ဟောက်တတ်သူများ


(က)

အဖြစ်ကတော့ ရယ်စရာကောင်းပါတယ်။ ကျွန်မဘဝမှာ အကြောက်ဆုံးအသံက လူတယောက်အိပ်တဲ့အခါ  အိပ်မောကျပြီး ထွက်ပေါ်လာတဲ့ ဟောက်သံကိုပါပဲ။ အထူးသဖြင့် ညဥ့်နက်သန်းခေါင် ကိုယ်က အိပ်မပျော်သေးခင် တပါးသူတွေရဲ့ အသံမျိုးစုံနဲ့ ဟောက်သံတွေကို ကြားရရင် ကျွန်မ စိတ်ချောက်ချားပြီး ပိုလို့တောင် အိပ်မရဖြစ်ရပါတယ်။
အိမ်မှာဆိုရင်တော့ အင်မတန်ဟောက်သံကျယ်တဲ့ မေမေနဲ့အတူ မအိပ်ရဲလို့ ငယ်ငယ်ကတည်းက ဖေဖေက ကျွန်မအတွက် သီးသန့်အခန်းကလေး လုပ်ပေးထားပါတယ်။ အခန်းကလေးက ရှည်မျောမျောနဲ့ ဝင်ထွက်ဖို့ တံခါးပေါက်တခုနဲ့ ဝရန်တာကို ထွက်ဖို့ တံခါးပေါက်တခုရယ်သာ ပါဝင်တာမို့ sound proof ဖြစ်ပါတယ်။ တခါတရံ မေမေ့အခန်းကို အိပ်မပျော်လို့ သွားအိပ်မိတဲ့အခါမျိုးမှာ အမေအိပ်မောကျတဲ့အခါ ပြင်းပြင်းထန်ထန် ရှူးရှူးရှားရှား အသံနက်ကြီးကို ကြားရမြဲပါပဲ။ အဲဒီအခါကျရင် ကျွန်မကလည်း အထိတ်တလန့်နဲ့ ထွက်ပြေးလာရမြဲပါပဲ။
တခါတုန်းကတော့ မေမေက သူချေးထားတဲ့ ငွေတွေ ပြန်မရသေးလို့... ခုတလော ကျန်းမာရေး ချူချာလို့ဆိုပြီး ဗေဒင်သွားမေးပါတယ်။ ဗေဒင်ဆရာက သောကြာသမီးနဲ့အတူတူ အိပ်ရာပြောင်းအိပ်ဖို့ ယတြာပေးပါတယ်။ ယတြာကြောင့် မေမေဟာ ကျွန်မအခန်းထဲမှာ လာအိပ်တဲ့ ညတညဟာ ကျွန်မဘဝရဲ့ စိတ်ချောက်ချားဖွယ် ညတစ်ညပေါ့။ မေမေ့ဟောက်သံကြီးကို ထိုင်နားထောင်ရင်း မိုးလင်းတဲ့အထိ တမှေးမှ မအိပ်လိုက်ရပါဘူး။ 
"မေမေရယ်.... မဟောက်ဘဲ အိပ်ရင် မရဘူးလား"
လို့ ကျွန်မကပြောတော့ မေမေက ရယ်ပါတယ်။ 
"သမီးရယ်... အိပ်ပျော်သွားမှတော့ ဘယ်သူက ဘာသိတော့မှာလဲ၊ သမီးအိပ်ပျော်သွားရင်လည်း ဟောက်တာပါပဲ  "
"အံမယ်... သမီးက ဟောက်သံကို ဒီလောက်မုန်းနေတာ ဟောက်မှာမဟုတ်ပါဘူး၊ မေမေ တမင်ပြောတာနေမှာ"
ကျွန်မက သူများဟောက်တာတွေကိုသာ မုန်းပြီး ကိုယ်ကိုယ်တိုင် ဟောက်တတ်တယ်ဆိုတာကိုတော့ လက်မခံချင်သူပါ။
"အေး .... တနေ့ကျမှ သမီး ဟောက်သံတွေကို မေမေ ရီကော်ဒါနဲ့ ဖမ်းထားဦးမယ်"
လို့ မေမေက ဆိုပါတယ်။
အဲ့ဒီလို ဟောက်သံတွေကို ကြောက်တတ်လေ့ရှိတဲ့ ကျွန်မဟာ ဘယ်နေရာသွားသွား ဟောက်တတ်သူတွေနဲ့သာ ကြံကြံဖန်ဖန် တိုက်ဆိုင်ဆုံတွေ့ ကြုံကြိုက်လေ့ရှိတတ်ပါတယ်။

