ကြည်လင်အေးမြ ငြိမ်းချမ်းသော



“ဆရာတော် အရှင်ဆန္ဒာဓိက အင်္ဂလန်သို့ ကြွလာမယ်”ဆိုတဲ့ သတင်း စကားကို ဆရာတော် ရဝေနွယ်(အင်းမ)ထံမှတစ်ဆင့် ကြားသိခွင့် ရခဲ့ခြင်း ဖြစ်ပါတယ်။


ဆရာတော်ကို ဖူးမြော်ကြည်ညိုခွင့် ရချင်တာ ကြာပါပြီ။ ဆရာတော်ရဲ့ ဓမ္မ စာပေတွေနဲ့သာ ရင်းနှီးခွင့် ရခဲ့ပြီး ဆရာတော်ရဲ့အဆုံးအမ၊ ဘ၀နေနည်း၊ စိတ်ထားနည်းတွေကို စာအုပ် တွေကနေသာ သင်ယူ လိုက်နာခွင့် ရခဲ့တာပါ။ ပုဂ္ဂိုလ်ချင်း ဆုံတွေ့ဖူးခြင်း မရှိသေးပေမယ့် ဆရာတော်ရဲ့ ကြည်လင်အေးမြ ငြိမ်းချမ်းတဲ့ ရုပ်သွင်ကိုတော့ စာတွေဖတ်တိုင်း စိတ်ထဲမှာ မြင်ယောင် ကြည်ညိုခွင့် ရပါတယ်။ ဆရာတော်နဲ့ မှတ်မှတ်ရရ ဖုန်းထဲကနေ တစ်ဆင့် စကား လျှောက်ထားခွင့် နှစ်ကြိမ်သာ ရှိခဲ့ပါတယ်။ မေတ္တာဓာတ်အပြည့်နဲ့ ကြည်မြ ချိုသာတဲ့ ဆရာတော်ရဲ့အသံကို နာကြားခွင့် ရခဲ့ချိန်တွေမှာတောင် ရင်ထဲမှာ ကြည်နူး ပီတိနဲ့ ကျွန်မ နှစ်သိမ့်ပျော်ရွှင် ခဲ့ဖူးပါတယ်။ ဆရာတော်ဟာ ကျွန်မရဲ့ဘ၀မှာ ဆရာတစ်ဆူ အဖြစ် အချိန်တိုင်းမှာ ထင်ရှားခဲ့ပါတယ်။ ကျွန်မ စိတ် ရှုပ်မိတဲ့အခါ၊ စိတ်ဓာတ် ကျချင်တဲ့အခါ အားငယ်ချင်တဲ့ အခါမျိုးတွေမှာ ဆရာတော်ရဲ့စာအုပ်တွေ ပြန်ဖတ်ရင်း စိတ်ဓာတ်အင်အား၊ စိတ်ထားနည်း၊ ဘ၀နေ နည်းတွေကို ပြန်သင်ယူ အားဖြည့်ရပါ တယ်။

အခုတော့ ဆရာတော်ကို ပုဂ္ဂိုလ်ချင်း ဆုံတွေ့ဖူးမြော်ခွင့် ရတော့မှာမို့ ကျွန်မမှာ တစ်လ ကျော်ကျော်လောက် ကတည်းက ကြိုပြီး စိတ်လှုပ်ရှားပျော် ရွှင်နေခဲ့မိတာပါ။ ဆရာတော်ကို ကျွန်မ တို့တစ်တွေ ဖူးခွင့်ရအောင် နေရာအနှံ့ ပို့ဆောင် ကူညီပေးသူတွေ ဖြစ်တဲ့ သံအမတ်ကြီး အန်ကယ်လ် ဦးနေ၀င်းနဲ့ အန်တီ ဒေါ်နွယ်နွယ်လှိုင် သားကိုနေ သွေးတို့ကို တကယ် ကျေးဇူးတင်ရပါ တယ်။ ပြီးတော့ ဆရာတော်ကို Sander Land ရှိတဲ့ Vivekarama ကျောင်းတိုက်ကို ကြွရောက်ချီးမြှင့်ပေးဖို့ အစောကြီးကတည်းက ကြိုပြီး သံအမတ်ကြီးဆီ ဆက်သွယ်ပြီး ရက်ယူထားတဲ့ ကိုစည်သူနဲ့ ညီမလေး လှမြတ်သိင်္ဂီ၊ ဆရာတော်နဲ့ တကွ သံအမတ်ကြီး မိသားစု တို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးတာရော တခြားဝေယျာဝစ္စ အားလုံး လိုလေသေး မရှိအောင် ထက်ထက်သန်သန် စီစဉ် ဆောင်ရွက်ပေးခဲ့တဲ့ ကိုဇော်နဲ့ မမွန် တို့ကိုလည်း ကျေးဇူးတင်ရပါတယ်။


