သူမနှင့် ဆံထုံး


"ဟယ်... ဆံထုံးလေးက လှလိုက်တာ" ဆိုပြီး နှစ်လိုအားကျတဲ့ မျက်လုံးတွေနဲ့ ချီးကျူးကြပြန်ပါတယ်။
ဟုတ်တော့နေပြီ။
ဆံထုံးလှလှလေးကြောင့် သူမ မျက်နှာတယ်ပွင့်နေပါလား။ မင်္ဂလာပွဲလေးပြီးသွားမှာကိုပင် သူမက နှမြောနေချင်ပြီ။ ဆံထုံးလေးကို လူတကာမြင်အောင် အလှပြနေရတာလေ။

က

 ခုလို သီတင်းကျွတ်ပြီးချိန်ကာလ ရောက်ပြီဆိုရင် သူမအဖို့ မင်္ဂလာဆောင်တွေသွားရတဲ့ ပွဲဆက်တွေ ဆက်လာပါပြီ။ နဂိုကလည်း အပေါင်းအသင်းများသူ၊ လူချစ်လူခင် ပေါသူမို့ ပွဲတကာတိုင်း သူမ မပါရင်မပြီး ဖိတ်နေကျဆိုတော့ သူမကလည်း ဝါသနာပါသူပီပီ ပွဲတိုင်းကို မပျက်မကွက်တက်ရောက်လေ့ရှိပါတယ်။
ပွဲတွေသွားတိုင်းလည်း သူမဟာ လူတကာငေးရလောက်အောင် ကြော့ကြော့မော့မော့လေးပြင်ရတာကို အလွန်သဘောကျသူပါ။ တစ်နေ့တစ်နေ့ မင်္ဂလာဆောင်ဖိတ်စာတွေ ရောက်လာရင် သူမက ပျော်ရွှင်တက်ကြွနေပြီ...။ ဘယ်ပွဲကို ဘာလေးဝတ်သွားရမလဲ၊ ဘယ်လိုပြင်ဆင်သွားရမလဲဆိုတာကို တွေးနေပြီ။ 
ပွဲလမ်းတိုင်းကို တက်တက်ကြွကြွ လှလှပပသွားလေ့ရှိတဲ့ သူမကို လင်တော်မောင်က ပြုံးစစနဲ့ ကျီစယ်သလို ကြည့်တတ်ပါတယ်။ မိန်းမချောချောလှလှကို ရထားတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်ယူတတ်တဲ့ အပြုံးမျိုးနဲ့ပေါ့လေ။ သူမသွားသမျှ ပွဲလမ်းတိုင်းလိုလို သူ့ခမျာ မညည်းမညူ တက်လေ့ရှိပါတယ်။ 
“မောင်ရေ....ဒီတစ်ပတ်တော့ ပွဲက နှစ်ခုတောင်ဆက်နေတယ် ဆရာ၊ နှစ်ပွဲစလုံ SEDONA မှာဆိုတော့ လှလှပပကလေးသွားမှ....”
“ကိုယ့်မိန်းမက လှပြီးသားပါကွာ၊ ဘာလဲ Beauty Saloon မှာသွားအလှပြင်ဦးမလို့လား...”
“ဒါပေါ့ရှင်...”
ယောက်ျားလုပ်သူက ပုခုံးလေးတွန့်ရုံလောက်ကလွဲပြီး ဘာမှထူးထူးခြားခြား မပြောတော့ပါဘူး...။ မင်္ဂလာပွဲရှိတိုင်း Beauty Saloon မှာ အလှပြင်နေကျကို သူသိပြီးသားကိုး....။

စနေနေ့အတွက် မင်္ဂလာပွဲမသွားခင်မှာ ထုံးစံအတိုင်း အိမ်နဲ့နီးတဲ့ Beauty Saloon ဆီ အပြေး ချီတက်ခဲ့ရပါတယ်။ ခင်မင်နေပြီဖြစ်တဲ့ ဆိုင်က ကောင်မလေးက သူမကိုထုံးစံထက် ပိုပြီး လှလှပပ စိတ်ရှည်လက်ရှည် ပြင်ပေးပါတယ်။ တကယ်တမ်းပြောရရင် ခါတိုင်းထက်ကို သူမမျက်နှာဟာ လှပအသက်ဝင်လို့ နေခဲ့ပါတယ်။
ပိုပြီးထူးခြားတာကတော့ ဆံထုံးကလေးပါ။  ဆံထုံးကလေးက အင်မတန်ကို လှပါတယ်။ အရှေ့ဘက်မှာ ညာဘက်ခွဲကြောင်းနဲ့၊ အဲဒီ ညာဘက်တစောင်းမှာ ဆံပင်ကလေးတွေကို ခွေခွေပြီး နှင်းဆီပွင့် ပုံသဏ္ဍာန် လေးတွေ ခွေထားတဲ့ ဆံထုံးပုံစံပါ။ အနောက်ဘက်မှာတော့ အပြောင်သိမ်းယူထားတာပေါ့။ ဆံထုံးတစ်ခုလုံးဟာ ညာဘက်မှာရှိနေပြီး ဆံထုံးရဲ့ အသက်ကတော့ နှင်းဆီပွင့်ပုံသဏ္ဍာန် ဆံပင်အခွေကလေး ငါးလိပ်ပါ။ ဒီလောက်လှပအသက်ဝင်ပြီး အနုပညာမြောက်တဲ့ ဆံထုံးမျိုး သူမ တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။ 
“လှလိုက်တာ မမရယ်... မမနဲ့ ဒီဆံထုံး အရမ်းလိုက်တာပဲ”
လို့ ကောင်မလေးတွေက ချီးကျူးကြပါတယ်။
သူမ အိမ်ပြန်ရောက်တော့လည်း သူမရဲ့ လင်တော်မောင်က တအံ့တသြအပြုံးနဲ့ ....
“ဟား... တယ်လှပါလား”
  လို့ပြောပြီးမှ မကြားတကြားနဲ့ “ဆံထုံး.... ဆံထုံး” လို့ ဖြည့်စွက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လှဖို့က အရေးကြီးတယ်လေ။ ဒီလို ဆံထုံးနဲ့ လှလှကို တသသ ရှုမငြီးစွာနဲ့ မင်္ဂလာဆောင်ဆီ ချီတက်ကြပါတယ်။

မင်္ဂလာဆောင်ရောက်တော့လည်း လူတိုင်းက ဆံထုံးဆီကိုပဲ အဆန်းတကြယ်လိုက်ကြည့်ကြတာ ခံရရင် သူမ မျက်နှာဟာ ပိုပြီး ချီမော့လို့သွားပါတယ်။ ရင်းနှီးသူ မိတ်ဆွေတွေမြင်တိုင်းလည်း....
“ဟယ်... ဆံထုံးလေးက လှလိုက်တာ” 
ဆိုပြီး နှစ်လိုအားကျတဲ့ မျက်လုံးတွေနဲ့ ချီးကျူးကြပြန်ပါတယ်။ ဟုတ်တော့နေပြီ။ ဆံထုံးလှလှလေးကြောင့် သူမမျက်နှာ တယ်ပွင့်နေပါလား။ မင်္ဂလာပွဲကလေးပြီးသွားမှာကိုပင် သူမ နှမြောချင်နေပြီ။ ဆံထုံးလေးကို လူတကာမြင်အောင် အလှပြနေရတယ်လေ။ 
ဒီလိုနဲ့ မင်္ဂလာပွဲပြီးတော့ အိမ်ပြန်လာကြပါတယ်။
“ဆံထုံးကလေးက အရမ်းလှနေတော့ ဖျက်တောင်မဖျက်ရက်တော့ဘူးမောင်ရယ်၊ မနက်ဖြန်မနက်လည်း SEDONA မှာပဲ မင်္ဂလာပွဲတစ်ပွဲ ရှိသေးတယ်”
“အဲဒါဆိုလည်း မဖျက်ဘဲ ဒီအတိုင်း အိပ်ပေါ့ကွာ”
သူမယောက်ျားက ရွဲ့ပြောတာလား၊ အတည်ပြောတာလားတော့ မသိပါဘူး။ ဒါပေမယ့် သူမကတော့ အတည်ပဲ ယူလိုက်ပါတယ်။
“ဟုတ်ပြီ...ဟုတ်ပြီ... အကြံရပြီ၊ ညကျရင် ဒီအတိုင်းလေးပဲ တစောင်းကလေးထားပြီး အိပ်လိုက်မယ်၊ မဖျက်တော့ဘူး၊ အဲ့ဒါကောင်းတယ် ”
လို့ သူမက ဝမ်းသာအားရပြန်ပြောလိုက်ပြီး ဆံထုံးကလေးကို တသသ မှန်ထဲမှာ ကြည့်ရတာ အမောပါပဲ။
ဒီလိုနဲ့ ညရောက်ခဲ့ပါတော့တယ်။


“ဟာ... မင်းတကယ်ပဲ ဒီဆံထုံးနဲ့ အိပ်ယာဝင်မှာလား”
“ဒါပေါ့...၊ ပုံမပျက်အောင် ကြိုးစားပြီး အိပ်ရဦးမှာ၊ တစောင်းကလေးပဲ အိပ်လိုမယ်လေ...၊ ဟဲ...ဟဲ”
သူမကတော့ တကယ့်ကို တစောင်းကလေးစောင်းပြီး အိပ်ဖို့ ကြိုးစားရပါတယ်။ ဆံထုံးကလည်း ညာဘက်မှာမို့ သူမက ဘယ်ဘက်ကိုစောင်းပြီးအိပ်ရတော့ သူမရဲ့ ညာဘက်မှာအိပ်တဲ့ ယောက်ျားလုပ်သူကို ကျောပေးထားတော့တာပေါ့၊ သူမက လှည့်ကိုမကြည့်။ 
“မိန်းမတွေများ တော်တော်အံ့သြစရာကောင်းတယ်နော်၊ ဆံထုံးမပျက်အောင်များ တစ်ညလုံး ဘယ်လိုအိပ် မလဲ မသိဘူး၊ ရှာမှရှားပဲ” 
ယောက်ျားရဲ့ ပွစိတိုးသံကို မကြားယောင်ပြုရင်း သူမ ဒီဘက်မှာ ပြုံးနေတာကို သူကတော့ မြင်မှာမဟုတ်။ မိန်းမတွေဟာ အလှအပနဲ့ ပတ်သက်လာရင် အဲ့ဒီလိုပဲ အဆန်းတကြယ်လုပ်တတ်တာကို ယောက်ျားတွေ ဘယ်လိုက်မီမလဲ။
စကားမစပ်ပြောရရင် သူမကျောင်းသူဘဝ အဆောင်မှာနေတုန်းကဆို သူမဘေးက သူငယ်ချင်း တစ်ယောက်ဟာ ဆောင်းတွင်းအေးချမ်းတဲ့ အချိန်တွေဆို ရေမချိုးဘဲ မျက်နှာကလေးသာသစ်ပြီး မျက်နှာတစ်ခုတည်းကို ကွက်ပြီး အလှပြင်ထားတတ်သူပါ။ နေ့ခင်းလောက်ကျမှ ကျောင်းကနေ တစ်ခေါက်ပြန်လာပြီး ရေပြန်ချိုးတတ်တယ်။ သူ ရေချိုးပုံကလည်း ကြည့်ဦး၊ မျက်နှာကိုတော့ ချန်ထားခဲ့ပြီး ကိုယ်ခန္ဓာအောက်ပိုင်းကိုပဲ ရေချိုးတတ်သူလေ။ သူ့အကြောင်းပြောတိုင်း သူမရယ်မောရစမြဲပါ။ မိန်းမဆိုတာ အဲ့ဒီလိုမျိုးလေ။ အလှအပနဲ့ ပတ်သက်လာရင် တီထွင်ဖန်တီးနိုင်စွမ်း အမြဲရှိသူတွေပါ။
အခုလည်း ယော်ကျားက သူမကို...
“မိန်းမရာ တစ်ညလုံး အဲ့ဒီလို တစောင်းကြီးအိပ်တော့ ဇက်ကြီးလည်း လိမ်နေဦးမယ်၊ ကြည့်လုပ်ဦး၊ ဒီဘက်လေးဘာလေး လှည့်ပါဦး”
လို့ လှမ်းပြောတာကိုတောင် 
“လှည့်နိုင်ဘူးတော်”
လို့ဆိုပြီး တစ်ဘက်တည်းစောင်းပြီး ရအောင်အိပ်သူပါ။
မနက်မိုးလင်းတော့ သူမဇက် တကယ်ပဲ နာနေပါပြီ။  ဘယ်ဘက်ကို စောင်းချင်နေပြီ၊ သို့ပေမယ့် မှန်ကြည့်လိုက်တဲ့အခါ ပုံပန်းမပျက်လှပစွာရှိနေသေးတဲ့ ဆံထုံးကလေးကို ကြည့်ပြီး တစ်ညလုံး တစ်ဘက်စောင်းအိပ်ရကျိုး နပ်သွားပါတော့တယ်။
မင်္ဂလာဆောင် နောက်တစ်ခုကိုသွားဖို့ ကျကျနန အလှပြင်နေတဲ့ သူမကို ယောက်ျားလုပ်သူက...
“ချီးကျူးပါတယ်... ချီးကျူးပါတယ်”
လို့ မဲ့မဲ့ရွဲ့ရွဲ့ ဆိုပါတယ်။
“ချီးကျူးမနေနဲ့၊ ဒီဘက်ဇက်တစ်ခြမ်းက စောင်းနေပြီ”
သူမကပြောတော့ သူက ခွက်ထိုးခွက်လန် ရယ်မောပါတယ်။
“လှချင်တာကိုးကွာ...ဒီလောက်တော့ အနာခံရမှာပေါ့”  တဲ့။

ဒီလိုနဲ့ မင်္ဂလာဆောင်ဆီကို ချီတက်ကြပါတယ်။ ဇက်ကတော့ တော်တော့်ကို နာနေတာပါ။ ဒါပေမယ့် ဆံထုံးလှလှကလေးဆီ လူတွေက တအံ့တသြဝိုင်းကြည့် ချီးမွမ်းသံတွေကို ကြားရတိုင်း သူမက ကျေနပ် တာထက်ပိုတဲ့ ဂုဏ်ယူပြုံးကလေးပါ ပိုလာပါတော့တယ်။
သူမတို့ ပြောတာကို နားထောင်ကြည့်ပါဦး။
“ဟယ်... ဆံထုံးကလေးက လှလိုက်တာ အရမ်းပဲ၊ ကိုယ့်ဘာသာကိုယ် ထုံးတာလားဟင်”
“အမယ်လေး... ပြောပြရဦးမယ်၊ ဆံထုံးက မနေ့ကတည်းက ဆိုင်မှာသွားထုံးခဲ့တာလေ၊ အခုတလော ပွဲဆက်တွေများနေတာ၊ မနေ့က ပွဲပြီးတော့ ဒီနေ့ပွဲအတွက် ဆံထုံးကို မဖျက်ရက်တာနဲ့ ကျွန်မမှာ တစ်ညလုံး  ဆံထုံးမပျက်အောင် တစ်ဘက်စောင်းပြီး အိပ်ခဲ့ရတာ”
“ဟယ်...ဟုတ်လား...အံ့သြစရာ...”
ကြားရသူတိုင်းက သူမကို တအံ့တသြ ပြုံးရယ်ကြပါတယ်၊ သူမကလည်း ကျေကျေနပ်နပ်ပြုံးလျက်....။ သူမဇက်ကြီး နာနေတာကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။
နည်းတောင် နည်းသေးတယ်ကွာ လို့ ပြောကြမှာ စိုးလို့လေ.... ဟင်း....ဟင်း....ဟင်း။
 

လွန်းထားထား(ဆေးတက္ကသိုလ်)

ညှို့သခင် နဲ့ ကိုယ်ရောင်ဖျောက်သူ




ဒီမှာ Download ရယူပြီး ဖတ်ရှုနိုင်ပါတယ်။



လွန်းထားထား(ဆေးတက္ကသိုလ်)

မုန်းမိမယ်



ဒီမှာ Download ရယူပြီး ဖတ်ရှုနိုင်ပါတယ်။


 

လွန်းထားထား(ဆေးတက္ကသိုလ်)

ရူးအောင်ချစ်မယ့်သူ




ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။



လွန်းထားထား(ဆေးတက္ကသိုလ်)

တယောက်က တယောက်ကို ဖန်ဆင်းကာ......