(ခ)

တရားစခန်းဝင်တုန်းကလည်း ကျွန်မအတွက် ဒုက္ကရစရိယ အကျင့်ရဆုံးအချိန်ဟာ ညဘက်အချိန်တွေပါပဲ။ အခန်းကျယ်တခုတည်းမှာ ခုတင်တွေစီတန်းပြီး အများနဲ့ အိပ်ရတာမို့ ညညဆို ကျွန်မကလည်း အိပ်မပျော်နိုင်။ ဟောက်သံတွေကိုလည်း သံစုံတီးဝိုင်းတွေလို ဟိုကထွက် ဒီကထွက်နဲ့ ခပ်စူးစူး ခပ်ရှည်ရှည်နဲ့ ဆိုးဆိုးရွားရွား ထွက်ပေါ်နေပါတယ်။ 
ခြေရင်းဘက် ခပ်စောင်းစောင်းကျတဲ့ ခုတင်က အန်တီကြီးဆီက ထွက်နေတဲ့ ဟောက်သံဟာ တသက်နဲ့တကိုယ် မကြုံဘူးတဲ့ ရထားဥသြသံရှည်လို မီးရထားခုတ်မောင်းတဲ့ ဂျုံးဂျုံးဂျက်ဂျက်အသံကို ခပ်ပြင်းပြင်း ခြိမ်းတဲ့ မိုးကြိုးသံလို အခန်းတခန်းလုံးကို လွှမ်းမိုးထားပါတယ်။
အဲ့ဒီအန်တီဟာ မအိပ်ခင် ဆေးပေါင်းခတဲ့ညဆိုပြီး သူမခန္ဓာကိုယ် ဝတုတ်ကြီးကို လိမ်းဆေးတွေ အမျိုးစုံလိမ်း၊ မြန်မာဆေးတွေ ခွက်တခုမက နှစ်ခုလောက်နဲ့ဖျော်၊ နာရီခြားပြီး အင်္ဂလိပ်ဆေးလည်း သောက်ထားရဲ့။ သူမကတော့ သူမရဲ့ ဆေးအစွမ်းတွေကြောင့် ခေါင်းချတာနဲ့ ကောင်းကောင်း အိပ်မောကျနေပြီ။
ကျွန်မမှာ အဲ့ဒီ ဟောက်သံတွေကို ထိုင်နားထောင်ရင်း အိပ်မရတာနဲ့အတူတူ ဘယ်သူ့ဟောက်သံတွေကတော့ ဘယ်လောက်ပိုကျယ်တယ်။ ဘယ်အသံကြီးက ရယ်စရာကောင်းတယ်နဲ့ တွေးရင်း မိုးလင်းခဲ့တဲ့ရက်ပေါင်းကလည်း မရေတွက်နိုင်ခဲ့ပါဘူး။

(ဂ)

