ကိုယ်ခွဲများ

“အခုလို ကိုယ်ခွဲကလေးဖန်တီးပြီး
နေချင်သလိုနေကြည့်ရင်း
စိတ်ကူးနေရတာကိုက 
အရသာတစ်ခုဖြစ်နေပြီ”
........
 သူမ မျက်လုံးများကို စုံမှိတ်ထားလျက် ဘာလုပ်ရကောင်းမလဲ တွေးတောနေမိ၏။ တကယ်တော့ ဘာမှ လုပ်၍ မရချေ။
လွန်ခဲ့သော တစ်ပတ်ခန့်က လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ ဗျာများခဲ့သူ၊ အလုပ်ဟူသမျှကို ကိုယ့်အတွက်ချည်းသာဟု သတ်မှတ်ခဲ့သူ မိန်းမတစ်ယောက်က အခုတော့ အိပ်ရာထက်တွင် ပက်လက်ကလေး ငြိမ်သက်စွာ လဲလျောင်းရှိပြီ။ ဘာလုပ်ရမလဲ။
လွန်ခဲ့သော တစ်ပတ်က သူမ ဘယ်ဘက်ရင်ဘတ်ထဲက စူးစူးဝါးဝါး အောင့်မျက်လျက် ရင်တွေ တလှပ်လှပ်တုန်ရင်ကာ မောပန်းပြာမိုက်သွားခဲ့သည်။
လုပ်ကြပါဦး၊ ကယ်ကြပါဦး နှင့် တစ်အိမ်သားလုံး ဗျာများသွားကြကာ ဆရာဝန်ပင့်ရလေသည်။ ဆရာဝန်က E.C.G ဆွဲကြည့်သည်။ နှလုံးရောဂါရဲ့ လက္ခဏာများ တွေ့ရသည်ဟုဆိုကာ နောက်ရက်တွင် Echo ရိုက်ကြည့်ပြီး နှလုံးရောဂါအဖြစ် ရောဂါအမည်သတ်မှတ်လိုက်လေသည်။
ထို့နောက်တော့ ဆေးများသောက်စေကာ အိပ်ရာပေါ်တွင် အနားယူခိုင်းလေသည်။ တစ်သက်လုံးက အိပ်ရာထက်တွင် ညဘက်အိပ်ရုံ၊ ခြောက်နာရီအထက် ပိုမအိပ်ဘူးခဲ့သော မိန်းမတစ်ယောက်သည် အိပ်ရာပေါ်တွင် နေ့ရောညပါ လဲလျောင်းရမည်ဆိုသောအခါ သူမ အလွန်စိတ်ညစ်ညူး အားငယ် သွားလေသည်။ 
သို့ပေမယ့် တစ်အိမ်သားလုံးက သူမအား ဝိုင်း၍ နားချချော့မော့ကြလေသည်။ ကျန်းမာရေးလောက် ဘာကမှ အရေးမကြီးကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ဖျောင်းဖျကြလေသောအခါ သူမမှာ မတတ်သာလွန်း၍ အရှုံးပေးလက်မြှောက်ကာ အိပ်ရာထက်တွင် ဗုန်းဗုန်းသား လဲတော့လေသည်။
မနက်လေးနာရီဆိုလျှင် ကျင့်သားရနေသော မျက်လုံးများက ဖျတ်ခနဲနိုးလာသည်။ ထပြီး ဘုရားရှိခိုး၊ ဆွမ်းတော်၊ ရေချမ်းကပ်ဖို့ စိတ်ကူးသေးသည်။ သို့သော် ဘုရားခန်းက အပေါ်ထပ်မှာ လှေကားကို တက်ရမည်။ ဆရာဝန်က လှေကားတောင် မတက်ပါနဲ့လို့ မှာထားတာကို သတိရ၏။
မဖြစ်သေးပါဘူးလေ။ ဘာလုပ်ရပါ့။ ဟုတ်ပြီ...။ အခုချိန်ကစပြီး ငါ ကစားနည်းတစ်ခုတော့ ကစားမှဖြစ်တော့မယ်။ အဟင်း...ဟင်း...။ ကိုယ်ခွဲကစားနည်းလေ။ ဒီလောက် ငြိမ်ငြိမ်သက်သက် လှဲနေရမယ်ဆိုရင်တော့ ပျင်းစရာကောင်းလှသည်လေ။ ဒီတော့ ကြံကြံဖန်ဖန် ကစားနည်းထွင်ပြီး စိတ်ကို အလုပ်ပေးဦးမည်။ ဘာမှ ပင်ပန်းတာမဟုတ်။
ကဲ... ကိုယ်ခွဲကလေးရေ...။ ဘုရားစင်ရှေ့သွားပေတော့။ လုပ်နေကျအတိုင်း ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာကပ်ပြီး ဘုရားရှိခိုး တရားထိုင်ပေတော့။
