သူငယ်ချင်းလေး

သူငယ်ချင်းလေး (ဒါရိုက်တာ ကြည်ဖြူသျှင်၊ အောင်ရဲလင်း၊ သက်မွန်မြင့်၊ ဆုကဗျာ၊ ဘုန်းသျှန်၊ ခင်သီတာထွန်း)
သူငယ်ချင်းလေး ဇာတ်ကားကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

လွန်းထားထား(ဆေးတက္ကသိုလ်)

အပျိုစင်မဂ္ဂဇင်းနှင့် အင်တာဗျူး

ဆရာမက အပျိုဘဝကတည်းက ဒါရိုက်တာကြည်ဖြူသျှင်နဲ့ တပူးတွဲတွဲနေလာတဲ့သူဆိုတော့ ခုလို မြန်မာနိုင်ငံကို အလည်ပြန်လာတဲ့အခါမှာ သူနဲ့တွေ့ပြီးပြီလား?
ကြည်ဖြူနဲ့ တွေ့ပြီးပါပြီ။ ယောဆရာတော်ရဲ့ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်မှာ ကျွန်မတို့ရဲ့ ခုနစ်နှစ်မြောက် မင်္ဂလာဆွမ်းကျွေးလုပ်တော့ အဲဒီမှာ ကြည်ဖြူနဲ့ တွေ့ပြီးပါပြီ။
သူက ဆရာမရဲ့ဝတ္ထုကို ဗွီဒီယို ရုပ်ရှင် အရိုက်များတော့ သူ့ကို ဘယ်နှပုဒ်ရောင်းထားပြီးပြီလဲ?
ကြည်ဖြူက များသောအားဖြင့် ကျွန်မရဲ့  ဝတ္ထုတွေ ရိုက်တာများတယ်။ သူကိုယ်နှိုက်ကလည်း ပြောတယ်။ ကျွန်မရဲ့ ဝတ္ထုကို ရိုက်ရင်ရိုက်၊ အဲဒီလိုမဟုတ်ရင် သူ့ဘာသာ ဇာတ်လမ်း ဇာတ်ညွှန်းရေးတယ်။ တော်တော်များများက သူလိုချင်ရင် အိမ်မှာ လာလာယူတယ်။
ဆရာမတို့ အရင်တုန်းက ရေးခဲ့တဲ့ ဝတ္ထုတွေနဲ့ အခုလက်ရှိ ထွက်ရှိနေတဲ့ ဝတ္ထုတွေရဲ့ အရေးအသားနဲ့ ဇာတ်အိမ်တည်ဆောက်မှုတွေဟာ ဘယ်လိုကွာခြားမှု ရှိမလဲ?
အခုနောက်ပိုင်း အသစ်ထွက်တဲ့ စာရေးဆရာ၊ ဆရာမတွေထဲက selectionလေးတော့ ရွေးပြီးတော့  လေ့လာပါတယ်။ ကိုယ်တွေတုန်းက ခေတ်နဲ့တော့ နည်းနည်းလေး ကွာခြားမှု ရှိသွားတာပေါ့နော်။ အခုနောက်ပိုင်းကတော့ modern လိုင်း ပုံစံလေးတွေ၊ fancy လေးတွေ၊ အဲဒီလို ပုံစံလေးတွေ ခေတ်စားတယ်လို့ ထင်ပါတယ်။ ကျွန်မလည်း ခေတ်နောက်ကျ မကျန်ခဲ့အောင် သူတို့စာတွေလည်း ဖတ်ရတာပေါ့။ မျက်ခြေမပြတ်အောင်လေ။ ကွာခြားမှု သိပ်အကွာကြီးတော့မဟုတ်ဘူး။ သူတို့ လိုင်းလေးတွေကလည်း တစ်မျိုးပေါ့။
တချို့ စာရေးဆရာမတွေက အခုချိန်မှာ ဝတ္ထုတစ်ပုဒ်ရေးပြီ ဆိုတာနဲ့ ဗွီဒီယိုတို့ ရုပ်ရှင်တို့ ရိုက်ဖို့အထိ ရည်ရွယ်ပြီး ဇာတ်လမ်းဖွဲ့ရေးလာတာတွေ ရှိပါတယ်။ သူ့ဝတ္ထုကို ဖတ်ကြည့်လိုက်တာနဲ့ ဒီဇာတ်ကောင်ရဲ့နေရာမှာ ခန့်စည်သူကို မြင်မိသလို ဒီဇာတ်ကောင်ရဲ့နေရာမှာ ရန်အောင်၊ ဒီဇာတ်ကောင်ရဲ့နေရာမှာ အိန္ဒြာကျော်ဇင် စသဖြင့် စာဖတ်သူက ချက်ချင်း ပြေးမြင်လိုက်တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဆရာမရဲ့အမြင်ကို ပြောပါဦး?
အဲဒါကတော့ ရေးတဲ့သူရဲ့ ရည်ရွယ်ချက်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ သူတို့ ရည်ရွယ်ချက်ကိုတော့ ကျွန်မ မပြောတတ်ဘူးပေါ့နော်။ ဘယ်လိုပြောမလဲ။ ကျွန်မဘက်ကတော့ ဝေဖန်လို့ မကောင်းဘူးပေါ့နော်။
ဒါထက် ခုချိန်မှာ ဆရာမရဲ့ စာရေးသက်က ဘယ်လောက်ရှိသွားပြီလဲ?
ကျွန်မ စာ စရေးတာက ၁၉၈၈ ကပေါ့နော်။ အခု ၂၀၁၁ ဆိုတော့ ၂၃နှစ်ပေါ့နော်။
အဲဒီ ၂၃နှစ်အတွင်းမှာ ထွက်ခဲ့တဲ့ လုံးချင်းအရေအတွက်က?
လုံးချင်း အရေအတွက် ၁၈၀ ကျော်သွားပါပြီ။
အဲဒီထဲကနေရုပ်ရှင်ဗွီဒီယိုဖြစ်သွားတာတွေက?
တော်တော်များများ ဖြစ်ပါတယ်။ မဖြစ်တဲ့ဟာ တွေက ဆယ်အုပ်နဲ့ အုပ်နှစ်ဆယ် ကြားလောက် မှာပဲ ရှိလိမ့်မယ် ထင်တယ်။ ကျန်တာတွေကတော့ ဗွီဒီယိုနဲ့ ရုပ်ရှင်ကားကြီး တွေ ဖြစ်သွားပါတယ်။
ဝတ္ထုရေးတဲ့အခါမှာ ဘယ်ဟာကို အဓိကထား ရေးဖြစ်လဲ။ ဇာတ်အိမ်နဲ့ ဇာတ်ရုပ်ရဲ့ ကာရိုက်တာမှာပေါ့?
ပထမတစ်ခုက ဇာတ်ကောင်စရိုက်ပေါ့နော်။ ကျွန်မ ဘယ်လိုဇာတ်ကောင်စရိုက်မျိုး ရေးမယ်ပေါ့။ နောက်တစ်ခုကတော့ ကိုယ်ဘာကြောင့် ရေးချင်လဲပေါ့။ plot လေးတစ်ခုကို စ ရတာပါ့။ ဥပမာ ပန်းချီကား တစ်ချပ် ဆွဲသလိုပေါ့။ ဆေးတစ်စက် စကျတာနဲ့ အတွေးလေး တစ်စက် စ ရတာပေါ့။ အဲဒီ အတွေးလေး တစ်စက်ကို ဆက်ဆက်ချဲ့ပြီး ပန်းချီကားတစ်ခု ပုံပေါ်လာသလိုပေါ့။ အတွေးနဲ့ဆက်ပြီး ချဲ့ပေါ့။ ဒီဇာတ်လမ်းရဲ့ plot တွေ အထဲမှာပါတဲ့ ဇာတ်ကောင်တွေကို ဘယ်နှယောက်ထားမလဲ။ ဇာတ်ပို့ ဇာတ်ရံတွေရှိမယ်။ ပြီးတဲ့အခါ သူတို့ရဲ့ အဖြစ်အပျက်လေးတွေ ရှိမယ်။ အဲဒါကတော့ အတွေးလေး တစ်ခုကနေ ထပ်ချဲ့တာပေါ့နော်။ ကိုယ့်စိတ်ကူးထဲမှာ ရုပ်ရှင်ကားတစ်ကားလိုပေါ့။ ရုပ်ရှင်ကား တစ်ကားလို ဇာတ်လမ်း အစအဆုံးရတဲ့အထိ တွေးယူလိုက်တယ်ပေါ့။ တွေးယူလိုက်ပြီး အဲဒီလို အစအဆုံး ပေါ်လာပြီဆိုမှ ဇာတ်အကျဉ်းပေါ့။ အခန်းအစဉ်နဲ့ ချပြီး ရေးပါတယ်။ ဥပမာ အခန်း ဘယ်နှခန်းရေးမလဲ။ အခန်း(၁)မှာ ဇာတ်ကို ဘယ်လိုဆွဲခေါ်သွားမလဲပေါ့။ အခန်းစဉ်တွေ ချရေး၊ ဇာတ်လမ်းအကျဉ်း ချရေးပေါ့။ ဇာတ်တစ်ခုလုံး ပုံပေါ်ပြီ၊ ပြီးပြီဆိုမှ ဇာတ်ကောင်နာမည်တွေ ရွေးမယ်၊ ဝတ္ထုခေါင်းစဉ် ရွေးမယ်၊ အားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ စာ စချရေးပါတယ်။
ကာရိုက်တာတွေကိုရော ဘယ်လိုရွေးလဲ?
ကျွန်မကြိုက်တဲ့ ကာရိုက်တာတွေကတော့ ပြင်းပြင်းရှရှလေးတွေပေါ့။ ငယ်ငယ်တုန်းကတော့ နည်းနည်းအစွန်းရောက်တယ်ပေါ့။ အခုနောက်ပိုင်းတော့ သိပ်အစွန်းမရောက်တော့ဘူး။ ဒါပေမယ့် ကျွန်မဖွဲ့လိုက်သမျှ ဇာတ်ကောင်တွေကတော့ သာမန် သမားရိုးကျ မဟုတ်ဘဲနဲ့ ထူးထူးဆန်းဆန်း စရိုက်မျိုးလေးတွေ ရှိတယ်။ ထူးထူးဆန်းဆန်း အကျင့်လေးတွေ ရှိတယ်။ အဲဒီလိုမျိုးလေးတွေ ပေါ့နော်။ အဆန်းတကြယ်ဖြစ်အောင်တော့ ကိုယ်က ဇာတ်ကောင်ရဲ့ စရိုက်လေးတွေကို တီထွင်ဖန်တီးတတ်ပါတယ်။