ရယ်စရာကောင်းတာက ဟောက်သံတွေကို ကြောက်တတ်တဲ့ ကျွန်မဟာ အမြဲတမ်း ဟောက်တတ်သူတွေနဲ့ပဲ ကံဆုံလေ့ရှိပါတယ်။ တခါတုန်းက ကျွန်မ ကိစ္စတခုနဲ့ SRILANKA  ကိုအသွား BKK Airport မှာ Transist က ၅နာရီကြာအောင်နေပြီးမှ ကိုယ်သွားမယ့် SRILANKA ကို သုံးနာရီကျော် လေယာဉ်ထပ်စီးပြီးမှ ရောက်မှာမို့ BKK လေဆိပ်ထဲမှာ ထိုင်နေပြီး စာဖတ်နေတုန်း ကျွန်မရဲ့ဘေးကို ခပ်ဖိုင့်ဖိုင့် ထိပ်ပြောင်ပြောင်နဲ့ နိုင်ငံခြားသားတယောက် လာထိုင်ပါတယ်။ သူ့ကိုကြည့်ရတာ အင်မတန် Alert ဖြစ်နေပြီး ကျွန်မဖတ်နေတဲ့ မဂ္ဂဇင်း ပြီးရင် သူ့ကို ခဏငှားပါဆိုပြီး မိတ်ဖွဲ့လာပါတယ်။
သူလည်း SRILANKAကိုပဲ သွားမှာမို့ အကြာကြီးစောင့်ရမှာမို့ဆိုပြီး စကားစတော့ ကျွန်မနဲ့ ခရီးအတူတူဖြစ်တာမို့ ဝမ်းသာစွာနဲ့ တောင်ရောက်မြောက်ရောက် စကားတွေ ပြောဖြစ်ကြပါတယ်။ တအောင့်လောက်နေတော့ သူ့မျက်လုံးတွေက မှေးစင်းစပြုလာပြီ။ အဲဒါနဲ့ ကျွန်မလည်း Airportထဲက Mall တွေမှာ လျှောက်ကြည့် မုန့်စားရင်း အချိန်တွေဖြုန်းရပါတယ်။ 
လေယာဉ်ထွက်မယ့် ညအချိန်လည်းရောက်ရော အဲဒီဖက်တီးကြီးက ကျွန်မရဲ့ထိုင်ခုံဘေးမှာ တိုက်ဆိုင်စွာ ရောက်လာပါတယ်။ ခရီးစဉ်က စီးရမှာ သုံးနာရီကျော်တာမို့ လေယာဉ်ပေါ်မှာ စာဖတ် သီချင်းနားထောင် ပရိတ်ရွတ်နဲ့ လိုက်သွားပါတယ်။ လေယာဉ်ပျံချိန် တစ်နာရီလောက်ရောက်တော့ ဘေးက သကောင့်သားက အိပ်မောကျစပြုပြီး ခလူးခလူးနေအောင် ဟောက်လို့နေပါတော့တယ်။ သေရော၊ ဒီလို ဟောက်တတ်သူတွေနဲ့ပဲ ရေစက်လာလာဆုံနေရတာ ဘယ်လောက်များ စိတ်ပျက်စရာကောင်းလိုက်ပါ သလဲ။ ဟောက်သံကြားရင်ကို ကျွန်မမှာ မှေးချင်တိုင်း မှေးလို့မရဘဲ စိတ်တိုတောင်းစွာနဲ့ အညံ့ခံနေ ရပါတော့တယ်။
အဲ့ဒီလို ဘယ်နေရာသွားသွား ဟောက်စတားတွေနဲ့ချည်းသာ ဆုံစည်းရလေ့ရှိတဲ့ ကျွန်မအဖြစ်ဟာ တွေးလိုက်တိုင်း ရယ်ရမလိုလို ငိုရမလိုနဲ့ အတော် အောင့်သီး အောင့်သက် ဖြစ်ရပါတယ်။

(ဃ)