 


ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။



လွန်းထားထား(ဆေးတက္ကသိုလ်)

လျှို့ ဝှက်လက်များဖြင့် ဖန်ဆင်းသော.....



ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။



လွန်းထားထား(ဆေးတက္ကသိုလ်)

မုန်းတယ်....(မိုးကဲ့သို့ ထစ်ချုန်းသော....)



ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။




လွန်းထားထား(ဆေးတက္ကသိုလ်)

မြှားနတ်မောင်ရဲ့  ချစ်ပုံပြင်.




ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။





လွန်းထားထား(ဆေးတက္ကသိုလ်)

အမုန်းဖွဲ့တေး



ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။



လွန်းထားထား(ဆေးတက္ကသိုလ်)

လိပ်ပြာတစ်ကောင်၏ရင်ခုန်သံ




ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။





လွန်းထားထား(ဆေးတက္ကသိုလ်)

မာယာမဝင်ရ



ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။




လွန်းထားထား(ဆေးတက္ကသိုလ်)

အတူပျံသန်းစို့



ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


လွန်းထားထား(ဆေးတက္ကသိုလ်)

မာယာရထား





ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။



လွန်းထားထား(ဆေးတက္ကသိုလ်)

နှုတ်မဆက်တမ်း



ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။




လွန်းထားထား(ဆေးတက္ကသိုလ်)

အတောင်ပံတွေရှိခဲ့ရင်




ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။




လွန်းထားထား(ဆေးတက္ကသိုလ်)

ရင်ကွဲအခမ်းအနား



 ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။



 လွန်းထားထား(ဆေးတက္ကသိုလ်)

ချစ်သောနှင်း

 
က။
ဒီဇင်ဘာ ၄၊ ၂၀၀၈။

ဒီနေ့ ကျွန်မတို့ နေထိုင်တဲ့ အင်္ဂလန်ရဲ့ အရှေ့မြောက်ပိုင်း တစ်ခုလုံး နှင်းတွေ သည်းထန်စွာ ကျပါတယ်။
နှင်းကျလိမ့်မယ် ဆိုတာကို မိုးလေ၀သ ခန့်မှန်း ကြေညာချက်ကနေ ကြေညာ ထားပြီးသားမို့ ကျွန်မတို့က ကြိုပြီး ပျော်ရွှင် ရင်ခုန် နေခဲ့တာပါ။ နှင်းတွေကို ကျွန်မ သိပ်ချစ်တယ်လေ။ ကျွန်မထက် ပိုပြီး စိတ်လှုပ်ရှား ပျော်ရွှင် နေသူကတော့ သမီးလေးပေါ့။ သူက နှင်းကျရင် Snow Man လုပ်မလို့တဲ့လေ။ Chrimas နီးလာလေလေ သူက လက်ဆောင်တွေ ရတော့မယ်ဆိုတဲ့ အသိကလေးနဲ့ စိတ်လှုပ်ရှားလေပါ။

“မီးလေး Presents တွေ ရချင်တယ်နော် မေမေ” တဲ့။ ပူဆာနေတာ။ “မီးလေးက ဘာ Presents တွေ ရချင်လို့လဲ” ဆိုတော့ ပြုံးစိစိကလေးနဲ့။

“အင်း Bicycle ရယ်၊ Skate ရယ်၊ Fairy Princess Dress ကလေးနဲ့ ရှူး(စ်)လေးရယ်” လို့ ပြောတယ်။ ကျွန်မနဲ့ သူ Eldon Square ဆိုတဲ့ Shopping Mall ကြီးဆီ သွားတော့ အဲ့ဒီမှာ Fenwick ဆိုတဲ့ Store ဆိုင်ကြီးထဲမှာ Santa Claus ကြီးနဲ့ သူ့ကို ပေးတွေ့ခဲ့ပါတယ်။ Santa ကြီးက “ဘာလိုချင်လဲ” လို့ မေးတော့ သူ့မှာ ဖြေလိုက်ရတာ မျက်လုံးကလေး အ၀ိုင်းသားနဲ့ပေါ့။ ပြီးတော့ ကျွန်မကို ပူဆာပါတယ်။

“မေမေ မီးလေးကို Socks ကြီး ၀ယ်ပေးနော်။ Santa က Presents တွေ လာထည့်ဖို့” ဆိုလို့ Socks အနီကြီးကြီး ၀ယ်ပေးပြီး သူ့ခုတင် ခြေရင်းမှာ ချည်ထား ပေးရပါတယ်။ မနက်မိုးလင်းရင် သူ့မှာ ခြေအိတ်ကြီးထဲ ချောင်းလိုက်ရတာ အမော။ Santa ကြီး လက်ဆောင်တွေများ လာထည့်ပြီလားပေါ့။ ကျွန်မက “မီးလေးကလည်း ဒီဇင်ဘာ ၂၅ ရက်နေ့ကျမှ ဖွင့်ကြည့်ရမှာလေ” လို့ ပြောတော့ ညစ်ချင်ဟန် မျက်နှာပေး ကလေးနဲ့ “အို ၂၄ ရက်ပါ” လို့ တစ်ရက် ဈေးဆစ် နေပါသေးတယ်။

ဒီလိုနဲ့ ညကတည်းက နှင်းတွေ တဖွဲဖွဲ စကျနေတာကို ကျွန်မက တစ်ရေးနိုးပြီး ကတည်းက သိနေပါပြီ။ နှင်းတွေ ဖွေးပြီး ပတ်ဝန်းကျင် တစ်ခုလုံးက ရွှေလိမ္မော်ရောင် ၀င်းနေတာ သိပ်ကိုလှတာမို့ ကျွန်မမှာ ပြန်အိပ်လို့တောင် မပျော်နိုင်။ အအေး ဒီဂရီက မိုင်းနပ်(စ်)ကျနေပြီမို့ သိပ်လည်း အေးနေပါပြီ။

ခ။
မနက် မိုးလင်းတော့ မောင် ဆေးရုံသွားခါနီး ကားတစ်ကားလုံး ပေါ်မှာ ဖုံးနေတဲ့ နှင်းတွေကို မောင် ခြစ်ဖယ်နေတာကို လိုက်ကြည့်ရင်း ကျွန်မ ပျော်နေ တော့တာ။

“မောင် ကားကို ဖြည်းဖြည်း မောင်းနော်။ တစ်လမ်းလုံး နှင်းထုတွေက နည်းတာ မဟုတ်ဘူး။ တစ်လက်မ ထုလောက် ရှိမယ်။ ဂရုစိုက်” လို့ မောင့်ကို မှာရပါတယ်။ သမီးလေးက အစောကြီး နိုးထ လာရာကနေ .. “မေမေ Snow တွေ” လို့ ၀မ်းသာအားရ အော်ပါတယ်။

“အေး သမီ၊ ခြံထဲ ဆင်းရအောင်။ Snow Man ကြီးး လုပ်မယ်” ဆိုတော့ သူ့မျက်နှာကလေး တစ်ခုလုံး အားပါးတရ ပြုံးနေတော့တာ။ သူ့ကို လုံခြုံ နွေးထွေးအောင် ၀တ်ပေးပြီး သားအမိ နှစ်ယောက်သား အိမ်နောက်ဘက် ခြံထဲမှာ ခုန်ဆွ ပြေးကြ၊ နှင်း အဆုပ်အခဲတွေနဲ့ ပစ်ပေါက်ကြ။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကြ၊ Snow Man လုပ်ကြနဲ့ ကဲချင်တိုင်း ကဲနေတော့တာပါ။ ဒီနေ့ သမီးလေးကိုလည်း ကျောင်း မပို့သလို၊ ကျွန်မရဲ့ Instructor ကလည်း ရာသီဥတု မကောင်းလို့ ကားမောင်း မသင်ဖြစ်ပါဘူး။ ပျော်လိုက်တာ။ နှင်းတွေကို ချစ်လိုက်တာ။

သတင်းတွေထဲမှာတော့ နှင်းတွေ သိပ်သည်းလွန်းလို့ တချို့ နေရာတွေမှာ လျှပ်စစ်မီးတွေတောင် ပြတ်တောက်ကုန်ပြီး ကျောင်းတွေလည်း ပိတ်ထားရသတဲ့။ လမ်းတွေမှာလည်း ကားတွေ သွားရလာရတာ အန္တရာယ် များလိုက်တာ။ ကျွန်မတို့ သားအမိသာ ပျော်ချင်တိုင်း ပျော်နေကြတာ။ အိမ်ရှေ့ထွက်လိုက်၊ အိမ်နောက် ထွက်လိုက်နဲ့ ရှုပ်နေတော့တာ။ သမီးလေးက ထူးအိမ်သင်ရဲ့ “ခုတော့သိပြီ မင်းကို ကိုယ်ချစ်သည်”ဆိုတဲ့ သီချင်းကိုတောင် ဆိုလိုက်သေး။ အဲဒီအထဲမှာ “နှင်းတွေလည်း ကျနေသည် +++ ဒီဆောင်း မြောက်လေ မြူးသည်” ဆိုတာ ပါတာကိုး။ ပြီးတော့ နှင်းဖွဲမှုန်တွေကို မျက်နှာကလေး မော့ပြီး ပါးစပ်ကလေးဟ၊ လျှာကလေး ထုတ်ပြီး ခံယူ လိုက်သေးတာပါ။ သူကလေးလည်း ကျွန်မလိုပဲ နှင်းတွေကို ချစ်တတ်တာ ပါလား။ အံ့သြစရာ။ ကျွန်မကတော့ နှင်းကျရင် လူက နှလုံးသားထဲ အလိုလို နူးညံ့ မူးရီပြီး တစ်ခုခုကို လွမ်းချင်နေတတ် တော့တာ။ အဲ့ဒီလောက် နှလုံးသား နုတယ် ဆိုရမယ်။

ဂ။
နှင်းတွေက ခံစား စိတ်ကူးယဉ်ဖို့သာ ကောင်းတာ၊ ဖြူဖွေး နူးညံ့ပြီး ထိတွေ့ခံစား ကြည့်ဖို့သာ ကောင်းတာပါ။ တကယ့် နှင်းထုထဲ လက်တွေ့ တိုးဝင် လျှောက်လှမ်း ရတဲ့ အခါမှာတော့ နှင်းက မာယာ အများသား။ အန္တရာယ်ကလည်း အများသား။ နှင်း တွေပေါ်ကနေ ဖြတ်သန်း မောင်းရတဲ့ ကားတွေက Slip ဖြစ်တာတို့၊ တိမ်းမှောက်တာတို့ ဖြစ်နိုင်သလို နှင်းတွေ ပေါ်ကနေ လမ်းလျှောက်ရင်လည်း အခန့်မသင့်ရင် ချော်လဲ ကျိုးပဲ့ နိုင်ပြန်သေးတာ။ နှင်းဟာ မိုးပေါ်ကနေ မွမွ ဖွဖွ လွလွကလေး ကျနေတုန်းသာ သန့်စင်လှပတာ။ လမ်းမှာ ကားတွေ ဖြတ်မောင်း ပြီးသွားရင်တော့ မည်းညစ်သွားရော။ လမ်းမတွေလည်း ညစ်ပတ် ကုန်ရော။

စိတ်ကူးယဉ်သမား ဖြစ်တဲ့ ကျွန်မက နှင်းတွေကို သိပ်ချစ်၊ နှင်းကျရင် ပျော်နေ တတ်ပေမယ့် ဘ၀သမား ဖြစ်တဲ့ မောင်တို့လို နှင်းကျ လည်း မနားရဘဲ အလုပ်သွား နေရတဲ့ လူတွေကတော့ နှင်းကို စိတ်ညစ်ကြပါတယ်။ သြော်… ဘ၀မှာ အရာရာတိုင်းဟာ အကောင်းချည်း သက်သက်မှ မရှိနိုင်တာနော်။ ကောင်းခြင်းနဲ့ ဆိုးခြင်း ဟာ ဒွန်တွဲ နေတတ်တာ။ ဒါ ကို လက်ခံနိုင်မှ ဘ၀ဟာ နေပျော်မှာ။

ပျော်ရွှင်ဖွယ် အကောင်းတွေကိုချည်း ရွေးယူလို့မှ မဖြစ်နိုင်တာ။ ပျော်စရာ လည်းရှိ၊ စိတ်ညစ်စရာလည်း ရှိပေါ့။ နှင်းတွေထဲမှာ ပျော်နေတဲ့ သမီးလေးကို ကြည့် ပြီး ကျွန်မ တွေးမိတာပါ။ Snow Man ကြီးကို နှင်းတွေ နဲ့ ပုံဖော် ထုဆစ်ရင်း ရုပ်လုံးပေါ် သက်ဝင်လာတဲ့ Snow Man ကြီးကို ကြည့်ပြီး ပျော်စရာ ကောင်းသလို ဒီ နှင်းထုကြီးဟာ တစ်ချိန်မှာလည်း အရည်ပျော်ပြီး ပျောက်ကွယ်ရဦးမှာကို သမီးလေး သိမြင် နားလည်အောင် ရှင်းပြဖို့များ သိပ်စော နေဦးမလား။ စပြီး ဆောက်ကတည်းက နှင်းတွေနဲ့ ဆောက်ခဲ့တာ ဆိုတော့ နှင်းဆိုတာ အချိန် တန်ရင် အရည် ပျော်စမြဲလေ။ ကျွန်မကတော့ အတွေးသမား ပီပီ နှင်းတွေကိုကြည့်ပြီး အံမယ် သံဝေဂတွေ ဘာတွေတောင် ရနေတော့တာ။ လူ့ဘ၀ ဆိုတာကလည်း တစ်ချိန်မှာ အရည်ပျော်ဖို့ မဟုတ်ပေမယ့် “ပြာ” အဖြစ်တော့ ပြောင်းရဦးမှာလေ။

