အပျိုစင်မဂ္ဂဇင်းနှင့် အင်တာဗျူး

ဆရာမက အပျိုဘဝကတည်းက ဒါရိုက်တာကြည်ဖြူသျှင်နဲ့ တပူးတွဲတွဲနေလာတဲ့သူဆိုတော့ ခုလို မြန်မာနိုင်ငံကို အလည်ပြန်လာတဲ့အခါမှာ သူနဲ့တွေ့ပြီးပြီလား?
ကြည်ဖြူနဲ့ တွေ့ပြီးပါပြီ။ ယောဆရာတော်ရဲ့ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်မှာ ကျွန်မတို့ရဲ့ ခုနစ်နှစ်မြောက် မင်္ဂလာဆွမ်းကျွေးလုပ်တော့ အဲဒီမှာ ကြည်ဖြူနဲ့ တွေ့ပြီးပါပြီ။
သူက ဆရာမရဲ့ဝတ္ထုကို ဗွီဒီယို ရုပ်ရှင် အရိုက်များတော့ သူ့ကို ဘယ်နှပုဒ်ရောင်းထားပြီးပြီလဲ?
ကြည်ဖြူက များသောအားဖြင့် ကျွန်မရဲ့  ဝတ္ထုတွေ ရိုက်တာများတယ်။ သူကိုယ်နှိုက်ကလည်း ပြောတယ်။ ကျွန်မရဲ့ ဝတ္ထုကို ရိုက်ရင်ရိုက်၊ အဲဒီလိုမဟုတ်ရင် သူ့ဘာသာ ဇာတ်လမ်း ဇာတ်ညွှန်းရေးတယ်။ တော်တော်များများက သူလိုချင်ရင် အိမ်မှာ လာလာယူတယ်။
ဆရာမတို့ အရင်တုန်းက ရေးခဲ့တဲ့ ဝတ္ထုတွေနဲ့ အခုလက်ရှိ ထွက်ရှိနေတဲ့ ဝတ္ထုတွေရဲ့ အရေးအသားနဲ့ ဇာတ်အိမ်တည်ဆောက်မှုတွေဟာ ဘယ်လိုကွာခြားမှု ရှိမလဲ?
အခုနောက်ပိုင်း အသစ်ထွက်တဲ့ စာရေးဆရာ၊ ဆရာမတွေထဲက selectionလေးတော့ ရွေးပြီးတော့  လေ့လာပါတယ်။ ကိုယ်တွေတုန်းက ခေတ်နဲ့တော့ နည်းနည်းလေး ကွာခြားမှု ရှိသွားတာပေါ့နော်။ အခုနောက်ပိုင်းကတော့ modern လိုင်း ပုံစံလေးတွေ၊ fancy လေးတွေ၊ အဲဒီလို ပုံစံလေးတွေ ခေတ်စားတယ်လို့ ထင်ပါတယ်။ ကျွန်မလည်း ခေတ်နောက်ကျ မကျန်ခဲ့အောင် သူတို့စာတွေလည်း ဖတ်ရတာပေါ့။ မျက်ခြေမပြတ်အောင်လေ။ ကွာခြားမှု သိပ်အကွာကြီးတော့မဟုတ်ဘူး။ သူတို့ လိုင်းလေးတွေကလည်း တစ်မျိုးပေါ့။
တချို့ စာရေးဆရာမတွေက အခုချိန်မှာ ဝတ္ထုတစ်ပုဒ်ရေးပြီ ဆိုတာနဲ့ ဗွီဒီယိုတို့ ရုပ်ရှင်တို့ ရိုက်ဖို့အထိ ရည်ရွယ်ပြီး ဇာတ်လမ်းဖွဲ့ရေးလာတာတွေ ရှိပါတယ်။ သူ့ဝတ္ထုကို ဖတ်ကြည့်လိုက်တာနဲ့ ဒီဇာတ်ကောင်ရဲ့နေရာမှာ ခန့်စည်သူကို မြင်မိသလို ဒီဇာတ်ကောင်ရဲ့နေရာမှာ ရန်အောင်၊ ဒီဇာတ်ကောင်ရဲ့နေရာမှာ အိန္ဒြာကျော်ဇင် စသဖြင့် စာဖတ်သူက ချက်ချင်း ပြေးမြင်လိုက်တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဆရာမရဲ့အမြင်ကို ပြောပါဦး?