ဆရာမရဲ့ ဇာတ်ရုပ်နာမည်တွေက ထူးထူးဆန်းဆန်း လှလှလေးတွေဖြစ်နေတတ်တော့ တခြားသူတွေနဲ့ မတူအောင် တမင်ကို စဉ်းစားပေးထားတာလား?
ဟုတ်ကဲ့။ ကျွန်မကိုယ်နှိုက်က အဲဒီလို နာမည်လှလှလေးတွေ ကြိုက်တယ်။ ကြိုက်တဲ့အခါကျတော့ သီချင်းလေးတွေ၊ သီချင်းစာအုပ်လေးတွေ၊ ကဗျာလေးတွေ အဲဒီလို နာမည်လှလှလေးတွေကို တွဲစပ်ကြည့်တာပေါ့။ အဲဒီလို တွဲစပ်ပြီး နာမည်လှလှလေးတွေ ဖန်တီးတယ်။ မိတ်ဆွေတွေ၊ စာဖတ်ပရိသတ်တွေကလည်း သူတို့သားသမီးတွေအတွက် နာမည်ပေးခိုင်းတယ်ဆိုရင်လည်း သေချာကို စိတ်ပါလက်ပါနဲ့ ရွေးချယ်ပြီးတော့ နာမည်ပေးပါတယ်။ အဲဒါကလည်း ကိုယ့်ရဲ့ဝါသနာတစ်ခုလို ဖြစ်နေတော့ နာမည်ဆန်းလေးတွေ ပေးရတာသဘောကျတယ်။
ကျွန်တော်လေ့လာမိသလောက်ကတော့ ဆရာမရဲ့ ဝတ္ထုတွေထဲမှာ မိန်းမဇာတ်ကောင်တွေကို ဦးစားပေးတယ်။ အသားပေးတယ်။ အနိုင်ပေးတယ် ပေါ့လေ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဇာတ်ရုပ်တွေကို ဖန်တီးရေးဖွဲ့တဲ့သူ အနေနဲ့ ဆရာမ ဘာပြောချင်ပါသလဲ?
အဲဒါကတော့ ကျွန်မကိုယ်နှိုက်ကလည်း မိန်းမတယောက်ဖြစ်နေတဲ့အတွက်ကြောင့် အထူးသဖြင့် ကိုယ့်မိန်းကလေးတွေဘက်က ရပ်တည်တာပေါ့နော်။ မိန်းကလေးတွေကို အားနည်းတဲ့သူ၊ အားနွဲ့တဲ့သူဆိုပြီး အထင်မသေးအောင်ပေါ့နော်။ ကိုယ့်ဘက်က အမြဲတမ်း ကာဗာလေးနဲ့ မိန်းကလေးတွေဘက်က ရပ်တည်ပေးတယ်။ ဆရာပြောတာ မှန်ပါတယ်။ ဒါတော့ ကျွန်မလည်း ဝန်ခံပါတယ်။ 
ကိုးရီးယားယဉ်ကျေးမှုက မြန်မာလူငယ်ထုအပေါ် လွှမ်းလာတာမျိုး ရှိတယ်။ ဝတ်စားတာက အစပေါ့။ ဇာတ်လမ်းတွေမှာ 3in1 ပုံစံမျိုး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေလည်း ရှိတော့ အဲဒီ အမူအကျင့်တွေကရော ကူးစက်လာနိုင်မလား?
ကိုယ်က မြန်မာပြည်မှာပဲ ဝတ္ထုတွေရေးနေတုန်းပဲ ဆိုတော့ မြန်မာပြည်ရဲ့ အနုပညာလောကကို မျက်ခြေမပြတ်အောင် လေ့လာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခေတ်စားတာက ကိုးရီးယားဇာတ်လမ်းတွဲတွေ၊ ကိုးရီးယား မင်းသား မင်းသမီးတွေကို ကြိုက်ကြတယ်။ သူတို့ရဲ့ ဝတ်ပုံစားပုံ၊ သူတို့ရဲ့ ဓလေ့၊ သူတို့ရဲ့ ယဉ်ကျေးမှုက လူငယ်တွေကြားမှာ နည်းနည်းလွှမ်းမိုးလာတယ်။ လူငယ်တွေကို ကြည့်လိုက်တာနဲ့ သိသာပါတယ်။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ယဉ်ကျေးမှုတွေ လွှမ်းလာနိုင်မလား ဆိုတာကတော့ ကာယကံရှင်တွေ အပေါ်မှာပဲ မူတည်ပါတယ်။ လူငယ်တွေပေမယ့် တချို့ကို အထင်သေးလို့ မရပါဘူး။ ကိုးရီးယားကား ကြည့်တယ်။ ဒါပေမယ့် ကောင်းတာပဲယူတယ်။ မကောင်းတာ မယူဘူး။ ဒါ မကောင်းဘူးဆိုတာ သူတို့သိတယ်။ သူတို့ လိုက်လုပ်ချင်မှ လုပ်မယ်။ ဆံပင် လှလှလေးတွေ လိုက်လုပ်မယ်။ အင်္ကျီလှလှ စကပ် လှလှလေးတွေ လိုက်ဝတ်မယ်။ ဒါပေမယ့် သူတို့လို မိန်းမနောက်ပိုးလုပ်တာတို့၊ အရက်သောက်တာတို့ ဘာတို့ကိုတော့ ဒီကလူငယ်တွေ လိုက်တုချင်မှ တုမယ်ပေါ့။ ဒါကတော့ ကာယကံရှင် မိန်းကလေးတွေနဲ့ပဲ ဆိုင်ပါတယ်။ အဲဒီတော့ ကိုးရီးယားဇာတ်ကားတွေ ခေတ်စားလာတယ်၊ လွှမ်းမိုးလာတယ်။ ဒီ အနုပညာလောကမှာ လွှမ်းမိုးလာတယ်။ သြဇာသက်ရောက်မှုရှိတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် အဲဒီလို လွှမ်းမိုးလာတဲ့အတွက်ကြောင့် မိန်းကလေးတွေရဲ့ ကာရိုက်တာပိုင်း၊ အတွေးအခေါ်ပိုင်း၊ အယူအဆပိုင်းကို လွှမ်းမိုးလာနိုင်မလား ဆိုတာတော့ သူတို့ရဲ့ အခြေခံ ဗီဇ၊ သူတို့ရဲ့ လက်ခံနိုင်မှု၊ သူတို့ရဲ့ ဉာဏ်ပညာ၊ သူတို့ရဲ့ တွေးခေါ်နိုင်တဲ့ ဦးနှောက်ပေါ်မှာ မူတည်ပါတယ်။ ဒီမင်းသမီးကို ကြိုက်လို့ ဒီမင်းသမီး လုပ်တဲ့အတိုင်း ကောင်လေးနောက်ကို လိုက်တယ်၊ ကောင်လေးကို လိုက်ကြိုက်လို့ သူလည်း လိုက်ကြိုက်မယ် ပုံစံမျိုးဆိုတာကတော့ ဒါကတော့ blind ပေါ့နော်။ အဲဒီလိုတော့ မလုပ်ကြပါဘူး။ အခုခေတ် ကလေးတွေက ထက်မြက်တယ်။ ရည်မှန်းချက် ကြီးတယ်။ သူတို့ ခြေထောက်ပေါ်မှာ ရပ်တည်နိုင်တယ်။ ကြိုးစားတယ်။ တိုးတက်လိုစိတ် ရှိတယ်။ အဲဒါတွေကတော့ လူငယ်တွေမှာ အရမ်းချစ်ဖို့ကောင်းတယ်။ အတုခိုး မှားဖို့ ဆိုတာကတော့ သူတို့လည်း ဆင်ခြင်တတ်ပါတယ်။
လက်ရှိမှာ တည်ရှိနေတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ်မှာ ဆရာမအနေနဲ့ ဘယ်လိုမြင်ပါသလဲ?
အခု ကျွန်မမြင်သလောက်ကတော့ လွတ်လပ်ပါတယ်။ လွတ်လပ်မှု အများကြီး ရှိပါတယ်။
ဆရာမရဲ့ လုံးချင်းဝတ္ထုတွေ ထုတ်ဝေဖို့အတွက် စာပေစိစစ်ရေးကို တင်တဲ့အခါမှာ ဒီဟာကတော့ ဒီလိုမဖြစ်သင့်ဘူး၊ ဒီဇာတ်ကောင်ရဲ့ စရိုက်က မြန်မာပြည်နဲ့ မကိုက်ဘူး၊ အဲဒါကြောင့် ဒီလိုလေးပြင်ပေးပါ၊  ဒီလိုလေး ပြောင်းရေးပေးပါ စသဖြင့် အဲဒါမျိုးတွေ ကြုံခဲ့ဖူးလား?
တစ်အုပ် နှစ်အုပ်မှာ တစ်ခါတလေတော့ ရှိပါတယ်။ ပြင်ပေးရတာပေါ့နော်။ စာပေစိစစ်ရေးက ထောက်တဲ့ အချက်လေးတွေကိုတော့ ကိုယ်က ပြင်ပေးရပါတယ်။ ပြင်ပေးရတာတော့ ရှိပါတယ်။
ကိုယ့်ဝတ္ထုတွေကို ဗွီဒီယို ရုပ်ရှင်အဖြစ် ရိုက်တဲ့အခါမှာ ဇာတ်ညွှန်းရေးသူနဲ့ ဒါရိုက်တာက ပြင်လိုက်တဲ့ အခါမှာရော ဆရာမရဲ့ စိတ်ခံစားမှု ဘယ်လိုရှိလဲ?
