစားအားထုတ်နေမိတတ်ပြန်ပါတယ်။ စိတ်ကလေး အမြဲ သစ်နေဖို့ သတိကလေးတော့ အမြဲမပြတ် ရှိနေရပါတယ်။ သတိကလေး လွတ်သွားမိပြီဆိုတာနဲ့ ကိုယ့်ရဲ့ ဖြူစင်ကြည်လင်နေတဲ့ စိတ်အသစ်ကလေးဆီမှာ မာနအရောင်၊ လောဘ အရောင်၊ ဒေါသအစွန်း၊ မောဟ အညစ်တွေ ချက်ချင်းကပ်ငြိတာခံရပြီး စိတ်အသစ်ကလေးက ချက်ချင်းပဲ ဟောင်းနွမ်း ညစ်ထေးသွားတတ်ပါတယ်။ သတိရတိုင်းသတိကလေးနဲ့ ပြန်ဆေးကြောသန့်စင်ဖို့ ကြိုးစားရပါတယ်။ သန့်စင်သွားတဲ့အခါလည်းရှိသလို အမေ့မေ့အလျော့လျော့နဲ့ ညစ်နွမ်းညှိုးလျော်သွားခဲ့သမျှကို အချိန်လွန်မှ ပြန်ဆင်ခြင် သတိထားမိတာလည်း ရှိခဲ့ပါတယ်။
Ä Ä Ä
မှတ်မှတ်ရရ ဆရာတော်ဦးဇောတိက၊ ဆရာတော် အရှင်ဆန္ဒာဓိကနဲ့ ဆရာတော် ရဝေနွယ်(အင်းမ) တို့ရဲ့ ဓမ္မစာပေများက ကျွန်မကို ဘ၀နေနည်းများစွာ သင်ကြားညွှန်ပြပေးခဲ့ပါတယ်။ ကျွန်မရဲ့ စိတ်ကလေးတွေ ညစ်နွမ်း ဟောင်းနွမ်းသွားတော့မယ်ကြံတိုင်း ဆရာတော်တို့ရဲ့ ဆုံးမ သတိပေး စာကလေးတွေနဲ့ ကျွန်မရဲ့ စိတ်ကလေးကိုအသစ် ပြန်ဖြစ်အောင် ပြန်လည်ဆေးကြောသန့်စင်ရစမြဲပါ။ ပြီးတော့ ကျွန်မရဲ့ ဘ၀နေနည်းက တစ်ရက်ချင်းပဲ နေထိုင်ကြည့်တဲ့ နည်းပါ။ ဒီနေ့အတွက် မျက်လုံးနှစ်လုံးပွင့်လို့ အိပ်ရာကနေနိုးထပြီ ဆိုတာနဲ့ ဒီနေ့အတွက် လွန်းထားထားအသစ် မွေးဖွားခဲ့ပြီလို့ ခံယူလိုက်ပါတယ်။ မနေ့က
လွန်းထားထားက ဟောင်းနွမ်းသွားခဲ့ပြီ၊ သေဆုံးသွားခဲ့ပြီ။ ဒါကြောင့် မနေ့က ညစ်နွမ်းခဲ့တာတွေကို ပြန်လို့ ကိုယ့်ကိုယ်ကိုယ် ကတိက၀တ်အသစ်တွေ ပေးနေမိတာပါပဲ။ ကျွန်မ ကိုယ်တိုင်လည်း 'အသစ်... အသစ်' ဆိုတဲ့ အရာတွေကို မက်မော တန်ဖိုးထားတတ်ပါတယ်။ ပိုက်ဆံကလေးတွေ ကိုင်ရင်တောင်မှ အသစ်ကျပ်ချွတ်ကလေး ၀တလာတတ်စမြဲပါ။ အဲဒီခံစားမှုက နှစ်သစ်မှာ လူအသစ် စိတ်အသစ်နဲ့ ဘ၀အသစ်တစ်ခု ပြန်စမယ်ရယ်တွေဆိုရင် စိတ်ကလေး မတွေးမိအောင် တတ်နိုင်သရွေ့ သတိကလေးနဲ့ ဆင်ခြင်ပြီး မေ့ပစ်ဖို့ ကြိုးစားရပါတယ်။ ဒီနေ့ အသစ် မွေးဖွားလိုက်တဲ့ လွန်းထားထား အသစ်ကလေးဟာ ဖြူဖြူစင်စင် အသစ် ကျပ်ချွတ်ကလေးပါ။ အဲဒီ အသစ်စက်စက်ကလေးမှာ ဒါနရယ်၊ သီလရယ်၊ ဘာဝနာရယ် ၀ိပဿနာကလေးတွေ တတ်နိုင်သရွေ့ ဖြည့်စွက် တည်ဆောက်ရင်း တစ်နေ့တာကို အဓိပ္ပာယ်ရှိရှိ ရှင်သန်ဖို့ ကြိုးစားတတ်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိလေသာ အညစ်ကလေးတွေ မစွန်းပေသေးသရွေ့ လွန်းထားထား အသစ်ကလေးပေါ့။ ဒါပေမဲ့လည်း တစ်ယောက်တည်း နေထိုင်ရတာ မဟုတ်တဲ့ လူ့ဘ၀ အရှုပ်အထွေးတွေ ကြားထဲမှာ နေနေရသရွေ့တော့ စွန်းထင်းစရာ၊ ပေကျံစရာ၊ ညစ်ပေစရာ မာန ဒေါသ လောဘ စတဲ့ ကိလေသာ အညစ်အကြေးတွေက သတိတစ်ချက် ကင်းလွတ်သွားတာနဲ့ ဗြန်းခနဲ ပက်လိုက်ဖို့ ... နေရာပေါင်းစုံ ... ထောင့်ပေါင်းစုံကနေ ပုံသဏ္ဌာန်မျိုးစုံနဲ့ကို စောင့်ဆိုင်းနေကြတာပါ။ အဲဒီကိလေသာတွေနဲ့ အပက်ခံလိုက်ရပြီဆိုတာနဲ့ စိတ်ကလေးက ချက်ချင်း ရုပ်ပျက်ဆင်းပျက် ညစ်နွမ်းသွားတော့မှာပါ။ သတိကလေးနဲ့ ပြန်ဆေးကြောနိုင်ရင်တော့ သတိ အင်အားကောင်းရင် ကောင်းသလို ချက်ချင်း ပြန်ဆေးကြော သန့်စင်နိုင်ရင်တော့ စိတ်အသစ်ကျပ်ချွတ် ဖြူဖြူစင်စင်ကလေး မညစ်နွမ်းနိုင်တော့ဘူးပေါ့နော်။ ဒီလိုနဲ့ပဲ တစ်နေ့တာ ကုန်ဆုံးသွားတဲ့အခါ အိပ်စက်ခြင်းနဲ့အတူ လွန်းထားထား အဟောင်းကလေးလည်း တစ်နေ့တာ စာအတွက် ချုပ်ငြိမ်း သေဆုံးသွားခဲ့ပြီလို့ မှတ်ယူလိုက်ပါတယ်။ မနက်ဖြန်မွေးဖွားလာမယ့် လွန်းထားထား အသစ်ကလေးကို ဒီနေ့ထက် ပိုပြီး စိတ်ချမ်းသာအောင် ထားမယ်လို့လည်း တစ်ခါတစ်ရံ တွေးမိလိုက်ပါသေးတယ်။
Ä Ä Ä
ဆရာတော် ရဝေနွယ်ဆီက စာအုပ်အသစ်ရဲ့ နာမည်ကလေး ''ရဝေနွယ်အသစ်'' ဆိုတဲ့ နာမည်ကလေးကို ကြားကြားချင်းပဲ စိတ်ထဲမှာ အလွန် နှစ်သက် ဘ၀င်ခိုက်သွားခဲ့မိတာပါ။ လူငယ်စကားနဲ့ ပြောရရင် တကယ်ကို ဟာ့(ထ်)ထိသွားခဲ့တာပါ။ အသစ်ကို နှစ်သက်မြတ်နိုးတတ်သူ မို့ ဆရာတော်ရဲ့ ''ရဝေနွယ်အသစ်'' က ကျွန်မအတွက် စွဲဆောင်မှု ရှိလွန်းလှပါတယ်။ အထဲက စာသားတွေကို ဖတ်မိပြီးချိန်မှာတော့ ကျွန်မ ရင်ထဲမှာ တကယ့်ကို အသည်းခိုက် နှစ်သက်သွားခဲ့မိတာပါ။ လူတစ်ယောက်အတွက် အသစ်ပြုပြင် တည်ဆောက်ဖို့ နည်းလမ်းတွေကို ဆရာတော်က ရိုးရိုးရှင်းရှင်းနဲ့ လိုက်နာရလည်း လွယ်ကူအောင် ညွှန်ပြ သွန်သင်ထားခဲ့တာမို့ အသစ်ကြိုက်သူ ကျွန်မအတွက် မကြာခဏ ညစ်ပေဟောင်းနွမ်း သွားတတ်တဲ့ လွန်းထားထား အဟောင်းကို လွန်းထားထား အသစ်ဖြစ်အောင် ဘယ်လိုပြန်ပြီး အသစ်တည်ဆောက်ရမယ်ဆိုတဲ့ ဘ၀နေနည်းတစ်ခုကို ရှင်းရှင်းထင်းထင်း သိခွင့်ရလိုက်ပြန်ပါတယ်။ အဲဒီအတွက် ဆရာတော်ကို ဆတက်ထမ်းပိုး ပိုလို့ ကျေးဇူးတင် ကြည်ညိုသဒ္ဓါပွားရပြန်ပါတယ်။
ဆရာတော်ရဲ့ စာကို ဖတ်ပြီးချိန်ကစပြီး ကိုယ့်စိတ်ကလေးကို သတိကလေးနဲ့ စောင့်ကြည့်လာမိပါတယ်။ တစ်နေ့တာ အသစ်စလို့ နိုးထလာရင် ကိုယ့်ကိုယ်ကိုယ် လွန်းထားထား အသစ်ကလေးအဖြစ် မိတ်ဆက်မိတယ်။ တစ်ခါတစ်ရံ ၀င်လာတတ်တဲ့ ကိလေသာ အညစ်အကြေးတေကြောင့် လွန်းထားထားကလေး ဟောင်းညစ်မယ်ကြံရင် ချက်ချင်း သတိထားမိလာပါတယ်။ အကုသိုလ်ဖြစ်ကြော မရှည်တော့ပါဘူး။ ဒီအတိုင်းကလေးပဲ သတိကလေးနဲ့ အမြဲထိန်းသိမ်းနေသွားမယ်ဆိုရင် လွန်းထားထားအသစ်ကလေး အမြဲသစ်လွင် ငြိမ်းချမ်းနေတော့မှာပါ။ ဆရာတော် ရဝေနွယ်အသစ်နဲ့တကွ စာဖတ်ပရိသတ်အသစ်တွေ အားလုံး အမြဲထာဝရ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ သစ်လွင် ငြိမ်းချမ်းနိုင်ကြပါစေ။
ဆရာတော်အား ရိုသေ လေးမြတ်စွာ ပူဇော်ရှိခိုးလျက် ...
မေတ္တာအားဖြင့် ...
လွန်းထားထား
(၂၅-၁-၂၀၁၂)

