မိန်းမသုံးယောက်


(က)

ဒီအချိန်ကို မေသီ အမုန်းဆုံး။ ဆေးရုံကနေ ပင်ပင်ပန်းပန်း တစ်ယောက်တည်း ကားမောင်းပြီး အိမ်ပြန်လာ။ အိမ်ပေါက်ဝကနေ “မောလာပြီလား ဟန်နီ”  လို့ ဆီးကြိုထွေးပွေ့မည့်သူ မရှိ။ အိမ်က အမှောင်အတိကျလို့။ အေးစက်စက် အသံဗလံ ဘာမှမရှိ။ နွေးနွေးထွေးထွေး ဘာမှ မရှိ။ ရယ်မော နောက်ပြောင် ကျီစယ်သံတွေ မရှိ။ ချွဲနွဲ့မြှူချိုသံတွေ မရှိ။ ပကတိ အေးစက်တိတ်ဆိတ်ခြင်း သက်သက်။ ဒါဟာ မေသီ နေ့စဉ်ရင်ဆိုင်ရတဲ့ ညနေခင်းတွေ။ ရင်မဆိုင်လို့လည်း မရ။ ရှောင်ပြေးစရာလည်း မရှိ။ ဒါကို “ငြီးငွေ့စရာ အထီးကျန်ဘဝ” လို့ အမည်တပ်မယ်ဆိုရင် ဘယ်လိုနေမလဲ။ မေသီဖြင့် ငြင်းစရာလည်း လိုမယ်မထင်။ ဒါက မေသီကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ခဲ့တဲ့ ဘဝလေ။ မေသီ့ဘဝမှာ သင်ယူလေ့လာစရာတွေ အများကြီးပဲ ရှိနေသေးတာ။ MBBS တဘွဲ့တည်းနဲ့ မတင်းတိမ် မရောင့်ရဲနိုင်လို့ MRCP (UK) ဘွဲ့လည်း ထပ်ယူခဲ့ပြီးပြီ။ ကျက်ခဲ့မှတ်ခဲ့ရတဲ့ စာတွေ။ အခြားလူမှုရေးကိစ္စတွေအတွက် အချိန်ကို မပေးနိုင်ခဲ့တာ။ ပြီးတော့ မေသီ့လို ပညာကိုသာ တန်ဖိုးထား ရှေ့တန်းတင်ပြီး ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးဖြစ်တဲ့ တစ်ကိုယ်ကောင်းလည်း ဆန်လေ့ရှိတဲ့ ပညာတတ်မိန်းမတစ်ယောက်အဖို့ နံဘေးမှာ မှီခိုအားထားစရာအဖော်တစ်ယောက်ကို သွေးရူးသွေးတန်း ရှာစရာမလိုပါဘူး လို့လည်း မာနသွေးက တက်ခဲ့သေးတော့။ 
အင်း.... ခုတော့ မေသီ့အသက် သုံးဆယ့်ရှစ် ပြည့်တော့မယ်။ အိမ်ထောင်လည်း မပြုချင်ခဲ့။ အဖော်လည်း မရှာခဲ့။ တစ်ယောက်တည်း ရှင်သန်ရတာ သိပ်ကို အားရှိတာပဲလို့ ယူဆခဲ့တာလေ။ အမှီအတွယ်တွေ အနှောင်အဖွဲ့တွေ အပူသောကတွေလည်း မလိုချင်ခဲ့။ ကိုယ့်ဘာသာကိုယ် ရပ်တည်ဖြေရှင်းနိုင်စွမ်းရှိတဲ့ ဘဝကိုပဲ ဂုဏ်ယူကျေနပ်ခဲ့တာ။ ဘယ်သူတွေနဲ့ပဲ ယှဉ်လိုက်ယှဉ်လိုက် တစ်ယောက်တည်းမို့ အားလည်းမငယ်ပေါင်။ အပူအပင်ကင်းတဲ့ ဘဝ။ လုပ်ချင်တာ လုပ်ခွင့်ရတဲ့ဘဝလောက် ငြိမ်းချမ်းတာ ရှိဦးမလားလို့ ဟစ်ကြွေးခဲ့တာ။ မေသီ့မှာဖြင့် အားလည်း မအားနိုင်ခဲ့ပေါင်။ စာတွေကျက်ရ စာမေးပွဲတွေဖြေရ ဆေးရုံမှာ လူနာတွေနဲ့ အလုပ်တွေရှုပ်ရနဲ့ အားလပ်ချိန်ရယ်လို့ကို မရှိခဲ့တာ။ အပန်းဖြေစရာဆိုလို့ တခါတရံ သူငယ်ချင်းတွေ စုပြီး ချိန်းကြ၊ picnic ထွက်ကြ၊ စားကြသောက်ကြ၊ ရုပ်ရှင်လေး ကြည့်ကြ။ ဒါလေးပဲ ရှိတာ။ မေသီက ဘဝမှာ ပညာကိုသာ အလေးအနက်ထားခဲ့လွန်းတော့ ဘယ်အရာကိုမှ ပညာလောက် အရေးကြီးတယ်လို့ တယ်မထင်ခဲ့ဘူးလေ။ အချစ်ဆိုတာကိုလည်း လုံးဝ အယုံအကြည် မရှိ။ ချစ်သူ အဖော်မွန်ဆိုတာကိုလည်း အချိန်ကုန်စေတယ်လို့ ထင်မိသူ။ ခုတော့ အရွယ်တော်လည်း တော်တော်ဟိုင်းခဲ့ပြီမို့ အဖော်ကိုလည်း မတမ်းတ လိုတော့ပါဘူး။ အဖော်မရှာခဲ့တာကို နောင်တတော့ မရချင်ပေမယ့် ကိုယ့်ဘဝကို ဘာကို စိတ်တိုင်းမကျ ဖြစ်မိမှန်းမသိ။ စိတ်တိုင်းမကျမိတာတော့ အမှန်ပါပဲ။ ဘာကိုလိုအပ်မှန်း တောင့်တချင်မှန်းလည်း မသိ။ အထီးကျန်ဆန် ခံစားမိတာကိုတော့ဖြင့် မဖုံးကွယ်လိုပါဘူးလေ။ ခုချိန်ကျတော့မှ....။

