ယောက်ျားတို့ရဲ့အချစ်

(က)
သူမတို့ သူငယ်ချင်းသုံးယောက် ပြန်ဆုံချိန်မှာ ပြောဖြစ်တဲ့အကြောင်းအရာကတော့ သူမတို့ရဲ့ ယောက်ျားများအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်သူမှ မကွယ်ဝှက်ကြေး၊ ဟန်မဆောင်ကြေး၊ အကြွားမသန်ကြေး ပြောဖြစ်ကြတယ် ဆိုပါတော့....။ သူမတို့သုံးယောက်ဟာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာကိုး....။
ဟိုးငယ်စဉ် သူငယ်ချင်းတွေဘဝမှာတုန်းကတော့ သူမတို့ဟာ ချစ်သူရည်းစားချင်း ပြိုင်ဆိုင်ခဲ့ဖူးကြပါရဲ့။ ကိုယ့်ချစ်သူကတော့ ကိုယ့်ကို ဘယ်လောက်ချစ်၊ ဘယ်လောက် ဂရုစိုက် အလိုလိုက်ကြောင်း လုပ်ကြံလီဆယ်ဇာချဲ့ပြီး ကြွားမဆုံးရှိခဲ့တာပေါ့။
အခုတော့ အရွယ်ကလေးတွေလည်း ရခဲ့ပြီမို့ ရင့်ကျက်ခဲ့ကြပြီဖြစ်သလို ယောက်ျားတို့ရဲ့အချစ် ဆိုတာကိုလည်း  တော်တော် သိမြင်ခဲ့ပြီလေ။
အဝင်းက ပထမဆုံး ရယ်တစ်ဝက် မဲ့တစ်ဝက် မျက်နှာထားဖြင့် ပြောခဲ့ပုံက ....
“ကျွန်မယောက်ျားရဲ့ အချစ်ကတော့လားရှင် အံ့ပါရဲ့လို့ပဲ ရင်ဘတ်ဖိပြီး ညည်းလိုက်ချင်တော့တယ်... နှစ်ယောက်တွဲသွားရင် သူ့လောက် မိန်းမကို ချစ်ပြနိုင်တာ၊ ဂရုစိုက်နိုင်တာ မရှိတော့ဘူး၊ လူတွေကတော့ ကျွန်မတို့ရဲ့အချစ်ကို စံပြအချစ်လို့ သတ်မှတ်ကြမယ်၊ အားကျကြမယ်၊ သူက အရမ်းဂရုစိုက်တာကိုး.... လူတွေရှေ့ရောက်ရင် ပုခုံးလေးဖက်လိုက်၊ လက်ကလေးကိုင်လိုက်၊ ရွှန်းရွှန်းစားစား စိုက်ကြည့်လိုက်နဲ့ သူ့လောက်ချစ်တတ်တဲ့ ခင်ပွန်း မရှိတော့ဘူး.... ကျွန်မလောက် ကံကောင်းတဲ့မိန်းမ မရှိတော့ဘူး၊ မိန်းမကို ရှေ့တန်းတင် ယုယကြင်နာပြလိုက်ရတာ အမော....
ကျွန်မကို အတော်လည်း ဂရုစိုက်ပါတယ်။ ကျွန်မရဲ့မွေးနေ့ကို ကျွန်မကသာ မေ့ချင်မေ့မယ်၊ သူက မမေ့ဘူးဆရာ၊ နိုင်ငံခြားခဏရောက်နေတာတောင် သူ့သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး ကျွန်မကို surprise လုပ်တတ်တဲ့လူရှင့်.... မနက်အစောကြီး သူ့သူငယ်ချင်းက အိမ်တံခါးလာခေါက်ပြီး ဧရာမမွေးနေ့ကိတ်ကြီးနဲ့ မွေးနေ့လက်ဆောင်လာပို့ပေးတယ်၊ ကိုညီပေးခိုင်းတာတဲ့... ခင်ဗျားယောက်ျားက ခင်ဗျားကို သိပ်ချစ်တာတဲ့...”
“အင်းလေ...အဲဒီလောက် ချစ်တတ်တာပဲ ရှင်က ဘာလို့ မကျေနပ် မရောင့်ရဲနိုင်ရတာတုန်း”
“anniversary ဆိုလည်း သူမမေ့ပါဘူး၊ ကဒ်ပေးတုန်း... အံ့သြရတဲ့လက်ဆောင်တွေ ပေးဆဲပါပဲ၊ ဒါပေမယ့် ရှင်တို့မသိဘူးနော်... သူက ရုပ်ဖြောင့်တဲ့ယောက်ျားတစ်ယောက်ဖြစ်တော့ ခရီးသွားလေရာမှာ လူပျိုယောင်ဆောင်တတ်တာ သူ့ရဲ့မဟာအကျင့်ဆိုးပဲ၊ မိန်းမတွေက သူ့ကို အိမ်ထောင်သည်မှန်းမသိတော့ ကြိုက်ကြ၊ ဇာတ်လမ်းတွေဖြစ်ကြ၊ ကြူကြ၊ ညုကြ၊ ခရာကြပေါ့ဟယ်...
ရောက်လေရာမှာ သူက ချစ်သူတွေ့တယ်၊ အဲဒါကို ကျွန်မ ဘယ်လိုလုပ်ခွင့်လွှတ်ချင်ပါ့မလဲ၊ သူက သိပ်ချစ်ပြတတ်၊ ယုယကြင်နာပြတတ်တာကိုး၊ သူ့ကိုမြင်လိုက်ရင် ပြုံးပြုံး ပြုံးပြုံး နဲ့၊ မျက်နှာထားက သိပ်ချိုတာ၊ ဘေးမှာ ကျွန်မပါလျက်နဲ့တောင် မိန်းကလေးမိတ်ဆွေတွေ အများကြီးပဲတော်”
အဝင်းက မျက်ရည်ကလေး တဝဲဝဲနဲ့ ပြောတဲ့အခါ သူမတို့ သက်ပြင်းခိုးရှိုက်မိပါတယ်၊ ဟုတ်ပါ့.. အဲဒီလောက် အချစ်သန်တဲ့ ယောက်ျားတစ်ယောက်ကျတော့လည်း သည်းမခံချင်စရာပဲနော်။