စာရေးသူရဲ့ အမှာစာ



'စိတ်ညစ်ရင် ရေချိုးပါ' ထွက်ပြီးစမှာပဲ ဦးဇင်းအရှင်ဆန္ဒာဓိက က ''နောက် ဘာခေါင်းစဉ်နဲ့ ရေးမလဲ'' လို့ မေးလာပါတယ်။ စာရေးသူက ချက်ချင်းပါပဲ ''ရဝေနွယ်(အင်းမ)အသစ်''လို့ ဖြေလိုက်ပါတယ်။ ရေးမယ့် အကြောင်းအရာကိုလည်း ပြောပြလိုက်ပါတယ်။ ဒီတော့ ဦးဇင်းအရှင်ဆန္ဒာဓိက က ''အင်းမ ကို ဖြုတ်လိုက်
ပါလား၊ 'ရဝေနွယ်အသစ်'ဆို ပိုမကောင်းဘူးလား''လို့ အကြံပြုပေးပါတယ်။ ဒါကြောင့် ''ရဝေနွယ်အသစ်'' လို့ပဲ အမည်ပေး လိုက်ပါတယ်။ ဒါပေမဲ့လည်း နှစ်နှစ်သာကျော်သွားတယ်၊ စာတစ်ကြောင်းတောင် မရေးနိုင်ခဲ့ပါဘူး။ ကျောင်းတိုက်တည်ထောင်စရဲ့ အလုပ်တွေဖြစ်တဲ့ အဆောက်အအုံ, လမ်း, သစ်ပင်, ရေမြောင်း စသည်တွေကို မကျွမ်းကျင်ဘဲနဲ့ ကိုယ်တိုင် စီမံနေရလို့ပါ။ ၂၉ . ၆ . ၂၀၁၁ နေ့မှာတော့ ဓမ္မရဝေတောရရဲ့ ကျောင်းဒကာမကြီးလည်းဖြစ်, စာရေးသူရဲ့ ရဟန်းဒကာမကြီးလည်းဖြစ်တဲ့ ဒကာမကြီးဒေါ်မြသိန်းက အမေရိကားကို ဆေးပြဖို့ ပင့်သွားပါတယ်။ ရောက်စတစ်လခွဲလောက်မှာတော့ ဆေးပြနေရလို့
စာမရေးဖြစ်ပါဘူး။ တစ်လခွဲ နောက်ပိုင်းမှပဲ နေမကောင်းတဲ့ကြားက ရေးဖြစ်သွားပါတယ်။ တကယ် ချရေးလိုက်တော့လည်း စာတွေက ဝေါကနဲဝေါကနဲနဲ့ မထင်မှတ်ဘဲ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ခက်တာက စာရေးသူရဲ့ လက်ရေးတွေက တော်တော်ဆိုးပါတယ်။ လူတိုင်း မဖတ်နိုင်ပါဘူး။ မြန်မာပြည်မှာဆို ဗဂျီလင်းဝဏ္ဏရဲ့ ညီအငယ်လေးကတော့ ဖတ်နေကျမို့ စာမူပေးလိုက်တာနဲ့ ကောင်းကောင်း စီပေးနိုင်ပါတယ်။ ပထမစိတ်ကူးက အမေရိကားမှာ ရေးခဲ့ပြီး မြန်မာပြည်ပြန်ရောက်မှပဲ အငယ်လေးကို စာစီခိုင်းတော့မယ်လို့ စိတ်ကူးထားတာပါ။ ဒါကို အမေရိကားမှာရှိတဲ့ ဘုန်းကြီးဦးသိရိန္ဒ (www.ashinsirinda.com) က သိသွားပြီး သူဓမ္မဒါန ပါရမီဖြည့်ချင်ပါတယ်လို့ အမိန့်ရှိလာပါတယ်။ စာရေးသူရဲ့ လက်ရေးကို ဖတ်လို့မရမှန်းသိတော့ အသံသွင်းပြီး ဘုန်းကြီးဦးသိရိန္ဒ သီတင်းသုံးရာ ပေါ့တလန်မြို့ကို အင်တာနက်ကပဲ လှမ်းပို့လိုက်ပါတယ်။ ဒါပေမဲ့ သတ်ပုံတို့၊ မျက်တောင်အဖွင့်အပိတ်တို့၊ ကော်မာတို့၊ ပုဒ်ထီး ပုဒ်မတို့၊ စာပိုဒ်ခွဲတာတို့ကျတော့ ခက်နေပြန်ရော။ နောက်ဆုံးတော့ ဓမ္မရဝေတောရရဲ့ ကျောင်းအမကြီး ဒကာမကြီးဒေါ်မြသိန်းက သူ လက်ရေးနဲ့ အချောကူးမယ်လို့ ဆိုလာပါတယ်။ ဒီတော့ စာရေးသူအတွက် အတော်လေး အဆင်ပြေသွားပါတယ်။ ကျောင်း ဒကာမကြီး အချောကူးပြီးတဲ့ စာမူတွေကို Email နဲ့ Scan ဖတ်ပြီး ဘုန်းကြီး ဦးသိရိန်ဆီ ပို့လိုက်ပါတယ်။ ဘုန်းကြီးဦးသိရိန်ကလည်း ဘယ်လောက်မြန်သလဲဆို စာမူတစ်ပုဒ်ကို တစ်နာရီပါပဲ။ စာမူအမှားအမှန်ကိုတော့ ဖုန်းကို စပီကာဖွင့်ပြီး ပြင်ကြပါတယ်။ ဖုန်းကလည်း အင်တာနက်နဲ့တွဲထားတာဆိုတော့ ၁ လမှ ကြိုက်သလောက်ပြော ၂ ကျပ် ၉၉ ပြားရယ်ပါ။ Email နဲ့ဆိုရင် ဟိုက ဒီက ၀င်လာရင် Hi လုပ်နေရမှာစိုးလို့ပါတဲ့။ အလုပ်လည်း မတွင်ကျယ်တော့ပါဘူး။ အားလုံးချောပြီဆိုမှ နာငေူ နဲ့ မြန်မာပြည်မှာရှိတဲ့ ဂျာနယ်တိုက်ကို ပို့လိုက်တာပါ။ ဂျာနယ်တွေကလည်းင်္ အင်တာနက်ကနေ ဖတ်လို့ရနေတာဆိုတော့ အဆင်ကိုပြေနေတာပါပဲ။ ဓမ္မရဝေတောရကျောင်းအမကြီး ဒကာမကြီး ဒေါ်မြသိန်းကတော့ ဒီတစ်ခေါက် အမေရိကားပင့်ရတာ ''ရဝေနွယ်အသစ်'' ရေးဖြစ်တာရယ်၊ တစ်အုပ်လုံး စာကူးပေးရတဲ့ကုသိုလ်ရယ်ကို အမြတ်နိုးဆုံး၊ အကျေနပ်ဆုံးလို့ဆိုပါတယ်။ တစ်အုပ်လုံး စာကူးပေးတဲ့ပါရမီကို ဖြည့်ပေးခဲ့တဲ့ ကျောင်းဒကာမကြီးကိုလည်း ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒီလိုပါပဲ။ တစ်အုပ်လုံး စာစီကုသိုလ် ပါရမီဖြည့်ပေးခဲ့တဲ့ နောင်တော်ကြီး ဘုန်းကြီးဦးသိရိန်ကိုလည်း ရင်ထဲမှာ ကျေးဇူးကမ္ပည်းထိုးပါတယ်။ တကယ်လို့သာ ဓမ္မရဝေတောရကျောင်းအမကြီးက စာမူချော ကူးမပေးနိုင်ခဲ့ရင်၊ ဘုန်းကြီးဦးသိရိန်ကသာ စာစီမပေးနိုင်ခဲ့ရင် မြန်မာပြည်ပြန်ရောက်မှပဲ 'ရဝေနွယ်အသစ်'ကို စာဖတ်သူတွေဆီ ပို့နိုင်တော့မှာပါ။ ဒါပေမဲ့ အမေရိကားမှာရှိစဉ်အတွင်းမှာပဲ မြန်မာပြည်မှာရှိတဲ့ ပရိသတ်တွေ စောစောစီးစီး ဖတ်ခွင့်ရအောင် စာစီပေးခဲ့တဲ့ ဘုန်းကြီးဦးသိရိန်နဲ့ ကျောင်းဒကာမကြီးကို ထပ်မံကျေးဇူးစကားဆိုပါရစေ။ အမေရိကားမှာရှိနေစဉ်အတွင်း အေးအေးချမ်းချမ်း စာရေးနိုင်အောင် ကျောင်းဒကာမကြီးနဲ့ လက်တွဲပြီး ဆွမ်းကွမ်းဝေယျာဝစ္စ ချက်ပြုတ်ပေးခဲ့တဲ့ ကျောင်းဒကာမကြီးရဲ့ညီမ မကြီး (နာမည်ကျော်ပဲကုလားဟင်း) ကိုလည်း ထပ်တူထပ်မျှ ကျေးဇူးတင်ပါတယ်။ စာမူထည့်ပေးတဲ့ဂျာနယ်များကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ ''အရှင်ဆန္ဒာဓိကအသစ်'' အမှာစာ ကို ရေးပေးရုံမက ''တရားတွေ သိပ်မဟောနဲ့၊ စာပဲ ဖိရေးပါ''လို့ တိုက်တွန်းရင်း ဖုန်းပြောပြီးတဲ့အခါ ''စာတွေ အများကြီးရေးနိုင်သော'' စသည်ဖြင့် ဆုတွေ တစ်လှေကြီးပေးတတ်တဲ့ ဦးဇင်း အရှင်ဆန္ဒာဓိကကိုတော့ အထူး ပြောစရာ မလိုတော့ပါဘူး။ တရားက မဟောချင်ပါဘူး။ စာပဲရေးချင်တာပါ။ တရားပွဲ လက်ခံထားရင် စိတ်သိပ်ဖိစီးတာပါ။ တစ်ခါတလေဆို ဦးဇင်းအရှင်ဆန္ဒာဓိက က ''တရားမဟောဘဲနေနိုင်သော'' ဆိုပြီး မေတ္တာပို့ပေးတတ်ပါတယ်။ ဘ၀မှာ ဘယ်လိုမွန်းကြပ်မှုမျိုးတွေ ရှိနေရှိနေ စာရေးနေရရင် ပျော်နေတာပါ။ ဒီလိုပါပဲ။ အင်္ဂလန်ကနေ Email နဲ့ အမှာစာရေးပေးရင်း ဦးဇင်း အရှင်ဆန္ဒာဓိကဆုပေးအတိုင်း ''စာတွေ အများကြီးရေးနိုင်သော'' မေတ္တာပို့ပေးတဲ့ ဆရာမလွန်းထားထား (ဆေးတက္ကသိုလ်) ကိုလည်း ကျေးဇူးမှတ်တမ်းတင်ပါတယ်။
တစ်နေ့သောအခါမှာတော့ ''တရားမဟောဘဲနေနိုင်သော စာကို အေးအေးချမ်းချမ်း ရေးနိုင်ရပါလို၏'' လို့ပဲ ကိုယ့်ကိုယ်ကိုယ် ဆုတောင်းလိုက်ရပါတော့တယ်။
မေတ္တာဖြင့် . . . .
အရှင်ရာဇိနိန္ဓ(ရဝေနွယ်-အင်းမ)
ဓမ္မရဝေတောရ
၁၄ . ၁ . ၂၀၁၂
yawainwe18@gmail.com