(ခ)
ညနေ ခြောက်နာရီဆို မောင်ပြန်လာချိန်...။ ကေသီက ငါးနာရီခွဲဆို မီးဖိုခန်းထဲမှာ သီချင်းကလေး တအေးအေးနဲ့ ချက်ပြုတ်ပြင်ဆင်နေကျ...။ ဒါမှ မောင်ပြန်လာချိန်မှာ... တိုင်ပင်ကိုက် ထမင်းဟင်း ပူပူနွေးနွေးစားရမှာကိုး။ သမီးလေးက ကျောင်းကပြန်ရောက်ပြီး ခဏနား ရေချိုးပေးပြီး ခဏအိပ်ခိုင်းထားပြီ။ သူ့ဖေဖေ ပြန်လာရင် နိုးနေကျ။ အဲဒီတော့မှ မိသားစုသုံးယောက် ထမင်းဝိုင်းမှာ... ရယ်မော စကားတွေ ဆိုရင်း အတွေ့အကြုံတွေ ဖလှယ်ကြ။ အဲ့ဒီအချိန်ကလေးကို ကေသီ မက်မောပျော်ရွှင်မိပါရဲ့...။ တနေကုန် တလှုပ်လှုပ်နဲ့ အိမ်မှုကိစ္စ ဝေယျာဝစ္စတွေကြားမှာ မအားလပ်နိုင်အောင် ရှိခဲ့ပေမယ့်လည်း မောလှတယ်လို့ ကေသီဖြင့် မထင်မိပေါင်။ ကေသီချစ်မြတ်နိုးသော မောင်နဲ့ သမီးလေးအတွက် ဝေယျာဝစ္စလုပ်ကိုင်ပေးရတာကို ကေသီ ကြည်နူးနှစ်သက်မြဲ...။ အိမ်ရဲ့ဝင်ငွေကို မောင်က ပြည့်စုံလောက်ငှစွာ ဖွေရှာပေးနိုင်သူမို့ မိသားစုဘဝ သာယာပျော်ရွှင်မှုကလေးကို ကေသီက ပိုက်ဆံထက် ပိုမက်မောတာမို့ အိမ်ရှင်မဘဝကို ကြည်ကြည်ဖြူဖြူပဲ ရွေးချယ်ခဲ့တာပါ။ အိမ်ရှင်မ လုပ်နေရတဲ့အတွက် အောက်ကျသိမ်ငယ်တယ်ရယ် လို့လည်း မခံစားမိပါဘူး။ မောင်နဲ့သမီးလေးတို့ရဲ့ ရယ်မောသံ နောက်ပြောင်ကျီစယ်သံတွေ ညံစီနေတဲ့ ဒီအိမ်ကလေးကိုပဲ တွယ်တွယ်တာတာ ရှိလှတာပါ။ ကိုယ့်ကိုယ်ကို နောက်မှာထား မြှုပ်နှံပြီး မောင်နဲ့သမီးအတွက် ပါရမီဖြည့်ရတာကိုပဲ ကျေနပ်နေသူ....။
သူများတွေအတွက်တော့ ကေသီမသိ။ ကေသီကတော့ မောင့်အတွက် ရုံးသွားဖို့ အဝတ်အစားကို သပ်သပ်ရပ်ရပ် လိုက်ဖက်ညီအောင် ရွေးချယ်ပေးရတာ။ မောင့်ရဲ့ neck tie ကို ကိုယ်တိုင်ချည်ပေးရတာ။ သမီးလေးကို ကိုယ်တိုင်ကျောင်းပို့ရတာ။ စာတွေသင်ပေးရတာ။ ကဗျာတွေ အတူတူရွတ်ပေးရတာ။ ဘုရားအတူတူ ရှိခိုးရတာ။ အိပ်ရာဝင်ပုံပြင်စာအုပ်တွေ ဖတ်ပြရတာကို ပျော်မွေ့ကြည်နူးတတ်သူပါ။ ကေသီ့သူငယ်ချင်းတွေ စီးပွားရေးနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရနေချိန်မှာ ကေသီက အများအမြင်မှာ ဘာမှမဟုတ်တဲ့ သာမန်အိမ်ထောင်ရှင်မတစ်ယောက်လို့ပဲ မြင်ကြလိမ့်မယ်။ ကေသီကတော့ ကိုယ့်ကိုယ်ကို အပျော်ရွှင်ဆုံးမိန်းမတယောက်လို့ သတ်မှတ်ပါတယ်။ လူဆိုတာ ကိုယ်ရွေးချယ်ထားတဲ့ဘဝကို ကျေနပ်ရောင့်ရဲနိုင်မှ ပျော်ရွှင်နိုင်တာမှတ်လား။ အပျော်ရွှင်ဆုံးလူတွေဆိုတာ အကောင်းဆုံးတွေ ရထားတဲ့သူတွေကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ရထားတာတွေအပေါ် ကျေနပ်ရောင့်ရဲနိုင်သူတွေကမှ အပျော်ဆုံးလူတွေပါ...။

