အလှဆင်ပေးသူ


“သူမကို ကျွန်တော် အလွန်ချစ်ခဲ့ဖူးပါသည်
သူများတကာတွေလို ရူးသွပ်တာတို့
စုံမက်တာတို့ မပါဘဲ ပကတိ တည်ငြိမ်အေးချမ်းစွာ
ချစ်မြတ်နိုးခဲ့ရတာ ဖြစ်၏။
သူမကိုဆိုလျှင်
ဆံစမျှင်ကလေးများမှ စကာ
သနပ်ခါးရနံ့ကလေး မွှေးပျံ့ပျံ့ကို အလယ်
သူမ ခြေဖမိုးဖြူဖြူကလေးတွေထိ အဆုံး
ကျွန်တော် သက်ဝင်ငြိတွယ်ခဲ့ပါသည်”


(၁)

သူမကို ကျွန်တော် အလွန်ချစ်ခဲ့ဖူးပါသည်။ သူများတကာတွေလို ရူးသွပ်တာတို့ စုံမက်တာတို့ မပါဘဲ ပကတိ တည်ငြိမ်အေးချမ်းစွာ ချစ်မြတ်နိုးခဲ့ရတာ ဖြစ်၏။ သူမကိုဆိုလျှင် ဆံစမျှင်ကလေးများမှ စကာ သနပ်ခါး ရနံ့ကလေး မွှေးပျံ့ပျံ့ကို အလယ် သူမ ခြေဖမိုးဖြူဖြူကလေးတွေထိ အဆုံး ကျွန်တော် သက်ဝင်ငြိတွယ်ခဲ့ ပါသည်။
သူမကို ပိုးပန်းစဉ်ကာလကလည်း သူမလိမ်းဖို့ သနပ်ခါးကအစ ကျွန်တော်ကိုယ်တိုင် တယုတယသွေးကာ ဘူးကလေးနှင့်ထည့်၍ လက်ဆောင်ပေးတတ်သော အလေ့အကျင့်ကလေးကို စွဲမြဲစွာ ကျင့်သုံးခဲ့ရာ ချစ်သူဘဝရောက်တဲ့အထိ မမေ့မလျော့ပါ။ သူမ ပါးပြင်ဆီမှ သနပ်ခါးမှုန်မှုန် သင်းပျံ့ပျံ့အနံ့ကလေး ထုံနေလျှင်ပင် ကျွန်တော့်ပီတိကို မလဲဖယ်နိုင်..။
သူမတကိုယ်လုံးတွင် အထူးခြားဆုံးမှာ အလွန်မဟာဆန်သော ဆံပင်ရှည်ရှည်များဖြစ်သည်။ ဆံပင်သားများမှာ ထူအိချောမွတ်ပြီး နက်မှောင်ပြောင်လက်စွာ တံကောက်ကွက်အထိ ဖြာဆင်းနေဟန်မှာ ကျက်သရေအရှိဆုံးပါပင်။ သူမကို မြင်သူတကာတိုင်းကလည်း ထိုဆံပင်များကြောင့် အမှတ်တရ ရှိသွားကြကာ မေ့လည်းမမေ့နိုင် ဖြစ်ရ၏။

ကျွန်တော်က သူမဆံပင်မှာ တပ်ဆင်ဖို့ ကလစ်၊ ဆံညှပ်လှလှကလေးများကို မရိုးနိုင်အောင်ဝယ်၍ သူမကို လက်ဆောင်ပေးရတာ အလွန်သဘောကျပါသည်။ သူမခေါင်းမှာ ထိုကလစ်လှလှကလေးများ လှပစွာ တပ်ဆင်ထားတာကို မြင်တိုင်း ကျွန်တော့်ပီတိနှင့်မြတ်နိုးမှုမှာ ဘာနဲ့မျှ နှိုင်းမရခဲ့ပါ။
ပြီးတော့ ကျွန်တော် သူမခြေဖမိုး ဝင်းအိအိကလေးတွေကို မြတ်နိုးပါသည်။ ကျွန်တော် သူမနံဘေးမှာ ရှိတိုင်း ထိုခြေထောက်ကလေးများကို ယုယခင်တွယ်စွာ စိုက်ငေးကြည့်နေရုံဖြင့် ကျေနပ်ငြိမ်းချမ်းခဲ့ပါသည်။ ထိုခြေထောက်ကလေးများကို ဖိနပ်လှလှကလေးတွေ တစ်ရံပြီးတစ်ရံဝယ်၍ သူမကို လက်ဆောင်ပေးဖူးပါသည်။ 