(ခ)
အကြွေက ...
“စူပုပ်ပုပ် ဟောက်ဟိန်းဟိန်းနဲ့ လူကို တစ်ချိန်လုံး ငေါက်ငန်းနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ အချစ်ကိုရော ရှင်တို့ ဘယ်လို လုပ်ကြမလဲ...
ကျွန်မယောက်ျားရဲ့ မျက်နှာကို ရှင်တို့ မြင်ဖူးကြတယ်မဟုတ်လား၊ ရုပ်က အမြဲတမ်း မျက်နှာရှစ်ခေါက်ချိုးထားတာ၊ ချစ်သူဘဝကတော့ သြော်... သူဟာ ရုပ်တည်တယ် က္ကနြေ္ဒရတယ်၊ ကျွန်မကလွဲရင် ဘယ်မိန်းမကိုမှ မိန်းမမထင်ရှာဘူး၊ အပေါက်ဆိုးပေမယ့် စိတ်ထားကောင်းဖို့က အရေးကြီးတယ်ဆိုပြီး လက်ထပ်ခဲ့ကာမှ...”
“မှားရောလား...”
အကြွေက ပုခုံးလေးတွန့်ပြီး ရယ်မောပါတယ်။
“လူက အမြဲလန့်နေရတာပေါ့၊ သူက အမြဲဟောက်စားလုပ်နေတာကိုး၊ ဟိုဟာလုပ် လုပ်ပြန်ပြီ၊ စား... စားပြန်ပြီ၊ သွား... သွားပြန်ပြီနဲ့ အမြဲ အပြစ်ရှာနေတော့ ကြာတော့ လူက နေစရာမရှိတော့ဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုလည်းမရှိတော့ဘူး...
ငါ ဘာများအပြစ်တင်ခံရမလဲ၊ အပြောခံရမလဲ ဆိုတာကိုပဲ ကြောက်နေရတော့ ကြာတော့ လူက အငုံ့စိတ်ဝင်လာတယ်...
သူက ကျွန်မအတွက် အစစအရာရာတော့ လုပ်ပေးပါရဲ့၊ တစ်ခါတစ်လေ သူ့ဘာသာသူ ထမင်းဟင်းချက်တယ်၊ အိမ်သန့်ရှင်းရေးလုပ်တယ်၊ ကျွန်မလိုအပ်တာမှန်သမျှကိုလည်း သူက မသိမသာ ဖြည့်ဆည်းပေးတယ်၊ ကလေးကျောင်းကြိုတာလည်း သူပဲ၊ ဈေးဝယ်လည်း သူ၊ သူ့စိတ်ကြိုက် အားလုံးစီမံတယ်...
ဒါပေမယ့် ကျွန်မကို လူရှေ့သူရှေ့ရောက်ရင် ဘာမှသုံးစားလို့မရတဲ့ မိန်းမဖျင်း မိန်းမပျင်းတစ်ယောက်လို ရန်လုပ် အပြစ်ရှာတတ်ပြန်ရော... ကဲ... ကျွန်မ ဘယ်လိုနေရမလဲ”
“အင်းလေ... ရှင့်ယောက်ျားက ဘာဖြစ်ချင်တာမှန်းလည်း မသိ၊ သူချစ်ပုံက တစ်မျိုးပါလား...”
သူမတို့ အံ့သြစွာရေရွတ်မိကြပြန် ပါတယ်။
“အဲဒါပြောတာပေါ့... မချစ်ဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး..ချစ်တယ်၊ ဒါပေမယ့် သူချစ်တာကို လူသိအောင်မပြဘူး၊ ပြရမှာ ဝန်လေးတော့ အပြစ်ရှာ၊ ဆူပူဟောက်ဟိန်းတာနဲ့ ဖုံးအုပ်ထားတာမျိုး... ကြာတော့လည်း ဘယ်သူက ခံနိုင်တော့မလဲဟယ်...”
“အင်း... အဲဒီလိုယောက်ျားတစ်ယောက်ရဲ့ အချစ်ကို ခံယူရတာကလည်း ဒုက္ခပဲနော်..”
သူမတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မိကြပြန်ပါတယ်။ ယောက်ျားတွေဟာ ဘယ်လိုပါလိမ့်။
အကြည်ကတော့ လက်ကလေး တခါခါနဲ့...
“ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့တွေ ကျွန်မလောက်တော့ ကံမဆိုးကြသေးပါဘူး”
လို့ ဆိုတဲ့အခါ သူမတို့က တအံ့တသြ မျက်ခုံးတွေပင့်ပြီး ...
“ရှင်ကရော ဘယ်လို ညည်းချင်းထုတ်ဦးမလို့တုန်း...”
လို့ မေးမိကြပါတယ်။