တချို့တွေကတော့ ကျွန်မရဲ့ သဘောတူညီချက်ကို တောင်းပါတယ်။ ကိုယ်က အဝေးရောက်နေတယ်။ သူတို့ ရိုက်ပြီးတဲ့အခါမှ သိရတာမျိုးတွေလည်း ရှိတယ်။ သိတဲ့အခါ ကျွန်မမကြိုက်ရင် ဒါရိုက်တာနဲ့ တိုက်ရိုက် contact မရရင်တောင်မှ ကျွန်မရဲ့ မိဘတွေကတဆင့် ပြောခိုင်းတယ်။ ဟိုတလောကလည်း ဖြစ်ဖူးတယ်။ ဒါရိုက်တာရဲ့ နာမည်တော့ မပြောတော့ပါဘူး။ သူရိုက်တဲ့ကားမှာ ကျွန်မရဲ့ ဇာတ်ကောင် နာမည်တွေကိုပါ ပြောင်းထားတယ်။ အဲဒါကို ကျွန်မ ဘယ်လိုမှ ခံစားလို့မရဘူး။ အဲဒီအခါ ကျွန်မရဲ့ မိဘတွေက တဆင့် အဲဒီဒါရိုက်တာကို ပြောပြရတာပေါ့။ နာမည်တော့ မပြောင်းပါနဲ့လို့။ အဲဒီလိုမျိုးလေးပေါ့နော်။ ဇာတ်လမ်းကို ပြောင်းလိုက်တဲ့အခါ ကိုယ့်ဇာတ်လမ်းမဟုတ်သလို ခံစားရတယ်။ ဇာတ်ကောင်ရဲ့ နာမည်တွေကအစ ပြောင်းသွားတယ်ဆိုတော့ ဒါဟာ ဘယ်လိုမှ ကျွန်မရဲ့ဝတ္ထုမဟုတ်တော့ဘူးပေါ့နော်။ ဒါကို ခံစားရတာ စိတ်မချမ်းသာဘူးလေ။ အဲဒီတော့ မခံစားတော့ဘူးပေါ့နော်။ ကိုယ်နဲ့ မဆိုင်သလိုဘဲ နေလိုက်တယ်။
ဆရာမက ဝတ္ထုတိုရေးရာက လုံးချင်းလိုင်း ကူးလာတဲ့သူဆိုတော့ ဝတ္ထုတိုနဲ့ လုံးချင်းမှာ ရေးတဲ့သူဘက်က အားထုတ်မှုတွေက ဘယ်လို ကွာခြားမလဲ?
ဝတ္ထုတိုနဲ့ လုံးချင်းကတော့ ကွာပါတယ်။ ဝတ္ထုတို ဆိုတာကတော့ စာလုံးရေကလည်း နည်းနည်းလေးပေါ့။ အဖြစ်အပျက်လေးကလည်း ပြကွက်လေး တစ်ခုပေါ့လေ။ သူက အရှည်ကြီးလည်း ရေးလို့မရဘူး။ ပြကွက်လေး တစ်ခု ဖြစ်ရင် ဖြစ်မယ်၊ ကာရိုက်တာလေးတစ်ခု ဖြစ်ရင်ဖြစ်မယ်။ အဖြစ်အပျက်လေးတစ်ခုကို ကိုယ်က ပြောချင်တာ ဖြစ်မယ်ဆိုတော့ အဲဒါလေးကို A4စာရွက်နဲ့ ဆိုရင် လေးမျက်နှာလောက်ပေါ့နော်။ အဲဒီလို ချရေးရတာဆိုတော့ ဝတ္ထုတိုကတော့ သူ့ဟာနဲ့သူ သက်သက်ပေါ့နော်။ လုံးချင်းမှာတော့ စပြီး စဉ်းစားရပြီ ဆိုကတည်းက ဇာတ်အိမ်ထဲမှာ ဇာတ်ကောင်တွေပါမယ်။ သူတို့နဲ့ နွှယ်တဲ့ အဖြစ်အပျက်တွေ ပါလာမယ်။ သူတို့ရဲ့ အတွေးအခေါ်တွေ၊ ဇာတ်ကောင်တွေ၊ အချင်းချင်းရဲ့ ပဋိပက္ခတွေ ပါလာမယ်။ အများကြီးပေါ့နော်။ ဖတ်တဲ့ ပရိသတ်ကို မငြီးငွေ့အောင် ဆွဲဆောင်ရတဲ့ အပိုင်းလည်း ပါတယ်။ စာမျက်နှာတွေ အများကြီး ရေးရတာဆိုတော့ မငြီးငွေ့သွားအောင်၊ ဒါပြီးရင် ဘာဖြစ်မလဲဆိုတဲ့ အတွေးနဲ့ ဆက်ဖတ်ချင်နေအောင် အခန်းစဉ်တစ်ခုနဲ့ တစ်ခု ချိတ်တာတွေကအစ မတူဘူးပေါ့။ အဲဒါတွေက ပညာသားတွေ အများကြီး ပါတယ်ပေါ့နော်။ တစ်ခန်းနဲ့ တစ်ခန်း အကူးအပြောင်းလေးတွေမှာ သယ်ပြီး ခေါ်သွားရတာမျိုး ဆိုတော့ ကျွန်မအနေနဲ့ ပြောရရင် ဝတ္ထုတိုရေးရတာက ပိုလွယ်တယ်လို့ ထင်ပါတယ်။ လုံးချင်းကတော့ ပိုပင်ပန်းတယ်လို့ ထင်ပါတယ်။
အိမ်ထောင်သည်ဖြစ်လာပြီး သမီးတစ်ယောက်မိခင် ဖြစ်လာတဲ့အတွက် စာဖတ်ပရိသတ်ကို ပေးချင်တဲ့ Message နဲ့ ရသကရော ပြောင်းသွားသေးလား?
အင်း Message ကတော့ ကျွန်မ ငယ်ငယ်တုန်းက ရေးခဲ့တာက တစ်မျိုးပေါ့၊ အခု အသက်အရွယ်ရလာတဲ့ အချိန်မှာတော့ မတူတော့ဘူးပေါ့။ Message လေးက တစ်ခါတလေကျရင် ဘဝနဲ့ဆိုင်တဲ့ ဒဿနလေးတွေ၊ အတွေးအခေါ်လေးတွေကို ကိုယ်က ထည့်ရေးချင်လာတယ်။ ထည့်ရေးချင်လာလို့ ထည့်ရေးဖြစ်သွားတယ် ပေါ့နော်။ အဲဒီတော့ မတူတော့ဘူးပေါ့။ အိမ်ထောင်သည်ဖြစ်လာလို့ အိမ်ထောင်သည်နဲ့ ပတ်သက်တာတွေ ချည်းလည်း မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ ဘဝအပေါ် ခံယူမှုပေါ့။ ကျွန်မ ဘဝ၊ ကျွန်မရဲ့ခံယူချက် ဆိုရင်တော့ ပြဿနာတစ်ခုဖြစ်ရင် ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲပေါ့။ အဲဒီအခါမှာ ကိုယ့်ရဲ့ အတွေးအခေါ်ပိုင်းက ပါလာပြီဆိုတော့ အဓိကက ကိုယ်စိတ်ချမ်းသာဖို့၊ ကိုယ်အေးချမ်းဖို့ပေါ့။ ပြီးတော့ ကိုယ်နဲ့ပတ်သက်တဲ့သူတွေ အေးချမ်းဖို့ ကျွန်မ အဓိကထားတယ်။ စာရေးတဲ့အခါမှာ အဲဒီလို သိသိသာသာ ပြောင်းလဲသွားတယ်။ ပြောင်းလဲသွားတဲ့ဟာလေးတွေမှာ ပရိသတ်ကို ကောင်းတဲ့အတွေးအခေါ်လေးတွေ၊ Message လေးတွေ ပေးချင်တဲ့ စိတ်ကလေးတွေ ပေါ်လာတယ်။ ပေါ်လာတဲ့အတိုင်း ကျွန်မ ထည့်ရေးပေးတယ်ပေါ့။ အဲဒီတော့ အိမ်ထောင်သည်ဖြစ်လာတဲ့အတွက် ပြောင်းလဲသွားတယ် ပြောရမှာပေါ့။
တခြားEntertainmentတွေ များလာတဲ့အတွက် ဒီကလူတွေရဲ့ စာဖတ်အားက ပြောင်းလဲသွားလား?
ကျွန်မသိရသလောက်က အခုက အင်တာနက်တွေ အရမ်းခေတ်စားလာတော့ သူတို့လိုချင်တာတွေကို ရှာဖွေနိုင်တယ်။ အဲဒီအတွက် အင်တာနက်ဆိုင်တွေကို သွားကြတယ်ပေါ့။ Internet Cafe ယဉ်ကျေးမှုကလည်း တော်တော်လေးကို ခေတ်စားလာတယ်။ အဲဒီအခါမှာ စာဖတ်အားကတော့ သိသိသာသာ နည်းသွားတယ်။ ကျသွားတယ်။ ကျွန်မတို့ ဝတ္ထုလိုင်းမှာဆိုရင် စောင်ရေပိုင်းကအစ ကျသွားတယ်။ ကျွန်မအနေနဲ့ ပြောချင်တာက ကိုယ်ဗဟုသုတရစေမယ့် စာအုပ်တွေကိုလည်း ဖတ်သင့်ပါတယ်။ စာအုပ်ဖတ်တာနဲ့  အင်တာနက် ဖတ်တာ မတူဘူးလို့တော့ ကျွန်မထင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အင်တာနက် မွှေပါတယ်။ အင်တာနက်မှာ ရိုက်ထည့်လိုက်တာနဲ့ ကိုယ်လိုချင်တာ အကုန်တွေ့နေရတာပဲ။ ဒါပေမယ့် မတူဘူး။ ဝတ္ထုစာအုပ် ဖတ်ရတဲ့ အရသာနဲ့ အင်တာနက် မွှေရတဲ့ အရသာကတော့ လုံးဝမတူဘူးပေါ့။ အဲဒီတော့ စာဖတ်သင့်ပါတယ်။
စာကြည့်တိုက်တွေ များများရှိပေးဖို့တော့ လိုမှာပေါ့?
လိုပါတယ်။ အများကြီးလိုတယ်။ ကျွန်မ စိတ်ကူးထားတာပေါ့နော်။ ကိုယ်တတ်နိုင်တဲ့ တစ်နေ့မှာ စာကြည့်တိုက်တစ်ခု ဖြစ်အောင် လုပ်ချင်ပါတယ်။ စာကြည့်တိုက်တွေလည်း အများကြီး ပေါ်လာသင့်ပါတယ်။
မြန်မာပြည်ကို ပြန်လာခိုက်မှာ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ဆရာမကို အထူးပဲ ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ရှင့်။ ကျွန်မကလည်း ဆရာကိုကိုလှမြင့်ကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။