သူမက ပြုံးပြုံးကလေးနှင့် မျက်လုံးများမှိတ်ထားလိုက်ကာ စိတ်ထဲကနေ ကိုယ်ခွဲကလေး တစ်ကိုယ် လွှတ်ပေးလိုက်သည်။ ကဲ... ဘယ်လောက်စိတ်ချမ်းသာဖို့ ကောင်းလိုက်ပါသနည်း။ သူမစိတ်ကူးထဲတွင် သူမရဲ့ ကိုယ်ခွဲတစ်ခု ဘုရားစင်ရှေ့တွင် လုပ်နေကျအလုပ်ကို လုပ်နေတာ မြင်ရလေသည်။
ကဲ... ဘယ်မလဲ အိပ်ရာထဲက လူနာ၊ သူမ တကယ်ပင် ဘုရားစင်ရှေ့သို့ ရောက်သွားလေသည်။ သူမ တော်တော် စိတ်ချမ်းသာသွားလေသည်။
မနက်ခြောက်နာရီ ထိုးပြီ။ သူမ မျက်နှာသစ်သွားတိုက်ဖို့ ငှားထားသော ကောင်မလေးက ရေခွက်၊ သွားတိုက်ဆေး၊ ဆပ်ပြာကို သူမခုတင်ဘေးသို့ ယူလာပေးသည်။ သူမ အိပ်ရာထဲမှာပင် မျက်နှာသစ်၊ သွားတိုက်လိုက်ရသည်။ နံနက်စာ နွားနို့နှင့်ဘီစကစ်ကို စားရသည်။ လူမမာစာ၊ သူမဘယ်တုန်းကမှ မကြိုက်ခဲ့သော အစားအစာများဖြစ်သည်။ 
ခါတိုင်းဆိုလျှင် မနက်ခင်းစားကို ချိစ်ပြား၊ ပေါင်မုန့်မီးကင်၊ မလိုင်၊ ကြက်ဥကြော် စသည်ဖြင့် အဆီအနှစ်များ စားနေကျ။ သူမစိတ်ကူးထဲမှာ ကိုယ်ခွဲကလေးကို ထုတ်ရပြန်သည်။
ကဲ... ကိုယ်ခွဲကလေးရေ...။ သွားလိုက်ပါဦး ထမင်းစားခန်းထဲကို...။ ပြီးတော့ ထုံးစံအတိုင်း နံနက်စာပြင်ဆင်၊ စားချင်တိုင်းစား၊ ပေါင်မုန့်မီးကင်မှာ ထောပတ်ထူထူသုတ်၊ အချိုကြိုက်သူမို့ ကော်ဖီဟာ နို့ဆီ၊ သကြား ခပ်ပျစ်ပျစ်နဲ့ တစ်မက်ခွက်စာဖျော်၊ ချိ(စ်)ကြိုက်သူပီပီ ချိ(စ်)ပြားကို တစ်ခါစားရင် နှစ်ချပ်၊ သုံးချပ်၊ ဒီအတိုင်း တမြုံ့မြုံ့ဝါး၊ ကြက်ဥကြော်၊ ဝက်အူချောင်းကြော်တွေ ကြိုက်သလောက်စားနေတဲ့ ကိုယ့်ကိုယ်ခွဲကလေးကို အိပ်ရာပေါ်ကနေ သူမက မြင်ယောင်ပြီး ပြုံးမိပါတယ်။ ကျေနပ်ဖွယ်ကောင်းလေစွ၊ သူမဝမ်းထဲမှာ အတော်ပြည့်ကျပ်သွားလေသည်။
တကယ်တော့ လောကဟာ နေတတ်ရင်တော့ ကျေနပ်စရာပေါ့လေ။ ငါ အိပ်ရာထဲမှာ လူမမာဖြစ်နေရကောင်းလား၊ စားချင်တာ မစားရ၊ သွားချင်တာ မသွားရ၊ လူဖြစ်ရှုံးရကောင်းလားလို့ အိပ်တွေးနေလို့ ဘာမှဖြစ်လာမှာမှ မဟုတ်တာ။
အခုလို ကိုယ်ခွဲကလေးဖန်တီးပြီး နေချင်သလိုနေကြည့်ရင်း စိတ်ကူးနေရတာကိုက အရသာတစ်ခုဖြစ်နေပြီ။
ချက်တဲ့ပြုတ်တဲ့ အခါကျတော့လည်း သူမက သူများချက်တာကို ဘယ်တော့မှ စိတ်တိုင်းမကျ၊ ကိုယ်တိုင် ရုံးမသွားခင် တမောတပန်း ချက်ပြုတ်သွားရမှ၊ အခုတော့ အိပ်ရာထက်မှာ ငြိမ်ငြိမ်သက်သက်။ 
“မမလေး၊ ကျွန်မဈေးသွားလိုက်မယ်၊ တစ်ပတ်စာ ဘာတွေဝယ်ရမလဲ၊ မမလေး စားချင်တာရှိရင် ပြောလေ”
ဟု လာပြောသော ကောင်မလေးကို တအံ့တသြလှမ်းကြည့်မိသည်။ အရင်က ဒီအလုပ်ဟာ သူမရဲ့အလုပ်။ ဒေါင်းတိမောင်းတိဖြင့် ကားကို ကိုယ်တိုင်မောင်းကာ တစ်ပတ်စာ အသားငါး ဟင်းသီးဟင်းရွက်တွေ ကိုယ်တိုင်သွားဝယ်နေကျ။ တစ်အိပ်လုံးရှိလူတွေကို ဘာစားချင်သလဲ စာရင်းလိုက်ကောက်ရသူမှာ သူမဖြစ်သည်။
“ဝယ်ချင်တာသာ ဝယ်ခဲ့ပါအေ”
ဟုပြောကာ မျက်လုံးများ ပြန်မှိတ်ထားလိုက်သည်။ မဖြစ်သေးပါဘူး။ ဒီ လူနာဆိုတဲ့ ဘဝကြီးဟာ...။
