ချစ်သောနှင်း

 
က။
ဒီဇင်ဘာ ၄၊ ၂၀၀၈။

ဒီနေ့ ကျွန်မတို့ နေထိုင်တဲ့ အင်္ဂလန်ရဲ့ အရှေ့မြောက်ပိုင်း တစ်ခုလုံး နှင်းတွေ သည်းထန်စွာ ကျပါတယ်။
နှင်းကျလိမ့်မယ် ဆိုတာကို မိုးလေ၀သ ခန့်မှန်း ကြေညာချက်ကနေ ကြေညာ ထားပြီးသားမို့ ကျွန်မတို့က ကြိုပြီး ပျော်ရွှင် ရင်ခုန် နေခဲ့တာပါ။ နှင်းတွေကို ကျွန်မ သိပ်ချစ်တယ်လေ။ ကျွန်မထက် ပိုပြီး စိတ်လှုပ်ရှား ပျော်ရွှင် နေသူကတော့ သမီးလေးပေါ့။ သူက နှင်းကျရင် Snow Man လုပ်မလို့တဲ့လေ။ Chrimas နီးလာလေလေ သူက လက်ဆောင်တွေ ရတော့မယ်ဆိုတဲ့ အသိကလေးနဲ့ စိတ်လှုပ်ရှားလေပါ။

“မီးလေး Presents တွေ ရချင်တယ်နော် မေမေ” တဲ့။ ပူဆာနေတာ။ “မီးလေးက ဘာ Presents တွေ ရချင်လို့လဲ” ဆိုတော့ ပြုံးစိစိကလေးနဲ့။

“အင်း Bicycle ရယ်၊ Skate ရယ်၊ Fairy Princess Dress ကလေးနဲ့ ရှူး(စ်)လေးရယ်” လို့ ပြောတယ်။ ကျွန်မနဲ့ သူ Eldon Square ဆိုတဲ့ Shopping Mall ကြီးဆီ သွားတော့ အဲ့ဒီမှာ Fenwick ဆိုတဲ့ Store ဆိုင်ကြီးထဲမှာ Santa Claus ကြီးနဲ့ သူ့ကို ပေးတွေ့ခဲ့ပါတယ်။ Santa ကြီးက “ဘာလိုချင်လဲ” လို့ မေးတော့ သူ့မှာ ဖြေလိုက်ရတာ မျက်လုံးကလေး အ၀ိုင်းသားနဲ့ပေါ့။ ပြီးတော့ ကျွန်မကို ပူဆာပါတယ်။

“မေမေ မီးလေးကို Socks ကြီး ၀ယ်ပေးနော်။ Santa က Presents တွေ လာထည့်ဖို့” ဆိုလို့ Socks အနီကြီးကြီး ၀ယ်ပေးပြီး သူ့ခုတင် ခြေရင်းမှာ ချည်ထား ပေးရပါတယ်။ မနက်မိုးလင်းရင် သူ့မှာ ခြေအိတ်ကြီးထဲ ချောင်းလိုက်ရတာ အမော။ Santa ကြီး လက်ဆောင်တွေများ လာထည့်ပြီလားပေါ့။ ကျွန်မက “မီးလေးကလည်း ဒီဇင်ဘာ ၂၅ ရက်နေ့ကျမှ ဖွင့်ကြည့်ရမှာလေ” လို့ ပြောတော့ ညစ်ချင်ဟန် မျက်နှာပေး ကလေးနဲ့ “အို ၂၄ ရက်ပါ” လို့ တစ်ရက် ဈေးဆစ် နေပါသေးတယ်။

ဒီလိုနဲ့ ညကတည်းက နှင်းတွေ တဖွဲဖွဲ စကျနေတာကို ကျွန်မက တစ်ရေးနိုးပြီး ကတည်းက သိနေပါပြီ။ နှင်းတွေ ဖွေးပြီး ပတ်ဝန်းကျင် တစ်ခုလုံးက ရွှေလိမ္မော်ရောင် ၀င်းနေတာ သိပ်ကိုလှတာမို့ ကျွန်မမှာ ပြန်အိပ်လို့တောင် မပျော်နိုင်။ အအေး ဒီဂရီက မိုင်းနပ်(စ်)ကျနေပြီမို့ သိပ်လည်း အေးနေပါပြီ။

ခ။
မနက် မိုးလင်းတော့ မောင် ဆေးရုံသွားခါနီး ကားတစ်ကားလုံး ပေါ်မှာ ဖုံးနေတဲ့ နှင်းတွေကို မောင် ခြစ်ဖယ်နေတာကို လိုက်ကြည့်ရင်း ကျွန်မ ပျော်နေ တော့တာ။