အဲဒါကတော့ ရေးတဲ့သူရဲ့ ရည်ရွယ်ချက်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ သူတို့ ရည်ရွယ်ချက်ကိုတော့ ကျွန်မ မပြောတတ်ဘူးပေါ့နော်။ ဘယ်လိုပြောမလဲ။ ကျွန်မဘက်ကတော့ ဝေဖန်လို့ မကောင်းဘူးပေါ့နော်။
ဒါထက် ခုချိန်မှာ ဆရာမရဲ့ စာရေးသက်က ဘယ်လောက်ရှိသွားပြီလဲ?
ကျွန်မ စာ စရေးတာက ၁၉၈၈ ကပေါ့နော်။ အခု ၂၀၁၁ ဆိုတော့ ၂၃နှစ်ပေါ့နော်။
အဲဒီ ၂၃နှစ်အတွင်းမှာ ထွက်ခဲ့တဲ့ လုံးချင်းအရေအတွက်က?
လုံးချင်း အရေအတွက် ၁၈၀ ကျော်သွားပါပြီ။
အဲဒီထဲကနေရုပ်ရှင်ဗွီဒီယိုဖြစ်သွားတာတွေက?
တော်တော်များများ ဖြစ်ပါတယ်။ မဖြစ်တဲ့ဟာ တွေက ဆယ်အုပ်နဲ့ အုပ်နှစ်ဆယ် ကြားလောက် မှာပဲ ရှိလိမ့်မယ် ထင်တယ်။ ကျန်တာတွေကတော့ ဗွီဒီယိုနဲ့ ရုပ်ရှင်ကားကြီး တွေ ဖြစ်သွားပါတယ်။
ဝတ္ထုရေးတဲ့အခါမှာ ဘယ်ဟာကို အဓိကထား ရေးဖြစ်လဲ။ ဇာတ်အိမ်နဲ့ ဇာတ်ရုပ်ရဲ့ ကာရိုက်တာမှာပေါ့?
ပထမတစ်ခုက ဇာတ်ကောင်စရိုက်ပေါ့နော်။ ကျွန်မ ဘယ်လိုဇာတ်ကောင်စရိုက်မျိုး ရေးမယ်ပေါ့။ နောက်တစ်ခုကတော့ ကိုယ်ဘာကြောင့် ရေးချင်လဲပေါ့။ plot လေးတစ်ခုကို စ ရတာပါ့။ ဥပမာ ပန်းချီကား တစ်ချပ် ဆွဲသလိုပေါ့။ ဆေးတစ်စက် စကျတာနဲ့ အတွေးလေး တစ်စက် စ ရတာပေါ့။ အဲဒီ အတွေးလေး တစ်စက်ကို ဆက်ဆက်ချဲ့ပြီး ပန်းချီကားတစ်ခု ပုံပေါ်လာသလိုပေါ့။ အတွေးနဲ့ဆက်ပြီး ချဲ့ပေါ့။ ဒီဇာတ်လမ်းရဲ့ plot တွေ အထဲမှာပါတဲ့ ဇာတ်ကောင်တွေကို ဘယ်နှယောက်ထားမလဲ။ ဇာတ်ပို့ ဇာတ်ရံတွေရှိမယ်။ ပြီးတဲ့အခါ သူတို့ရဲ့ အဖြစ်အပျက်လေးတွေ ရှိမယ်။ အဲဒါကတော့ အတွေးလေး တစ်ခုကနေ ထပ်ချဲ့တာပေါ့နော်။ ကိုယ့်စိတ်ကူးထဲမှာ ရုပ်ရှင်ကားတစ်ကားလိုပေါ့။ ရုပ်ရှင်ကား တစ်ကားလို ဇာတ်လမ်း အစအဆုံးရတဲ့အထိ တွေးယူလိုက်တယ်ပေါ့။ တွေးယူလိုက်ပြီး အဲဒီလို အစအဆုံး ပေါ်လာပြီဆိုမှ ဇာတ်အကျဉ်းပေါ့။ အခန်းအစဉ်နဲ့ ချပြီး ရေးပါတယ်။ ဥပမာ အခန်း ဘယ်နှခန်းရေးမလဲ။ အခန်း(၁)မှာ ဇာတ်ကို ဘယ်လိုဆွဲခေါ်သွားမလဲပေါ့။ အခန်းစဉ်တွေ ချရေး၊ ဇာတ်လမ်းအကျဉ်း ချရေးပေါ့။ ဇာတ်တစ်ခုလုံး ပုံပေါ်ပြီ၊ ပြီးပြီဆိုမှ ဇာတ်ကောင်နာမည်တွေ ရွေးမယ်၊ ဝတ္ထုခေါင်းစဉ် ရွေးမယ်၊ အားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ စာ စချရေးပါတယ်။
ကာရိုက်တာတွေကိုရော ဘယ်လိုရွေးလဲ?
ကျွန်မကြိုက်တဲ့ ကာရိုက်တာတွေကတော့ ပြင်းပြင်းရှရှလေးတွေပေါ့။ ငယ်ငယ်တုန်းကတော့ နည်းနည်းအစွန်းရောက်တယ်ပေါ့။ အခုနောက်ပိုင်းတော့ သိပ်အစွန်းမရောက်တော့ဘူး။ ဒါပေမယ့် ကျွန်မဖွဲ့လိုက်သမျှ ဇာတ်ကောင်တွေကတော့ သာမန် သမားရိုးကျ မဟုတ်ဘဲနဲ့ ထူးထူးဆန်းဆန်း စရိုက်မျိုးလေးတွေ ရှိတယ်။ ထူးထူးဆန်းဆန်း အကျင့်လေးတွေ ရှိတယ်။ အဲဒီလိုမျိုးလေးတွေ ပေါ့နော်။ အဆန်းတကြယ်ဖြစ်အောင်တော့ ကိုယ်က ဇာတ်ကောင်ရဲ့ စရိုက်လေးတွေကို တီထွင်ဖန်တီးတတ်ပါတယ်။
ဆရာမရဲ့ ဇာတ်ရုပ်နာမည်တွေက ထူးထူးဆန်းဆန်း လှလှလေးတွေဖြစ်နေတတ်တော့ တခြားသူတွေနဲ့ မတူအောင် တမင်ကို စဉ်းစားပေးထားတာလား?
ဟုတ်ကဲ့။ ကျွန်မကိုယ်နှိုက်က အဲဒီလို နာမည်လှလှလေးတွေ ကြိုက်တယ်။ ကြိုက်တဲ့အခါကျတော့ သီချင်းလေးတွေ၊ သီချင်းစာအုပ်လေးတွေ၊ ကဗျာလေးတွေ အဲဒီလို နာမည်လှလှလေးတွေကို တွဲစပ်ကြည့်တာပေါ့။ အဲဒီလို တွဲစပ်ပြီး နာမည်လှလှလေးတွေ ဖန်တီးတယ်။ မိတ်ဆွေတွေ၊ စာဖတ်ပရိသတ်တွေကလည်း သူတို့သားသမီးတွေအတွက် နာမည်ပေးခိုင်းတယ်ဆိုရင်လည်း သေချာကို စိတ်ပါလက်ပါနဲ့ ရွေးချယ်ပြီးတော့ နာမည်ပေးပါတယ်။ အဲဒါကလည်း ကိုယ့်ရဲ့ဝါသနာတစ်ခုလို ဖြစ်နေတော့ နာမည်ဆန်းလေးတွေ ပေးရတာသဘောကျတယ်။
ကျွန်တော်လေ့လာမိသလောက်ကတော့ ဆရာမရဲ့ ဝတ္ထုတွေထဲမှာ မိန်းမဇာတ်ကောင်တွေကို ဦးစားပေးတယ်။ အသားပေးတယ်။ အနိုင်ပေးတယ် ပေါ့လေ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဇာတ်ရုပ်တွေကို ဖန်တီးရေးဖွဲ့တဲ့သူ အနေနဲ့ ဆရာမ ဘာပြောချင်ပါသလဲ?