(ဂ)

ရုံးမှာ တနေကုန် ပင်ပန်းနွမ်းနယ်ခဲ့ပြီးရင်... ကားကို ကိုယ်တိုင်မောင်းလို့ အိမ်ပြန်ရောက်ချိန်မှာ... စန္ဒီတယောက် သက်ပြင်းမောကို ချမိတာ နေ့တိုင်းပါပဲ...။ ယောက်ျားလုပ်တဲ့သူက စန္ဒီ့ထက်နောက်ကျပြီးမှ ပြန်ရောက်မှာ။ အိမ်မှာ လူပိုခေါ်မထားဘဲ စန္ဒီတို့နှစ်ယောက်တည်း ကိုယ်ထူကိုယ်ထစနစ်ကျင့်သုံးတာမို့ တယောက်နဲ့တယောက် တွက်ကပ်ချင်စိတ်ကလေးတွေလည်း ရှိချင်သေးတာ။ ဝင်ငွေရှာကြတာချင်းအတူတူ ဘယ်သူကမှ ပိုပြီး အခွင့်အရေးမယူသင့်ဘူး လို့ကို ကြွေးကြော်ထားကြတာလေ။ စန္ဒီတို့နှစ်ယောက်စလုံးက ဘိုဆန်ဆန်အတွေးအခေါ်မျိုးတွေ ပိုင်ဆိုင်ထားကြသူတွေ ဆိုတော့ “အခွင့်အရေး” တို့ “ရပိုင်ခွင့်” တို့ ဆိုတာတွေကိုတော့ တွင်တွင်ကျယ်ကျယ် သုံးစွဲတတ်တယ်လေ။ သာတာနာတာတွေ တွက်လွန်းလို့ ကလေးတောင် မယူတာ ကြည့်။ ကလေးရလာရင် ကလေးရဲ့ တာဝန် ဝေယျာဝစ္စတွေ ကလေးကို ပြုစုပျိုးထောင်ရမယ့် အရေး ... အမလေး ...တွေးလိုက်ရင် ရင်မောစရာမို့ ကလေးဆို ဝေးဝေးကရှောင်ပါ တယ်။ နှစ်ယောက်စလုံးက တကိုယ်ကောင်းဆန်ချင်တာလည်း အတူတူမို့... ကလေးရှိလာရင် စွန့်လွှတ်ပေးဆပ်ရတာတွေ အများသားမို့ လုံးဝကလေးမယူကြေး...။
အိမ်ပြန်ရောက်ရင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားရမှာကို စားတော့စားချင်ပေမယ့် မလုပ်ချင်တာက ဆိုးတာ..။ အဲဒီတော့ ခေါက်ဆွဲပြုတ် ရယ်ဒီမိတ်အစားအစာတွေနဲ့ပဲ နပန်းလုံးနေတာ အိမ်ထောင်သက် ငါးနှစ်လုံးလုံး..။ ကိုယ့်အဝတ်ကိုယ်လျှော်... ကိုယ့်ဘာသာ မီးပူတိုက်ဝတ်ကြေး...