စပြီး မွေးဖွားလာ ကတည်းက “အသက်”နဲ့ မွေးလာခဲ့တာ ဆိုတော့ အသက် ဆိုတာလည်း အချိန် တန်ရင် ကုန်ဆုံးရ စမြဲပဲလေ။ ကျွန်မကတော့ ခုဆို အသက် ကလေး ရလာလို့လား မသိပါဘူး။ တွေးတတ်လာပါပြီ။

လူဆိုတာ ရုပ်နဲ့နာမ် နှစ်ခုတည်းပဲ ရှိတာပါလို့။ သူလည်း ရုပ်နဲ့နာမ်၊ ကိုယ်လည်း ရုပ်နဲ့နာမ် အတူတူပါ ပဲလို့။ အဲ့ဒါဆိုရင် မာနဆိုတာလည်း မရှိတော့။ မနာလို ၀န်တိုမှုတွေ၊ ခွဲခြား ဆက်ဆံခြင်းတွေလည်း လျော့တန် သလောက် လျော့သွား နိုင်ပါလိမ့်မယ်နော်။




လွန်းထားထား(ဆေးတက္ကသိုလ်)
(ရွှေအမြုတေမဂ္ဂဇင်း)

မေမေသို့ ပေးစာ (၃)


(က) 
ချစ်သောမေမေ …. အချိန်တွေက အကုန်မြန်လိုက်တာနော်။ ဘာလိုလိုနဲ့ သမီးတောင် လာမယ့်ဇွန်လဆိုရင် သုံးနှစ်ပြည့်တော့မယ်။ သမီးအတွက်တော အရာရာဟာ စူးစမ်းစပ်စုချင်စရာတွေ၊ သိချင်စရာတွေ၊ ဘာမဆို ကိုယ်တိုင်လုပ်ကြည့်ချင်တာတွေနဲ့ ပြည့်နေတော့တာပဲနော် မေမေ။ အမြဲတမ်း ဘာမဆို “မီးမီး လုပ်မယ် မီးမီး ကိုယ့်ဘာသာကိုယ် လုပ်မယ်” လို့ မေမေ့ကို ပြောတိုင်း မေမေက သမီးကို မျက်စောင်းကလေးချီနေကျနော်။ ကလေးတစ်ယောက်ဖြစ်တာနဲ့ နေရာတကာမှာ မေမေ့အပေါ် မှီခိုအားကိုးမနေချင်တာ သမီးရဲ့ဘ၀ပဲ ထင်တယ်နော် မေမေ။ ကိုယ့်ဘာသာကိုယ် လုပ်ကြည့်ပြီး အမှားတစ်ခုခု ဖြစ်ရင်လည်း သမီးက အဲဒီအမှားကနေ သင်ယူလိုက်တာပဲပေါ့။ မေမေကတော့ ဆူတာပေါ့နော်။

“သမီး … အဲဒီလို မေမေ မကြိုက်တာလုပ်ရင် နောက်ကို သမီးကို အပြင်မခေါ်တော့ဘူး။ အိမ်မှာ တစ်ယောက်တည်းနေခဲ့တော့။ သမီး လိုချင်တာတွေလည်း မေမေ လုံးဝ မ၀ယ်ပေးတော့ဘူး” သိလားလို့ ခဏခဏ ပြောပါများတော့ သမီးက မှတ်ထားတာပေါ့ မေမေ။ တစ်နေ့တော့ ဖေဖေက သမီးတို့ အပြင်ထွက်ခါနီးမှာ သမီး မကြိုက်တာတစ်ခု လုပ်လိုက်တော့ သမီးက ဖေဖေ့ကိုစိတ်ဆိုးပြီး … “ဖေဖေ့ကို မခေါ်တော့ဘူး အိမ်မှာတစ်ယောက်တည်း နေခဲ့တော့ ဖေဖေ” လို့ အော်ပစ်လိုက်တော့ ဖေဖေက တဟားဟား ရယ်ပါလေရော။ ပြီးတော့ … “ကောင်းပြီ၊ ဖေဖေ အိမ်မှာပဲနေခဲ့ရင် သမီးကို ဘယ်သူ ကားမောင်းပို့မလဲ” လို့ ပြန်မေးတော့ သမီးက ချက်ချင်းပဲ ဖြေလိုက်တာပေါ့။ “မီးဘာသာ မောင်းမယ်” လို့လေ။ မေမေက သဘောကျပြီး ရယ်နေတော့တာပဲ။ ဟုတ်တယ် မေမေရဲ့။ သမီးက ကိုယ့်ဘာသာကိုယ် လုပ်ချင်တာ။ ဟိုဟာ မလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ လို့ တားမြစ်ပိတ်ပင်တာကို သမီးက လုံးဝမကြိုက်ဘူး သိလား မေမေ။

(ခ)
မေမေရေ…

မေမေက သမီးကို သင်ထားတယ် မဟုတ်လား။ မေမေ မကြိုက်တာတစ်ခုခု သမီးလုပ်မိရင် မေမေ စိတ်ဆိုးတဲ့အခါ…
“တောင်းပန်ပါတယ် မေမေ”လို့ ပြန်တောင်းပန်ရမယ်လို့လေ။ တစ်နေ့ကျတော့ မေမေ စိတ်ဆိုးအောင် သမီး လုပ်မိပါရော။ ပထမတော့ သမီးက မေမေများ ချော့မလားလို့ ငိုကြည့်သေးတယ်လေ။ မေမေက မချော့ပါဘူး။ သမီးနဲ့ မေမေ အပြိုင်စိတ် လုပ်နေကြတာလေ။ နောက်ဆုံးတော့ သမီးကပဲ အလျှော့ ပေးလိုက်ပါတယ်။ နော်… မေမေ။ မေမေက သမီးကို စကားမပြောဘဲ ခပ်တည်တည်ကြီးနဲ့ လျစ်လျူရှုထား တာကို သမီးမှ မခံနိုင်တာ။ အဲဒီတော့ လေသံပျော့ ကလေးနဲ့…
“မေမေ… တောင်းပန်ပါတယ် မေမေ”လို့ သမီးက တောင်းပန်တော့ ခါတိုင်းဆိုရင် မေမေ က ရယ်ရယ်မောမောနဲ့ သမီးကို ချီပွေ့ဖက်နမ်းပြီး…
“အေးအေး… လက်ခံပါတယ် သမီးရယ်၊ မေမေ ကျေနပ်ပြီ။ မေမေ့သမီးက လိမ္မာလိုက်တာ”လို့ ပြောတတ်ပေမယ့် ဒီတစ်ခါကျတော့ မေမေက တော်တော်နဲ့ စိတ်မပြေနိုင်ဘူးတော်။ သမီး တောင်းပန် နေတာကိုတောင် မေမေက စကားပြန်မပြောဘဲ ခပ်တည်တည်ကြီး လုပ်နေတော့ သမီး စိတ်တိုလာတာပေါ့နော်။ အဲဒီတော့ သမီး ပြန်ပြောလိုက်တာကို မေမေ မှတ်မိသေးလားဟင်။ သမီးက မေမေ့ကို နှုတ်ခမ်းကလေး ထော်ပြီး…

“အဲဒီမေမေက တောင်းပန်ပါတယ်ဆိုနေမှ ဘယ်လို ဖြစ်နေတာလဲ။ အဲဒီလို စိတ်မဆိုးပါနဲ့။ မီးမီးလေး မကြိုက်ဘူး။ မေမေ စိတ်ဆိုးရင် လုံးဝ မချစ်တော့ဘူး။ မေမေက သရဲကြီးနဲ့ တူနေတယ်”လို့ သမီးက ပြောလိုက်တော့ မေမေ မနေနိုင်တော့ဘဲ ရယ်ပါတော့တယ်။ သမီးက ဘာရမလဲ။ ဆက်ပြောတာပေါ့။
“မေမေ အဲဒီလို စိတ်ဆိုးရင် မေမေ့ကို ဘာမှ မ၀ယ်ပေးတော့ဘူး။ အပြင်လည်း လုံးဝမခေါ်တော့ဘူး”လို့ မေမေ သမီးကို ပြောနေကျအတိုင်း ပြောလိုက်တာပေါ့နော်။ သမီးက မှတ်ဥာဏ်သိပ်ကောင်းတယ် မေမေရဲ့။ မေမေ ဘာပြောပြော သမီးက စိတ်ထဲမှာ အမြဲမှတ်ထားတာလေ။ လိုတဲ့အခါ ပြန်ထုတ်သုံးတာပေါ့။ အဲဒါဟာ ကလေးတွေရဲ့ သဘာဝပဲလေ။ မေမေ မှတ်ထားနော်။

(ဂ)
ချစ်သောမေမေ…

တကယ်တော့ သမီးက လိမ္မာပါတယ် မေမေရဲ့။ မေမေ သင်ပေးထားတဲ့ အတိုင်း ညအိပ်ရာဝင်ခါနီး တိုင်း မျက်နှာသစ် သွားတိုက် ပြီးရင် ဘုရားခန်းထဲ တန်း ၀င်ပြီး ဘုရားစင်ရှေ့မှာ ဘုရားရှိခိုးတတ်ပါတယ်။ သြကာသ အစအဆုံးရယ်၊ သမ္ဗုဒ္ဓေ အစအဆုံးရယ် ရွတ် ပြီးရင် မေတ္တာလည်း ပို့တတ် ပါတယ်နော်။ အဲဒီအလေ့ အကျင့်ကလေးကို မေမေက သမီးအသက် နှစ်နှစ်လောက် ကတည်းက လေ့ကျင့်ပေး ထားတာမို့ သမီးက တစ်ရက် မပျက် ကျင့်သားရနေပါပြီ မေမေ။ အဲဒီအတွက် မေမေ့ ကို ကျေးဇူးတင်ပါတယ် နော်။ မေမေ သင်ပေးထား တဲ့အတိုင်း…
“မီးမီးလေး ကျန်းမာ ပါစေ၊ ချမ်းသာပါစေ၊ ဖေဖေ နဲ့မေမေ ကျန်းမာပါစေ၊ ချမ်း သာပါစေ၊ ဘိုးဘိုးနဲ့ဘွားဘွား တို့ ကျန်းမာပါစေ၊ ချမ်းသာ ပါစေ၊ ဘဘနဲ့ဒေါ်လေးတို့ ကျန်းမာပါစေ၊ ချမ်းသာပါ စေ၊ ဆရာမနဲ့ သူငယ်ချင်း တွေ ကျန်းမာပါစေ၊ ချမ်းသာ ပါစေ”လို့ မပီကလာ အသံ ကလေးနဲ့ မေတ္တာပို့ရင် မေမေ နဲ့ ဖေဖေက ကျေကျေနပ်နပ် ပြုံးနေတတ်ကြတယ်လေ။ အခုတော့ မေမေက သမီးကို တရားထိုင်ခိုင်းတယ်နော်။ သမီးက ဖေဖေ့လို ခါးလေး မတ်မတ်ထိုင်ပြီး ခြေထောက် နှစ်ချောင်းကို တင်ပျဉ်ခွေ ချိတ်ထိုင်ပြီး မျက်လုံးကို မှိတ်ထားကာ အသက်ရှူရတယ်လေ။ မေမေက ဘေးကနေ ထိုင်ပြီး…
“မေမေ တစ်ကနေ တစ်ဆယ်အထိ ရေပေးမယ် နော်။ သမီး ဆယ်ခါ အသက် မှန်မှန် ရှူရမယ်။ မျက်လုံးကို မဖွင့်နဲ့လေ။ ပြုံးစိစိ လုပ်မနေ နဲ့”လို့ တတွတ်တွတ် ပြောပြီး သမီးကို တရားထိုင်တဲ့ အကျင့်ကလေး စပြီး ကျင့်ပေးပါတယ်။ သမီးက မျက်လုံးကလေးတော့ ခိုးပြီး ဖွင့်ကြည့်ချင်တာပေါ့နော်။ နောက်ဆိုရင်တော့ သမီး ကောင်းကောင်း ထိုင်တတ် သွားမှာပါ။ စိတ်မပူပါနဲ့ မေမေ။

(ဃ)
ချစ်တဲ့မေမေရေ…

လာမယ့် စက်တင်ဘာ ဆိုရင် သမီးက Nursery Education တက်ရတော့မှာ နော်။ အခုလောလောဆယ်မှာတော့ သမီးကို မေမေက Private Nursery ပို့ဖို့ စီစဉ် နေတုန်းပဲ။ သမီး အဲဒီ Nursery ကို အလည်တော့ သွားဖူးပြီးပါပြီ။ သမီးကတော့ ရွယ်တူသူငယ်ချင်း တွေနဲ့ တွေ့ပြီး ကစားရတာ အရမ်းပျော်တယ် မေမေ။ မေမေ့ကိုတောင် သတိမရနိုင်တော့ဘူး။ မေမေကတော့ သမီးကို စိတ်မချနိုင်ဖြစ်နေ တာမှလား။ ရောဂါတွေ ကူးလာမှာ၊ မေမေ့ကွယ်ရာမှာ မတော်တဆ ထိခိုက်ဒဏ်ရာရမှာကို မေမေ စိုးရိမ်နေတယ် မှလား။ အဲဒါတွေကတော့ ရင်ဆိုင်ရမှာပေါ့ မေမေရယ်။ နောက်တော့လည်း သမီး နေသားကျ ကျင့်သားရသွား မှာပါနော်။

Nursery မသွားခင်ကတည်းက သမီးက Nursery Rymes တွေ အကုန်ရနေပါပြီ မေမေ။ Baa Baa Black Sheep, Twinkle Twinkle, Alphabet Song… စသဖြင့် အများကြီးပဲနော်။ သမီးက သီချင်းတွေ ဆိုရတာ၊ ခုန်ပေါက်ကခုန်ရတာကို အရမ်း ကြိုက်တယ် မေမေ။ တစ်ခါ တစ်ခါ မေမေ ဖွင့်ပေးတဲ့ The Hits Channels ကနေ လာတဲ့ အင်္ဂလိပ်သီချင်းတွေ ကိုလည်း သမီး လိုက်ဆိုတာပဲ။ Amy Winehouse, Alicia Keys, Rihanna, Beyonce, Leona Lewis, Sugar Babes, Girls Aloud ရဲ့ သီချင်းတွေ သမီး လိုက်လိုက်ဆိုတိုင်း မေမေက မျက်လုံးပြူးပြီး…
“ကြည့်စမ်း၊ သမီးရယ် မေမေတောင် အဲဒီသီချင်းတွေ မရဘူး။ သမီးလေးက တော်လိုက်တာ”လို့ ချီးကျူးတော့ သမီးက ဘ၀င်တွေမြင့်ပြီး တိုင်တွေ ဘာတွေပတ်ပြီး ကပြလိုက်သေးတာပေါ့နော်၊ ခစ်…ခစ်။ သမီးက မော် ဒယ်လ်လျှောက်ရတာလည်း ၀ါသနာပါတယ် မေမေ။

“သမီးကြီးလာရင် ဘာလုပ်မလဲ”လို့ မေမေ မေးတော့ သမီးက…
“မော်ဒယ်လ်လျှောက်မယ်… မော်ဒယ်လ်လျှောက်မယ်။ ပိုက်ဆံတွေရရင် ဖေဖေ နဲ့ မေမေ့ကို လုပ်ကျွေးမယ်”လို့ ဖြေတော့ မေမေက အားရပါးရကို ရယ်နေတော့တာပဲနော်။ သမီးက ပန်းချီတွေ ဆွဲရတာလည်း ကြိုက် တာပဲ မေမေ။ မေမေက သမီး ပန်းချီဆွဲဖို့ ရေဆေး ရောင်စုံတွေနဲ့ စုတ်တံတွေ ၀ယ်ပေးထားတော့ သမီးက စိတ်တိုင်းကျ ပုံမျိုးစုံ၊ အရောင် မျိုးစုံ ခြယ်နေတော့တာ သမီး တစ်ကိုယ်လုံး ဆေးရောင်စုံ တွေနဲ့ ပေရေပွနေတော့တာပဲ နော်။ ဘာပဲဖြစ်ဖြစ် သမီး အရမ်းပျော်ပါတယ် မေမေ။ ကလေးတစ်ယောက်ဟာ အရောင်တွေနဲ့ ကစားရတာကို လည်း သဘောကျတတ် တယ်လေ မေမေ။

(င)
ချစ်သောမေမေ…

သမီးကလေ လူကြီးလေးတစ်ယောက်လို နေရာတကာ ပါချင်တတ်တာကို လည်း စိတ်မရှိပါနဲ့နော်။ မေမေ စာရေးလို့ကောင်းနေတုန်း သမီးက မေမေ့နားကပ်ပြီး မေနဲ့မီးနဲ့ ဆော့မယ်လို့ ဇွတ်အတင်း ခေါ်တတ်တာကို လည်း စိတ်မဆိုးပါနဲ့ မေမေ။ မေမေ့ဆီက အာမေဍိတ်သံ တစ်ခုခု ထွက်လာတဲ့အခါ တိုင်း သမီးက စိုးရိမ်တတ်စွာနဲ့…
“ဘာဖြစ်လို့လဲ မေမေ”ဆိုတာမျိုး၊ ပြီးတော့ သမီးသိချင်တာတွေ ရှိရင်…
“မေမေ… အဲဒါ ဘာလဲဟင်”"ဘာလုပ်မလို့လဲ မေမေ”"ဒါက ဘယ်လိုလုပ်တာလဲဟင်”"အခု ဘယ်သွားမလို့လဲ မေမေ”"မီးမီးလေးကို ဘာကျွေးမှာလဲ မေမေ”စသဖြင့် မေးခွန်းတွေ အများကြီးပဲ မေးတဲ့အခါ မေမေ စိတ်မရှုပ်ပါနဲ့နော်။ သမီးက သိချင်လို့ပါ။
မေမေ လေ့ကျင့်ခန်း လုပ်တဲ့အခါတိုင်းလည်း မေမေ့ဘေးကနေ မေမေ လုပ်သလို လိုက်လုပ်တတ်တဲ့ သမီးကို နေရာတကာ လိုက်ရှုပ်တယ်လို့ မထင်ပါနဲ့နော်။ ခုအချိန်မှာ သမီးက အရာရာကို သင်ယူနေတဲ့ ကလေး တစ်ယောက်မို့ပါ။ အရာရာကို လိုက်အတုခိုးနေတတ်သူ ကလေး တစ်ယောက်မို့ပါ မေမေ။

တစ်ခါတစ်ခါ ဖေဖေ က သမီးကို ဆူတဲ့အခါ သမီး ၀မ်းနည်းတတ်တယ် မေမေ။ ပြီးတော့ သမီးက မေမေ့ကို ပြန်တိုင်တာပေါ့နော်။ ဘာရ မလဲ။ သမီးက ဘယ်လိုတိုင်သလဲ ဆိုတော့…
“မေမေ… ဖေဖေက မီးကို စိတ်ဆိုးတယ်။ မီးမီးလေးက ဒီလောက် လိမ္မာတာကို ဖေဖေက စိတ်ဆိုးတယ်။ မေမေ ရိုက်ကွာ”လို့ ဆိုပြီးတော့လေ။ အဲဒီအခါကျရင် မေမေက ဖေဖေ့ကို ရယ်ရယ်မောမောနဲ့ ရိုက်ပြတတ်တော့ သမီးက ကျေနပ်တာပေါ့နော် မေမေ။ မေမေ သမီးကို အရမ်းချစ် တယ်ဆိုတာ သမီး သိပါတယ် မေမေ။

“မီး ကျောင်းတက်ချင်တယ်။ မီးကို ကျောင်းပို့ပါ”လို့ သမီး အမြဲပူဆာ နေတာဟာ အိမ်မှာ သမီး တစ်ယောက်တည်း ပျင်းလာလို့ပါ။ သူငယ်ချင်းတွေနဲ့ ဆော့ချင်လှပြီလေ။ မေမေ သမီးအတွက် နေရာတကာ မစိုးရိမ်ပါနဲ့နော်။ အမှားတွေ ဖြစ်ခဲ့ရင်လည်း အဲဒီအမှား တွေကနေ သမီး သင်ခန်းစာ ပြန်ယူမှာပေါ့ သိလား။ အသက်ကြီးလာတာနဲ့အမျှ သမီးလုပ်သင့်တာနဲ့ မလုပ် သင့်တာကို တဖြည်းဖြည်း ခွဲခြားတတ်လာမှာပါ။ ခုတော့ သုံးနှစ်တောင် မပြည့်သေးတဲ့ သမီးကို မေမေ နားလည်ပေးပါနော်။

တစ်ခါ တစ်ခါ သမီး ဇွတ်တရွတ် ဆိုးတတ်တဲ့ အခါတိုင်းလည်း မေမေ စိတ်မဆိုးရဘူးနော်။ အဲဒါကြောင့် သမီး တစ်ခုခု လုပ်မယ်ကြံတိုင်း မေမေ့ကို အရင်ဆုံး…
“မေမေ… စိတ်မဆိုးရဘူးနော်”လို့ ကြိုပြီး ပြောထားတာပေါ့။ ပြီးတော့ မေမေက သမီးကို တစ်ခုခုခိုင်းလို့ သမီး လုပ်ပေးတဲ့အခါတိုင်း မေမေ က…
“Thank You”လို့ ပြောရင် သမီးက..
“You’re Welcome”လို့ ပြန်ပြောဖို့ မမေ့ဘူးလေ။ တစ်ခါတစ်ခါ တစ်ခုခု အမှားလုပ်မိသွားရင်လည်း…
“Sorry Man”လို့ ချစ်စဖွယ် အသံကလေးနဲ့ ပြောတတ်ပါသေးတယ်။ အဲဒီအခါကျရင် မေမေက သမီးကို အရမ်းချစ်တဲ့ ပုံစံကလေးနဲ့ ခပ်တင်းတင်း ပွေ့ဖက်ပြီး…
“သမီးလေးက မေမေ့ ဘ၀ရဲ့ အဖော်မွန်ကလေး”လို့ လှိုက်လှိုက်လှဲလှဲ ကလေး ပြောတတ်တဲ့အခါတိုင်း သမီး ကြည်နူးရပါတယ် မေမေ။ သမီးလေ မေမေ့ရဲ့ တစ်သက်တာ ဘ၀ အဖော်မွန်ကလေး ဖြစ်ချင်ပါ တယ်နော်။

မေမေ့ရဲ့ချစ်သမီး
မေ



လွန်းထားထား(ဆေးတက္ကသိုလ်)

(ရွှေအမြုတေမဂ္ဂဇင်း)