ဒီလိုနဲ့ မေမေပေးစားတဲ့ ယောက်ျားကို ယူရတော့မယ့်အချိန်မှာ ကျွန်မ ပထမဆုံး သတိရ မမေ့မလျော့ မေးမိတဲ့ မေးခွန်းကတော့ အဲ့ဒီယောက်ျား ဟောက်တတ်သလား၊ မဟောက်တတ်ဘူးလား ဆိုတာပါပဲ။ တသက်လုံး ကိုယ်နဲ့ တခုတင်တည်း အိပ်ရမယ့် ယောက်ျားဟာ ကျွန်မအကြောက်ဆုံးနဲ့ စိတ်အပျက်ဆုံး ဟောက်သံတွေ မြည်တမ်းတတ်ရင်တော့ ဆောရီးပါပဲ။ တသက်လုံး အပျိုကြီးပဲ လုပ်ပါတော့မယ်။
သူနဲ့.... ပထမဆုံး လူချင်းစတွေ့တော့ ရုပ်ရည်ကလည်း ချောမောသန့်ပြန့် ဆိုဖွယ်ရာမရှိ၊ ပညာကလည်း ဆရာဝန်ဆိုတော့ အပြင်ပန်းအားဖြင့် အပြစ်ပြောစရာမရှိ။ 
"ရှင် ဟောက်တတ်လားဟင်"
ကျွန်မကမေးတော့ သူက ခပ်ကြောင်တောင်တောင်ဖြစ်လို့။
"မဟောက်တတ်ပါဘူး၊ ဘာဖြစ်လို့ ဟောက်ရမှာလဲ"
လို့ ခပ်ကြောင်ကြောင် ပြန်ဖြေပါတယ်။ ကျွန်မကိုလည်း ဒီမိန်းမ ကတ်သီးကတ်သတ် ဘာတွေမေးနေပါလိမ့် ... ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ပါတယ်။
"တကယ်သေချာတယ်နော်၊ ကျွန်မက ဟောက်တတ်သူဆို သိပ်မုန်းတာ၊ သည်းကို မခံနိုင်ဘူး"
"တကယ် မဟောက်တတ်ဘူး"
လို့ သူကဖြေတာနဲ့တင် တော်တော်ကျေနပ်သွားပါတယ်။ တခြား အကျင့်စာရိတ္တကောင်းသလား အရက်သောက်တတ်သလား ဖဲရိုက်တတ်သလား မိန်းမပွေရှုပ်တတ်သလား ဆိုတာတွေ ဘာတခုမှ ရှည်ရှည်ဝေးဝေး တွေးမနေတော့ပါဘူး
ကျေကျေနပ်နပ်ပဲ အဲ့ဒီ မင်္ဂလာပွဲကို သဘောတူခေါင်းညိတ်လိုက်ပါတယ်။ သူ့အပေါ် သဘောမကျနိုင်စရာ အချက်အလက် ဘာတခုမှ မမြင်မိပါဘူး။ အားလုံး ကျေနပ်စရာအတိပါပဲ။

(င)