ကဲပါ... ကိုယ်ခွဲကလေးရယ်... ဈေးကို ပြေးလိုက်စမ်းပါဦး။ ခါတိုင်းလိုပဲ ကိုယ်တိုင်ကိုယ်ကျ ကိုယ်ဝယ်ချင်တာတွေ စိတ်တိုင်းကျ ဝယ်ပါချေဦး။
သူမ အိပ်ရာထက်တွင် မျက်လုံးစုံမှိတ်ကာ ပက်လက်ကလေး နားနေပေမယ့် စိတ်ကူးထဲမှာ သူမရဲ့ ကိုယ်ခွဲကလေးကတော့ ကားမောင်းကာ ဈေးဆီသို့သွားနေပြီ။ ဈေးထဲရောက်ပြီ။  လူတွေ များပြားပြွတ်သိပ်လှတဲ့ ဈေးထဲမှာ သူမက အမောတကောနဲ့ ဈေးဝယ်လျက်ရှိပြီ။
ခါတိုင်းလိုပင် အားပါးတရ ဈေးဆစ်တာဆစ်၊ အလေးပြည့် မပြည့် သမာဓိချိန်ခွင်မှာချိန်၊ စတာတွေနဲ့ အလုပ်ရှုပ်နေသော သူမရဲ့ ကိုယ်ခွဲကလေးကို စိတ်ကူးထဲမှာ ကျေနပ်နှစ်သိမ့်စွာဖြင့် သူမမြင်နေရလျှင် အိပ်ရာပေါ်မှာလှဲနေသော လူမမာဘဝကို မေ့သွားတော့သည်။
ဈေးကပြန်လာလျှင် အသားငါးတွေ ဖရီဇာထဲမှာ စနစ်တကျထည့်သိုပြီးတော့ ချက်ပြုတ်ရေးလုပ်ငန်း စတင်လေပြီ။ ထမင်းဘူးထည့်မည့်သူတွေအတွက် ဦးစားပေးကာ ချက်ပြုတ်ရသည်။ ပြီးလျှင် ထမင်းဘူးတွေထဲ လှလှပပ ဖြစ်အောင်ထည့်၊ သူမကိုယ်တိုင်အတွက်ပါ ထမင်းဘူးထည့်ပြီးချိန်မှာ ရုံးသွားဖို့ ပြင်ဆင်ရတော့မည်မို့ နာရီကို လှမ်းကြည့်ကာ ရင်မောရပြန်သည်။
ကဲ... အပေါ်ထပ်ကို ပြေးတက်ဦးမှ ကိုယ်ခွဲကလေးရေ....၊ ရေချိုးခန်းထဲဝင် ရေမိုးချိုးပြီးတော့ မှန်တင်ခုံရှေ့ အလှပြင်...၊ အဝတ်အစားကို လိုက်ဖက်တာတွေ လှတာတွေ မရွေးချယ်နိုင်၊ တွေ့ရာကောက်ဝတ်၊ ရုံးနောက်ကျလို့ မဖြစ်။ ရုံးမှာ အလုပ်တွေ ပုံအောနေပြီ။ 
သူမရဲ့ ကိုယ်ခွဲကလေးသည် ဒီလိုနှင့် ရုံးရောက်သွားလေပြီ။
နှုတ်ဆက်ကြ၊ ရယ်မောကြ၊ အလုပ်ရှုပ်ကြနှင့် တစ်ရုံးလုံး ရှုပ်ထွေးလို့နေသည်။ သူမလည်း အလုပ်တွေကြားမှာ ရှုပ်ထွေးနေတာကို သူမစိတ်ကူးထဲမှာ ပြန်မြင်နေရပါသည်။
ဟိုးအရင် အလုပ်တွေများတုန်း ကာလတွေဆီက သူမသည် အားလပ်ခွင့် နားနေချိန်ကို အသည်းအသန် ငတ်ငတ်မွတ်မွတ်နှင့် အာသာငမ်းငမ်း တောင့်တလိုချင်ဖူးသည်။
အိပ်ရာပေါ်မှာ ဇိမ်ကလေးနှင့် အမြဲနေရရင် ဘယ်လောက်အရသာရှိလိုက်မလဲဟု မကြာခဏ တွေးကြည့်ဖူးခဲ့သည်။
အခုတော့ တကယ် အိပ်ရာထဲ လဲပြီဆိုသောအခါ သူမ စိတ်ဓာတ်ကျချင်လာသည်။ စိတ်သွားတိုင်း ကိုယ်မပါနိုင် ဘဝရောက်မှပင် ကျန်းမာချိန်က တက်ကြွမှုများကို အလူးအလှိမ့် ပြန်လိုချင်နေသည်။
သူမ စိတ်ကို ထွက်ပေါက်တစ်ခုပေးဖို့ လိုအပ်လာသဖြင့် အိပ်ရာထဲလဲလျောင်းရင်း ကိုယ်ခွဲနည်းကစားခြင်းကို ရှာကြံကစားရင်း ငြီးငွေ့အထီးကျန်သော စိတ်ကို ကစားပေးနေခြင်းသာ ဖြစ်လေသည်။
ကြည့်စမ်း... အပြင်မှာ အဲ့ဒီလိုသာ ကိုယ်ခွဲလို့များရရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ သူမအတွက်တော့ နောက်ထပ် ကိုယ်ခွဲကလေး တစ်ကိုယ်များရရင် ကျေနပ်ပါပြီ။