(မှတ်ချက်။ အပျိုစင်မဂ္ဂဇင်းမှ ကိုကိုလှမြင့်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့သည်များကို အွန်လိုင်း စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

လွန်းထားထား(ဆေးတက္ကသိုလ်)

ကိုယ်ခွဲများ

“အခုလို ကိုယ်ခွဲကလေးဖန်တီးပြီး
နေချင်သလိုနေကြည့်ရင်း
စိတ်ကူးနေရတာကိုက 
အရသာတစ်ခုဖြစ်နေပြီ”
........
 သူမ မျက်လုံးများကို စုံမှိတ်ထားလျက် ဘာလုပ်ရကောင်းမလဲ တွေးတောနေမိ၏။ တကယ်တော့ ဘာမှ လုပ်၍ မရချေ။
လွန်ခဲ့သော တစ်ပတ်ခန့်က လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ ဗျာများခဲ့သူ၊ အလုပ်ဟူသမျှကို ကိုယ့်အတွက်ချည်းသာဟု သတ်မှတ်ခဲ့သူ မိန်းမတစ်ယောက်က အခုတော့ အိပ်ရာထက်တွင် ပက်လက်ကလေး ငြိမ်သက်စွာ လဲလျောင်းရှိပြီ။ ဘာလုပ်ရမလဲ။
လွန်ခဲ့သော တစ်ပတ်က သူမ ဘယ်ဘက်ရင်ဘတ်ထဲက စူးစူးဝါးဝါး အောင့်မျက်လျက် ရင်တွေ တလှပ်လှပ်တုန်ရင်ကာ မောပန်းပြာမိုက်သွားခဲ့သည်။
လုပ်ကြပါဦး၊ ကယ်ကြပါဦး နှင့် တစ်အိမ်သားလုံး ဗျာများသွားကြကာ ဆရာဝန်ပင့်ရလေသည်။ ဆရာဝန်က E.C.G ဆွဲကြည့်သည်။ နှလုံးရောဂါရဲ့ လက္ခဏာများ တွေ့ရသည်ဟုဆိုကာ နောက်ရက်တွင် Echo ရိုက်ကြည့်ပြီး နှလုံးရောဂါအဖြစ် ရောဂါအမည်သတ်မှတ်လိုက်လေသည်။
ထို့နောက်တော့ ဆေးများသောက်စေကာ အိပ်ရာပေါ်တွင် အနားယူခိုင်းလေသည်။ တစ်သက်လုံးက အိပ်ရာထက်တွင် ညဘက်အိပ်ရုံ၊ ခြောက်နာရီအထက် ပိုမအိပ်ဘူးခဲ့သော မိန်းမတစ်ယောက်သည် အိပ်ရာပေါ်တွင် နေ့ရောညပါ လဲလျောင်းရမည်ဆိုသောအခါ သူမ အလွန်စိတ်ညစ်ညူး အားငယ် သွားလေသည်။ 
သို့ပေမယ့် တစ်အိမ်သားလုံးက သူမအား ဝိုင်း၍ နားချချော့မော့ကြလေသည်။ ကျန်းမာရေးလောက် ဘာကမှ အရေးမကြီးကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ဖျောင်းဖျကြလေသောအခါ သူမမှာ မတတ်သာလွန်း၍ အရှုံးပေးလက်မြှောက်ကာ အိပ်ရာထက်တွင် ဗုန်းဗုန်းသား လဲတော့လေသည်။
မနက်လေးနာရီဆိုလျှင် ကျင့်သားရနေသော မျက်လုံးများက ဖျတ်ခနဲနိုးလာသည်။ ထပြီး ဘုရားရှိခိုး၊ ဆွမ်းတော်၊ ရေချမ်းကပ်ဖို့ စိတ်ကူးသေးသည်။ သို့သော် ဘုရားခန်းက အပေါ်ထပ်မှာ လှေကားကို တက်ရမည်။ ဆရာဝန်က လှေကားတောင် မတက်ပါနဲ့လို့ မှာထားတာကို သတိရ၏။
မဖြစ်သေးပါဘူးလေ။ ဘာလုပ်ရပါ့။ ဟုတ်ပြီ...။ အခုချိန်ကစပြီး ငါ ကစားနည်းတစ်ခုတော့ ကစားမှဖြစ်တော့မယ်။ အဟင်း...ဟင်း...။ ကိုယ်ခွဲကစားနည်းလေ။ ဒီလောက် ငြိမ်ငြိမ်သက်သက် လှဲနေရမယ်ဆိုရင်တော့ ပျင်းစရာကောင်းလှသည်လေ။ ဒီတော့ ကြံကြံဖန်ဖန် ကစားနည်းထွင်ပြီး စိတ်ကို အလုပ်ပေးဦးမည်။ ဘာမှ ပင်ပန်းတာမဟုတ်။
ကဲ... ကိုယ်ခွဲကလေးရေ...။ ဘုရားစင်ရှေ့သွားပေတော့။ လုပ်နေကျအတိုင်း ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာကပ်ပြီး ဘုရားရှိခိုး တရားထိုင်ပေတော့။
သူမက ပြုံးပြုံးကလေးနှင့် မျက်လုံးများမှိတ်ထားလိုက်ကာ စိတ်ထဲကနေ ကိုယ်ခွဲကလေး တစ်ကိုယ် လွှတ်ပေးလိုက်သည်။ ကဲ... ဘယ်လောက်စိတ်ချမ်းသာဖို့ ကောင်းလိုက်ပါသနည်း။ သူမစိတ်ကူးထဲတွင် သူမရဲ့ ကိုယ်ခွဲတစ်ခု ဘုရားစင်ရှေ့တွင် လုပ်နေကျအလုပ်ကို လုပ်နေတာ မြင်ရလေသည်။
ကဲ... ဘယ်မလဲ အိပ်ရာထဲက လူနာ၊ သူမ တကယ်ပင် ဘုရားစင်ရှေ့သို့ ရောက်သွားလေသည်။ သူမ တော်တော် စိတ်ချမ်းသာသွားလေသည်။
မနက်ခြောက်နာရီ ထိုးပြီ။ သူမ မျက်နှာသစ်သွားတိုက်ဖို့ ငှားထားသော ကောင်မလေးက ရေခွက်၊ သွားတိုက်ဆေး၊ ဆပ်ပြာကို သူမခုတင်ဘေးသို့ ယူလာပေးသည်။ သူမ အိပ်ရာထဲမှာပင် မျက်နှာသစ်၊ သွားတိုက်လိုက်ရသည်။ နံနက်စာ နွားနို့နှင့်ဘီစကစ်ကို စားရသည်။ လူမမာစာ၊ သူမဘယ်တုန်းကမှ မကြိုက်ခဲ့သော အစားအစာများဖြစ်သည်။ 
ခါတိုင်းဆိုလျှင် မနက်ခင်းစားကို ချိစ်ပြား၊ ပေါင်မုန့်မီးကင်၊ မလိုင်၊ ကြက်ဥကြော် စသည်ဖြင့် အဆီအနှစ်များ စားနေကျ။ သူမစိတ်ကူးထဲမှာ ကိုယ်ခွဲကလေးကို ထုတ်ရပြန်သည်။