(ဂ)
အကြည်က...
“ကျွန်မကတော့ သူ့ကို ရိုးတယ် အေးတယ် ဆိုပြီး လက်ထပ်ခဲ့မိတာလေ၊ အမလေး ... အိမ်ထောင်သက်ရလေလေ ကျွန်မမှာ ပျင်းရလေလေ၊ တစ်ခါတစ်လေ တစ်နေ့လုံးနေလို့ ကျွန်မတို့နှစ်ယောက် စကားမပြောဖြစ်ကြဘူးဆိုရင် ရှင်တို့ ယုံပါ့မလားဟင်....
သူ့ အေးပုံက အ နေသလိုပဲ၊ စာအုပ်တစ်အုပ် ဖတ်နေရရင် သူ့အတွက် ပြည့်စုံပြီး ဘာနဲ့ကျွေးကျွေး မကြိုက်ဘူးဆိုတာလည်း မရှိဘူး၊ တစ်ခါတစ်လေ ထမင်းအသိုးကျွေးမိရင်လည်း စိတ်ဆိုးတာ၊ ဒေါသထွက်တာ မရှိဘူး၊ ဘာမှမပြောဘဲ ထမင်းဝိုင်းက ထ သွားတာပဲ ရှိမယ်၊ အဲဒီလောက် စကားလုံးချွေတာတဲ့ ယောက်ျားရှင့်၊ သူ့စိတ်ထဲ ဘာဖြစ်နေတယ်ဆိုတာ ကျွန်မ ဘယ်တော့မှ သိခွင့်မရဘူး၊ သူက ပိတ်ထားတဲ့ တံခါးကြီးတစ်ချပ်လိုပဲ၊ တစ်ခါတစ်လေ ပုခုံးကနေကိုင်ပြီး နံရံနဲ့ဆောင့်ဆောင့်ပစ်ချင်တယ်... တုံဏှိဘာဝေကြီးနဲ့လေ...
ကြာတော့ ကျွန်မမှာ စကားတွေသိပ်ပြောချင်လာလို့ သူ့ကို ဇွတ်ပြောပေမယ့်လည်း သူ့ဆီက ဘာတုံ့ပြန်မှုမှ မလာဘူး၊ ငြိမ်ငြိမ်ကြီးထိုင်နားထောင်၊ ခေါင်းညိတ် ခေါင်းခါကလွဲပြီး ဘာမှ ပြန်မရဘူး၊ ကျွန်မ တကယ်ပျင်းလာတယ်ရှင်...”
အကြည့် စကားအဆုံးမှာ သူမတို့အားလုံး အရယ်သန်သန်နဲ့ ရယ်မောမိကြပါတယ်။
“အမလေး... ယောက်ျားတွေရဲ့အချစ်ကလည်း တစ်ယောက်တစ်မျိုး ပါပဲလားနော်၊ ချစ်သူဘဝက အကောင်းလို့ထင်တဲ့အရာတွေဟာ အိမ်ထောင်သည်ဘဝမှာ ကြီးမားတဲ့ ချို့ယွင်းချက်ကြီး ဖြစ်လာလိမ့်မယ်လို့ ကျွန်မတို့ မထင်ခဲ့မိကြတာပဲနော်....”
“ဟုတ်တယ်... သည်းမခံနိုင်ဆုံး ဖြစ်လာတာက ကျွန်မတို့ သူတို့ဆီမှာ မက်မောငြိတွယ်ခဲ့မိဖူးတဲ့ စရိုက်တွေပဲ”
အဲဒီအချက်ကို သူမတို့ သုံးယောက်စလုံး အခုမှပဲ သိမြင်ခဲ့ကြတယ်လေ။ ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင်ပြုတယ်ဆိုတာ အလှပဆုံးပါကင်ထုပ်ထားတဲ့ အထဲမှာ ဘာရှိနေမှန်း ကြိုတင်မမှန်းဆနိုင်တဲ့ မမြင်ရတဲ့အရာတစ်ခုကို ရဲရဲဝံ့ဝံ့ ... စွန့်စွန့်စားစား လက်ခံရယူလိုက်ရခြင်းမျိုး ပါလားကွယ်....။