မင်္ဂလာပွဲကလည်း စည်ကားသိုက်မြိုက်စွာနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ သူနဲ့လည်း အင်မတန် လိုက်ဖက်လှချည့်လို့ လူတကာက ချီးမွမ်းမဆုံးပါဘူး။
အဖြစ်အပျက်အားလုံးက သမားရိုးကျပါပဲ။ သမားရိုးကျမဟုတ်တာတခုက ညဉ့်နက်သန်းခေါင်ယံအချိန်မှာ ကျွန်မ ရုတ်တရက် လန့်နိုးလာခဲ့ခြင်းပါပဲ။ ကျွန်မ လန့်နိုးရတာ တခြားကြောင့် မဟုတ်ပါဘူး။ အလွန်အင်မတန် ကျယ်လောင်လှတဲ့ ဟောက်သံကြီးတခုကြောင့်ပါ။
ဟောက်သံကြီးဟာ... ကျွန်မကြားဖူးသမျှ ဟောက်သံတွေထဲမှာ အထူးခြားဆုံးနဲ့ အဆန်းကြယ်ဆုံးပါပဲ။
"ဘုရားရေ..."
ကျွန်မ အလန့်တကြားဖြစ်ပြီး ငေါက်ခနဲ ငုတ်တုတ် ထထိုင်မိပါတော့တယ်။ အဲ့ဒီ ဟောက်သံရှည်ရှည် ဆွဲဆွဲငင်ငင်ကြီး ထွက်ပေါ်လာနေရာက ကျွန်မဘေးမှာ အိပ်စက်အိပ်မောကျနေတဲ့ ယောက်ျားတဦးဆီကပါ၊ အင်မတန်ကို စိတ်ပျက်ဖွယ်ကောင်းတဲ့ အဖြစ်ပါလား။
"သေရော... ဒီဟောက်သံကြီးနဲ့ တသက်လုံး ဘယ်လိုစခန်းသွားရမလဲ၊ ကြည့်စမ်း ပြောတော့ဖြင့် မဟောက်တတ်ဘူးတဲ့၊ လိမ်သေးတယ်" 
ကျွန်မ တော်တော်ပဲ စိတ်အနှောင့်အယှက်ကြီးစွာ ဖြစ်ရပါတယ်။ အိပ်မောကျပြီး ခပ်မှန်မှန်ဟောက်နေတဲ့ သူ့ကို အတော်ကြာအောင် ငေးကြည့်နေမိသေးပါတယ်။ သည်းမခံနိုင်တဲ့ အဆုံးမှာတော့ ကျွန်မဟာ သူ့ကို အတင်းဆွဲလှုပ်နှိုးမိပါတော့တယ်။
"ဟင်....ဟင်.... ဘာလဲ ... ဘာလဲ"
သူက အလန့်တကြား ပြူးပြူးပျာပျာ နိုးထလာပါတယ်။ 
"ရှင်ပြောတော့ မဟောက်တတ်ဘူးဆို၊ အခုတော့ ဟောက်သံကြီးက တခန်းလုံးမှာ ကျယ်လောင်နေတာပဲ၊ ကျွန်မတောင် လန့်နိုးလာတယ်"
"ဘာများလဲလို့ကွာ... အိပ်ပျော်သွားပြီးတဲ့နောက် ကိုယ်ဟောက်သလား မဟောက်ဘူးလား ဘယ်လိုလုပ် သိတော့မှာလဲ... စိတ်ထဲက ကိုယ့်ဘာသာကိုယ် မဟောက်ဘူးပဲ ထင်တာပေါ့၊ အခု ဟောက်သလား ဟုတ်လား"
လို့ အိပ်ချင်မူးတူးနဲ့ ပြန်မေးပါတယ်။ ကျွန်မအတော်ပဲ အောင့်သီးအောင့်သက် ဖြစ်နေပါတော့တယ်။
"ဟောက်ပါ့၊ ဟောက်သမှ ဘယ်လိုအသံမှန်းကိုမသိဘူး၊ ကျွန်မအိပ်လို့ကိုမရဘူး"
သူက စိတ်ရှုပ်ထွေးတဲ့မျက်နှာနဲ့ ကျွန်မကို အသာငေးကြည့်နေပြီး 
"ဒါဖြင့် ဒီလိုလုပ်ကွာ၊ ခင်အရင်အိပ်ပျော်အောင် အိပ်၊ ကိုယ်စောင့်ပေးမယ် ခင်အိပ်ပျော်သွားမှ ကိုယ်အိပ်မယ် ဟုတ်ပြီလား"
လို့ ဆိုပါတယ်။ ဒီလိုဆို မဆိုးဘူးဆိုပြီး ကျွန်မအိပ်ပျော်အောင် အိပ်ဖို့ ကြိုးစားရပါတယ်။
ဒီလိုနဲ့ ကျွန်မ အိပ်ပျော်သွားပါတယ်။ မနက်မိုးလင်း ကော်ဖီဝိုင်းမှာ သူနဲ့ မျက်နှာချင်းဆိုင်ဆုံတော့ သူက ခပ်ပြုံးပြုံးလှမ်းကြည့်ပြီး...
"ညက အိပ်ပျော်သွားပြီး ဟောက်သံကြားရသေးလား"
လို့ မေးတော့...
"သြော်... အိပ်ပျော်သွားမှတော့ ဘယ်သိတော့မှာလဲလို့"
ပြန်ဖြေလိုက်ပါတယ်။
အဲ့ဒီတော့ သူက ခပ်ပြုံးပြုံးနဲ့ လက်ထဲက ရကော်ဒါလေးကို ကျွန်မရှေ့မှာ ချပြီး ဖွင့်ပြပါတယ်။
"ဒါ... ဘာလဲ"
"နားထောင်ကြည့်လေ"
ရကော်ဒါလေးထဲက ထွက်လာတဲ့အသံဟာ ရှည်လျားကျယ်လောင်တဲ့ ဟောက်သံကြီးတခုပါ။
"ဟင်... လာပြန်ပြီ၊ ဒီဟောက်သံ ... ဒါ ဘယ်သူ့ ဟောက်သံကြီးလဲ ဟင်"
"ဘယ်သူရှိမလဲ၊ အဲ့ဒါ ခင်ဗျား အိပ်မောကျသွားတော့ ထွက်လာတဲ့ ဟောက်သံပေါ့။ ညက တမင် ရကော်ဒါနဲ့ အသံဖမ်းယူထားတာ"
ကျွန်မမယုံနိုင်လောက်အောင် အံ့အားသင့်ကြီးစွာနဲ့ အငိုက်မိခံလိုက်ရသလို ငြိမ်သက်သွားပါတယ်။
ဘုရားရေ... ကျွန်မရဲ့ ဟောက်သံကြီးက မုန်းတီးစရာကောင်းလှပါလား။
အစ်မပုတုသို့ အမှတ်တရ