လွန်းထားထား(ဆေးတက္ကသိုလ်)

4 comments:

အမြဲတမ်းအလုပ်နဲ့လက်နဲ့ မပျက်သူက ငြိမ်ငြိမ်လေးနေရတာ တကယ်စိတ်အပင်ပန်းဆုံးအလုပ်ပေါ့..။
ကိုယ်ပွါးလေးတွေအလုပ်လုပ်နေပေမယ့် တကယ်တမ်း မစားရ မလုပ်ရရင်တော့ တော်တော်လေး စိတ်ညစ်မိမှာသေခြာတယ်။
လေးစားစွာ
မြတ်မွန်

 

ငယ်ငယ်တုန်းက ဟိုးခေတ်ဟောင်းက တစ္ဆေသရဲဝတ္ထုတွေ ဖတ်တော့ စိတ်ပြောင်းကိုယ်ခွာ ဆိုတဲ့ ၀တ္ထုတစ်ပုဒ်ဖတ်ခဲ့ဖူးတယ်။ နိုင်ငံခြားဝတ္ထုတစ်ခုခုကို မှီးထားလားတော့မသိဘူး။ အဲဒီမှာ ဇာတ်လိုက်က အိပ်ရာထဲ လှဲနေပြီး စိတ်ဝိညာဉ်ကို နေရာအနှံ့လွှတ်တာလေ့ကျင့်ခဲ့တယ်။ ပထမတော့ အိမ်ထဲ ဟိုနားဒီနား။ နောက်တော့ နိုင်ငံအနှံ့သွားနိုင်တဲ့အထိ အောင်မြင်သွားတယ်။ မ, ရဲ့ ၀တ္ထုလေးကို ဖတ်တဲ့အခါ အဲဒီဇာတ်လိုက် စိတ်ပြောင်းကိုယ်ခွာ လုပ်ဖို့ လေ့ကျင့်နေတဲ့ အခန်းတွေကို မြင်ယောင်သွားတယ်။ တူတယ်လို့ ပြောတာတော့ မဟုတ်ဘူးနော်။ ကလေးဘ၀က စိတ်ကူးယဉ် memory ကို ပြန်ခေါ်ပေးစေတဲ့ စာလေးမှာ စီးမျောဖတ်ရှုသွားပါတယ်။ :)

 

မြတ်မွန်ရေ..

comment လေးအတွက် ကျေးဇူ:ပါ..

 

pandora ရေ..

စာရေးကောင်းတဲ့  ညီမလေးဆီက အမှတ်တရ comment လေးအတွက် ကျေးဇူ:နော်..ညီမ ရဲ့  စာလေးတွေ မထားကြိုက်တယ်...

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...