အဲဒါကတော့ ကျွန်မကိုယ်နှိုက်ကလည်း မိန်းမတယောက်ဖြစ်နေတဲ့အတွက်ကြောင့် အထူးသဖြင့် ကိုယ့်မိန်းကလေးတွေဘက်က ရပ်တည်တာပေါ့နော်။ မိန်းကလေးတွေကို အားနည်းတဲ့သူ၊ အားနွဲ့တဲ့သူဆိုပြီး အထင်မသေးအောင်ပေါ့နော်။ ကိုယ့်ဘက်က အမြဲတမ်း ကာဗာလေးနဲ့ မိန်းကလေးတွေဘက်က ရပ်တည်ပေးတယ်။ ဆရာပြောတာ မှန်ပါတယ်။ ဒါတော့ ကျွန်မလည်း ဝန်ခံပါတယ်။ 
ကိုးရီးယားယဉ်ကျေးမှုက မြန်မာလူငယ်ထုအပေါ် လွှမ်းလာတာမျိုး ရှိတယ်။ ဝတ်စားတာက အစပေါ့။ ဇာတ်လမ်းတွေမှာ 3in1 ပုံစံမျိုး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေလည်း ရှိတော့ အဲဒီ အမူအကျင့်တွေကရော ကူးစက်လာနိုင်မလား?
ကိုယ်က မြန်မာပြည်မှာပဲ ဝတ္ထုတွေရေးနေတုန်းပဲ ဆိုတော့ မြန်မာပြည်ရဲ့ အနုပညာလောကကို မျက်ခြေမပြတ်အောင် လေ့လာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခေတ်စားတာက ကိုးရီးယားဇာတ်လမ်းတွဲတွေ၊ ကိုးရီးယား မင်းသား မင်းသမီးတွေကို ကြိုက်ကြတယ်။ သူတို့ရဲ့ ဝတ်ပုံစားပုံ၊ သူတို့ရဲ့ ဓလေ့၊ သူတို့ရဲ့ ယဉ်ကျေးမှုက လူငယ်တွေကြားမှာ နည်းနည်းလွှမ်းမိုးလာတယ်။ လူငယ်တွေကို ကြည့်လိုက်တာနဲ့ သိသာပါတယ်။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ယဉ်ကျေးမှုတွေ လွှမ်းလာနိုင်မလား ဆိုတာကတော့ ကာယကံရှင်တွေ အပေါ်မှာပဲ မူတည်ပါတယ်။ လူငယ်တွေပေမယ့် တချို့ကို အထင်သေးလို့ မရပါဘူး။ ကိုးရီးယားကား ကြည့်တယ်။ ဒါပေမယ့် ကောင်းတာပဲယူတယ်။ မကောင်းတာ မယူဘူး။ ဒါ မကောင်းဘူးဆိုတာ သူတို့သိတယ်။ သူတို့ လိုက်လုပ်ချင်မှ လုပ်မယ်။ ဆံပင် လှလှလေးတွေ လိုက်လုပ်မယ်။ အင်္ကျီလှလှ စကပ် လှလှလေးတွေ လိုက်ဝတ်မယ်။ ဒါပေမယ့် သူတို့လို မိန်းမနောက်ပိုးလုပ်တာတို့၊ အရက်သောက်တာတို့ ဘာတို့ကိုတော့ ဒီကလူငယ်တွေ လိုက်တုချင်မှ တုမယ်ပေါ့။ ဒါကတော့ ကာယကံရှင် မိန်းကလေးတွေနဲ့ပဲ ဆိုင်ပါတယ်။ အဲဒီတော့ ကိုးရီးယားဇာတ်ကားတွေ ခေတ်စားလာတယ်၊ လွှမ်းမိုးလာတယ်။ ဒီ အနုပညာလောကမှာ လွှမ်းမိုးလာတယ်။ သြဇာသက်ရောက်မှုရှိတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် အဲဒီလို လွှမ်းမိုးလာတဲ့အတွက်ကြောင့် မိန်းကလေးတွေရဲ့ ကာရိုက်တာပိုင်း၊ အတွေးအခေါ်ပိုင်း၊ အယူအဆပိုင်းကို လွှမ်းမိုးလာနိုင်မလား ဆိုတာတော့ သူတို့ရဲ့ အခြေခံ ဗီဇ၊ သူတို့ရဲ့ လက်ခံနိုင်မှု၊ သူတို့ရဲ့ ဉာဏ်ပညာ၊ သူတို့ရဲ့ တွေးခေါ်နိုင်တဲ့ ဦးနှောက်ပေါ်မှာ မူတည်ပါတယ်။ ဒီမင်းသမီးကို ကြိုက်လို့ ဒီမင်းသမီး လုပ်တဲ့အတိုင်း ကောင်လေးနောက်ကို လိုက်တယ်၊ ကောင်လေးကို လိုက်ကြိုက်လို့ သူလည်း လိုက်ကြိုက်မယ် ပုံစံမျိုးဆိုတာကတော့ ဒါကတော့ blind ပေါ့နော်။ အဲဒီလိုတော့ မလုပ်ကြပါဘူး။ အခုခေတ် ကလေးတွေက ထက်မြက်တယ်။ ရည်မှန်းချက် ကြီးတယ်။ သူတို့ ခြေထောက်ပေါ်မှာ ရပ်တည်နိုင်တယ်။ ကြိုးစားတယ်။ တိုးတက်လိုစိတ် ရှိတယ်။ အဲဒါတွေကတော့ လူငယ်တွေမှာ အရမ်းချစ်ဖို့ကောင်းတယ်။ အတုခိုး မှားဖို့ ဆိုတာကတော့ သူတို့လည်း ဆင်ခြင်တတ်ပါတယ်။
လက်ရှိမှာ တည်ရှိနေတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ်မှာ ဆရာမအနေနဲ့ ဘယ်လိုမြင်ပါသလဲ?
အခု ကျွန်မမြင်သလောက်ကတော့ လွတ်လပ်ပါတယ်။ လွတ်လပ်မှု အများကြီး ရှိပါတယ်။
ဆရာမရဲ့ လုံးချင်းဝတ္ထုတွေ ထုတ်ဝေဖို့အတွက် စာပေစိစစ်ရေးကို တင်တဲ့အခါမှာ ဒီဟာကတော့ ဒီလိုမဖြစ်သင့်ဘူး၊ ဒီဇာတ်ကောင်ရဲ့ စရိုက်က မြန်မာပြည်နဲ့ မကိုက်ဘူး၊ အဲဒါကြောင့် ဒီလိုလေးပြင်ပေးပါ၊  ဒီလိုလေး ပြောင်းရေးပေးပါ စသဖြင့် အဲဒါမျိုးတွေ ကြုံခဲ့ဖူးလား?
တစ်အုပ် နှစ်အုပ်မှာ တစ်ခါတလေတော့ ရှိပါတယ်။ ပြင်ပေးရတာပေါ့နော်။ စာပေစိစစ်ရေးက ထောက်တဲ့ အချက်လေးတွေကိုတော့ ကိုယ်က ပြင်ပေးရပါတယ်။ ပြင်ပေးရတာတော့ ရှိပါတယ်။
ကိုယ့်ဝတ္ထုတွေကို ဗွီဒီယို ရုပ်ရှင်အဖြစ် ရိုက်တဲ့အခါမှာ ဇာတ်ညွှန်းရေးသူနဲ့ ဒါရိုက်တာက ပြင်လိုက်တဲ့ အခါမှာရော ဆရာမရဲ့ စိတ်ခံစားမှု ဘယ်လိုရှိလဲ?