ဇွန်လ ၁၈ ရက်နေ့ သောကြာနေ့ နေ့လယ် နှစ်နာရီကျော်မှာ ဆရာတော်တို့Sunder Land က ၀ိဝေကာရာမ ကျောင်းတိုက်ကို ရောက်ပါတယ်။ ကျွန်မတို့က သမီးလေး ကျောင်းကြိုဖို့ စောင့်နေရတာမို့ ညနေ ငါးနာရီလောက်မှပဲ ဆရာတော်တို့ အတွက် ကိုဇော်နဲ့ မမွန်တို့ ပြင်ဆင်ပေးထားတဲ့ Newcastle က တိုက်ခန်းဆီ လိုက်ခဲ့ ရပါတယ်။ ဆရာတော်ကို စိတ်ထဲမှာ ရင်ထဲမှာ များစွာ ရင်းနှီး နေခဲ့ပြီးသား။ ပထမဆုံး ဆရာတော်နှင့် မျက်နှာချင်းဆိုင် မျက်ဝန်းချင်း ရင်ဆိုင်ဖူး တွေ့လိုက်ရချိန်မှာ ကျွန်မ ရင်ထဲ ထူးခြားမှုက နွေးထွေး လုံခြုံမှုနဲ့ အေးမြ ငြိမ်းချမ်းမှုကို တစ်ပြိုင်နက်တည်း ခံစားခွင့် ရလိုက်တာပါ။


ဆရာတော်ရဲ့မျက်နှာဟာ အထူးအေးမြ ငြိမ်းချမ်းပြီး ကြည်လင် လှပါတယ်။ ဆရာတော်ပြုံးလိုက်တဲ့ အခါ ဖြူဖွေးညီညာ လှပတဲ့ သွားဖြူဖြူတန်း တွေက ဆရာတော်ရဲ့မျက်နှာကို နူးညံ့ ချိုကြည်သွားအောင် အလင်းရောင်ပေးထား သလိုပါပဲ။ ဆရာတော်က ကျွန်မတို့မိသားစုနဲ့ နှစ်ပေါင်းများစွာက ခင်မင် ရင်းနှီးပြီး သား မိတ်ဆွေတကာဟောင်းတွေပမာ ရင်းနှီးနွေးထွေးစွာ စကားတွေပြောနေပါတယ်။ ကျွန်မကတော့ ဆရာတော်ကို အခုလို နီးနီးကပ်ကပ် ကိုယ်တိုင်ဖူးခွင့်ရတာကို အိပ်မက်တစ်ခုလို ခံစားလို့။ ဆရာတော့် အနီးနားမှာ ထိုင်ပြီး နေခွင့်ရခြင်းဟာ ဘာနဲ့ တူသလဲဆိုရင် ရေတံခွန် တစ်စင်းနား ရောက်သွားရသူလိုပါပဲ။ ဘ၀အမောတွေ အားလုံး ကင်းစင်သွားပြီး အေးမြငြိမ်းချမ်းလှတဲ့ ဓာတ်တစ်မျိုးကို ပီသ ကြည်လင်စွာပဲ ခံစားရပါ တယ်။ အဲဒီ အအေးဓာတ်ဟာ မေတ္တာဓာတ်ပဲ ထင်ပါရဲ့။