သူမ ခြေဖမိုး ဖြူဝင်းဝင်းကလေးအပေါ်တွင် ကျွန်တော့်ဖိနပ်ကလေးများ သူမဆင်မြန်းသည်ကို မြင်ရတိုင်း ကျွန်တော် ပင့်သက်ဖြာ၍ ကြည်နူးခဲ့ရသည်။ 
အဲ့ဒါ ကျွန်တော့် အချစ်ပင် ဖြစ်ပါသည်။

(၂)

ကျွန်တော်တို့ဇာတ်လမ်းကို ကြားရသူတိုင်းက အင်မတန်ရိုးစင်းလှသည် ထင်မှာပဲ။ တကယ်လည်း ရိုးစင်းခဲ့တာပါ။
“အိမ်က နေခြည်ကို ကိုနဲ့ သဘောမတူဘူး ကို၊ သူတို့ လက်ထပ်ပေးမယ့်သူ ရှိတယ်။ သိပ်ချမ်းသာတာပဲ။ သူချမ်းသာတာတွေက ဆယ်သက်တောင် စားမကုန်နိုင်ဘူးတဲ့။ နေခြည်က ပိုက်ဆံမချမ်းသာချင်ပါဘူး၊ စိတ်ပဲ ချမ်းသာချင်တာ၊ နေခြည်တို့ ထွက်ပြေးကြရအောင်လား ကို...”
သူမက ပြောရှာပါသည်။
“နေခြည် ကိုယ့်ကို သိပ်ချစ်တာပဲလား ဟင်”
“သိပ်ချစ်တာပဲ ကို၊ မခွဲနိုင်ဘူ...း”
“နေခြည် အဆင်းရဲ ခံနိုင်သလား၊ ကိုယ်က ဆင်းရဲတယ်”
“ဒါပေမယ့်... ကိုက အရမ်းကြင်နာယုယတယ်၊ ကို့အချစ်က သိပ်သိမ်မွေ့တာပဲ... နေခြည် လူဆင်းရဲပေမယ့် စိတ်မဆင်းရဲမှာ သေချာတယ်”
သူမက မြတ်မြတ်နိုးနိုး ပြောခဲ့ပါသည်။
“ကောင်းပြီလေ၊ ကိုယ် နေခြည့်ကို ခိုးပါ့မယ်”
တကယ်တမ်းတွင် ကံကြမ္မာက ကျွန်တော်တို့ကို လှလှပပကလေးပင် ခွဲပစ်ခဲ့ပါသည်။
သူမနှင့်ကျွန်တော် ချိန်းထားသောနေ့တွင် သူမရှိရာဆီသို့ ကျွန်တော်အလာ လမ်းတွင် လူကြီးတယောက် Heart Attack ရသဖြင့် ကျွန်တော် သူ့ကို ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုက ဆေးရုံကြီးသို့ရောက်အောင် ပို့ပေးခဲ့ရသည်။ လူနာကို အသက်ကယ်နေရသည်မှာ အတော်ပင်ကြာမြင့်၏။ ကျွန်တော် ဆေးရုံကြီးမှ ပြန်လာချိန်အထိ လူနာက သတိပြန်မလည်သေးပါ။ 
ကျွန်တော် သူမနှင့်ချိန်းထားရာဆီသို့ ရောက်သွားချိန်တွင် သူမ ရှိမနေတော့ပါ။ နောက်ရက်တွေမှာလည်း သူမနှင့်ကျွန်တော် ဆုံစည်းခွင့်မရခဲ့ပါ။
နောက်တပတ်အကြာတွင်  သူမလက်ထပ်သွားသော သတင်းကို ကျွန်တော် သတင်းစာထဲမှာ ဖတ်ရပါသည်။
ကျွန်တော် အသည်းကွဲ စိတ်ထိခိုက်ရပေမယ့် ရူးလောက်အောင်တော့ မဖြစ်ခဲ့ပါ။
သူမအပြင် နောက်ထပ် ဘယ်မိန်းမကိုမှ ထပ်ချစ်၍မရတော့သဖြင့် ကျွန်တော် ချစ်သူထပ်မရှာတော့သလို လက်လည်းမထပ်ခဲ့ပါ။ ကျွန်တော် တယောက်တည်း လူပျိုကြီးဘဝနှင့် အဖော်မဲ့အထီးကျန်စွာ ဖြတ်သန်းလာခဲ့ပါသည်။

(၃)