“မောင် ကားကို ဖြည်းဖြည်း မောင်းနော်။ တစ်လမ်းလုံး နှင်းထုတွေက နည်းတာ မဟုတ်ဘူး။ တစ်လက်မ ထုလောက် ရှိမယ်။ ဂရုစိုက်” လို့ မောင့်ကို မှာရပါတယ်။ သမီးလေးက အစောကြီး နိုးထ လာရာကနေ .. “မေမေ Snow တွေ” လို့ ၀မ်းသာအားရ အော်ပါတယ်။

“အေး သမီ၊ ခြံထဲ ဆင်းရအောင်။ Snow Man ကြီးး လုပ်မယ်” ဆိုတော့ သူ့မျက်နှာကလေး တစ်ခုလုံး အားပါးတရ ပြုံးနေတော့တာ။ သူ့ကို လုံခြုံ နွေးထွေးအောင် ၀တ်ပေးပြီး သားအမိ နှစ်ယောက်သား အိမ်နောက်ဘက် ခြံထဲမှာ ခုန်ဆွ ပြေးကြ၊ နှင်း အဆုပ်အခဲတွေနဲ့ ပစ်ပေါက်ကြ။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကြ၊ Snow Man လုပ်ကြနဲ့ ကဲချင်တိုင်း ကဲနေတော့တာပါ။ ဒီနေ့ သမီးလေးကိုလည်း ကျောင်း မပို့သလို၊ ကျွန်မရဲ့ Instructor ကလည်း ရာသီဥတု မကောင်းလို့ ကားမောင်း မသင်ဖြစ်ပါဘူး။ ပျော်လိုက်တာ။ နှင်းတွေကို ချစ်လိုက်တာ။

သတင်းတွေထဲမှာတော့ နှင်းတွေ သိပ်သည်းလွန်းလို့ တချို့ နေရာတွေမှာ လျှပ်စစ်မီးတွေတောင် ပြတ်တောက်ကုန်ပြီး ကျောင်းတွေလည်း ပိတ်ထားရသတဲ့။ လမ်းတွေမှာလည်း ကားတွေ သွားရလာရတာ အန္တရာယ် များလိုက်တာ။ ကျွန်မတို့ သားအမိသာ ပျော်ချင်တိုင်း ပျော်နေကြတာ။ အိမ်ရှေ့ထွက်လိုက်၊ အိမ်နောက် ထွက်လိုက်နဲ့ ရှုပ်နေတော့တာ။ သမီးလေးက ထူးအိမ်သင်ရဲ့ “ခုတော့သိပြီ မင်းကို ကိုယ်ချစ်သည်”ဆိုတဲ့ သီချင်းကိုတောင် ဆိုလိုက်သေး။ အဲဒီအထဲမှာ “နှင်းတွေလည်း ကျနေသည် +++ ဒီဆောင်း မြောက်လေ မြူးသည်” ဆိုတာ ပါတာကိုး။ ပြီးတော့ နှင်းဖွဲမှုန်တွေကို မျက်နှာကလေး မော့ပြီး ပါးစပ်ကလေးဟ၊ လျှာကလေး ထုတ်ပြီး ခံယူ လိုက်သေးတာပါ။ သူကလေးလည်း ကျွန်မလိုပဲ နှင်းတွေကို ချစ်တတ်တာ ပါလား။ အံ့သြစရာ။ ကျွန်မကတော့ နှင်းကျရင် လူက နှလုံးသားထဲ အလိုလို နူးညံ့ မူးရီပြီး တစ်ခုခုကို လွမ်းချင်နေတတ် တော့တာ။ အဲ့ဒီလောက် နှလုံးသား နုတယ် ဆိုရမယ်။

ဂ။
နှင်းတွေက ခံစား စိတ်ကူးယဉ်ဖို့သာ ကောင်းတာ၊ ဖြူဖွေး နူးညံ့ပြီး ထိတွေ့ခံစား ကြည့်ဖို့သာ ကောင်းတာပါ။ တကယ့် နှင်းထုထဲ လက်တွေ့ တိုးဝင် လျှောက်လှမ်း ရတဲ့ အခါမှာတော့ နှင်းက မာယာ အများသား။ အန္တရာယ်ကလည်း အများသား။ နှင်း တွေပေါ်ကနေ ဖြတ်သန်း မောင်းရတဲ့ ကားတွေက Slip ဖြစ်တာတို့၊ တိမ်းမှောက်တာတို့ ဖြစ်နိုင်သလို နှင်းတွေ ပေါ်ကနေ လမ်းလျှောက်ရင်လည်း အခန့်မသင့်ရင် ချော်လဲ ကျိုးပဲ့ နိုင်ပြန်သေးတာ။ နှင်းဟာ မိုးပေါ်ကနေ မွမွ ဖွဖွ လွလွကလေး ကျနေတုန်းသာ သန့်စင်လှပတာ။ လမ်းမှာ ကားတွေ ဖြတ်မောင်း ပြီးသွားရင်တော့ မည်းညစ်သွားရော။ လမ်းမတွေလည်း ညစ်ပတ် ကုန်ရော။