ဘဝတစ်ခု အချစ်တစ်ခု

(က)
ဘ၀ဆိုတာ အချစ်ပါမှ ပြည့်စုံ နိုင်သလို အချစ်ဟာလည်း ဘ၀မှာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုပါ။ အချစ်ကြောင့် ဘ၀ဟာ လှပ လာလိမ့်မယ်။ ကမ္ဘာ လောကကြီး တစ်ခုလုံးလည်း လှနေလိမ့်မယ် ထင်ပါရဲ့။ မိဘ မောင်နှမတွေနဲ့ အတူနေခဲ့တဲ့ ဘ၀မှာ ချစ်ခြင်း မေတ္တာတွေ၊ အလိုလိုက်ခြင်းတွေ၊ အလိုက် သိခြင်းတွေ၊ ညှာတာခြင်းတွေနဲ့ ဖွဲ့စည်းခဲ့တာမို့ ကျွန်မ တစ်သက်မှာ အပျော်ဆုံး ဘ၀တစ်ခုကို ပိုင်ဆိုင်ခွင့် ရခဲ့တာပါ။ အဲဒီ့ ဘ၀ကလေးကို ခုချိန်ထိ ပြန်တွေးတိုင်း လွမ်းတုန်းပါပဲ။ အဖေနဲ့ အမေက ခုချိန်ထိ ကျွန်မကို ကလေး တစ်ယောက်လိုပဲ စိတ်မချ ပူပန်တတ်ဆဲ။ ကျွန်မကတော့ဖြင့် ကိုယ်ပိုင် တည်ဆောက်ထားတဲ့ ဘ၀ အသစ်ကလေးမှာ မောင်နဲ့ သမီးလေးတို့နဲ့ အတူ ကလေးဆန်စွာ ဆော့ကစားလို့ ကောင်းဆဲ။ ကျွန်မတို့ မိသားစု ကလေးထဲမှာ ကစားနည်းတွေ အမျိုးမျိုးပဲ ရှိနေတတ်တာပါ.။ ညစဉ်နီးပါး ကစားကြတာကတော့ နှိပ်တမ်း ကစားခြင်းပေါ့။ တစ်နေကုန် ဆေးရုံမှ ပင်ပန်းလာတဲ့ မောင့်ကို ကျွန်မကလည်း အိမ်မှာ အိမ်မှုကိစ္စ ဗာဟီရတွေ၊ သမီးလေး ကိစ္စတွေ လုပ်ရတာနဲ့၊ စာရေးစာဖတ်နဲ့၊ အင်တာနက် ၀င်ကြည့်တာနဲ့ ညောင်းညာ ကိုက်ခဲတတ်သူမို့ “မောင်ရေ နှိပ်တမ်း ကစားရအောင်”လို့ ဆိုလိုက်တာနဲ့ ပင်ပန်း ညောင်းညာ နေတဲ့ မောင်ကလည်း လာထားပဲ။ ကြားကနေ အမြတ် ထုတ်တတ်သူ သမီးလေးပါ။
“ပြီးရင် မီးလေး အလှည့်နော်” ဆိုပြီး သူက အရင် ဦးအောင် ဆန့်ဆန့်ကလေး မှောက်ပေး နေတတ်တာမို့ သူ့ကို အရင် နှိပ်ပေးရတာလေ။ သူကလည်း တစ်လှည့် ပြန်နင်းပေး တတ်သူပါ။ သူ့ကိုယ် ကလေးနဲ့ ခါးပေါ် တက်နင်းပေးရန် ဇိမ်မှဇိမ်ပဲ။ မောင်နဲ့ ကျွန်မ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် နှိပ်ပေးကြရင် အညောင်းအညာတွေ ပြေရတော့လည်း အနှိပ်ခန်း သွားဖို့ မလိုတဲ့ ဘ၀ကလေး တစ်ခုပေါ့။ တကယ် ပျော်စရာ ကောင်းပါတယ်။
(ခ)
နောက်တစ်ခု ကစားနည်းကတော့ ထမင်းဟင်း ချက်တမ်း ဆိုပါတော့။ ကျွန်မ ဟင်းချက်ရင် မောင်က ဘေးကနေ ကြက်သွန်လှီးပေး ထောင်းစရာ မလိုဘဲ ကျေညက် သွားအောင် Crusher နဲ့ အဆင်သင့် ဆီသတ်လို့ရအောင် ပြင်ဆင် ပေးတတ်သူပါ။ လင်မယား နှစ်ယောက် ရှေးဖြစ် ကျောင်းသားဘ၀က အဖြစ်အပျက်လေးတွေကို စားမြုံ့ပြန်ရင်း ရယ်လိုက်၊ မောလိုက်နဲ့ ဟင်းချက်တော့လည်း ပျော်စရာ ကောင်းသား၊ တစ်ခါက ယုန်သားဝယ်လို့ ရလာတော့ ယုန်သားကို ကျွန်မရော မောင်ပါ ကြိုက်တတ်တော့ ချက်ဖို့ပြင်ကြပါတယ်။ ယုန်က အကောင်လိုက် ဆန့်ဆန့်ကလေး လက်နှစ်ချောင်း ဆန့်တန်း၊ ခြေ ထောက်နှစ်ချောင်း ဆန့်တန်း ထားပြီး Freeze လုပ်ထားတာမို့ ကျွန်မက မထိရဲ မတို့ရဲ အသည်း တယားယားနဲ့ ဆွေ့ဆွေ့ခုန်နေတာ။
“ကြည့်ပါဦး မောင်ရယ်။ ယုန်ကလေး သနားပါတယ်။ သူ့ပုံစံလေးက သူ့ကို မခုတ်ပါနဲ့လို့ ကန်တော့နေတဲ့ အတိုင်းပဲ။ တော်ပြီ။ ကိုယ် မကိုင်ရဲဘူး။ မောင် ကိုင်ပေး။ အတုံး သေးသေးလေးတွေ တုံးပေးနော်”
လို့ပြောတော့ မောင်က ဟားလို့ မဆုံးဘူး။ ဒါပေမယ့် စိတ်ရှည် လက်ရှည်ပဲ တုံးပေး ရှာသား။ ပြီးမှ ကျွန်မက ချက်တာ။ ချက်ပြီးတော့လည်း ယုန်သား ဟင်းလေးက မွှေးလို့၊ ချိုလို့ အရသာ သိပ်ရှိတာပဲ။ ကျွန်မမှာ အကောင်လိုက် ကလေးတွေကို မျက်စိထဲ မြင်ယောင်လာ တတ်တာမို့ မနည်းအာရုံ ပြောင်းယူ ရပါတယ်။ သနားတော့ သနားသား။ စားကလည်း စားချင်တာကိုး။ မောင်ကတော့ အားပေးပါရဲ့။ “ဒီယုန်တွေက အလှမွေးတဲ့ ယုန်မျိုး မဟုတ်ပါဘူး ချစ်ရဲ့။ တောယုန် တွေပါ။ စာရေးထားသားပဲ။ ပြင်သစ် နိုင်ငံက တင်သွင်းတာတဲ့။ ပြင်သစ်မှာ တောတွေထဲကနေ မုဆိုးတွေ ဖမ်းတာ ဖြစ်မှာပေါ့”တဲ့။ ဟုတ်ရဲ့လားလည်း မသိပါဘူး။ ယုန်ဆိုမှတော့ အတူတူပဲ နေမှာပေါ့နော်။ အရသာက မြန်မာ ကြက်သားဟင်းလို ချိုချို နူးနူးညံ့ညံ့နဲ့မို့ သမီးလေးတောင် ကြိုက်ပါတယ်။
တစ်နေ့ကျတော့ Mc Donald’s ဆိုင်မှာ သမီးကို Fish Finger ၀ယ်ကျွေးတော့ ကလေးတွေ အတွက် လက်ဆောင် အရုပ်ကလေးတွေ အမြဲပေးတတ်တဲ့ Mc Donald’s က ယုန်ရုပ်ကလေး ရလာပါတယ်။ အိမ်ပြန်ရောက်တော့ သမီးက သူ့အတွက် ၀ယ်ပေးထားတဲ့ Kitchen ကလေးဆီ တန်းသွားပြီး “မီးလေး ဟင်းချက်ရဦးမယ်”တဲ့။ “မီးလေးက ဘာဟင်း ချက်မှာလဲ”လို့ မေးတော့ ပြုံးစိစိကလေးနဲ့ “ယုန်သားဟင်း”တဲ့ လေ။
(ဂ)
နောက်တစ်ခု ကစားနည်းကတော့ စိတ်ကောက်တမ်းပါပဲ။ ဒိုင်ခံ စိတ်ကောက်တတ်သူက ကျွန်မ ဖြစ်ပြီး ဒိုင်ခံ ချော့ရသူကတော့ မောင် ပေါ့လေ။ သူ့ခမျာ ကျွန်မ တစ်ယောက်တင်မက သမီးလေး စိတ်ကောက်ရင်ပါ သမီးကို ချော့ရတာပါ။ သမီးက မောင့်ကို စိတ်ကောက်ရင် “ဖေဖေ့ကို ချစ်ဘူး” လို့ အော်ပြီး လှည့်ပတ် ပြေးနေတတ်တော့တာ။ ကျွန်မရော မောင်ပါ တိုင်ပင်ထားတာ တစ်ခုက “သမီးဆိုးရင် သူ့ကို မရိုက်နဲ့၊ မအော်နဲ့၊ အပြစ်ပေး၊ ကိုယ် မကြိုက်တဲ့ဟာကို မကြိုက်ဘူး ဆိုတာ သူနားလည်အောင် ပြောပြ” ဆိုပြီးတော့ပါ။ သမီးက တစ်ခါ တစ်ခါ ကျွန်မနဲ့ တူလို့လား မသိ။ ဇွဲကြီးကြီးနဲ့ ငိုတတ် ပါသေးတယ်။ ကျွန်မ ကတော့ သူအဲဒီလို ဂျစ်တိုက်ပြီ ဆိုရင်…
“သမီး ငိုတာကို မေမေ လုံးဝ မကြိုက်ဘူး သမီး။ လုံးဝ လက်မခံဘူး။ ငိုနေရင် မေမေ သမီးကို တံခါးပိတ်ထားမယ်။ သမီး အငိုတိတ်မှ ပြန်ဖွင့်ပေးမယ်”ဆိုပြီး တံခါး ပိတ်ထားပြီး အပြင်ကနေ တိတ်တိတ် စောင့်နေတာပါ။ လုံးဝ မချော့သလို အော်လည်း မအော်ပါဘူး။ သမီးက သူ့ဘာသာသူ စိတ်တိုင်းကျ ငိုလို့ အားရပြီ ဆိုရင်..
“မေမေ မီးလေး အငို တိတ်ပြီ။ မီးလေးကို တံခါး ဖွင့်ပေးပါ”လို့ ပြောတတ်တာမို့ အေးအေးဆေးဆေး တံခါး ဖွင့်ပေး လိုက်ပြီး စောစောက ငိုတာဟာ လုံးဝ မကောင်းတဲ့ အကြောင်း နားဝင်အောင် လေပြေအေးနဲ့ ပြောပြပါတယ်။ မောင်နဲ့ ကျတော့ သမီးက ဧည့်ခန်းထဲမှာ ပတ်ပြေးနေတာ။ ပါးစပ်ကနေလည်း “ဖေဖေ့ကို ချစ်ဘူး” လို့ တရစပ် အော်နေတာ။ မောင်က ရယ်ချင် နေသေးတယ်။
“သမီးရယ် ဖေဖေ့ကို ဘာလို့ မချစ်တာလဲ။ ဖေဖေ သမီးကို ဘာလုပ်မိလို့လဲကွယ်။ မငိုပါနဲ့ သမီးရယ်။ သမီးပဲ ပင်ပန်းတာပေါ့”
ဘာညာနဲ့ ဖွဲ့နွဲ့ချော့မော့ နေသေးတော့ သမီးက ပိုရောင့်တက် လေပေါ့။ ချော့မရတဲ့ အဆုံး မောင်က တစ်နည်း သုံးပြန်တယ်။ “အေး သမီး အငို မတိတ်ရင် ဖေဖေ ဟိုဘက်အိမ်က Doug ကြီး အိမ်မှာ သွားပို့ထားမယ်” လို့ ဆိုတော့ သမီးက အငိုမပျက်ဘဲ “အင်း Doug ကြီးဆီသွားမယ်။ Doug ကြီးဆီ ခုလိုက် ပို့” လို့လည်း ဆိုရော မောင့်မှာ ခွကျပါလေရော။
(ဃ)
နောက်တစ်ခုက ရုပ်ရှင် အကြည့် သန်ကြတာပါ။ မောင်ရော ကျွန်မပါ Unlimited Cards တွေ လုပ်ထားကြတာမို့ ရုပ်ရှင် တင်သမျှ ကားတွေ တစ်ကားမကျန် အကုန် ကြည့်ကြပါတယ်။ တစ်နေ့ တစ်နေ့ ရုပ်ရှင်ရုံ သွားသွားပြီး ရုပ်ရှင် ကြည့်နေတာနဲ့ပဲ အားတယ်ကို မရှိတာပါ။ နောက်ရုံတင်တဲ့ James Bond ကားအသစ် Quantum of Solace တောင် တင်တင်ချင်း ပြေးကြည့် ကြတာလေ။ အဲ့ဒီလောက် ရုပ်ရှင် သရဲတွေ၊ သမီးလေးကလည်း ကျွန်မ ဗိုက်ထဲမှာ ကတည်းက ရုပ်ရှင်တွေ ကြည့်ခဲ့ရသူမို့လား မသိ။ သူကလည်း ရုပ်ရှင် သရဲ အသေးစားကလေး။ P.G နဲ့ U အဆင့် ကားတွေ မှန်သမျှ သူကြည့်ပြီးသား။ MAMMA MIA ကားဆို မျက်လုံး အ၀ိုင်းသားနဲ့ကို သဘောတကျ ကြည့်တာ။ ABBA သီချင်းတွေနဲ့ မြူးမှမြူးကိုး။ 12A တို့ 15 တို့ 18 တို့ဆိုတဲ့ ကားတွေ ကျတော့ သမီးလေး ကြည့်လို့ မရတော့ ကျွန်မနဲ့ မောင်တစ်လှည့်စီ ကြည့်ရတာပေါ့လေ။ မိသားစုဝင် သုံးယောက်စလုံး ရုပ်ရှင် ကြိုက်ကြတော့ ပျော်စရာ ကြီးပေါ့နော်။
(င)
ညတိုင်း ညတိုင်း သမီးကို အိပ်ရာဝင် ပုံပြင်ဖတ်ပြရတဲ့ Story time ကလည်း ရှိပါသေးတယ်။ Story Books တွေကို စာကြည့်တိုက် ကနေ သမီးအတွက် ငှားပေးပြီး ညတိုင်း Story တွေ ဖတ်ပြ ရပါတယ်။ Story ဖတ်သူကို သမီးက အင်မတန် လူရွေးတာပါ။ အမြဲတမ်း မေမေ ဖတ်ပြမှ ဆိုတာချည်းပဲ။
“သမီးရယ် လူမရွေးနဲ့နော်။ ဖေဖေ ဖတ်ပြလည်း ဒီ Story ပဲဥစ္စာ”လို့ ကျွန်မက ပြောရင် သူကလေးက ငိုမဲ့မဲ့နဲ့။

“မီးလေး လူရွေးချင်တယ်နော်” လို့ ပြန်ပြော တတ်သူပါ။ အိပ်ခါနီး ဘုရားခန်း ၀င်ပြီး ဘုရားရှိခိုးရင်လည်း သူက လူရွေးပြန်တာပါပဲ။ သူ့ဖေဖေနဲ့ ရှိခိုးရရင် အကြာကြီး ရှိခိုးရလို့တဲ့။ သြကာသရော၊ သမ္ဗုဒ္ဓေရော၊ ဂုဏ်တော် ကိုးပါး အပြင် တရားထိုင်၊ မေတ္တာပို့တာတွေ သူ့ကို ဒီ အရွယ်ကတည်းက ကျင့်သား ရနေအောင် လေ့ကျင့် ပေးထားပါတယ်။ တစ်ပြည်ခြား လူမျိုးခြားတွေရဲ့ကြားမှာ တရားက သာလျှင် သူ ကလေးကို စောင့်ရှောက်မှာလေ။ ဒီက ကလေးတွေ အာခေါင်ခြစ် အော်ငိုတတ်လွန်းလို့ သမီးလေးတောင် အရင်က မငိုတတ်ဘဲ Nursery ပို့ပြီး မှ ငိုတတ်တာ ကူးစက်လာတာပါ။ အခုတော့ တရားထိုင် ခိုင်းရင် နှစ်မိနစ်လောက် ငြိမ်ငြိမ်မတ်မတ် ကလေး ထိုင်ပြီး မျက်လုံးကလေးတွေ မှိတ်၊ နှာခေါင်းကနေ အသက်မှန်မှန် ရှူတတ် လာပါပြီ။ အခုတော့ ကျွန်မ ရွေးချယ် တည်ဆောက်ထားတဲ့ ဘ၀ တစ်ခုထဲမှာ အချစ်တို့နဲ့ နေသားတကျ ပျော်ရွှင် နေခဲ့ပါပြီ။


လွန်းထားထား(ဆေးတက္ကသိုလ်) 
(ရွှေအမြုတေမဂ္ဂဇင်း)

သမီးလေး၏ဟာသာများ

သမီးလေးက နှစ်နှစ်ကျော်လာပြီဆိုတော့ ဒီအရွယ်ဟာ အင်မတန် သိချင်၊ တတ်ချင်၊ စပ်စုချင်၊ နေရာတကာပါချင်၊ ဘာမဆို ကိုယ်တိုင်လုပ်ချင်တတ်တဲ့ အရွယ်ကလေးပါ။ အတုခိုးလည်း အလွန်မြန်ပြီး သူကလေးရဲ့ အစွမ်းအစတွေကိုလည်း အင်မတန်ပြချင်တဲ့ အရွယ်ကလေးပေါ့။ သူ တစ်ခုခု ထူးထူးခြားခြားစွမ်းဆောင်ပြီးရင် တော်လိုက်တာ ဟု.. သူ့ကိုယ်သူ ပြန်ပြီး ချီးမွမ်းတတ်ပါသေးတယ်။ ရုပ်မြင်သံကြား Channel တစ်ခုကနေ You’ve Been Framed ဆိုပြီး ကလေးတွေရော၊ လူကြီးတွေရော၊ တိရစ္ဆာန်တွေပါမကျန် ကမောက်ကမ လွဲချော်ပြီး ရယ်စရာ အဖြစ်အပျက်လေးတွေကို Video နဲ့ ရိုက်ယူထားပြီး အဲဒီကဏ္ဍကို အကြိုက်ဆုံးပေါ့။ အဲဒီအစီအစဉ် လာနေပြီဆိုလျှင် ဘယ်သူမှ Channel ပြောင်းလို့ မရတော့။ သူ့မျက်လုံးကလည်း TV က နေ မခွာတော့။ သမီးလေးမှာလည်း အလွန်ရယ်စရာကောင်းတဲ့ အလွဲဟာသကလေးတွေ မကြာခဏပဲ ရှိတတ်တာမို့ ကျွန်မက Video ရိုက်ယူထားပြီး You’ve Been Frame ကဏ္ဍကို ပို့ဖို့ စိတ်ကူးမိပါသေးတယ်။
သမီးက မိန်းကလေးပီပီ ကျွန်မကို ကူညီလုပ်ကိုင်ပေးချင်စိတ်ကလေး ရှိတာမို့ အ၀တ်လျှော်စက်ထဲက လျှောပြီးသား အ၀တ်တွေကို အခြောက်ခံစက်ထဲ ပြောင်းထည့်တဲ့တာဝန်ကို သူက… “မီး လုပ်မယ်.. မီး လုပ်မယ်” ဆိုပြီး ကူညီလုပ်ပေးလေ့ရှိပါတယ်။ တစ်နေ့တော့ သူဘာသာသူ အခြောက်ခံစက်ကြီးကို ခလုတ်သွားလှည့်လိုက်တော့ Dryer ကြီးက ဝေါခနဲ ထမြည်ရော၊ သမီးကလေး လန့်ပြီး အော်ငိုထွက်ပြေးပါလေရေား သူ ပြေးပုံက ရယ်စရာပေါ့။ ဖင်ကလေးကော့ပြီး ပြေးရုံတင်မကဘူး ပါးစပ်ကပါ Oh! My God ဆိုပြီး အော်သေးတာမို့ ကျွန်မမှာ သူ့ပုံစံလေးကို ကြည့်ပြီး ငိုအားထက်ရယ်အားသန်ရမလို အဲဒီအကြောင်း ပြန်ပြောပြတိုင်းလည်း ခုချိန်အထိရယ်ရဆဲပါ။
အဲဒီလိုပဲ နောက်တစ် ကြိမ်ကျတော့ CD Player ကို သွားဖွင့်တာပါ။ သမီးက  TV, DVD Player တွေအကုန် ဖွင့်တတ်ပါတယ်။ သူ့ဘာ သာသူ ကြိုက်တဲ့အခွေကို စိတ်တိုင်းကျ သွားထည့်ရမှ ကျေနပ်တတ်သူပါ။ အဲဒီနေ့ က CD Player ခလုတ်ကို သွားနှိပ်လိုက်တော့ အထဲမှာ ကျွန်မတို့ ထည့်ထားတာက ဆရာတော် အရှင်နေမိန္ဒြရဲ့ တရားတော်ပါ။ ဘုန်းဘုန်းရဲ့ အသံက ရုတ်တရက် အကျယ်ကြီးထွက်လာတာမို့ သမီးလေးက လန့်ပြီးထွက် ပြေးပါတယ်။ ပြေးတာက ရိုးရိုးပြေးတာ မဟုတ်။ လက် အုပ်ကလေးချီပြီး ထွက်ပြေး တာပါ။ သူ့ပုံစံကလေးကို ကြည့်ပြီး ကျွန်မမှာ ရယ်ရ ပြန်ပါတယ်။ ဘုန်းဘုန်း အသံကြားရင် လက်အုပ်ချီရ မှန်း သူ သိနေတာကလေး ကိုက အံ့သြစရာပါ။
အခုဆို ရင် သမီးလေးက သမ္ဗုဒ္ဓေ ဂါထာကို ကျွန်မ သုံးလေးခါ တိုင်ပေးလိုက်ရုံနဲ့ အစအဆုံး အလွတ် ရွတ်တတ်နေပါပြီ။ ကားပေါ်ရောက်တိုင်းလည်း သူ့ဖေဖေက ပရိတ်ကြီး ၁၁ သုတ် တရားတော်ကို အမြဲ တမ်း ဖွင့်ထားလေ့ ရှိတာမို့ သမီးလေးက အရွယ်နဲ့ မလိုက်အောင် အဲဒီပရိတ် ကြီး ၁၁-သုတ် တရားတော် တွေကိုလည်း ဘုန်းဘုန်းရဲ့ နောက်ကနေ လိုက်ပြီး ရွတ် လေ့ ရှိတတ်ပါတယ်။ သမီးလေးက အစ အနောက်သန်တဲ့ ဗီဇကလေး ကို သူ့အဖေဆီကနေ ရခဲ့တာ ထင်ပါတယ်။ အရွယ်ကလေး နဲ့ မလိုက်အောင်၊ အင်မတန် လည်း အနောက်ပြောင်အကျီ စားသန်တဲ့သူကလေးပါ။တစ်နေ့တော့ ကျွန်မ ဘုရား ခန်းထဲမှာ တရားထိုင်နေတုန်း သူ ပါဝင်လာပြီး…
“မီးလည်း တရားထိုင် မယ်…”
ဆိုပြီး ကျွန်မရဲ့ဘေးမှာ ၀င်ထိုင်ပါတယ်။ ကျွန်မက …
“သမီး… မျက်လုံး လေးတွေ မှိတ်ထား၊ နှာ ခေါင်းကလေးနဲ့ မေမေ အဲဒီလို ရှူသလို အသက်က လေးမှန်မှန် ရှူနော်”
လို့ ကျွန်မက သင်ပေးတော့ သူကလေးက မျက်လုံးကလေး ပုတ်ခတ်ပုတ်ခတ်နဲ့ ပြုံးစိစိကလေးလုပ်ပြီး နှာ ခေါင်းကနေ တရှူးရှူးမြည် အောင် အသက်ရှူပါတယ်။ ပြီးတော့ ဖင်ကလေးထောင် ပြီး ဦးချလိုက်ချိန်မှာ ဘွတ် ခနဲ အီးပေါက်သံကလေး ထွက်လာတာမို့ ကျွန်မက ရယ်မိပါတယ်။