လွန်းထားထား(ဆေးတက္ကသိုလ်) 
Family Magazine (ဧြ့ပီ ၂၀၀၄) 

9 comments:

မှန်တယ် မထားရေ။

 

နားလည်မိရသလောက်တော့ ပြည့်စုံတဲ့ ယောက်ျားဆိုတာ မရှိသလောက်ဘဲနော်။ ဟုတ်ပါတယ်.. လူ၂ယောက် စိတ်တူသဘောတူဖြစ်ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်။
ဒါတွေကြောင့်လဲ ပါကင်ပိတ်ထားတဲ့ လက်ဆောင်ထုပ်ကို စွန့်စားပြီး မဖွင့်ဖြစ်တော့ဘူး မထားရယ် :)

 

ဟုတ်သလိုလိုပါပဲ မထားရယ်...

 

ဒါပေမယ့်မချော(အစိမ်းရောင်လွင်ပြင်)ပြောသလို ပါဆယ်ထုပ်ကိုမဖွင့်ရင် အထဲက ရင်ခုန်စရာကောင်းမယ့်လက်ဆောင်ကိုဘယ်ရနိုင်မလဲဗျာ ...မဟုတ်ဖူးလားဟင်?...Thanks par...:D

 

အင်းသူတို့ တွေ အကုန်လုံး တကယ်ဆိုးတဲ့သူနှင့် မတွေ့ သေးပါဘူး။ အားလုံးကတော့ ဖြည့်တွေးရင် ဖြေသာမှာပါပဲ။ ကိုယ်လဲ မပြည့်စုံပါဘူး အမရေ။

 

စာအုပ်တွေဒေါင်းချင်ပါတယ်
ဘယ်လိုဒေါင်းရမလဲနော်

 

မမရေ ... ညလေးရဲ့ ပါဆယ်ထုပ်ကတော့ ဘယ်နားနေမှန်း မသိသေးဘူး ... ဘယ်လိုပုံစံထွက်လာမလည်းဆိုတာပဲ ရင်ခုန်စွာစောင့်မျှော်နေရတယ် ... :)

 

july လဲ အဲ့ ပါဆယ်ထုပ်ကိုဖွင့်ဖို့ လက်တကမ်းအလိုပဲ ရင်တော့ အခုန်သား

 

ဒီဝတ္ထုလေးဖတ်ပြီးမှပဲ ကိုယ့် အကြောင်းကိုယ်ကို ပိုသိလာတယ်။ အင်း ဖြေသာတယ်လို့ပြောရမှာပဲ၊ ကျေးဇူး..

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...