စိတ်ကူးယဉ်သမား ဖြစ်တဲ့ ကျွန်မက နှင်းတွေကို သိပ်ချစ်၊ နှင်းကျရင် ပျော်နေ တတ်ပေမယ့် ဘ၀သမား ဖြစ်တဲ့ မောင်တို့လို နှင်းကျ လည်း မနားရဘဲ အလုပ်သွား နေရတဲ့ လူတွေကတော့ နှင်းကို စိတ်ညစ်ကြပါတယ်။ သြော်… ဘ၀မှာ အရာရာတိုင်းဟာ အကောင်းချည်း သက်သက်မှ မရှိနိုင်တာနော်။ ကောင်းခြင်းနဲ့ ဆိုးခြင်း ဟာ ဒွန်တွဲ နေတတ်တာ။ ဒါ ကို လက်ခံနိုင်မှ ဘ၀ဟာ နေပျော်မှာ။

ပျော်ရွှင်ဖွယ် အကောင်းတွေကိုချည်း ရွေးယူလို့မှ မဖြစ်နိုင်တာ။ ပျော်စရာ လည်းရှိ၊ စိတ်ညစ်စရာလည်း ရှိပေါ့။ နှင်းတွေထဲမှာ ပျော်နေတဲ့ သမီးလေးကို ကြည့် ပြီး ကျွန်မ တွေးမိတာပါ။ Snow Man ကြီးကို နှင်းတွေ နဲ့ ပုံဖော် ထုဆစ်ရင်း ရုပ်လုံးပေါ် သက်ဝင်လာတဲ့ Snow Man ကြီးကို ကြည့်ပြီး ပျော်စရာ ကောင်းသလို ဒီ နှင်းထုကြီးဟာ တစ်ချိန်မှာလည်း အရည်ပျော်ပြီး ပျောက်ကွယ်ရဦးမှာကို သမီးလေး သိမြင် နားလည်အောင် ရှင်းပြဖို့များ သိပ်စော နေဦးမလား။ စပြီး ဆောက်ကတည်းက နှင်းတွေနဲ့ ဆောက်ခဲ့တာ ဆိုတော့ နှင်းဆိုတာ အချိန် တန်ရင် အရည် ပျော်စမြဲလေ။ ကျွန်မကတော့ အတွေးသမား ပီပီ နှင်းတွေကိုကြည့်ပြီး အံမယ် သံဝေဂတွေ ဘာတွေတောင် ရနေတော့တာ။ လူ့ဘ၀ ဆိုတာကလည်း တစ်ချိန်မှာ အရည်ပျော်ဖို့ မဟုတ်ပေမယ့် “ပြာ” အဖြစ်တော့ ပြောင်းရဦးမှာလေ။

စပြီး မွေးဖွားလာ ကတည်းက “အသက်”နဲ့ မွေးလာခဲ့တာ ဆိုတော့ အသက် ဆိုတာလည်း အချိန် တန်ရင် ကုန်ဆုံးရ စမြဲပဲလေ။ ကျွန်မကတော့ ခုဆို အသက် ကလေး ရလာလို့လား မသိပါဘူး။ တွေးတတ်လာပါပြီ။

လူဆိုတာ ရုပ်နဲ့နာမ် နှစ်ခုတည်းပဲ ရှိတာပါလို့။ သူလည်း ရုပ်နဲ့နာမ်၊ ကိုယ်လည်း ရုပ်နဲ့နာမ် အတူတူပါ ပဲလို့။ အဲ့ဒါဆိုရင် မာနဆိုတာလည်း မရှိတော့။ မနာလို ၀န်တိုမှုတွေ၊ ခွဲခြား ဆက်ဆံခြင်းတွေလည်း လျော့တန် သလောက် လျော့သွား နိုင်ပါလိမ့်မယ်နော်။




လွန်းထားထား(ဆေးတက္ကသိုလ်)
(ရွှေအမြုတေမဂ္ဂဇင်း)

0 comments:

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...