ကဲ... ကိုယ်ခွဲကလေးရေ...။ သွားလိုက်ပါဦး ထမင်းစားခန်းထဲကို...။ ပြီးတော့ ထုံးစံအတိုင်း နံနက်စာပြင်ဆင်၊ စားချင်တိုင်းစား၊ ပေါင်မုန့်မီးကင်မှာ ထောပတ်ထူထူသုတ်၊ အချိုကြိုက်သူမို့ ကော်ဖီဟာ နို့ဆီ၊ သကြား ခပ်ပျစ်ပျစ်နဲ့ တစ်မက်ခွက်စာဖျော်၊ ချိ(စ်)ကြိုက်သူပီပီ ချိ(စ်)ပြားကို တစ်ခါစားရင် နှစ်ချပ်၊ သုံးချပ်၊ ဒီအတိုင်း တမြုံ့မြုံ့ဝါး၊ ကြက်ဥကြော်၊ ဝက်အူချောင်းကြော်တွေ ကြိုက်သလောက်စားနေတဲ့ ကိုယ့်ကိုယ်ခွဲကလေးကို အိပ်ရာပေါ်ကနေ သူမက မြင်ယောင်ပြီး ပြုံးမိပါတယ်။ ကျေနပ်ဖွယ်ကောင်းလေစွ၊ သူမဝမ်းထဲမှာ အတော်ပြည့်ကျပ်သွားလေသည်။
တကယ်တော့ လောကဟာ နေတတ်ရင်တော့ ကျေနပ်စရာပေါ့လေ။ ငါ အိပ်ရာထဲမှာ လူမမာဖြစ်နေရကောင်းလား၊ စားချင်တာ မစားရ၊ သွားချင်တာ မသွားရ၊ လူဖြစ်ရှုံးရကောင်းလားလို့ အိပ်တွေးနေလို့ ဘာမှဖြစ်လာမှာမှ မဟုတ်တာ။
အခုလို ကိုယ်ခွဲကလေးဖန်တီးပြီး နေချင်သလိုနေကြည့်ရင်း စိတ်ကူးနေရတာကိုက အရသာတစ်ခုဖြစ်နေပြီ။
ချက်တဲ့ပြုတ်တဲ့ အခါကျတော့လည်း သူမက သူများချက်တာကို ဘယ်တော့မှ စိတ်တိုင်းမကျ၊ ကိုယ်တိုင် ရုံးမသွားခင် တမောတပန်း ချက်ပြုတ်သွားရမှ၊ အခုတော့ အိပ်ရာထက်မှာ ငြိမ်ငြိမ်သက်သက်။ 
“မမလေး၊ ကျွန်မဈေးသွားလိုက်မယ်၊ တစ်ပတ်စာ ဘာတွေဝယ်ရမလဲ၊ မမလေး စားချင်တာရှိရင် ပြောလေ”
ဟု လာပြောသော ကောင်မလေးကို တအံ့တသြလှမ်းကြည့်မိသည်။ အရင်က ဒီအလုပ်ဟာ သူမရဲ့အလုပ်။ ဒေါင်းတိမောင်းတိဖြင့် ကားကို ကိုယ်တိုင်မောင်းကာ တစ်ပတ်စာ အသားငါး ဟင်းသီးဟင်းရွက်တွေ ကိုယ်တိုင်သွားဝယ်နေကျ။ တစ်အိပ်လုံးရှိလူတွေကို ဘာစားချင်သလဲ စာရင်းလိုက်ကောက်ရသူမှာ သူမဖြစ်သည်။
“ဝယ်ချင်တာသာ ဝယ်ခဲ့ပါအေ”
ဟုပြောကာ မျက်လုံးများ ပြန်မှိတ်ထားလိုက်သည်။ မဖြစ်သေးပါဘူး။ ဒီ လူနာဆိုတဲ့ ဘဝကြီးဟာ...။
ကဲပါ... ကိုယ်ခွဲကလေးရယ်... ဈေးကို ပြေးလိုက်စမ်းပါဦး။ ခါတိုင်းလိုပဲ ကိုယ်တိုင်ကိုယ်ကျ ကိုယ်ဝယ်ချင်တာတွေ စိတ်တိုင်းကျ ဝယ်ပါချေဦး။
သူမ အိပ်ရာထက်တွင် မျက်လုံးစုံမှိတ်ကာ ပက်လက်ကလေး နားနေပေမယ့် စိတ်ကူးထဲမှာ သူမရဲ့ ကိုယ်ခွဲကလေးကတော့ ကားမောင်းကာ ဈေးဆီသို့သွားနေပြီ။ ဈေးထဲရောက်ပြီ။  လူတွေ များပြားပြွတ်သိပ်လှတဲ့ ဈေးထဲမှာ သူမက အမောတကောနဲ့ ဈေးဝယ်လျက်ရှိပြီ။
ခါတိုင်းလိုပင် အားပါးတရ ဈေးဆစ်တာဆစ်၊ အလေးပြည့် မပြည့် သမာဓိချိန်ခွင်မှာချိန်၊ စတာတွေနဲ့ အလုပ်ရှုပ်နေသော သူမရဲ့ ကိုယ်ခွဲကလေးကို စိတ်ကူးထဲမှာ ကျေနပ်နှစ်သိမ့်စွာဖြင့် သူမမြင်နေရလျှင် အိပ်ရာပေါ်မှာလှဲနေသော လူမမာဘဝကို မေ့သွားတော့သည်။
ဈေးကပြန်လာလျှင် အသားငါးတွေ ဖရီဇာထဲမှာ စနစ်တကျထည့်သိုပြီးတော့ ချက်ပြုတ်ရေးလုပ်ငန်း စတင်လေပြီ။ ထမင်းဘူးထည့်မည့်သူတွေအတွက် ဦးစားပေးကာ ချက်ပြုတ်ရသည်။ ပြီးလျှင် ထမင်းဘူးတွေထဲ လှလှပပ ဖြစ်အောင်ထည့်၊ သူမကိုယ်တိုင်အတွက်ပါ ထမင်းဘူးထည့်ပြီးချိန်မှာ ရုံးသွားဖို့ ပြင်ဆင်ရတော့မည်မို့ နာရီကို လှမ်းကြည့်ကာ ရင်မောရပြန်သည်။
ကဲ... အပေါ်ထပ်ကို ပြေးတက်ဦးမှ ကိုယ်ခွဲကလေးရေ....၊ ရေချိုးခန်းထဲဝင် ရေမိုးချိုးပြီးတော့ မှန်တင်ခုံရှေ့ အလှပြင်...၊ အဝတ်အစားကို လိုက်ဖက်တာတွေ လှတာတွေ မရွေးချယ်နိုင်၊ တွေ့ရာကောက်ဝတ်၊ ရုံးနောက်ကျလို့ မဖြစ်။ ရုံးမှာ အလုပ်တွေ ပုံအောနေပြီ။ 
သူမရဲ့ ကိုယ်ခွဲကလေးသည် ဒီလိုနှင့် ရုံးရောက်သွားလေပြီ။
နှုတ်ဆက်ကြ၊ ရယ်မောကြ၊ အလုပ်ရှုပ်ကြနှင့် တစ်ရုံးလုံး ရှုပ်ထွေးလို့နေသည်။ သူမလည်း အလုပ်တွေကြားမှာ ရှုပ်ထွေးနေတာကို သူမစိတ်ကူးထဲမှာ ပြန်မြင်နေရပါသည်။
ဟိုးအရင် အလုပ်တွေများတုန်း ကာလတွေဆီက သူမသည် အားလပ်ခွင့် နားနေချိန်ကို အသည်းအသန် ငတ်ငတ်မွတ်မွတ်နှင့် အာသာငမ်းငမ်း တောင့်တလိုချင်ဖူးသည်။
အိပ်ရာပေါ်မှာ ဇိမ်ကလေးနှင့် အမြဲနေရရင် ဘယ်လောက်အရသာရှိလိုက်မလဲဟု မကြာခဏ တွေးကြည့်ဖူးခဲ့သည်။
အခုတော့ တကယ် အိပ်ရာထဲ လဲပြီဆိုသောအခါ သူမ စိတ်ဓာတ်ကျချင်လာသည်။ စိတ်သွားတိုင်း ကိုယ်မပါနိုင် ဘဝရောက်မှပင် ကျန်းမာချိန်က တက်ကြွမှုများကို အလူးအလှိမ့် ပြန်လိုချင်နေသည်။
သူမ စိတ်ကို ထွက်ပေါက်တစ်ခုပေးဖို့ လိုအပ်လာသဖြင့် အိပ်ရာထဲလဲလျောင်းရင်း ကိုယ်ခွဲနည်းကစားခြင်းကို ရှာကြံကစားရင်း ငြီးငွေ့အထီးကျန်သော စိတ်ကို ကစားပေးနေခြင်းသာ ဖြစ်လေသည်။
ကြည့်စမ်း... အပြင်မှာ အဲ့ဒီလိုသာ ကိုယ်ခွဲလို့များရရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ သူမအတွက်တော့ နောက်ထပ် ကိုယ်ခွဲကလေး တစ်ကိုယ်များရရင် ကျေနပ်ပါပြီ။