တချို့တွေကတော့ ကျွန်မရဲ့ သဘောတူညီချက်ကို တောင်းပါတယ်။ ကိုယ်က အဝေးရောက်နေတယ်။ သူတို့ ရိုက်ပြီးတဲ့အခါမှ သိရတာမျိုးတွေလည်း ရှိတယ်။ သိတဲ့အခါ ကျွန်မမကြိုက်ရင် ဒါရိုက်တာနဲ့ တိုက်ရိုက် contact မရရင်တောင်မှ ကျွန်မရဲ့ မိဘတွေကတဆင့် ပြောခိုင်းတယ်။ ဟိုတလောကလည်း ဖြစ်ဖူးတယ်။ ဒါရိုက်တာရဲ့ နာမည်တော့ မပြောတော့ပါဘူး။ သူရိုက်တဲ့ကားမှာ ကျွန်မရဲ့ ဇာတ်ကောင် နာမည်တွေကိုပါ ပြောင်းထားတယ်။ အဲဒါကို ကျွန်မ ဘယ်လိုမှ ခံစားလို့မရဘူး။ အဲဒီအခါ ကျွန်မရဲ့ မိဘတွေက တဆင့် အဲဒီဒါရိုက်တာကို ပြောပြရတာပေါ့။ နာမည်တော့ မပြောင်းပါနဲ့လို့။ အဲဒီလိုမျိုးလေးပေါ့နော်။ ဇာတ်လမ်းကို ပြောင်းလိုက်တဲ့အခါ ကိုယ့်ဇာတ်လမ်းမဟုတ်သလို ခံစားရတယ်။ ဇာတ်ကောင်ရဲ့ နာမည်တွေကအစ ပြောင်းသွားတယ်ဆိုတော့ ဒါဟာ ဘယ်လိုမှ ကျွန်မရဲ့ဝတ္ထုမဟုတ်တော့ဘူးပေါ့နော်။ ဒါကို ခံစားရတာ စိတ်မချမ်းသာဘူးလေ။ အဲဒီတော့ မခံစားတော့ဘူးပေါ့နော်။ ကိုယ်နဲ့ မဆိုင်သလိုဘဲ နေလိုက်တယ်။
ဆရာမက ဝတ္ထုတိုရေးရာက လုံးချင်းလိုင်း ကူးလာတဲ့သူဆိုတော့ ဝတ္ထုတိုနဲ့ လုံးချင်းမှာ ရေးတဲ့သူဘက်က အားထုတ်မှုတွေက ဘယ်လို ကွာခြားမလဲ?
ဝတ္ထုတိုနဲ့ လုံးချင်းကတော့ ကွာပါတယ်။ ဝတ္ထုတို ဆိုတာကတော့ စာလုံးရေကလည်း နည်းနည်းလေးပေါ့။ အဖြစ်အပျက်လေးကလည်း ပြကွက်လေး တစ်ခုပေါ့လေ။ သူက အရှည်ကြီးလည်း ရေးလို့မရဘူး။ ပြကွက်လေး တစ်ခု ဖြစ်ရင် ဖြစ်မယ်၊ ကာရိုက်တာလေးတစ်ခု ဖြစ်ရင်ဖြစ်မယ်။ အဖြစ်အပျက်လေးတစ်ခုကို ကိုယ်က ပြောချင်တာ ဖြစ်မယ်ဆိုတော့ အဲဒါလေးကို A4စာရွက်နဲ့ ဆိုရင် လေးမျက်နှာလောက်ပေါ့နော်။ အဲဒီလို ချရေးရတာဆိုတော့ ဝတ္ထုတိုကတော့ သူ့ဟာနဲ့သူ သက်သက်ပေါ့နော်။ လုံးချင်းမှာတော့ စပြီး စဉ်းစားရပြီ ဆိုကတည်းက ဇာတ်အိမ်ထဲမှာ ဇာတ်ကောင်တွေပါမယ်။ သူတို့နဲ့ နွှယ်တဲ့ အဖြစ်အပျက်တွေ ပါလာမယ်။ သူတို့ရဲ့ အတွေးအခေါ်တွေ၊ ဇာတ်ကောင်တွေ၊ အချင်းချင်းရဲ့ ပဋိပက္ခတွေ ပါလာမယ်။ အများကြီးပေါ့နော်။ ဖတ်တဲ့ ပရိသတ်ကို မငြီးငွေ့အောင် ဆွဲဆောင်ရတဲ့ အပိုင်းလည်း ပါတယ်။ စာမျက်နှာတွေ အများကြီး ရေးရတာဆိုတော့ မငြီးငွေ့သွားအောင်၊ ဒါပြီးရင် ဘာဖြစ်မလဲဆိုတဲ့ အတွေးနဲ့ ဆက်ဖတ်ချင်နေအောင် အခန်းစဉ်တစ်ခုနဲ့ တစ်ခု ချိတ်တာတွေကအစ မတူဘူးပေါ့။ အဲဒါတွေက ပညာသားတွေ အများကြီး ပါတယ်ပေါ့နော်။ တစ်ခန်းနဲ့ တစ်ခန်း အကူးအပြောင်းလေးတွေမှာ သယ်ပြီး ခေါ်သွားရတာမျိုး ဆိုတော့ ကျွန်မအနေနဲ့ ပြောရရင် ဝတ္ထုတိုရေးရတာက ပိုလွယ်တယ်လို့ ထင်ပါတယ်။ လုံးချင်းကတော့ ပိုပင်ပန်းတယ်လို့ ထင်ပါတယ်။
အိမ်ထောင်သည်ဖြစ်လာပြီး သမီးတစ်ယောက်မိခင် ဖြစ်လာတဲ့အတွက် စာဖတ်ပရိသတ်ကို ပေးချင်တဲ့ Message နဲ့ ရသကရော ပြောင်းသွားသေးလား?
အင်း Message ကတော့ ကျွန်မ ငယ်ငယ်တုန်းက ရေးခဲ့တာက တစ်မျိုးပေါ့၊ အခု အသက်အရွယ်ရလာတဲ့ အချိန်မှာတော့ မတူတော့ဘူးပေါ့။ Message လေးက တစ်ခါတလေကျရင် ဘဝနဲ့ဆိုင်တဲ့ ဒဿနလေးတွေ၊ အတွေးအခေါ်လေးတွေကို ကိုယ်က ထည့်ရေးချင်လာတယ်။ ထည့်ရေးချင်လာလို့ ထည့်ရေးဖြစ်သွားတယ် ပေါ့နော်။ အဲဒီတော့ မတူတော့ဘူးပေါ့။ အိမ်ထောင်သည်ဖြစ်လာလို့ အိမ်ထောင်သည်နဲ့ ပတ်သက်တာတွေ ချည်းလည်း မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ ဘဝအပေါ် ခံယူမှုပေါ့။ ကျွန်မ ဘဝ၊ ကျွန်မရဲ့ခံယူချက် ဆိုရင်တော့ ပြဿနာတစ်ခုဖြစ်ရင် ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲပေါ့။ အဲဒီအခါမှာ ကိုယ့်ရဲ့ အတွေးအခေါ်ပိုင်းက ပါလာပြီဆိုတော့ အဓိကက ကိုယ်စိတ်ချမ်းသာဖို့၊ ကိုယ်အေးချမ်းဖို့ပေါ့။ ပြီးတော့ ကိုယ်နဲ့ပတ်သက်တဲ့သူတွေ အေးချမ်းဖို့ ကျွန်မ အဓိကထားတယ်။ စာရေးတဲ့အခါမှာ အဲဒီလို သိသိသာသာ ပြောင်းလဲသွားတယ်။ ပြောင်းလဲသွားတဲ့ဟာလေးတွေမှာ ပရိသတ်ကို ကောင်းတဲ့အတွေးအခေါ်လေးတွေ၊ Message လေးတွေ ပေးချင်တဲ့ စိတ်ကလေးတွေ ပေါ်လာတယ်။ ပေါ်လာတဲ့အတိုင်း ကျွန်မ ထည့်ရေးပေးတယ်ပေါ့။ အဲဒီတော့ အိမ်ထောင်သည်ဖြစ်လာတဲ့အတွက် ပြောင်းလဲသွားတယ် ပြောရမှာပေါ့။
တခြားEntertainmentတွေ များလာတဲ့အတွက် ဒီကလူတွေရဲ့ စာဖတ်အားက ပြောင်းလဲသွားလား?