လွန်းထားထား(ဆေးတက္ကသိုလ်)

11 comments:

ဖတ်ဖူးတယ်.. ပြန်ဖတ်ပြီး ပြန်ပြုံးမိတယ်...

 

ဖတ်ပြီး နှစ်နှစ်ချိုက်ချိုက် ရယ်လိုက်မိတယ်..
ကိုယ်တိုင်လည်း ဒီလိုများ ဖြစ်နေမလားမသိဘူးရယ်
အိပ်ပျော်သွားတော့ ကိုယ်ဟောက်တယ် မဟောက်ဘူးဆိုတာ ဘယ်သိပါ့မလဲနော်
ခုလို ရီကော်ဒါနဲ့ ဖမ်းပေးမဲ့သူရှိရင်တော့ ဟောက်မဟောက် သိရမှာဘဲး)

 

ဒီအကြောင်းလေး ဖတ်ဖူးတယ်။ ထပ်ဖတ်ပြီးလည်း ပြန်ပြုံးမိတယ်။

 

ဖတ်ပြီးပြုံးမိတယ် အမ

 

း))) ဟုတ်တယ်ဗျ အမရ ကျွန်တော်လည်း အစက ကိုယ့်ကိုယ်ကိုယ် အိပ်တာ အသံမထွတ်ဘူးပေါ့နော် မေမေနဲ့ ငြင်းကြတာလေ . .. နောက်ဆုံး မေမေတကယ် အသံဖမ်းထားမှ ကွက်တိကို မိတော့တား)))

 

လူတိုင်းကတော့ ကိုယ့်ကိုယ်ကို မဟောက်ဘူးလို့ ထင်ကြတာပေါ့.. အိပ်ပျော်သွားပြီးမှတော့ ဘယ်သိတော့မလဲ..
:)

 

အောင်မငီး... အဲလိုဆို သေပြီ ဆရာပဲ..... :P

 

ဆရာမရေ..
ကျနော့် အဖေကတော့ အမေ့ ဟောက်သံလေးကြားမှ အိပ်ပျော်သတဲ့..
အမေကလည်း အဖေ့ဟောက်သံလေး မကြားရရင် ဘာလိုနေမှန်းကို မသိဘူး ဆိုပဲ..း)

အခုလည်း နောက်ဆုံးတော့ဒီလိုပဲ သိပ်ချစ်သွားကြမှာပေါ့..

လင့်ချိတ်ထားပါရစေခင်ဗျာ...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

 

ဒါလဲကြိုက်တာပဲ။ဖတ်ဖူးတယ်
ဖတ်ဖူးပေမယ့်ထပ်ဖတ်ပြီး သဘောကျတုန်း
:D

 

ကျနော်ကတော့ဟောက်ဘူးကြိမ်းသေပဲဟဲဟဲ.....
စာဖတ်ရင်းနဲ့ ဘေးကသူငယ်ချင်းကိုမေးလိုက်တာလေ

 

ဒီ post လေးကြိုက်လို့

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...