။ ဘယ်သူ့ဘယ်သူကိုမှ လုပ်မပေးနိုင်။ ဒါတောင် အိမ်သန့်ရှင်းရေးအတွက် ဖုန်စုပ်စက်ဆွဲဖို့ကို ဘယ်သူကများ အလိုက်သိဆွဲပေးမလဲလို့ တယောက်ကိုတယောက် စောင်းပေပေ စောင့်ကြည့်ချင်သေးတာ။ စန္ဒီတို့က လင်မယားတွေပေမယ့် စိမ်းတော့အစိမ်းသား။ သူကလည်း ပြန်ရောက်လာရင် သူ့ဘာသာ ရှာကြံစားသောက်ပြီး Lap top တလုံးနဲ့ အလုပ်လုပ်ရင်း အင်တာနက်ဝင်နေတော့တာ။ စန္ဒီကလည်း ကိုယ်ပိုင် Lap top တလုံးနဲ့ သပ်သပ်...အချိန်ကုန်။ ညအိပ်ရာဝင်တော့လည်း ကျောချင်းကပ်လျက်...။ တခါတလေတော့လည်း စဉ်းစားမိသေး...။ စန္ဒီတို့ရဲ့ အိမ်ထောင်သည်ဘဝက ဘယ်လိုကြီးများလဲလို့။ တမိုးအောက်မှာ သူစိမ်းနှစ်ယောက် အတူနေပြီး ကိုယ့်ဘဝနဲ့ကိုယ် သူ့ဘဝနဲ့သူ တိုးတက်ရာတိုးတက်ကြောင်း ရှာဖွေကြိုးစားနေကြတဲ့ ဘဝဟာ... ဘာမှလည်း အဓိပ္ပါယ်မရှိသလိုပါပဲ... ဒါပေမယ့်လည်း စန္ဒီက နေသားတကျဖြစ်လို့....။


လွန်းထားထား(ဆေးတက္ကသိုလ်)

7 comments:

အပေါ်ဆုံးတစ်ယောက်က ကိုယ်များလားလေ
တော်တော်များများ တူနေတယ်
မထားက ညီမကို စောင်းရေးထားတာလား မသိနော်း)

 

အပေါ်ဆုံးက တစ်ယောက်ရဲ့
စိတ်ကူးလေးနဲ့ ခံယူချက်ကို ကြိုက်တယ်။

 

သုံးယောက်လုံးကို ပေါင်းပြီး Remix လုပ်လိုက်ရင် ကောင်းမယ် အစ်မထား..........ဟီးဟီးဟီး.......

 

တတိယ အမျိုးအစားပါ...

ဒါပေမယ့် မတူတာက weekdaysတွေမှာတောင် အိမ်စောစောပြန်ရောက်ရင် အတူချက်ပြုတ်စားကြတယ်...
ဟင်းကတော့ အလွယ်ပေါ့(ဥပမာ ကြက်ဥမွှေကြော် + လက်ဖက်သုတ်၊ ပဲဟင်းချို + ခရမ်းချဉ်းသီသုတ် ...)
ဒါလဲ စားကောင်းတာပါပဲ...

စောစောပြန်မရောက်ရင်တောင် အချိန်တူတူပြန်ဖြစ်ရင် အိမ်နားက shopping mallမှာ ညစာအတူစားကြတယ်...
အားရင် mall၁ခုလုံး လျှောက်ကြည့်ကြသေးတယ်...