“ဟယ်… သမီးလေး အီးပေါက်တယ်ကွာ”
လို့ ပြောလိုက်တော့ သမီးက တခစ်ခစ်ရယ်ပြီး နောက်တစ်ကြိမ် ဦးချပြန်ပြီိး ဒီးတစ်ကြိမ်လည်း တမင်ညှစ် ပြီး အီးပေါက်ပြန်ပါရော။ သုံးကြိမ်လုံးလုံး ဖင်ကလေး ထောင်ပြီး ဦးချတိုင်း အီး ပေါက်သံကလေး ထွက်လာ တာဟာ တမင်သက်သက် ဗရုတ်ကျနေတာမို့ ကျွန်မတို့ မှာ မရယ်ဘဲ မနေနိုင်ပါ။ အဲဒါကို ဗီဒီယို ရိုက်ထားဖို့ နောက်တစ်ကြိမ် ပြန်လုပ်ခိုင်း တော့လည်း သူကလေးက တကယ်ပဲ ပြန်လုပ်ပြနိုင်သေး တယ်။

သမီးက တကယ် အံ့သြဖို့ကောင်းပါတယ်။ သူ့ဖေဖေ Nappy လဲပေးနေချိန်ဆို ရင်လည်း တမင်သက်သက် သု့ဖေဖေကို စ ချင်စိတ်နဲ့ ချိန်ပြီး အီးနဲ့ပေါက်ပစ်တတ် ပါတယ်။ ပြီးတော့ သူ့ဖေဖေ ရှုံ့မဲ့ အော်ဟစ်နေတာကို သဘောကျပြီး တခစ်ခစ်နဲ့ ရယ်မောတတ်သူကလေးပါ။ ကျွန်မက သမီးကို…

“သမီး… ဖေဖေ့ကို အဲဒီလို မလုပ်ရဘူးလေ။ အဲဒီ လိုလုပ်ရင် သမီးငရဲကြီးတတ် တယ်။ ငရဲကြီးရင် ဘာဖြစ် လဲသိလား။ ငရဲသားကြီးက ဆီပူအိုးကြီးထဲ ထည့်ပြီးတော့ ကြော်ပစ်မှာ။ အရမ်းပူတယ်။ သိလား”
လို့ ပြောတော့ သမီးက ဘာပြန်ပြောတယ် ထင်သလဲ။

“ငရဲသားကြီး အီ… .အီး” တဲ့လေ။

“အဲဒီလို မပြောရဘူး လေ သမီးရဲ့။ ငရဲသားကြီး စိတ်ဆိုးလိမ့်မယ်”
လို့ ကျွန်မက ဆိုတော့ သူကလေးက ပြုံးစိစိမျက်နှာ ကလေးနဲ့ ချက်ချင်းပဲ ပြောင်း ပြီး ပြောပါတယ်။

“ငရဲသားကြီး I Love You ”
တဲ့လေ။

သမီးလေးက အဲဒီလို ဗရုတ်ကျတတ်သူကလေးပါ။
သမီးက မှန်အရမ်း ကြိုက်တတ်ပါတယ်။ ဧည့် ခန်းထဲမှာ သူ့ဖေဖေက ဧရာမ မှန်ကြီးတစ်ချပ် တပ်ဆင်ပေး ထားတာမို့ အဲဒီမှန်မှာ တစ် ချိန်လုံးကြည့်ပြီး အိုက်တင် တွေ အမျိုးမျိုး လုပ်ရတာ အမောပဲ။ ရယ်စရာရှိရင်၊ ငိုစရာ ရှိရင်တောင် မှန်ကို ကြည့်ပြီး ရယ်တတ်၊ ငိုတတ် သူပါ။ TV ကလာတဲ့ Model တွေလို ခါးကလေးထောက် လမ်းလျှောက်ပြီး ခေါင်းကို ခါခနဲ လှည့်ပြီး Catwalk လျှောက်သလို လျှောက်ပြရ တာလည်း အမောပါ။ သမီး Model လျှောက်ပါဦးလို့ ဆို လိုက်ရင် အချိန်မရွေး ထ လျှောက်ပြတတ်ပါတယ်။ ဓာတ်ပုံရိုက်ရင်လည်း သေ သေချာချာ အိုက်တင်ထုတ် ပို့(စ်)ပေးပြီး ဓာတ်ပုံအရိုက် ခံတတ်ပါတယ်။ တစ်နေ့ တော့ သမီးက သူ့ဖေဖေက ဆူလိုက်လို့ ငိုပါတယ်။ ငိုနေ တုန်း သူ့ဖေဖေက…

“သမီး မင်းသမီး လုပ် မလား…”လို့လည်း မေး လိုက်ရော ငိုနေရက်တန်း လန်းနဲ့ပဲ…

“မင်းသမီးလုပ်မှာ… မင်းသမီး လုပ်မှာ”
လို့ ထပူဆာတာမို့ ကျွန်မတို့ ရယ်မိကြပါတယ်။

သမီးက သီချင်းတွေလည်း အင်မတန် ကြိုက်ပါ တယ်။ သူ ဘယ်လောက်ပဲ ငိုနေပါစေ သီချင်းဖွင့်ပေး လိုက်ရင် ချက်ချင်းပဲ အငိုတိတ်သွားတတ်သူပါ။ သီချင်းတွေကိုလည်း Rythmအလိုက် အကုန် လိုက်ဆိုတတ်ပါသေးတယ်။
Sound of Music ထဲက သီ ချင်းတွေလည်း လိုက်ဆိုနိုင် သလို Shkeria လိုလည်း ဗိုက်ကို လှန်လှန်ပြီး လှုပ်ခါ ကတတ်ပါသေးတယ်။ တလောကမှ အသစ် ထွက်လာတဲ့ Britney Spears ရဲ့ Gimme More MTVထဲ ကအတိုင်း ဟိုက တိုင်မှာ ပတ်ပြီး ကသလို သူက လည်း တံခါးဘောင်ကို ကိုင်ပြီး ဖင်ကလေးလှုပ် လှုပ်ပြီး ကတတ်ပါတယ်။
ကျွန်မက သမီးကို မြန်မာပြည်က Nursery Rymes သီချင်းကလေးတွေ လည်း ဖွင့်ပြလေ့ရှိတာမို့ အဲဒီအခွေတွေထဲက မင်းသားကြီး တုတ်ပေါရဲ့ ရုက္ခစိုး ဇာတ်လမ်းကိုလည်း သမီးက မှတ်ထားတတ်ပါသေးတယ်။ တစ်နေ့တော့ ကျွန်မရဲ့ Computer ခုံမှာ သမီးက ၀င်ထိုင်နေတာမို့…

“သမီးရယ် ဖယ်ပေး စမ်းပါ၊ မေမေ Computer လုပ်မလို့၊ သမီးလေးက သိပ်နေရာဦးတာပဲ”
လို့လည်း ပြောလိုက် ရော သူ ပြန်ပြောပုံက…

“အောင်မာ… မင်းကများ ငါ့ကို စွပ်စွပ်စွဲစွဲ”
ဆိုပြီး ရုက္ခစိုးအသံနဲ့ အော်လိုက်တာမို့ ကျွန်မမှာ ရယ်လိုက်ရတာ။

သမီးလေး က အဲဒီလိုပဲ လူကြီးတွေရဲ့ စကားတွေကို မှတ်Óဏ်ထဲ မှာ သိမ်းထားတတ်ပြီး အလျဉ်းသင့်ရင် သင့်သလို ပြန်ထုတ်သုံးတတ်တာမို့ သူ စကားအသစ်အဆန်းတစ်ခုခု ပြောလိုက်ရင် စကားလုံးတွေ က ဧရာမအလုံးကြီးတွေမို့ ကျွန်မတို့မိသားစုတွေကြားမှာ ရယ်မောစရာ ဟာသကလေး တွေ ဖြစ်လာတတ်ပါတယ်။
ကျွန်မက မောင့်ကို စိတ်ကောက်ရင် အခန်းတံခါး ကိုပိတ်ပြီး အခန်းအောင်း နေလေ့ရှိပါတယ်။ ဒီတစ်ခါ စိတ်ကောက်တော့ မောင် တံခါးဖွင့်ခိုင်းနေတာကို ဖွင့် မပေးဘဲ အေးအေးဆေးဆေး စာအုပ်ဖတ်နေဆဲမှာ မျှော်လင့် မထားတဲ့ သမီးရဲ့အသံကလေး ထွက်လာပါ။

“အသည်းလေးရယ်.. တံခါးဖွင့်ပေးပါ”တဲ့။

ကျွန်မ ရယ်ချင်သွား တာမို့ တံခါးဆီ လှမ်းကြည့် လိုက်တော့ တံခါးရဲ့ အပေါ်ဘက်မှာ မှန်တစ်ချပ် ရှိနေတာမို့ အဲဒီမှန်ချပ်ကနေ တစ်ဆင့် သမီးလေးရဲ့ ချစ်စရာ မျက်နှာလေးကို မြင် လိုက်ရချိန်မှာတော့ ကျွန်မ မရယ်မောဘဲ မနေနိုင်တော့ပါဘူး။ သမီးလေးရဲ့ မျက်နှာ လေးက စိတ်ဆိုးနေတဲ့ ကျွန်မကို ရယ်မောစေနိုင်ပါ တယ်။ မျက်လုံးဝိုင်းဝိုင်း ကလေးတွေနဲ့ မျက်နှာ ကလေးက ပြုံးစပြုံးစိလုပ်နေ တာကိုး။ ကျွန်မ မနေနိုင် တော့ဘဲ တံခါးဖွင့်ပေးလိုက် တော့ သူက ခေါင်းကလေး ကုတ်ပြီး အခန်းထဲဝင်လာ ပါတယ်။
“စိတ်ညစ်လိုက်တာ.”
လို့ ဆိုတာမို့ ကျွန်မ က…

“နေပါဦး…သမီးက ဘာဖြစ်လို့ စိတ်ညစ်ရတာ လဲ”
လို့ ပြန်မေးလိုက်တော့ သူကလေးက…
“မေမေ စိတ်ဆိုးနေလေ” တဲ့လေ။

တလောတုန်းက ကျွန်မ ရဲ့မေမေ ကျွန်မတို့ဆီမှာ လာ နေတုန်းက ထမင်းစားပြီးရင် အမေက သူ့ပန်းကန်ကလေး ကို ဦးအောင် ဆေးဆေးသွား တတ်တာမို့ ကျွန်မက…
“အမေ… ထားလိုက်၊ မီးဆေးပေးမယ်”
လို့ အမှတ်တမဲ့ ပြောဖူး တာကို သမီးက မှတ်ထား လိမ့်မယ်လို့ မထင်ဘူးလေ။

နောက်ကျတော့ ကျွန်မ ပန်း ကန်ဆေးတဲ့အခါ သမီးလေး က ထမင်းစားပွဲကနေ လှမ်း ပြီး…
“မေမေ… ထားလိုက်၊ မီး ဆေးပေးမယ်”
လို့ အော်လိုက်တာမို့ ကျွန်မတို့မှာ ကြားကြားချင်း တုန်းက အံ့သြစွာနဲ့ ရယ်မိ ကြပါတယ်။

နောက်တစ်ခါ မောင့်ရဲ့ မေမေ လာလည်တုန်းက လည်း သမီး ဆိုးတဲ့အခါ မောင်နဲ့ကျွန်မက ဆူမယ်ကြံ တုန်း အန်တီက…
နေပါစေ သားရယ်၊ နေပါစေ ထားရယ်”
လို့ ပြောလေ့ရှိတတ် တာကို သူက မှတ်ထားပြီး အန်တီလည်းပြန်သွားရော သူ မဟုတ်တာ တစ်ခုခုလုပ် တော့မယ်ဆိုရင် ပြုံးစိစိ မျက်နှာပေးကလေးနဲ့ သူက ဦးအောင် ကြိုပြီး…