ယနေ့ ကျွန်တော့်အသက် ခြောက်ဆယ်ပြည့်ခဲ့ပါပြီ။ ဘုရားပေါ်သို့တက်ကာ ကျွန်တော် တရားထိုင်၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ နံ့သာကပ်ပြီး ငြိမ်းချမ်းစွာထိုင်နေစဉ် သူမကို ကျွန်တော် ဖျတ်ကနဲ ပြန်တွေ့ပါသည်။ ဟိုးအရင်က ထူထဲနက်မှောင်သော တံကွက်ကောက်အထိ ရှည်လျားသည့်ဆံပင်တို့သည် ယခုတော့ ငွေမင်ရောင် ဆံထုံးကြီးအဖြစ် ပြောင်းလဲသွားခဲ့သည့်တိုင် သူမငယ်ရုပ်ကို ကျွန်တော်မှတ်မိဆဲပင်...။
သူမဘေးတွင် အသက်ခြောက်နှစ်အရွယ်လောက် မြေးမကလေးတယောက်ကို လက်ဆွဲလျက်...။ သူမနားဆီမှ လက်မ လက်သည်းခွံခန့်ရှိသော စိန်နားကပ်က နေရောင်အောက်တွင် တလက်လက်ဝင်းဖြာနေပါသည်။ လက်တဖက်က မိကျောင်းသားရေအိတ် မည်းမည်းပြောင်ပြောင်နှင့်...။
ကျွန်တော် ရင်တထိတ်ထိတ်ခုန်ကာ သူမနောက်သို့လိုက်ခဲ့ပြီး 
“နေခြည်များလားဟင်”
ဟု မေးလိုက်စဉ်.... သူမက ဖျတ်ကနဲ လှည့်ကြည့်ပါသည်။ သူမမျက်လုံးတွေ လက်ခနဲ ဖြာလက်သွားတာ ကျွန်တော် မြင်ရ၏။
“ဟုတ်ကဲ... ကိုနေမျိုး များလား...”
“ဟုတ်ပါတယ်... တွေ့တွေ့ချင်း မှတ်မိတာနဲ့ လိုက်လာတာပါ၊ ဒါ မြေးမကလေးလား...”
“ဟုတ်ပါတယ်.... ကျွန်မသားက မွေးတာလေ၊ သားတယောက်ပဲ ရပါတယ်၊ ခုတော့ သားက အင်္ဂလန်မှာပါ။ M.R.C.P ရပြီးသွားပြီ၊ ဆရာဝန်ကြီးပေါ့၊ ချွေးမကလည်း ဆရာဝန်ပဲ၊ သူတို့နှစ်ယောက်စလုံး အင်္ဂလန်မှာ ဆိုတော့... ကျွန်မတို့ အဘိုးအဘွားကပဲ မြေးမလေးကို စောင့်ရှောက်နေရတယ်၊ သူကလေးက I.L.B.C မှာ တက်နေတယ်လေ ...
ခုလို ပြန်တွေ့ရတာ သိပ်ဝမ်းသာတာပဲ ကိုနေမျိုးရယ်... မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့တိုင်း ကျွန်မ အသက် ပြန်ပြန် ငယ်သွားတာ၊ အိမ်လိုက်ခဲ့ပါဦးလား... ကျွန်မ ခင်ပွန်းနဲ့ တွေ့ရအောင်”
“ကောင်းသားပဲ”
ကျွန်တော် သူမနှင့် လိုက်သွား ခဲ့မိပါသည်။ ရွှေတောင်ကြားရပ်ကွက်ထဲရှိ ရဲတိုက်ကြီးတမျှ ခမ်းနားလှသော အိမ်ကြီးကို မြင်တော့ ကျွန်တော် သူမ၏ ချမ်းသာကြွယ်ဝမှုအတွက် မုဒိတာပွားကာ ကျေနပ်မိသည်။ သူမ၏ မာစီးဒီးစ် ကားကြီးမှာ ငြိမ့်ညောင်းလှသဖြင့် စက်သံပင် မကြားရ။
“လာ.. ကိုနေမျိုး ၊ ကျွန်မခင်ပွန်းက အင်မတန်သဘောကောင်း ဖော်ရွေတဲ့သူပေါ့.... ရှင်နဲ့တွေ့ရင် ခင်သွားပါလိမ့်မယ်၊ နောင်လည်း လာလည်ပါ ကိုနေမျိုးရယ်၊ ကျွန်မ ရှင်နဲ့ စကားတွေ ပြောချင်ပါတယ်...”