ဆရာတော်က သမီးလေးကိုလည်း ရင်းနှီး နေပြီးသားပါတဲ့။ ရွှေအမြုတေ မဂ္ဂဇင်း ထဲမှာ သမီးလေး အကြောင်းတွေ ရေးနေကျမို့ ဆရာတော်က ဖတ်ထားပုံ ရပါတယ်။ သမီးလေးက ဆရာတော်ကို သမ္ဗုဒ္ဓေ ဂါထာတော်နဲ့ ဘုရားဂုဏ်တော်ကိုးပါး တရား ဂုဏ်တော်၊ သံဃာ ဂုဏ်တော်တွေ ရွတ်ပြခဲ့တဲ့ အပြင် သမီးလေး နေ့တိုင်း ဘယ်လိုတရား ထိုင်သလဲ ဆိုတာကိုပါ တရားထိုင်ပြနေသေးတာမို့ ဆရာတော်က သဘောကျတော် မူပါတယ်။ သမီးလေးအတွက် အကျိုးများတဲ့ အကြောင်းလည်း ရှင်းပြပါတယ်။ ဆရာတော်နဲ့ အေးအေးဆေးဆေး စကားတွေ ပြောခွင့်ရခဲ့ပြီး ည ခုနစ်နာရီခွဲမှပဲ ကျွန်မတို့ ပြန်ဖြစ်ကြပါတယ်။

ခ။


နောက်တစ်နေ့ မနက် အစောကြီး ထပြီး ဆွမ်းကပ်ဖို့ အတွက် ချက်ပြုတိ ပြင်ဆင်ရင်း ကျွန်မပီတိနဲ့ ကြည်နူး ပျော်ရွှင်နေပါတယ်။ ဒီလို အခွင့်အရေးဟာ ရခဲဘိမျှလေ။ Salmon ငါးကို ခရမ်းချဉ်သီးကလေး၊ ချင်းကလေးတွေနဲ့ နံနံပင်ကလေး အုပ်ပြီးချက်၊ မုန်လာ ဥနီသုပ်၊ ကြက်ဟင်းခါးသီး နှပ်ပါတယ်။ ကျွန်မတို့ ကျောင်းရောက်တော့ ဆရာတော်တို့ ရောက်နေပါပြီ။ ဆရာတော်နဲ့ အတူ ၀ိဝေကာရာမ ကျောင်းတိုက်ရဲ့ ဆရာတော် အရှင်နန္ဒပါလကို လာရောက် ဖူးမြော်ကြည်ညိုကြတဲ့ အနီးနား တစ်ဝိုက်က မြန်မာ မိတ်ဆွေတွေဟာ ဆွမ်းဟင်းတွေ ကိုယ်စီ ချက်ပြုတ် လာခဲ့ကြပြီး စုပေါင်း ဆွမ်းကပ် လှူပွဲကလေး ကျင်းပဖြစ်သွားပါ တယ်။


ကျွန်မကတော့ ဆရာတော်ကို တစ်ချိန်လုံး ဖူးနေပြီး ဆရာတော်ဆီက မေတ္တာဓာတ်တွေ၊ အအေးဓာတ်တွေ ငြိမ်းချမ်းမှုတွေကို ကူးစက်ခံစား နေမိ တော့တာပါ။ ဆရာတော်ရဲ့ ထူးခြားမှုက ဆွမ်းကို ချက်ချင်း မဘုဉ်းသေးဘဲ မြတ်စွာ ဘုရားရှင်ကို အရင်ဆုံးဆွမ်းကပ်ရှိခိုး ပူဇော်ရွတ်ဖတ်ပြီးမှ ဘုဉ်းတော်မူပါ တယ်။ ဆွမ်းဘုဉ်းပြီးတဲ့ အချိန်မှာ ဆရာ တော်က “ဘာပဲလုပ်လုပ် တန်အောင် လုပ်”ဆိုတဲ့ တရားတော်နှင့် ချီးမြှင့်ဟော ပေးတော်မူပါတယ်။ တရားရဲ့ အနှစ်ချုပ် ကလေးပဲ ကျွန်မ ရေးပြပါ့မယ်။ ရိုးရှင်း သန့်စင်လှတဲ့ ဘ၀ နေနည်းကလေးပါ။ ဘ၀မှာ အလုပ် လေးမျိုးကို လုပ်မှုပုံစံ လေးမျိုးနဲ့ နေ့စဉ်လိုက်နာ ကျင့်သုံးသွားဖို့ပါ။