“နေပါစေ ထားရယ်၊ နေပါစေ သားရယ်” လို့…
ပြောတတ်လာ တာမို့ ကျွန်မတို့မှာ ရယ်ရပြန် ပါတယ်။ ခုတော့လည်း ကျွန်မတို့ရဲ့ အိမ်ဂေဟာ ကလေးမှာ သမီးလေးဆိုတဲ့ ဆည်းလည်း ချိုချိုလွင်လွင် ကလေးကြောင့် ရယ်မောသံ တွေ အမြဲပဲ ဆူညံနေပါတော့ တယ်။




လွန်းထားထား(ဆေးတက္ကသိုလ်) 

(ရွှေအမြုတေမဂ္ဂဇင်း)

နှစ်ဦးသဘောတူ

လာသွားစို့
လက်တွဲကာ ရဲရင့်ရင်ဆိုင်
အန္တရာယ်တွေကို ကျော်ဖြတ်
အဲဒီလမ်းဟာ ဆူးခင်းထားပေမယ့်
နှစ်ဦးသဘောတူရင်
ပန်းပွင့်တွေကို နင်းရသလိုပေါ့။
နေရစ်တော့
လက်တွဲဖြုတ်မယ်ဆိုရင်
ခါးသက်တဲ့အဆိပ်တွေ မျိုချလို့
မသေခင်အချိန်လေးအတွင်း
နှစ်ဦးသဘောတူရင်
မာနစစ်ပွဲ တစ်ပွဲလောက် ခင်းလို့ရသေးတယ်။
ဘာမဆို
ဘာတွေပဲလုပ်လုပ်
နှစ်ဦးသဘောတူရမယ်၊
ဒါပေမယ့် နောက်ဆုံးတော့
အားလုံးကို ချန်ထားရစ်ခဲ့ပြီး
တစ်ယောက်တည်း သေဆုံးရမှာပ။      ။


လွန်းထားထား(ဆေးတက္ကသိုလ်)
(ဇန်နဝါရီ လေးရက် တစ်ထောင်ကိုးရာကိုးဆယ့်ရှစ်ခုနှစ်)

နိယာမ

သမီးတစ်ယောက်ဘဝတုန်းက
ကျွန်မဟာ ငှက်ကလေးတစ်ကောင်ဖြစ်ခဲ့ဖူးတယ်

အတောင်အလက်တွေစုံလင်တော့
ဝေဟင်ဆီ အတောင်ဖွင့်ပြီး
လွတ်လပ်စွာ ပျံသန်းခဲ့ချင်တော့
မိဘရဲ့ရင်ခွင်ဟာ သိပ်ကျဉ်းတယ်လို့ ထင်ခဲ့ဖူးတယ်

ဟော...အခု
မိခင်တစ်ယောက်ရဲ့ ဘဝကိုရောက်တော့
နောင် အနှစ်နှစ်ဆယ်ဆီ မျှော်ကြည့်မိတဲ့အခါ
ပျံသန်းနေတဲ့ ငှက်ကလေးရယ်
ကျန်ရစ်ခဲ့တဲ့ ကျွန်မရဲ့ရင်ခွင်တစ်စုံကို
ဟာလာဟင်းလင်း မြင်လိုက်ရတယ်....
ဒါဟာ လောကရဲ့ အတုံ့အလှည့်တဲ့လားဟင်..



လွန်းထားထား(ဆေးတက္ကသိုလ်)
Faces Magazine (January, 2010)

ကျွန်တော်နှင့်နတ်မိမယ်များ

ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါပြီ။




 လွန်းထားထား(ဆေးတက္ကသိုလ်)

ကောင်းကင်တစ်ခုအလိုရှိသည်



ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။



လွန်းထားထား(ဆေးတက္ကသိုလ်)

နတ်သမီးဝတ်စုံ

ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။



လွန်းထားထား(ဆေးတက္ကသိုလ်)

နှင်းဆီမိုးတိမ်

 

ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။


လွန်းထားထား(ဆေးတက္ကသိုလ်)

ရင်သို့ချိန်ရွယ်ပစ်ခွင်းသော



ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါပြီ။


လွန်းထားထား(ဆေးတက္ကသိုလ်)

အချစ်ဖြင့်ကမ္ဘာတည်သောကောင်လေး

ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။


လွန်းထားထား(ဆေးတက္ကသိုလ်)

စိတ်ညှို့သူ

ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။



လွန်းထားထား(ဆေးတက္ကသိုလ်)

အမုန်းမြို့မှအပြန်




ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။





လွန်းထားထား(ဆေးတက္ကသိုလ်)

အကျီစားသန်သူ






အကျီစားသန်သူ
ဆိုတဲ့ ဝတ္ထုတိုလေးပါ။

ဒီမှာ ဝင်ရောက်ဖတ်ရှု Download ရယူနိုင်ပါတယ်ရှင်။




လွန်းထားထား(ဆေးတက္ကသိုလ်)

အတောင်ပံတွေရှိခဲ့ရင်




အတောင်ပံတွေရှိခဲ့လျှင် ဆိုတဲ့ ဝတ္ထုတို ဖြစ်ပါတယ်။

ဒီမှာ သွားရောက်ဖတ်ရှုပြီး Download ရယူနိုင်ပါတယ်။


လွန်းထားထား(ဆေးတက္ကသိုလ်)

သဝန်တိုတယ်



သဝန်တိုတယ် ဆိုတဲ့ ဝတ္ထုတိုဖြစ်ပါတယ်။


ဒီမှာ သွားရောက်ဖတ်ရှုပြီး Download ရယူနိုင်ပါတယ်။


လွန်းထားထား(ဆေးတက္ကသိုလ်)

မာန၏နောက်ဆက်တွဲများ


ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေဖြစ်ခဲ့တဲ့ မာန၏နောက်ဆက်တွဲများစာအုပ်လေးပါ။ ထားရဲ့စာချစ်ပရိသတ်အတွက် ဝတ္ထုရှည်လေးများကို အခုလို စာအုပ်ပုံစံလေးအတိုင်း ဖတ်ရှုနိုင်အောင် စီစဉ်တင်ဆက်ပေးသွားမှာပါ။

ဒီမှာ သွားရောက်ဖတ်ရှုရင်း Download ရယူနိုင်ပါတယ်။


လွန်းထားထား(ဆေးတက္ကသိုလ်)

ကြည်လင်အေးမြ ငြိမ်းချမ်းသော



“ဆရာတော် အရှင်ဆန္ဒာဓိက အင်္ဂလန်သို့ ကြွလာမယ်”ဆိုတဲ့ သတင်း စကားကို ဆရာတော် ရဝေနွယ်(အင်းမ)ထံမှတစ်ဆင့် ကြားသိခွင့် ရခဲ့ခြင်း ဖြစ်ပါတယ်။


ဆရာတော်ကို ဖူးမြော်ကြည်ညိုခွင့် ရချင်တာ ကြာပါပြီ။ ဆရာတော်ရဲ့ ဓမ္မ စာပေတွေနဲ့သာ ရင်းနှီးခွင့် ရခဲ့ပြီး ဆရာတော်ရဲ့အဆုံးအမ၊ ဘ၀နေနည်း၊ စိတ်ထားနည်းတွေကို စာအုပ် တွေကနေသာ သင်ယူ လိုက်နာခွင့် ရခဲ့တာပါ။ ပုဂ္ဂိုလ်ချင်း ဆုံတွေ့ဖူးခြင်း မရှိသေးပေမယ့် ဆရာတော်ရဲ့ ကြည်လင်အေးမြ ငြိမ်းချမ်းတဲ့ ရုပ်သွင်ကိုတော့ စာတွေဖတ်တိုင်း စိတ်ထဲမှာ မြင်ယောင် ကြည်ညိုခွင့် ရပါတယ်။ ဆရာတော်နဲ့ မှတ်မှတ်ရရ ဖုန်းထဲကနေ တစ်ဆင့် စကား လျှောက်ထားခွင့် နှစ်ကြိမ်သာ ရှိခဲ့ပါတယ်။ မေတ္တာဓာတ်အပြည့်နဲ့ ကြည်မြ ချိုသာတဲ့ ဆရာတော်ရဲ့အသံကို နာကြားခွင့် ရခဲ့ချိန်တွေမှာတောင် ရင်ထဲမှာ ကြည်နူး ပီတိနဲ့ ကျွန်မ နှစ်သိမ့်ပျော်ရွှင် ခဲ့ဖူးပါတယ်။ ဆရာတော်ဟာ ကျွန်မရဲ့ဘ၀မှာ ဆရာတစ်ဆူ အဖြစ် အချိန်တိုင်းမှာ ထင်ရှားခဲ့ပါတယ်။ ကျွန်မ စိတ် ရှုပ်မိတဲ့အခါ၊ စိတ်ဓာတ် ကျချင်တဲ့အခါ အားငယ်ချင်တဲ့ အခါမျိုးတွေမှာ ဆရာတော်ရဲ့စာအုပ်တွေ ပြန်ဖတ်ရင်း စိတ်ဓာတ်အင်အား၊ စိတ်ထားနည်း၊ ဘ၀နေ နည်းတွေကို ပြန်သင်ယူ အားဖြည့်ရပါ တယ်။

အခုတော့ ဆရာတော်ကို ပုဂ္ဂိုလ်ချင်း ဆုံတွေ့ဖူးမြော်ခွင့် ရတော့မှာမို့ ကျွန်မမှာ တစ်လ ကျော်ကျော်လောက် ကတည်းက ကြိုပြီး စိတ်လှုပ်ရှားပျော် ရွှင်နေခဲ့မိတာပါ။ ဆရာတော်ကို ကျွန်မ တို့တစ်တွေ ဖူးခွင့်ရအောင် နေရာအနှံ့ ပို့ဆောင် ကူညီပေးသူတွေ ဖြစ်တဲ့ သံအမတ်ကြီး အန်ကယ်လ် ဦးနေ၀င်းနဲ့ အန်တီ ဒေါ်နွယ်နွယ်လှိုင် သားကိုနေ သွေးတို့ကို တကယ် ကျေးဇူးတင်ရပါ တယ်။ ပြီးတော့ ဆရာတော်ကို Sander Land ရှိတဲ့ Vivekarama ကျောင်းတိုက်ကို ကြွရောက်ချီးမြှင့်ပေးဖို့ အစောကြီးကတည်းက ကြိုပြီး သံအမတ်ကြီးဆီ ဆက်သွယ်ပြီး ရက်ယူထားတဲ့ ကိုစည်သူနဲ့ ညီမလေး လှမြတ်သိင်္ဂီ၊ ဆရာတော်နဲ့ တကွ သံအမတ်ကြီး မိသားစု တို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးတာရော တခြားဝေယျာဝစ္စ အားလုံး လိုလေသေး မရှိအောင် ထက်ထက်သန်သန် စီစဉ် ဆောင်ရွက်ပေးခဲ့တဲ့ ကိုဇော်နဲ့ မမွန် တို့ကိုလည်း ကျေးဇူးတင်ရပါတယ်။


ဇွန်လ ၁၈ ရက်နေ့ သောကြာနေ့ နေ့လယ် နှစ်နာရီကျော်မှာ ဆရာတော်တို့Sunder Land က ၀ိဝေကာရာမ ကျောင်းတိုက်ကို ရောက်ပါတယ်။ ကျွန်မတို့က သမီးလေး ကျောင်းကြိုဖို့ စောင့်နေရတာမို့ ညနေ ငါးနာရီလောက်မှပဲ ဆရာတော်တို့ အတွက် ကိုဇော်နဲ့ မမွန်တို့ ပြင်ဆင်ပေးထားတဲ့ Newcastle က တိုက်ခန်းဆီ လိုက်ခဲ့ ရပါတယ်။ ဆရာတော်ကို စိတ်ထဲမှာ ရင်ထဲမှာ များစွာ ရင်းနှီး နေခဲ့ပြီးသား။ ပထမဆုံး ဆရာတော်နှင့် မျက်နှာချင်းဆိုင် မျက်ဝန်းချင်း ရင်ဆိုင်ဖူး တွေ့လိုက်ရချိန်မှာ ကျွန်မ ရင်ထဲ ထူးခြားမှုက နွေးထွေး လုံခြုံမှုနဲ့ အေးမြ ငြိမ်းချမ်းမှုကို တစ်ပြိုင်နက်တည်း ခံစားခွင့် ရလိုက်တာပါ။


ဆရာတော်ရဲ့မျက်နှာဟာ အထူးအေးမြ ငြိမ်းချမ်းပြီး ကြည်လင် လှပါတယ်။ ဆရာတော်ပြုံးလိုက်တဲ့ အခါ ဖြူဖွေးညီညာ လှပတဲ့ သွားဖြူဖြူတန်း တွေက ဆရာတော်ရဲ့မျက်နှာကို နူးညံ့ ချိုကြည်သွားအောင် အလင်းရောင်ပေးထား သလိုပါပဲ။ ဆရာတော်က ကျွန်မတို့မိသားစုနဲ့ နှစ်ပေါင်းများစွာက ခင်မင် ရင်းနှီးပြီး သား မိတ်ဆွေတကာဟောင်းတွေပမာ ရင်းနှီးနွေးထွေးစွာ စကားတွေပြောနေပါတယ်။ ကျွန်မကတော့ ဆရာတော်ကို အခုလို နီးနီးကပ်ကပ် ကိုယ်တိုင်ဖူးခွင့်ရတာကို အိပ်မက်တစ်ခုလို ခံစားလို့။ ဆရာတော့် အနီးနားမှာ ထိုင်ပြီး နေခွင့်ရခြင်းဟာ ဘာနဲ့ တူသလဲဆိုရင် ရေတံခွန် တစ်စင်းနား ရောက်သွားရသူလိုပါပဲ။ ဘ၀အမောတွေ အားလုံး ကင်းစင်သွားပြီး အေးမြငြိမ်းချမ်းလှတဲ့ ဓာတ်တစ်မျိုးကို ပီသ ကြည်လင်စွာပဲ ခံစားရပါ တယ်။ အဲဒီ အအေးဓာတ်ဟာ မေတ္တာဓာတ်ပဲ ထင်ပါရဲ့။


ဆရာတော်က သမီးလေးကိုလည်း ရင်းနှီး နေပြီးသားပါတဲ့။ ရွှေအမြုတေ မဂ္ဂဇင်း ထဲမှာ သမီးလေး အကြောင်းတွေ ရေးနေကျမို့ ဆရာတော်က ဖတ်ထားပုံ ရပါတယ်။ သမီးလေးက ဆရာတော်ကို သမ္ဗုဒ္ဓေ ဂါထာတော်နဲ့ ဘုရားဂုဏ်တော်ကိုးပါး တရား ဂုဏ်တော်၊ သံဃာ ဂုဏ်တော်တွေ ရွတ်ပြခဲ့တဲ့ အပြင် သမီးလေး နေ့တိုင်း ဘယ်လိုတရား ထိုင်သလဲ ဆိုတာကိုပါ တရားထိုင်ပြနေသေးတာမို့ ဆရာတော်က သဘောကျတော် မူပါတယ်။ သမီးလေးအတွက် အကျိုးများတဲ့ အကြောင်းလည်း ရှင်းပြပါတယ်။ ဆရာတော်နဲ့ အေးအေးဆေးဆေး စကားတွေ ပြောခွင့်ရခဲ့ပြီး ည ခုနစ်နာရီခွဲမှပဲ ကျွန်မတို့ ပြန်ဖြစ်ကြပါတယ်။