(၄)

သူမခင်ပွန်းက တကယ်ပဲ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ လူတော် လူကောင်း တယောက်ပါ။ ဒီလို လူမျိုးကို ရတာ ကျွန်တော် သူမကိုယ်စား အလွန်စိတ်ချမ်းသာမိပါသည်။
စကားပြောပြီး ခဏအကြာတွင် ကျွန်တော်တို့ မိတ်ဆွေရင်းချာသဖွယ် ခင်မင်ရင်းနှီးသွားကြပါသည်။ ထို့နောက် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ကြသည်။
“ကိုနေမျိုးကို ကျွန်မတောင်းပန်ရဦးမယ်... ဟိုး လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်က ကိုနေမျိုးနဲ့ကျွန်မ ချိန်းခဲ့ကြတဲ့ တရက်ကို မှတ်မိသေးလား၊ ကျွန်မ လာစောင့်နေခဲ့ပါတယ်၊ ဒါပေမယ့် တနာရီလောက်ပဲ စောင့်ရသေးတယ်၊ အိမ်က ကားနဲ့ မေမေ ရောက်ချလာတယ်၊ ကျွန်မဖေဖေ Heart Attack ရလို့ ဆေးရုံရောက်နေတဲ့အကြောင်း ဆေးရုံကြီးက အကြောင်းကြားလို့တဲ့၊ ကျွန်မတို့ ချက်ချင်း လိုက်သွားရတာလေ... လူငယ်တယောက် လာပို့ပေးတာလို့ ဆေးရုံကပြောတယ်၊ အဲဒီလူကိုတော့ မတွေ့ရတော့ဘူး။ ဖေဖေလမ်းလျှောက်ထွက်ရင်း  Heart Attack ရရှာတာ၊ အဲဒီ လူငယ်တယောက် ကယ်ခဲ့လို့ ဖေဖေမသေခဲ့တာ၊ ဒါပေမယ့် သူဘယ်သူလဲဆိုတာ ကျွန်မတို့ သိခွင့်မရခဲ့ဘူး၊ လောကကြီးမှာ အဲဒီလို လူစားမျိုးလည်း ရှိတယ်နော်၊ သိပ်ကျေးဇူးတင်စရာကောင်းတာပဲ...နောက်တော့... ကျွန်မလည်း ဖေဖေ့ရောဂါကို ငဲ့ညှာပြီး ကိုအောင်မြင်ကို လက်ထပ်ဖို့ သဘောတူလိုက်တာ”
သူမက ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြလျက်ရှိသလို ကိုအောင်မြင်ကလည်း တပြုံးပြုံးနှင့်ရှိသည်။
ကျွန်တော်ကယ်တင်လိုက်မိသော လူကြီးသည် ကျွန်တော်သိပ်ချစ်သော ကျွန်တော့်ချစ်သူ၏ ဖခင်ဖြစ်ခဲ့မှန်း ဒီနေ့မှပင် ကျွန်တော် ရိုးသားစွာ သိခွင့်ရလိုက်ခြင်းဖြစ်ပါသည်။
ထိုအချိန်တွင် ကျွန်တော့် နှလုံးသားမှာ ပီတိတမျိုးကို လှပစွာ ခံစားရပါသည်။ ထိုပီတိမှာ သူမကို ချစ်သူဘဝတုန်းက ကျွန်တော်သွေးပေးခဲ့သော သနပ်ခါးသင်းပျံ့ပျံ့ဖြင့် သူမ လှပခဲ့စဉ်တုန်းက၊... သူမ၏ လှပသော ဆံပင်ရှည်ကြီးမှာ ကျွန်တော့်လက်ဆောင် ကလစ်ကလေးများ လှပစွာ ရှိခဲ့စဉ်တုန်းက...၊ ကျွန်တော် ချစ်မြတ်နိုးသော သူမ၏ ခြေဖမိုးဖြူဖြူတွင် ကျွန်တော့်လက်ဆောင် ဖိနပ်ကလေးများ သူမ ဆင်မြန်းခဲ့စဉ်တုန်းက...၊ ကျွန်တော်ခံစားခဲ့ရသော ပီတိနှင့် တထပ်တည်းဖြစ်ပါသည်။
တကယ်တော့... ကျွန်တော့်နှလုံးသားဖြင့် သူမဘဝကို အလှဆင်ပေးခဲ့ခြင်းသည် ထိုက်တန်သည် ဆိုပါစို့....။




လွန်းထားထား(ဆေးတက္ကသိုလ်)

2 comments:

လူတစ်ကိုယ်လုံးကို အလှဆင်ပေးရုံတင်မက ဘ၀ကိုပါ အလှဆင်ပေးလိုက်ရသလိုပါဘဲ
ကိုယ်သာဆိုရင်ရော ခုလို ပီတိနဲ့ ကြည်နူးနိုင်ပါ့မလား
စဉ်းစားသွားမိပါတယ်..

 

ဇာတ်လမ်းရဲ့ နောက်ဆုံးအပိတ်လေးတွေက ရင်ကို ထိမှန်စေတယ် sisရယ်..။
တော်ပါပေ၏။

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...