အိမ်ရောက်ရင်လဲ အနည်းဆုံးတော့ TV ကြည့်တယ်။
channel၁ခုခုက seriesတွေကြည့်ချင်ကြည့်... မကြည့်ရင်လဲ သီချင်းခွေ၁ခွေလောက်တော့ အနည်းဆုံးကြည့်ပြီး အတူတူ စိတ်ကိုအနားပေးကြတယ်...

ပိတ်ရက်တွေဆိုရင်တော့ shoppingအတူသွားရင်သွား၊ သူငယ်ချင်းတွေအိမ် အတူသွားလည်ရင်လဲ လည်တယ်...
ဒါမှမဟုတ်လို့ အိမ်မှာပဲ နေဖြစ်ရင်တော့...
မြန်မာထမင်းဟင်း စုံစုံလင်လင်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ အုန်းထမင်း၊ ဒန်ပေါက်၊ ကြက်/ဆိတ်သား ပလာတာ၊ ရခိုင်မုန့်တီ၊ ကုလားပဲသုပ်၊ အသုပ်စုံ၊ အကြော်စုံ၊ မုန့်ကြာစိ သာကူ၊ ကောက်ညှင်းပေါင်း၊ ဆီထမင်း ... စသည်ဖြင့် တော်တော်စုံစုံကို လင်မယားနှစ်ယောက်အတူတူ လုပ်စားကြတယ်...

အစ်မထားပြောသလိုပါပဲ...
အပျော်ရွှင်ဆုံးလူတွေဆိုတာ အကောင်းဆုံးတွေ ရထားတဲ့သူတွေကို ပြောတာမဟုတ်ပါဘူး။
အပျော်ရွှင်ဆုံးလူတွေဆိုတာ ကိုယ်ရွေးချယ်ထားတဲ့ဘဝကို ဘယ်လိုပျော်ရွှင်အောင် စိတ်ချမ်းသာအောင် နေမလဲဆိုတာ ကိုယ်ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိပြီး လက်တွေ့မှာလဲ ကျင့်သုံးနေထိုင်ကြသူတွေပါ။
ကိုယ်ပိုင်တဲ့ကိုယ့်ဘဝကို ကိုယ်တိုင်အကောင်းဆုံး ဖန်တီးကြဖို့သာ...

 

အလယ်ကတ‌ယောက်ကတို့နဲ့တဝက်တူတယ်...။‌ကေသီ့လိုဘဲကိုယ်‌ရွေး
ချယ်တဲ့လမ်းမှာကိုယ့်ဘာကိုယ်အ‌ပျော်ဆုံးလို့ထင်ထားခဲ့‌ပေမဲ့........။
တခါတရံ...‌ကျောင်းတူတြူပီးတဲ့သူငယ်ချင်း‌တွေနဲ့‌တွေ့ ရင်တချို့ကမန်‌နေဂျာမကြီး‌တွေ၊တချို့ကလ/ထညွှန်မှူး‌တွေဖြစ်‌နေကြတာ‌တွေ့ ရင်ကိုယ့်
ဘဝကိုယ်သိမ်ငယ်သလိုခံစားရတယ်၊စိန်နားကပ်အ‌ရောင်နဲ့ပါး‌ပြောင်‌နေရ
တဲ့ဘဝလို့ ထင်လာမိတယ်။အဲ....ဒါ‌ပေမဲ့သူငယ်ချင်း‌တွေက‌တော့ကိုယ့်ကို
အားကျတယ်တဲ့....လူ့ အလိုနတ်မလိုက်နိုင်ဘူးဆိုတာဒါမျိုးထင်ပါရဲ့ ....။

 

အပေါ်ဆုံးက မိန်းမတစ်ယောက် ဖြစ်နေခဲ့ရတယ် ။ ခံစားချက်တွေ တော်တော်တူနေတယ် မထားရေ ။ ဒါပေမယ့်အဲလောက်တော့မကြီးသေးဘူးပေါ့ ။ တစ်ခါတစ်တစ်လေတော့လဲ စိတ်ထင်ရာ လုပ်ပစ်ခွင့်ရချင်တယ် ။

 

ပထမ တယောက်လို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ဒုတိယတယောက်လို ပျော်ရွှင်မှုမျိုးရချင်မိတယ် ..
အဲဒါဆို စတုတ္ထမိန်းမ လို့ ခေါ်ရမလား ပဲ ။

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...