ခ။


နောက်တစ်နေ့ မနက် အစောကြီး ထပြီး ဆွမ်းကပ်ဖို့ အတွက် ချက်ပြုတိ ပြင်ဆင်ရင်း ကျွန်မပီတိနဲ့ ကြည်နူး ပျော်ရွှင်နေပါတယ်။ ဒီလို အခွင့်အရေးဟာ ရခဲဘိမျှလေ။ Salmon ငါးကို ခရမ်းချဉ်သီးကလေး၊ ချင်းကလေးတွေနဲ့ နံနံပင်ကလေး အုပ်ပြီးချက်၊ မုန်လာ ဥနီသုပ်၊ ကြက်ဟင်းခါးသီး နှပ်ပါတယ်။ ကျွန်မတို့ ကျောင်းရောက်တော့ ဆရာတော်တို့ ရောက်နေပါပြီ။ ဆရာတော်နဲ့ အတူ ၀ိဝေကာရာမ ကျောင်းတိုက်ရဲ့ ဆရာတော် အရှင်နန္ဒပါလကို လာရောက် ဖူးမြော်ကြည်ညိုကြတဲ့ အနီးနား တစ်ဝိုက်က မြန်မာ မိတ်ဆွေတွေဟာ ဆွမ်းဟင်းတွေ ကိုယ်စီ ချက်ပြုတ် လာခဲ့ကြပြီး စုပေါင်း ဆွမ်းကပ် လှူပွဲကလေး ကျင်းပဖြစ်သွားပါ တယ်။


ကျွန်မကတော့ ဆရာတော်ကို တစ်ချိန်လုံး ဖူးနေပြီး ဆရာတော်ဆီက မေတ္တာဓာတ်တွေ၊ အအေးဓာတ်တွေ ငြိမ်းချမ်းမှုတွေကို ကူးစက်ခံစား နေမိ တော့တာပါ။ ဆရာတော်ရဲ့ ထူးခြားမှုက ဆွမ်းကို ချက်ချင်း မဘုဉ်းသေးဘဲ မြတ်စွာ ဘုရားရှင်ကို အရင်ဆုံးဆွမ်းကပ်ရှိခိုး ပူဇော်ရွတ်ဖတ်ပြီးမှ ဘုဉ်းတော်မူပါ တယ်။ ဆွမ်းဘုဉ်းပြီးတဲ့ အချိန်မှာ ဆရာ တော်က “ဘာပဲလုပ်လုပ် တန်အောင် လုပ်”ဆိုတဲ့ တရားတော်နှင့် ချီးမြှင့်ဟော ပေးတော်မူပါတယ်။ တရားရဲ့ အနှစ်ချုပ် ကလေးပဲ ကျွန်မ ရေးပြပါ့မယ်။ ရိုးရှင်း သန့်စင်လှတဲ့ ဘ၀ နေနည်းကလေးပါ။ ဘ၀မှာ အလုပ် လေးမျိုးကို လုပ်မှုပုံစံ လေးမျိုးနဲ့ နေ့စဉ်လိုက်နာ ကျင့်သုံးသွားဖို့ပါ။


အလုပ်လေးမျိုးက (၁) အသက်မွေးဝမ်း ကျောင်းမှုအလုပ် (၂) ခန္ဓာဝန်ထမ်းတဲ့ အလုပ် (၃) အာရုံခံစားတဲ့ အလုပ် (၄) ကုသိုလ်လုပ်တဲ့ အလုပ်ပါ။ အဲဒီအလုပ် လေးမျိုးကို လုပ်တဲ့ အခါတိုင်း ပုံစံလေးမျိုး နည်းလေးမျိုးနဲ့ လုပ်ရပါမယ်တဲ့။ အဲဒီနည်းလေးမျိုး အကျဉ်းချုပ်က “ဒါ သီသ၀ိ”လို့ အလွယ်မှတ်လို့ ရပါတယ်။ ဒါနရယ်၊ သီလရယ်၊ သမထရယ်၊ ၀ိပဿနာရယ် လေးမျိုးပါအောင် လုပ်ရ ပါမယ် ဆိုတာကို ဆရာတော်က အလုပ် တစ်ခုချင်းကို အသေးစိတ် ချဲ့ထွင်ပြီး ရှင်းပြ ဟောပြသွားတာပါ။ တရားတော်က အရှည်ကြီးလည်း မဟုတ်။ ရှင်းလင်းလွယ် ကူပြီး မှတ်သားရ၊ လိုက်နာရလည်း လွယ်တဲ့ ဘ၀ နေနည်းကလေးကို သင်ကြားပြသ ပေးသွားတာမို့ ဆရာတော်ကို အထူးပဲ ကြည်ညိုကျေးဇူး တင်ရပါတယ်။


တစ်ချက် ကလေးမှ မပျင်းရအောင် ဆရာတော်က အာဝဇ္ဇန်းလည်း ရွှင်လှပါတယ်။ မေးခွန်း ကလေးတွေလည်း ပြန်မေးတတ်တာမို့ တရားနာ ရတာဟာ တစ်လမ်း သွားနည်းမျိုး မဟုတ်ဘဲ အပြန်အလှန် နှစ်လမ်း သွားနည်းမို့ ပိုပြီးထိရောက် အသက် ၀င်တယ်လို့ ကျွန်မ ထင်ပါတယ်။ ဆရာတော်ရဲ့ အတွေ့အကြုံကလေးတွေ ပုံဝတ္ထု ကလေးတွေက ကျွန်မရဲ့ အာရုံထဲမှာ ဘယ်တော့မှ မမေ့တော့အောင် ပြက်ပြက်ထင်ထင် စွဲမြဲနေခဲ့ ပါတယ်။ အဲဒီညမှာတော့ သံအမတ်ကြီး အန်ကယ်လ်ဦးနေ၀င်းနဲ့ အန်တီနွယ်တို့က ကျွန်မတို့ အားလုံးကို ညစာ ဒကာခံပြီး လိုက်ကျွေးခဲ့တာမို့ အားနာ ပါးနာနဲ့ပဲ စားခဲ့ကြ ရပါသေးတယ်။ အန်ကယ်လ်ရော အန်တီပါ စိတ်သဘော ဖြူစင်လွန်းပြီး ရင်းရင်းနှီးနှီး လှိုက်လှိုက်လှဲလှဲ ရှိပါတယ်။ သဘောလည်း ကောင်းလှတာမို့ စကားတွေ အများကြီး ပြောဖြစ်ခဲ့တာက အမှတ်တရပါ။

ဂ။


တနင်္ဂနွေနေ့ ဇွန်လ ၂၀ ရက်နေ့ မနက်။ ဒီနေ့ဆွမ်းစားပြီးရင် ဆရာတော် ပြန်ကြွတော့မှာမို့ မနေ့ကလိုပဲ ကြည်နူးပီတိ စေတနာ သဒ္ဓါဓာတ်အခံကလေးနဲ့ ကျွန်မ မနက်စောစော ဆွမ်းထချက်ပါတယ်။ Salmon ငါးကိုပဲ ဒီတစ်ခါတော့ ကြော်လိုက်ပြီး ကြက်သွန်နီ အကွင်းကလေးတွေနဲ့ ပဲငံပြာရည်နဲ့ ပြန်နှပ်ပါတယ်။ ပြီးတော့ အစိမ်းကြော်နဲ့ မုန်လာဥနီ သုပ်ပေါ့။


ဒီနေ့တော့ ၀ိဝေကာရာမ ကျောင်းရှေ့မှာ ဆရာတော်နဲ့ အတူ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြပါတယ်။ ဆရာတော် အရာရာကို အနုစိတ်၊ အသေးစိတ် တိကျစေ့စပ် သေချာ လွန်းတာကို ကျွန်မ လေ့လာ မှတ်သားမိပါတယ်။ ဆွမ်းဘုဉ်း ပေးပြီးချိန်မှာ ဆရာ တော်က ဒီနေ့တော့ အေးအေးဆေးဆေး စကားစမြည်ပဲပြောပြီး ပြန်ဖို့ပြင်ဆင်ပါတယ်။ ကိုဇော်၊ မမွန်တို့က ဆရာတော့်ကို ၀ိဝေကာရာမ ကျောင်းတိုက်အဖြစ် ၀ယ်ဖို့ကြိုးစားနေ တဲ့ ခြံနဲ့အိမ်ကို လိုက်ပြတာမို့ ကျွန်မတို့ မိသားစုပါ လိုက်ခဲ့ကြပါတယ်။ အဲဒီကနေSeaham Beach မှာ ဆရာတော်နဲ့ အတူရော သံအမတ်ကြီးတို့ မိသားစုနဲ့ပါ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခွင့် ရခဲ့ကြပါတယ်။


ပြီးတော့မှ ဆရာတော်ကို နှုတ်ဆက်ရှိခိုး ဦးခိုက်ပြီး ကျွန်မတို့ ပြန်ခဲ့ကြတာပါ။ ရင်ထဲမှာ ကုသိုလ် ပီတိသဒ္ဓါ မေတ္တာလှိုင်းကလေးတွေက ခုချိန်ထိ လွန့်လူး လှုပ်ရှားနေဆဲပါ။ ဆရာတော့် အကြောင်း တဖွဖွနဲ့ ပြန်ပြော ကြည်ညိုလို့ မဆုံးနိုင်။ မ၀နိုင်။ နောက်တစ်နေ့ မနက် အိပ်ရာ ထချိန်မှာတော့ ရင်ထဲမှာ လှပ်ဟာဟာနဲ့ တစ်မျိုး ကြီးပါ။ ဆွမ်းချက်ခွင့် ဆရာတော်ကို ဆွမ်းကပ်ခွင့် မရှိတော့ပါလားလို့ စိတ်မကောင်း သလိုလို လွမ်းသလိုလိုနဲ့ပါ။ အဲဒီ ခဏမှာ ကျွန်မခေါင်းထဲ အတွေးကလေး တစ်ခုက ဖျတ်ခနဲဝင် ရောက်လာ...။


“သြော် ဆုံတွေ့ကြတယ် ဆိုတာကိုက တစ်ချိန်မှာ ခွဲခွာဖို့ပဲဆိုတာကို နှလုံး သွင်းတတ်မှ ကိုယ်နေပျော်မှာ”ဆိုတဲ့ အတွေးပါ။ ဟုတ်ပါတယ်။ ခွဲခွာကြဖို့ အတွက် ကျွန်မတို့ ဆုံတွေ့ခဲ့ကြတာပါ။ အခိုက်အတန့် ခဏကလေးပါ။ ဒါကြောင့် ဆုံတွေ့ခွင့် ရချိန် ခဏ ကလေးကို တန်ဖိုး ထားတတ်ဖို့ ထိုက်ထိုက်တန်တန် ကုသိုလ် ယူတတ်ဖို့ပဲ လိုပါတယ်လေ။


“ဆရာတော် အရှင်ဆန္ဒာဓိကအား ဤ၀တ္ထု တိုကလေးဖြင့် ရိုသေ လေးမြတ်စွာ ပူဇော် ရှိခိုးပါ၏”




လွန်းထားထား၊ဆေးတက္ကသိုလ်၊

(ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ် ၂၀၁၀)

တမ်းတစိတ်

လူတချို့ရဲ့ မနွေးထွေးတဲ့ အေးစက်စက်ဆက်ဆံရေးနဲ့သရော်မော်ကား ထီမထင် အပြုအမူတွေကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်မိသားစုရဲ့ ရင်းနှီးနွေးထွေးတဲ့ လေးစား တတ်တဲ့ ဓလေ့ကလေးကို လွမ်းမိတယ်။

အရောင်ခွဲခြားချင်တဲ့ မျက်ဝန်းတွေကို လက်ခံရတဲ့ အခါတိုင်း....
မိသားစုရဲ့ ကရုဏာမျက်ဝန်းတွေကို တမ်းတမိတယ်။

သူစိမ်းတချို့ရဲ့ ကောက်ကျစ်လှည့်ဖြားတတ်တဲ့ ရက်စက်တဲ့မာယာတွေကို ကြုံရတဲ့ အခါတိုင်း..
မိသားစုရဲ့ ရိုးရှင်းပွင့်လင်းတဲ့၊ မာယာကင်းတဲ့ ချစ်ခြင်းတွေကို တောင့်တမိ ပြန်ရော။

ရယ်ချင်ရင်ရယ်လိုက်ကြ၊ စိတ်အခန့်မသင့်ရင် ရန်ဖြစ်လိုက်ကြ၊ စိတ်ကောက်လိုက်ကြ၊ ပြန်ချစ်ကြနဲ့ နာကြည်းမှုတွေ၊ အငြိုးအမျက်တွေ၊ နောက်ကျောဓားနဲ့ ထိုးမှုတွေ လုံးဝမရှိ။

ပကတိပီပြင်ကြည်လင်တဲ့ မျက်ဝန်းတွေထဲမှာ စေတနာ အရိပ်အယောင်တွေသာ တဖျပ်ဖျပ်တောက်ပ နေခဲ့ပေါ့။

ဝေးတဲ့အခါ လွမ်းတသသနဲ့ မျက်ဝန်းထဲမျက်ရည်ဝေ့သီ ပြန်တွေ့ချင်ပြန်မိ။ ဒီမိသားစု ရင်ခွင်ထဲ တစ်ခါ ပြန်ခိုလှုံခွင့် ရချင်မိ.......
တွေ့တဲ့အခါလည်း အလွမ်းတာရှည်မခံ တကျက်ကျက် တညံညံ စုရုံးစည်ကားလို့ နွေးထွေးတဲ့ ငြိမ်းချမ်းမှု တွေကို ဘာနဲ့မှ လဲလှယ်လို့မရနိုင်ပြန်..။


တစ်နေ့တခြား အသက်တွေ တရိပ်ရိပ်ကြီးလာလေ..
'မိသားစု' ရဲ့အရိပ်အာဝါသကို ခုံမင်မက်မောမိလေ..

အဖေအမေရဲ့မေတ္တာ..
မောင်နှမတွေရဲ့ အကာအကွယ် အခြံအရံတွေနဲ့
ကျွန်မ လုံခြုံစွာပျော်မွေ့ချင်သေးတယ်လေ...

သြော်...ကျွန်မသူငယ်ပြန်ချင်မိတယ်..။


လွန်းထားထား(ဆေးတက္ကသိုလ်)
Related Posts Plugin for WordPress, Blogger...