လွန်းထားထား(ဆေးတက္ကသိုလ်)

တစ်ဘဝကြေး

အချစ်များ (မင်းမော်ကွန်း၊ စိုးမြတ်နန္ဒာ၊ ခိုင်သင်းကြည်၊ ပုလဲဝင်း၊ သင်ဇာဝင့်ကျော်၊ သဇင်)

အချစ်များ ဗွီဒီယိုဇာတ်ကားကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
 
လွန်းထားထား(ဆေးတက္ကသိုလ်)

လျှပ်တပြက်ဂျာနယ်နှင့် အင်တာဗျူး

ကိုယ်ပိုင်ခံစားချက်များနဲ့ သိရှိနားလည်သမျှကို ပေါင်းစပ်ပြီး စာတစ်ပုဒ်အသွင် ပြန်လည် ပုံဖော်နိုင်ခြင်းမှာ ထူးခြားသော ဉာဏ်ပညာပိုင်ရှင် စာရေးဆရာများ၏ အားသာချက်နှင့် အရည်အသွေးကြောင့်ဟု သုံးသပ်မိပါတယ်။ ထိရောက်သော အရေးအသား၊ လေးနက်သော အတွေးအခေါ်များနှင့် စာဖတ်ပရိသတ် အကြိုက် ဝတ္ထုရှည်များကို မပြတ်တမ်း ရေးသား ထုတ်ဝေနေတဲ့ Best Seller တန်းဝင် ဆရာမလွန်းထားထား (ဆေးတက္ကသိုလ်) နှင့်တွေ့ဆုံခိုက် ဆရာမရဲ့ စာပေဖန်တီးမှု အင်အားရပ်များအပေါ် ရှာဖွေစူးစမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံနှင့် လေးနှစ်ခွဲကြာ အနေဝေးကွာ နေသော်လည်း ထူးခြားစွာ ပြောင်းလဲမသွားတဲ့ ဆရာမရဲ့ သွင်ပြင် လက္ခဏာများနှင့် အတူ စာပေရေးသားမှု များစွာဖန်တီးနိုင်မှုအပေါ်မှာလည်း ဂုဏ်ယူဝမ်း မြောက်စွာဖော်ထုတ်ရင်း . . .
“ဆရာမက မြန်မာနိုင်ငံနဲ့ အနေဝေးကွာနေပေမယ့် ဆရာမရဲ့ဝတ္ထုတွေကို ပရိသတ်တွေက ပုံမှန်ဖတ်နေရတယ်။ ပရိသတ်နဲ့ ဆရာမရဲ့စာတွေက Keep in Touch ဖြစ်နေတယ်လေ။ အဲလို အနေအထားရအောင် ဘယ်လိုဖန်တီး အားထုတ်ခဲ့ရပါသလဲရှင်”
နိုင်ငံခြားမှာနေတဲ့အခါ မြန်မာပြည်ပရိသတ်နဲ့ အဆက်အသွယ်မပြတ်အောင် နံပါတ်တစ်က အဆက်မပြတ်စာတွေရေးနေရတယ်။ ကိုယ်ရေးတဲ့စာတွေကို ပရိသတ်က အဆက်မပြတ်ဖတ်နေနိုင်အောင်၊ ပရိသတ်ရဲ့ဆန္ဒ၊ သူတို့ဘာကို ကြိုက်တတ်လဲ၊ ဘာကိုလိုချင်လဲ၊ အခုခေတ်ကလေးတွေရဲ့အပြောအဆို၊ အနေအထိုင်၊အလေ့အထလေးတွေကို ကိုယ်က up-to-date ဖြစ်အောင် နောက်ကျမကျန်ခဲ့အောင် အမြဲတမ်း Internet ကြည့်ရတယ်။ Facebook ဆိုလည်း သူငယ်ချင်းတွေနဲ့ ပရိသတ်တွေနဲ့ အမြဲတမ်းပြောနေဖြစ်တယ်။ Facebook ဖွင့်လိုက်တာနဲ့ပဲ အခြေအနေတွေကို တော်တော်လေးသိရတယ်။ အထူးသဖြင့် Internet အကူအညီယူရတယ်။ မြန်မာနိုင်ငံက မဂ္ဂဇင်း၊ ဂျာနယ်၊ စာအုပ်တွေရဲ့ Website တွေကို ဖတ်ရတယ်။ မြန်မာပြည်ကို ကိုယ်က မျက်မြေပြတ်ပြီး မကျန်ခဲ့အောင် အမြဲတမ်းပြန်ကြည့် နေရတယ်။ မ,အနေနဲ့ အခက်အခဲတော့မရှိဘူးပေါ့။ ကိုယ်ကဒီမှာမနေတာတစ်ခုပဲ ခုလိုတစ်နှစ်တစ်ခါ၊ နှစ်နှစ်တစ်ခါ  မြန်မာပြည်ပြန်လာတယ်။ ဆိုင်အသစ်ဖွင့်တာတွေကအစ ဓါတ်ပုံ ရိုက်ယူသွားတယ်။ ဝတ္ထုပြန်ရေးတဲ့ အခါ ကိုယ်ပြန်လည်အသုံးချရတာပေါ့နော်။
“အင်္ဂလန်မှာနေပြီး ဒီမှာထွက်နေတဲ့ဝတ္ထု ဘယ်နှစ်အုပ်လောက် ရှိသွားပြီလဲ ဆရာမ။”
မှတ်မှတ်ရရ မ,ဒီကနေ ထွက်သွားတုန်းက (၁၃၇)အုပ်မြောက် ထွက်ပြီးသွားတယ်။ ဟိုကနေ ဆက်ထုတ်တာက အခုဆို (၁၈ဝ)ကျော်သွားပြီ။ ဒါပေမယ်လည်း မ,ထင်တယ်။ စာအရေးအသားကလည်း သိပ်ပြီးကွာဟမသွားဘူးး။ အရင်ရေးတဲ့ ပုံစံလေးအတိုင်းပါပဲ။
“ဆရာမရဲ့ဇာတ်ကောင်တွေဆိုရင် နိုင်ငံခြားမှာနေပြီး ရေးဖြစ်တာကြောင့်လား မသိဘူး။ များသောအားဖြင့် ဇာတ်ကောင်တွေရဲ့ Character က နွမ်းပါးတာတွေနည်းတယ်နော် ဘာကြောင့်ဒီလို ဖြစ်သွားတာလဲ ဆရာမ။”
အဓိက,ကတော့ မ,ဘယ်လိုပြောမလဲ။ အဲဒါလေးကိုတော့ ဂရုစိုက်ရမယ်။ အဲဒါမျိုးတွေ ရေးလာတာများပြီပေါ့နော်။ နည်းနည်းတော့ ပြန်ပြီးတော့ အဲဒီအချက်လေးတွေကို သတိမေ့သွားတာ လည်းပါမယ်။ ဇာတ်လမ်း စတည်တော့မယ်ဆိုရင် အဲဒီကိစ္စကို ခေါင်းထဲမထည့်မိဘူး။ မ,လိုချင်တဲ့ဇာတ်လမ်း၊ ဇာတ်ကွက်၊ Plot နဲ့ ဇာတ်ကောင်စရိုက်နဲ့ သူတို့ရဲ့ အဖြစ်အပျက်တွေ ဘာတွေ၊ ဘာတွေချရေးမယ် ဆင်းရဲတဲ့အကြောင်းပဲရေးမလား၊ ချမ်းသာတဲ့အကြောင်းပဲ ရေးမလား ဆိုတာကို သတိမထားမိဘူး။ အခုတလော မ,ကြားကြားနေရတယ်။ တစ်ခါလည်း Internet မှာဖတ်မိပါတယ်။ မ,ရေးတဲ့ ဇာတ်ကောင်တွေက များသောအားဖြင့် ချမ်းသာတဲ့လူမျိုးအကြောင်းပဲ ရေးတယ်။ ဆင်းရဲတဲ့လူတွေ အကြောင်းရော မရေးတတ်တော့ဘူးလားပေါ့။ အဲလို ပြန်ကြားရတော့ ကိုယ့်ကိုယ်ကို သတိထားမိလာတယ်။ သြော် ဟုတ်တယ်။ မ,ရေးတဲ့ ဇာတ်တွေထဲမှာ ဆင်းရဲတဲ့လူငယ်လေးတွေ၊ ဘဝကိုကြိုးစားပြီး ရုန်းကန်နေတဲ့ လူငယ်လေးတွေအကြောင်း ရေးရမယ်။ မရေးဖူးတာတော့ မဟုတ်ဘူး။ မ,ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် နည်းတယ်။ အများစုကတော့ ဘဝမှာ အဆင်ပြေပြေနဲ့ နေထိုင်တဲ့ လူငယ်လေးတွေရဲ့ အချစ်ရေး၊ လူမှုရေးတွေကို ရေးတာများတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ ဆင်းရဲပြီးဘဝကို ကြိုးစားရုန်းကန်နေတဲ့ ကလေးတွေအကြောင်းလည်း ရေးဖြစ်ပါတယ်။ ဆုပြောတာကိုတော့ ခေါင်းထဲမှာ ပြန်ထည့်ထားရမှာပေါ့။ နည်းနည်း ပြန်ပြောင်းရမှာပေါ့။
“ဆု,ဆိုလိုချင်တာက စာဖတ်ပရိသတ်က လူတန်းစားအမျိုးမျိုး ရှိတော့ ဆရာမ,ရေးတဲ့ ဇာတ်ကောင် အများစုက တကယ့် Grand ကျတဲ့သူတွေ ဖြစ်နေလို့ပါ။နာမည်ကြီး Brand နဲ့အသုံးအဆောင် ပစ္စည်းတွေကို နားလည်တဲ့ စာဖတ်ပရိသတ် ရှိတယ်။ နားမလည်ကြတဲ့ အခြေခံ လူတန်းစားတွေလည်း ရှိတယ်။ သူတို့က ဆရာမ,ရေးတဲ့ Brand တွေအကြောင်း နားမလည်ကြဘူးလို့ ပြန်ကြားရလို့ပါ။”
မ,သတိလက်လွတ် ဖြစ်သွားတာကို ဆုကပြောတော့မှ ခေါင်းထဲရောက်လာတာပေါ့နော်။ စာရေးဆရာ ဆိုတာကလည်း စာဖတ်ပရိသတ် ပြောတဲ့အပေါ်မှာမှ ကိုယ်က ပြန်သတိထားရတာပေါ့။ မိဘနောက်ခံ Background မရှိပေမယ့်လည်း သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်ပြီး ကြိုးစားနေတဲ့ ထက်ထက်မြတ်မြတ် ကလေးတွေ အပြင်မှာ အများကြီးရှိတယ်။ သူတို့အကြောင်းလည်း ရေးရမယ်ဆိုတဲ့ အသိလည်းရှိတယ် ခေါင်းထဲကိုဝင်လည်း ဝင်လာပါတယ်ဆုရယ်။
“(၂ဝဝ၆)ခုနှစ်တုန်းက ထွက်ခဲ့ဖူးတဲ့ ''ချစ်တဲ့သူ၊သူငယ်ချင်း''လို ဘာသာပြန် ကဗျာစာအုပ်နဲ့ ဝတ္ထုတို ပေါင်းချုပ် (၁ဝဝ)စာအုပ်တွေလို ထိရောက်တဲ့စာအုပ်တွေ ဖန်တီးဖို့ရှိသေးလားဆရာမ။”