အတွေးစာစု (၄၅)

''လောကကြီးဆီက တကယ်တော့  ကျွန်မ သိပ်အများကြီး မျှော်လင့်ခဲ့ မိတာ မဟုတ်ပါဘူး..။

မတော်တဆ ကျွန်မ.. ရလိုက်တာက မတန်တဆကြီးဖြစ်လာခဲ့ တော့ ..

ကျွန်မကို မျှော်လင့်တကြီး ရူးသွပ်တတ်လာအောင်..သင်ပေးခဲ့ တာ..

မောင်ပဲ မဟုတ်လားကွယ်..''

''မယ်မွှေးမြ''
('ချစ်သူက ဖန်ဆင်းထုဆစ်ထားတဲ့  ကျွန်မ..)

...
......
........

'' ကိုယ်က လူတစ်ယောက် လိုချင်နေတဲ့  အရာတစ်ခုကို..

ကိုယ့် အတွက်လည်း အပန်းမကြီးဘူးဆိုရင်..

လုပ်ပေးလိုက်ရတာကို ကျေနပ်တယ်..။

အဲဒီကရတဲ့  စိတ်ကျေနပ်မှု..နှစ်သိမ့်မှုက.

ပုပ်သိုးသွားတဲ့ ဟာမျိုးမဟုတ်ပဲ ..freezer ထဲထည့် သိမ်းထားရသလို..

အမြဲလတ်ဆတ်နေတာမျိုး..။

ကိုယ်ခံစားချင်တဲ့  အခါတိုင်း..

ပြန်ထုတ်နွှေးပြီး ခံစားလို့ ရတယ်လေ...''

''လူရည်ချွန်'
(ချစ်သူကဖန်ဆင်းထုဆစ်ထားတဲ့  ကျွန်မ..)
 လွန်းထားထား(ဆေးတက္ကသိုလ်)

အတွေးစာစု (၄၄)

Photo: PyiAyeNyein https://www.facebook.com/photo.php?fbid=3469786302276&set=a.3219710610540.2164758.1199657445&type=1&theater
ဒီနေ့ ကိုယ့် လက်ထဲမှာရှိနေတဲ့  ပျော်ရွှင်ခြင်းဟာ..

မနက်ဖန် ဆက်ရှိနေလိမ့်မယ်လို့  မသေချာပါ..


ဒါကြောင့် ပျော်ရွှင်ခြင်းကို ဒီနေ့အပြည့် အဝပျော်ရွှင်ခံစားပါ..။


ဒီနေ့ ကိုယ်လက်ထဲရောက်လာတဲ့ ..ကြေကွဲနာကျင်ခြင်းဟာ..


မနက်ဖန် ဆက်ရှိနေလိမ့်မယ်လို့  မသေချာပါ..။


ဒါကြောင့် ကြေကွဲနာကျင်ခြင်းကို.. ဒီနေ့အားလုံးလက်လွှတ်စွန့်ပစ်လိုက်ပါ..။
 

လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...