အလုပ်လေးမျိုးက (၁) အသက်မွေးဝမ်း ကျောင်းမှုအလုပ် (၂) ခန္ဓာဝန်ထမ်းတဲ့ အလုပ် (၃) အာရုံခံစားတဲ့ အလုပ် (၄) ကုသိုလ်လုပ်တဲ့ အလုပ်ပါ။ အဲဒီအလုပ် လေးမျိုးကို လုပ်တဲ့ အခါတိုင်း ပုံစံလေးမျိုး နည်းလေးမျိုးနဲ့ လုပ်ရပါမယ်တဲ့။ အဲဒီနည်းလေးမျိုး အကျဉ်းချုပ်က “ဒါ သီသ၀ိ”လို့ အလွယ်မှတ်လို့ ရပါတယ်။ ဒါနရယ်၊ သီလရယ်၊ သမထရယ်၊ ၀ိပဿနာရယ် လေးမျိုးပါအောင် လုပ်ရ ပါမယ် ဆိုတာကို ဆရာတော်က အလုပ် တစ်ခုချင်းကို အသေးစိတ် ချဲ့ထွင်ပြီး ရှင်းပြ ဟောပြသွားတာပါ။ တရားတော်က အရှည်ကြီးလည်း မဟုတ်။ ရှင်းလင်းလွယ် ကူပြီး မှတ်သားရ၊ လိုက်နာရလည်း လွယ်တဲ့ ဘ၀ နေနည်းကလေးကို သင်ကြားပြသ ပေးသွားတာမို့ ဆရာတော်ကို အထူးပဲ ကြည်ညိုကျေးဇူး တင်ရပါတယ်။


တစ်ချက် ကလေးမှ မပျင်းရအောင် ဆရာတော်က အာဝဇ္ဇန်းလည်း ရွှင်လှပါတယ်။ မေးခွန်း ကလေးတွေလည်း ပြန်မေးတတ်တာမို့ တရားနာ ရတာဟာ တစ်လမ်း သွားနည်းမျိုး မဟုတ်ဘဲ အပြန်အလှန် နှစ်လမ်း သွားနည်းမို့ ပိုပြီးထိရောက် အသက် ၀င်တယ်လို့ ကျွန်မ ထင်ပါတယ်။ ဆရာတော်ရဲ့ အတွေ့အကြုံကလေးတွေ ပုံဝတ္ထု ကလေးတွေက ကျွန်မရဲ့ အာရုံထဲမှာ ဘယ်တော့မှ မမေ့တော့အောင် ပြက်ပြက်ထင်ထင် စွဲမြဲနေခဲ့ ပါတယ်။ အဲဒီညမှာတော့ သံအမတ်ကြီး အန်ကယ်လ်ဦးနေ၀င်းနဲ့ အန်တီနွယ်တို့က ကျွန်မတို့ အားလုံးကို ညစာ ဒကာခံပြီး လိုက်ကျွေးခဲ့တာမို့ အားနာ ပါးနာနဲ့ပဲ စားခဲ့ကြ ရပါသေးတယ်။ အန်ကယ်လ်ရော အန်တီပါ စိတ်သဘော ဖြူစင်လွန်းပြီး ရင်းရင်းနှီးနှီး လှိုက်လှိုက်လှဲလှဲ ရှိပါတယ်။ သဘောလည်း ကောင်းလှတာမို့ စကားတွေ အများကြီး ပြောဖြစ်ခဲ့တာက အမှတ်တရပါ။

ဂ။


တနင်္ဂနွေနေ့ ဇွန်လ ၂၀ ရက်နေ့ မနက်။ ဒီနေ့ဆွမ်းစားပြီးရင် ဆရာတော် ပြန်ကြွတော့မှာမို့ မနေ့ကလိုပဲ ကြည်နူးပီတိ စေတနာ သဒ္ဓါဓာတ်အခံကလေးနဲ့ ကျွန်မ မနက်စောစော ဆွမ်းထချက်ပါတယ်။ Salmon ငါးကိုပဲ ဒီတစ်ခါတော့ ကြော်လိုက်ပြီး ကြက်သွန်နီ အကွင်းကလေးတွေနဲ့ ပဲငံပြာရည်နဲ့ ပြန်နှပ်ပါတယ်။ ပြီးတော့ အစိမ်းကြော်နဲ့ မုန်လာဥနီ သုပ်ပေါ့။


ဒီနေ့တော့ ၀ိဝေကာရာမ ကျောင်းရှေ့မှာ ဆရာတော်နဲ့ အတူ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြပါတယ်။ ဆရာတော် အရာရာကို အနုစိတ်၊ အသေးစိတ် တိကျစေ့စပ် သေချာ လွန်းတာကို ကျွန်မ လေ့လာ မှတ်သားမိပါတယ်။ ဆွမ်းဘုဉ်း ပေးပြီးချိန်မှာ ဆရာ တော်က ဒီနေ့တော့ အေးအေးဆေးဆေး စကားစမြည်ပဲပြောပြီး ပြန်ဖို့ပြင်ဆင်ပါတယ်။ ကိုဇော်၊ မမွန်တို့က ဆရာတော့်ကို ၀ိဝေကာရာမ ကျောင်းတိုက်အဖြစ် ၀ယ်ဖို့ကြိုးစားနေ တဲ့ ခြံနဲ့အိမ်ကို လိုက်ပြတာမို့ ကျွန်မတို့ မိသားစုပါ လိုက်ခဲ့ကြပါတယ်။ အဲဒီကနေSeaham Beach မှာ ဆရာတော်နဲ့ အတူရော သံအမတ်ကြီးတို့ မိသားစုနဲ့ပါ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခွင့် ရခဲ့ကြပါတယ်။


ပြီးတော့မှ ဆရာတော်ကို နှုတ်ဆက်ရှိခိုး ဦးခိုက်ပြီး ကျွန်မတို့ ပြန်ခဲ့ကြတာပါ။ ရင်ထဲမှာ ကုသိုလ် ပီတိသဒ္ဓါ မေတ္တာလှိုင်းကလေးတွေက ခုချိန်ထိ လွန့်လူး လှုပ်ရှားနေဆဲပါ။ ဆရာတော့် အကြောင်း တဖွဖွနဲ့ ပြန်ပြော ကြည်ညိုလို့ မဆုံးနိုင်။ မ၀နိုင်။ နောက်တစ်နေ့ မနက် အိပ်ရာ ထချိန်မှာတော့ ရင်ထဲမှာ လှပ်ဟာဟာနဲ့ တစ်မျိုး ကြီးပါ။ ဆွမ်းချက်ခွင့် ဆရာတော်ကို ဆွမ်းကပ်ခွင့် မရှိတော့ပါလားလို့ စိတ်မကောင်း သလိုလို လွမ်းသလိုလိုနဲ့ပါ။ အဲဒီ ခဏမှာ ကျွန်မခေါင်းထဲ အတွေးကလေး တစ်ခုက ဖျတ်ခနဲဝင် ရောက်လာ...။


“သြော် ဆုံတွေ့ကြတယ် ဆိုတာကိုက တစ်ချိန်မှာ ခွဲခွာဖို့ပဲဆိုတာကို နှလုံး သွင်းတတ်မှ ကိုယ်နေပျော်မှာ”ဆိုတဲ့ အတွေးပါ။ ဟုတ်ပါတယ်။ ခွဲခွာကြဖို့ အတွက် ကျွန်မတို့ ဆုံတွေ့ခဲ့ကြတာပါ။ အခိုက်အတန့် ခဏကလေးပါ။ ဒါကြောင့် ဆုံတွေ့ခွင့် ရချိန် ခဏ ကလေးကို တန်ဖိုး ထားတတ်ဖို့ ထိုက်ထိုက်တန်တန် ကုသိုလ် ယူတတ်ဖို့ပဲ လိုပါတယ်လေ။


“ဆရာတော် အရှင်ဆန္ဒာဓိကအား ဤ၀တ္ထု တိုကလေးဖြင့် ရိုသေ လေးမြတ်စွာ ပူဇော် ရှိခိုးပါ၏”




လွန်းထားထား၊ဆေးတက္ကသိုလ်၊

(ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ် ၂၀၁၀)

1 comments:

ဆရာတော့် စာအုပ်တွေ ဖတ်ဖူးနေပြီး ကြည်ညိုနေခဲ့တာ၊ အပြင်မှာ မဖူးဘူးသေးဘူး ညီမရယ်...

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...