ဝတ္ထုတိုလေးတွေကိုပေါင်းပြီး ပြန်ထုတ်ဖို့စိတ်ကူးရှိပါတယ်။ နိုင်ငံခြား ဘာသာပြန်(ကဗျာ)ရော၊ ကိုယ့်တိုင်ရေးချင်တဲ့ကဗျာလေးတွေလည်းရှိပါတယ်။ ကဗျာစာအုပ်လေးထပ်ထုတ်ဖို့ အစီအစဉ်ရှိပါတယ်။
“ဝတ္ထုတိုပေါင်းချုပ်(၁ဝဝ)က စုစုပေါင်း (၃ဝဝ)ထဲက Selection ထုတ်ထားတာလို့ သိရပါတယ်။ နောက်ထပ်ဝတ္ထုတို (၂ဝဝ)ကရော ဆရာမစာအုပ် အဖြစ် ထုတ်ဖြစ်မှာပေါ့နော်။”
ဝတ္ထုတိုတွေ ကျန်ပါသေးတယ်။ အဲဒီတုန်းက ဝတ္ထုတို(၁ဝဝ)က တော်တော်လေးလည်း ထူသွားတယ်။ တစ်ချက်ပဲစိုးရိမ်တာက ဝယ်ချင်တဲ့လူတွေ အတွက် အဆင်ပြေပါ့မလားပေါ့နော်။ စာအုပ်ထူသွားတော့ ဈေးလည်း နည်းနည်း များသွားတယ်လေ။ နောက်ထပ် ပေါင်းချုပ်(၁ဝဝ) ထပ်ထုတ်ချင်ပါတယ်။ စာအုပ်ရဲ့ အခြေအနေလေးကို နည်းနည်း ချိန်နေလို့လေ။ (၂ဝဝ၆)ခုနှစ်က ထုတ်တာဆိုလည်း စာအုပ်ဈေးက နည်းနည်းများ သွားတယ်လေ။ ကိုယ်ကထုတ်ပြီဆိုမှတော့ quality ကောင်းကောင်းလေးလုပ်ချင်တာလေ။
“မြန်မာပြည်ကို ပြန်လာတဲ့ ခရီးစဉ်အကြောင်းအရာနဲ့ ပတ်သက်ပြီး ဝတ္ထုရေးဖို့ စဉ်းစားနေပြီလား ဆရာမ။”
ဟုတ်တယ်။ ဟုတ်တယ်။ စဉ်းစားထားတာပေါ့ဆုရယ်။ ဒီကိုလာတဲ့လမ်း တစ်လျှောက်အခက်အခဲလေးတွေ၊ အတွေ့အကြုံ၊ ပြဿနာလေးတွေကို ဝတ္ထုရေးဖို့ စိတ်ကူးထားပါတယ်။ ပြီးတော့ သမီးလေးနဲ့ ပတ်သက်တာ လေးတွေရော စိတ်ကူးထားပါတယ်။
“စာအုပ်တစ်အုပ် ရေးတော့မယ်ဆိုရင် အဓိက စဉ်းစားတဲ့ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေကို ဘယ်လို Creation လုပ်ဖြစ်လဲဆရာမ။ ဝတ္ထုရေးဖို့ အချိန် ဘယ်လောက်ယူပါသလဲ။”
စာရေးတော့မယ်ဆိုရင် ပထမစစဉ်းစားတာက ဇာတ်လမ်း၊ နောက်တစ်ခါ ကဇာတ်အိမ်ပေါ့။ တစ်ခါတစ်လေကျတော့လည်း ဇာတ်ကောင်စရိုက်ပေါ့နော်။ ကောင်လေးကို ဘယ်လိုစရိုက်၊ ကောင်မလေးကို ဘယ်လိုစရိုက်ရေးမယ်ဆိုပြီး ဇာတ်ကောင်စရိုက်ကို စ,ရတာလည်းရှိတယ်။ တစ်ခါတစ်လေကျရင် အပြင်မှာ တစ်ခုခုကိုကိုယ်ကြားလိုက်တာမျိုး၊ စာဖတ်ရင်းနဲ့သိလိုက်တာမျိုး၊ ရုပ်ရှင်ကြည့် ရင်းနဲ့ပေါ်လာတာမျိုး၊ အတွေးလေးတစ်စကနေ စ,တည်ပြီးတော့ ဒီဇာတ်အိမ်ကို ပြန်ချဲ့တာပေါ့နော်။ ထပ်ပြီးတော့ Plot ကို ဆင့်ပွားရတာပေါ့နော်။ ခေါင်းထဲ မှာတော့ တစ်ပုဒ်လုံးရအောင် အရင်စီလိုက်တယ်။ ရုပ်ရှင်တစ်ကားရိုက်သ လိုပေါ့။ ရယ်စရာပြောရရင်အထူးသဖြင့် မ,တရားထိုင်ပြီး ပုတိးစိပ်တဲ့အချိန်ဆို ဇာတ်လမ်းတွေကပေါ်ပြီ။ ဆက်စပ်ပြီးဇာတ်လမ်းကို စဉ်းစားနေမိတယ်။ များသောအားဖြင့် အံ့သြဖို့ကောင်းတာက တရားထိုင်နေရင်း ဇာတ်လမ်းရတာများတယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့နော်။ တစ်ခါတစ်ခါ ညဘက်ထရတယ် ဆိုရင် ချက်ချင်းစာရွက်နဲ့ခဲတံကိုင်ပြီး ရေးရတာပေါ့ နော်။ Dialogue တွေက တစ်ခါတစ်လေကျရတတ်တာကိုး။ ခုနောက်ပိုင်းကျတော့ Dictaphone လေးနဲ့ အသံဖမ်းထားလိုက်တယ်။ အားလုံးပြီးရင် ဇာတ်အကျဉ်းကို ချရေးလိုက်တယ်။ အခန်းစဉ်တွေနဲ့ပေါ့။ အခန်းစဉ်ပြီးရင် ဇာတ်ကောင် နာမည်ရှာတယ်။ ဝတ္ထုခေါင်း စဉ်ရှာတယ်။ အားလုံး Perfect ဖြစ်ပြီဆိုမှ ဝတ္ထုတစ်ပုဒ်စရေးတာများတယ်။ ဟိုမှာဆိုရင် စာကြည့်တိုက်မှာ ပုံမှန်သွားရေးဖြစ်ပါတယ်။ အလုပ်တစ်ခုလို သွား ထိုင်ရေးတယ်။ တစ်နေ့ကို A4 နှစ်မျက်နှာ အနည်းဆုံးရေးတယ်။ တစ်ခါတစ် လေဈာန်ဝင်သွားရင် သုံး,လေးမျက်နှာ ဖြစ်သွားတယ်။ ကိုယ်က Scene Serial ရေးထားပြီးပြီဆိုတော့ ဒီနေ့အခန်း(၁)ရေးမယ်ပေါ့။ ခုတော့ စိမ်ပြေနပြေ ရေးနေတယ်။ ရေးရင်းနဲ့ အလယ်လောက်မှာ စိတ်မပါရင်ရပ်ထားလိုက်တယ်။ အရင်ကတော့ သွန်ပြီးရေးတယ်။ ရေးချင်ချင်၊မရေးချင်ချင်ရေးရင်းနဲ့ စိတ်ပါလာ တာပေါ့နော်။ အခုတော့ ကိုယ့်ကိုယ်ကိုအလိုလိုက်တာပေါ့နော်။ အသက်ကြီး လာတော့ မရေးချင်ဘူးဆိုရင် ဒီတစ်ရက်တော့ နားလိုက်ပါဦးမယ်ဆိုပြီးနေ လိုက်တဲ့အခါ တစ်လခွဲတော့ကြာသွားတယ်။ ဝတ္ထုတစ်အုပ်ကိုပေါ့နော်။
“ဆရာမရဲ့ ဇာတ်ကောင်နာမည်တွေက နည်းနည်း ဆန်းတယ်နော်။ အဲဒီ နာမည်တွေကျတော့ ဘယ်လို idea ရတာလဲဟင်”
နာမည်ဆန်းဆန်းတွေကို မ,ကကြိုက်တယ်။ ကဗျာစာအုပ်၊ သီချင်းစာအုပ်တွေမှာ ပါတဲ့ စာလုံးအလှတွေ လိုက်စပ်ကြည့်တယ်။ နာမည်ထွင်ရတာ ကြိုက်တာကိုး။ Facebook သုံးနေတော့ ပိုဆိုးတယ်။ အခုဆို သူငယ်ချင်းတွေ လာ added လုပ်ကြတယ်။ သူတို့သမီးလေးတွေ၊ တူမလေးတွေ နာမည် ပေးပေးပါဆိုပြီး ပေးခိုင်းကြတာမျိုးတောင် ရှိပါတယ်။
“နောက်ပိုင်းဖန်တီးသွားမယ့် ဝတ္ထုတွေကို ခေတ်စနစ်အလိုက် အပြင် လူငယ်တွေရဲ့ ပြောင်းလဲမှုတွေ ပေါင်းစပ်ပြီး ရေးသွားဖို့ တောင်းဆိုပါတယ် ဆရာမ”
ဟုတ်တယ် ဆုရယ်။ မ,ခုဒီတစ်ခေါက် ပြန်လာတော့ အရမ်းကို ပြောင်းလဲနေတာပေါ့။ ကလေးတွေ၊ လူငယ်လေးတွေကို လိုက်ကြည့်ရတာပေါ့။ လွန်ခဲ့တဲ့ လေးနှစ်က တစ်ခေါက် ပြန်လာတာနဲ့တောင် မတူတော့ဘူး။ ကလေးတွေ အားလုံးက တကယ့်ကို ခေတ်မီမီနဲ့ တက်တက်ကြွကြွ၊ လန်းလန်းဆန်းဆန်းလေးတွေနဲ့ ဖြစ်ကုန်ပြီ။ နေရာအနေအထား အကုန်လုံးခေတ်မီပြီး နိုင်ငံခြားစတိုင် အတိုင်းပါပဲ။ နိုင်ငံခြားမှာနဲ့တောင် သိပ်ကြီးတော့ ကွာဟမနေပါဘူး။ တကယ်လို့ လူငယ်တွေအကြောင်း ရေးဖြစ်မယ် ဆိုရင်လည်း သိပ်ကွာဟနေမှာ မဟုတ်ဘူးလေ။ ဘာဖြစ်လို့ဆိုရင် အရမ်းကို ခေတ်မီလာတာပေါ့နော်။ တချို့ Shopping Mall တွေမှာဆို အင်္ဂလန်က လူငယ်ပုံစံတွေ တွေ့ရတယ်။ မြန်မာပြည်မှာ တွေ့ရတာတွေက နိုင်ငံခြားရောက်နေတဲ့ အတိုင်းပါပဲ။ လူငယ်လေးတွေကလည်း ဆံပင်လှလှပပ၊ အရောင်စုံစုံလေးတွေနဲ့ ဆိုတော့ အရင်နဲ့ကိုမတူတော့ပါဘူးကွယ်။
လက်ရှိအချိန်မှာ လုံးချင်းဝတ္ထုရှည်ပေါင်း (၁၈ဝ)ကျော်၊ ဝတ္ထုတို ပေါင်း(၃ဝဝ)ကျော်နှင့် ကဗျာများစွာကို ရေးသားပြီးစီးခဲ့ပြီ ဖြစ်တဲ့ ဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်)မှာ အင်္ဂလန်နိုင်ငံသို့ ဇန်နဝါရီလ (၂၃)ရက်မှာ ပြန်လည် ထွက်ခွာသွားတယ်လို့ သိရှိရပါတယ်။