ကျွန်မသိရသလောက်က အခုက အင်တာနက်တွေ အရမ်းခေတ်စားလာတော့ သူတို့လိုချင်တာတွေကို ရှာဖွေနိုင်တယ်။ အဲဒီအတွက် အင်တာနက်ဆိုင်တွေကို သွားကြတယ်ပေါ့။ Internet Cafe ယဉ်ကျေးမှုကလည်း တော်တော်လေးကို ခေတ်စားလာတယ်။ အဲဒီအခါမှာ စာဖတ်အားကတော့ သိသိသာသာ နည်းသွားတယ်။ ကျသွားတယ်။ ကျွန်မတို့ ဝတ္ထုလိုင်းမှာဆိုရင် စောင်ရေပိုင်းကအစ ကျသွားတယ်။ ကျွန်မအနေနဲ့ ပြောချင်တာက ကိုယ်ဗဟုသုတရစေမယ့် စာအုပ်တွေကိုလည်း ဖတ်သင့်ပါတယ်။ စာအုပ်ဖတ်တာနဲ့  အင်တာနက် ဖတ်တာ မတူဘူးလို့တော့ ကျွန်မထင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အင်တာနက် မွှေပါတယ်။ အင်တာနက်မှာ ရိုက်ထည့်လိုက်တာနဲ့ ကိုယ်လိုချင်တာ အကုန်တွေ့နေရတာပဲ။ ဒါပေမယ့် မတူဘူး။ ဝတ္ထုစာအုပ် ဖတ်ရတဲ့ အရသာနဲ့ အင်တာနက် မွှေရတဲ့ အရသာကတော့ လုံးဝမတူဘူးပေါ့။ အဲဒီတော့ စာဖတ်သင့်ပါတယ်။
စာကြည့်တိုက်တွေ များများရှိပေးဖို့တော့ လိုမှာပေါ့?
လိုပါတယ်။ အများကြီးလိုတယ်။ ကျွန်မ စိတ်ကူးထားတာပေါ့နော်။ ကိုယ်တတ်နိုင်တဲ့ တစ်နေ့မှာ စာကြည့်တိုက်တစ်ခု ဖြစ်အောင် လုပ်ချင်ပါတယ်။ စာကြည့်တိုက်တွေလည်း အများကြီး ပေါ်လာသင့်ပါတယ်။
မြန်မာပြည်ကို ပြန်လာခိုက်မှာ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ဆရာမကို အထူးပဲ ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ရှင့်။ ကျွန်မကလည်း ဆရာကိုကိုလှမြင့်ကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။

(မှတ်ချက်။ အပျိုစင်မဂ္ဂဇင်းမှ ကိုကိုလှမြင့်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့သည်များကို အွန်လိုင်း စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

လွန်းထားထား(ဆေးတက္ကသိုလ်)

1 comments:

Interview လေး နှစ်ခုတွေ့လို့ လာဖတ်ရင်း ဝတ္ထု Link တွေ Download လုပ်သွားပါတယ်... ရုပ်ရှင်ကြည့်ရတာထက် ဝတ္ထုဖတ်ရတာ ပိုကြိုက်တယ်... ကျေးဇူး...း))

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...