ဆုကဗျာ

(မှတ်ချက်။ လျှပ်တပြက်ဂျာနယ်မှ ဒေါ်ဆုကဗျာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့သည်များကို အွန်လိုင်းစာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
မူရင်း.... http://www.snapshot-news.com/index.php?option=com_content&view=article&id=7795:-bestseller-&catid=524:vol3-no26&Itemid=113

လွန်းထားထား(ဆေးတက္ကသိုလ်)

ပျားရည်မြစ်တစ်စင်းထဲက ပဉ္စလက်နှင်းဆီ


 ပျားရည်မြစ်တစ်စင်းထဲက ပဉ္စလက်နှင်းဆီ ဝတ္ထုရှည်ကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။


လွန်းထားထား(ဆေးတက္ကသိုလ်)

ကြယ်စင်ကို ရင်ဘတ်နဲ့ မျှားတဲ့ သူ...

၂၀၁၁ မတ်လ ၁၅ရက်နေ့မှာ ထွက်ရှိမယ့် ကြယ်စင်ကို ရင်ဘတ်နဲ့ မျှားတဲ့သူ လုံးချင်းဝတ္ထုသစ် မျက်နှာဖုံးကာဗာဖြစ်ပါတယ်။
““
သူဟာ... ကြယ်စင်ကိုမျှားဖို့
လရောင်အောက်မှာ
ရင်ဘတ်ကိုဖွင့်ပြီး.... တစ်ညလုံး စောင့်နေခဲ့သူပေါ့....။
ရုတ်တရက်
ဆံပင်ရှည်ရှည်နဲ့ ကြယ်စင်မကလေး...
သူ့ရင်ခွင်ထဲ ဖြုတ်ကနဲ ခုန်ဆင်းလာတော့.... ဒါကို အိပ်မက်လို့ သူထင်ပြီး...
ဆုတောင်းဖို့ မေ့နေသေးတယ်....
ဒါဟာ အိပ်မက်မဟုတ်ဘူးလို့  သူသိလိုက်တဲ့ အချိန်ကျတော့
ကြယ်ကြွေမလှလှလေးက...
သူ့ရင်ခွင်ထဲမှာ တခေါခေါနဲ့
အိပ်မော်တောင်ကျလို့....
””
လွန်းထားထား(ဆေးတက္ကသိုလ်)

ရင်ရိပ်ဥယျာဉ်

(ရင်ခွင်ရိပ် - အောင်ရဲလင်း၊ မေကဗျာ၊ ချောရတနာ)

 ရင်ခွင်ရိပ် ဇာတ်ကားကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...