ဘဝတစ်ခု အချစ်တစ်ခု

(က)
ဘ၀ဆိုတာ အချစ်ပါမှ ပြည့်စုံ နိုင်သလို အချစ်ဟာလည်း ဘ၀မှာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုပါ။ အချစ်ကြောင့် ဘ၀ဟာ လှပ လာလိမ့်မယ်။ ကမ္ဘာ လောကကြီး တစ်ခုလုံးလည်း လှနေလိမ့်မယ် ထင်ပါရဲ့။ မိဘ မောင်နှမတွေနဲ့ အတူနေခဲ့တဲ့ ဘ၀မှာ ချစ်ခြင်း မေတ္တာတွေ၊ အလိုလိုက်ခြင်းတွေ၊ အလိုက် သိခြင်းတွေ၊ ညှာတာခြင်းတွေနဲ့ ဖွဲ့စည်းခဲ့တာမို့ ကျွန်မ တစ်သက်မှာ အပျော်ဆုံး ဘ၀တစ်ခုကို ပိုင်ဆိုင်ခွင့် ရခဲ့တာပါ။ အဲဒီ့ ဘ၀ကလေးကို ခုချိန်ထိ ပြန်တွေးတိုင်း လွမ်းတုန်းပါပဲ။ အဖေနဲ့ အမေက ခုချိန်ထိ ကျွန်မကို ကလေး တစ်ယောက်လိုပဲ စိတ်မချ ပူပန်တတ်ဆဲ။ ကျွန်မကတော့ဖြင့် ကိုယ်ပိုင် တည်ဆောက်ထားတဲ့ ဘ၀ အသစ်ကလေးမှာ မောင်နဲ့ သမီးလေးတို့နဲ့ အတူ ကလေးဆန်စွာ ဆော့ကစားလို့ ကောင်းဆဲ။ ကျွန်မတို့ မိသားစု ကလေးထဲမှာ ကစားနည်းတွေ အမျိုးမျိုးပဲ ရှိနေတတ်တာပါ.။ ညစဉ်နီးပါး ကစားကြတာကတော့ နှိပ်တမ်း ကစားခြင်းပေါ့။ တစ်နေကုန် ဆေးရုံမှ ပင်ပန်းလာတဲ့ မောင့်ကို ကျွန်မကလည်း အိမ်မှာ အိမ်မှုကိစ္စ ဗာဟီရတွေ၊ သမီးလေး ကိစ္စတွေ လုပ်ရတာနဲ့၊ စာရေးစာဖတ်နဲ့၊ အင်တာနက် ၀င်ကြည့်တာနဲ့ ညောင်းညာ ကိုက်ခဲတတ်သူမို့ “မောင်ရေ နှိပ်တမ်း ကစားရအောင်”လို့ ဆိုလိုက်တာနဲ့ ပင်ပန်း ညောင်းညာ နေတဲ့ မောင်ကလည်း လာထားပဲ။ ကြားကနေ အမြတ် ထုတ်တတ်သူ သမီးလေးပါ။
“ပြီးရင် မီးလေး အလှည့်နော်” ဆိုပြီး သူက အရင် ဦးအောင် ဆန့်ဆန့်ကလေး မှောက်ပေး နေတတ်တာမို့ သူ့ကို အရင် နှိပ်ပေးရတာလေ။ သူကလည်း တစ်လှည့် ပြန်နင်းပေး တတ်သူပါ။ သူ့ကိုယ် ကလေးနဲ့ ခါးပေါ် တက်နင်းပေးရန် ဇိမ်မှဇိမ်ပဲ။ မောင်နဲ့ ကျွန်မ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် နှိပ်ပေးကြရင် အညောင်းအညာတွေ ပြေရတော့လည်း အနှိပ်ခန်း သွားဖို့ မလိုတဲ့ ဘ၀ကလေး တစ်ခုပေါ့။ တကယ် ပျော်စရာ ကောင်းပါတယ်။
(ခ)
နောက်တစ်ခု ကစားနည်းကတော့ ထမင်းဟင်း ချက်တမ်း ဆိုပါတော့။ ကျွန်မ ဟင်းချက်ရင် မောင်က ဘေးကနေ ကြက်သွန်လှီးပေး ထောင်းစရာ မလိုဘဲ ကျေညက် သွားအောင် Crusher နဲ့ အဆင်သင့် ဆီသတ်လို့ရအောင် ပြင်ဆင် ပေးတတ်သူပါ။ လင်မယား နှစ်ယောက် ရှေးဖြစ် ကျောင်းသားဘ၀က အဖြစ်အပျက်လေးတွေကို စားမြုံ့ပြန်ရင်း ရယ်လိုက်၊ မောလိုက်နဲ့ ဟင်းချက်တော့လည်း ပျော်စရာ ကောင်းသား၊ တစ်ခါက ယုန်သားဝယ်လို့ ရလာတော့ ယုန်သားကို ကျွန်မရော မောင်ပါ ကြိုက်တတ်တော့ ချက်ဖို့ပြင်ကြပါတယ်။ ယုန်က အကောင်လိုက် ဆန့်ဆန့်ကလေး လက်နှစ်ချောင်း ဆန့်တန်း၊ ခြေ ထောက်နှစ်ချောင်း ဆန့်တန်း ထားပြီး Freeze လုပ်ထားတာမို့ ကျွန်မက မထိရဲ မတို့ရဲ အသည်း တယားယားနဲ့ ဆွေ့ဆွေ့ခုန်နေတာ။
“ကြည့်ပါဦး မောင်ရယ်။ ယုန်ကလေး သနားပါတယ်။ သူ့ပုံစံလေးက သူ့ကို မခုတ်ပါနဲ့လို့ ကန်တော့နေတဲ့ အတိုင်းပဲ။ တော်ပြီ။ ကိုယ် မကိုင်ရဲဘူး။ မောင် ကိုင်ပေး။ အတုံး သေးသေးလေးတွေ တုံးပေးနော်”
လို့ပြောတော့ မောင်က ဟားလို့ မဆုံးဘူး။ ဒါပေမယ့် စိတ်ရှည် လက်ရှည်ပဲ တုံးပေး ရှာသား။ ပြီးမှ ကျွန်မက ချက်တာ။ ချက်ပြီးတော့လည်း ယုန်သား ဟင်းလေးက မွှေးလို့၊ ချိုလို့ အရသာ သိပ်ရှိတာပဲ။ ကျွန်မမှာ အကောင်လိုက် ကလေးတွေကို မျက်စိထဲ မြင်ယောင်လာ တတ်တာမို့ မနည်းအာရုံ ပြောင်းယူ ရပါတယ်။ သနားတော့ သနားသား။ စားကလည်း စားချင်တာကိုး။ မောင်ကတော့ အားပေးပါရဲ့။ “ဒီယုန်တွေက အလှမွေးတဲ့ ယုန်မျိုး မဟုတ်ပါဘူး ချစ်ရဲ့။ တောယုန် တွေပါ။ စာရေးထားသားပဲ။ ပြင်သစ် နိုင်ငံက တင်သွင်းတာတဲ့။ ပြင်သစ်မှာ တောတွေထဲကနေ မုဆိုးတွေ ဖမ်းတာ ဖြစ်မှာပေါ့”တဲ့။ ဟုတ်ရဲ့လားလည်း မသိပါဘူး။ ယုန်ဆိုမှတော့ အတူတူပဲ နေမှာပေါ့နော်။ အရသာက မြန်မာ ကြက်သားဟင်းလို ချိုချို နူးနူးညံ့ညံ့နဲ့မို့ သမီးလေးတောင် ကြိုက်ပါတယ်။
တစ်နေ့ကျတော့ Mc Donald’s ဆိုင်မှာ သမီးကို Fish Finger ၀ယ်ကျွေးတော့ ကလေးတွေ အတွက် လက်ဆောင် အရုပ်ကလေးတွေ အမြဲပေးတတ်တဲ့ Mc Donald’s က ယုန်ရုပ်ကလေး ရလာပါတယ်။ အိမ်ပြန်ရောက်တော့ သမီးက သူ့အတွက် ၀ယ်ပေးထားတဲ့ Kitchen ကလေးဆီ တန်းသွားပြီး “မီးလေး ဟင်းချက်ရဦးမယ်”တဲ့။ “မီးလေးက ဘာဟင်း ချက်မှာလဲ”လို့ မေးတော့ ပြုံးစိစိကလေးနဲ့ “ယုန်သားဟင်း”တဲ့ လေ။
(ဂ)
နောက်တစ်ခု ကစားနည်းကတော့ စိတ်ကောက်တမ်းပါပဲ။ ဒိုင်ခံ စိတ်ကောက်တတ်သူက ကျွန်မ ဖြစ်ပြီး ဒိုင်ခံ ချော့ရသူကတော့ မောင် ပေါ့လေ။ သူ့ခမျာ ကျွန်မ တစ်ယောက်တင်မက သမီးလေး စိတ်ကောက်ရင်ပါ သမီးကို ချော့ရတာပါ။ သမီးက မောင့်ကို စိတ်ကောက်ရင် “ဖေဖေ့ကို ချစ်ဘူး” လို့ အော်ပြီး လှည့်ပတ် ပြေးနေတတ်တော့တာ။ ကျွန်မရော မောင်ပါ တိုင်ပင်ထားတာ တစ်ခုက “သမီးဆိုးရင် သူ့ကို မရိုက်နဲ့၊ မအော်နဲ့၊ အပြစ်ပေး၊ ကိုယ် မကြိုက်တဲ့ဟာကို မကြိုက်ဘူး ဆိုတာ သူနားလည်အောင် ပြောပြ” ဆိုပြီးတော့ပါ။ သမီးက တစ်ခါ တစ်ခါ ကျွန်မနဲ့ တူလို့လား မသိ။ ဇွဲကြီးကြီးနဲ့ ငိုတတ် ပါသေးတယ်။ ကျွန်မ ကတော့ သူအဲဒီလို ဂျစ်တိုက်ပြီ ဆိုရင်…
“သမီး ငိုတာကို မေမေ လုံးဝ မကြိုက်ဘူး သမီး။ လုံးဝ လက်မခံဘူး။ ငိုနေရင် မေမေ သမီးကို တံခါးပိတ်ထားမယ်။ သမီး အငိုတိတ်မှ ပြန်ဖွင့်ပေးမယ်”ဆိုပြီး တံခါး ပိတ်ထားပြီး အပြင်ကနေ တိတ်တိတ် စောင့်နေတာပါ။ လုံးဝ မချော့သလို အော်လည်း မအော်ပါဘူး။ သမီးက သူ့ဘာသာသူ စိတ်တိုင်းကျ ငိုလို့ အားရပြီ ဆိုရင်..
“မေမေ မီးလေး အငို တိတ်ပြီ။ မီးလေးကို တံခါး ဖွင့်ပေးပါ”လို့ ပြောတတ်တာမို့ အေးအေးဆေးဆေး တံခါး ဖွင့်ပေး လိုက်ပြီး စောစောက ငိုတာဟာ လုံးဝ မကောင်းတဲ့ အကြောင်း နားဝင်အောင် လေပြေအေးနဲ့ ပြောပြပါတယ်။ မောင်နဲ့ ကျတော့ သမီးက ဧည့်ခန်းထဲမှာ ပတ်ပြေးနေတာ။ ပါးစပ်ကနေလည်း “ဖေဖေ့ကို ချစ်ဘူး” လို့ တရစပ် အော်နေတာ။ မောင်က ရယ်ချင် နေသေးတယ်။
“သမီးရယ် ဖေဖေ့ကို ဘာလို့ မချစ်တာလဲ။ ဖေဖေ သမီးကို ဘာလုပ်မိလို့လဲကွယ်။ မငိုပါနဲ့ သမီးရယ်။ သမီးပဲ ပင်ပန်းတာပေါ့”
ဘာညာနဲ့ ဖွဲ့နွဲ့ချော့မော့ နေသေးတော့ သမီးက ပိုရောင့်တက် လေပေါ့။ ချော့မရတဲ့ အဆုံး မောင်က တစ်နည်း သုံးပြန်တယ်။ “အေး သမီး အငို မတိတ်ရင် ဖေဖေ ဟိုဘက်အိမ်က Doug ကြီး အိမ်မှာ သွားပို့ထားမယ်” လို့ ဆိုတော့ သမီးက အငိုမပျက်ဘဲ “အင်း Doug ကြီးဆီသွားမယ်။ Doug ကြီးဆီ ခုလိုက် ပို့” လို့လည်း ဆိုရော မောင့်မှာ ခွကျပါလေရော။
(ဃ)
နောက်တစ်ခုက ရုပ်ရှင် အကြည့် သန်ကြတာပါ။ မောင်ရော ကျွန်မပါ Unlimited Cards တွေ လုပ်ထားကြတာမို့ ရုပ်ရှင် တင်သမျှ ကားတွေ တစ်ကားမကျန် အကုန် ကြည့်ကြပါတယ်။ တစ်နေ့ တစ်နေ့ ရုပ်ရှင်ရုံ သွားသွားပြီး ရုပ်ရှင် ကြည့်နေတာနဲ့ပဲ အားတယ်ကို မရှိတာပါ။ နောက်ရုံတင်တဲ့ James Bond ကားအသစ် Quantum of Solace တောင် တင်တင်ချင်း ပြေးကြည့် ကြတာလေ။ အဲ့ဒီလောက် ရုပ်ရှင် သရဲတွေ၊ သမီးလေးကလည်း ကျွန်မ ဗိုက်ထဲမှာ ကတည်းက ရုပ်ရှင်တွေ ကြည့်ခဲ့ရသူမို့လား မသိ။ သူကလည်း ရုပ်ရှင် သရဲ အသေးစားကလေး။ P.G နဲ့ U အဆင့် ကားတွေ မှန်သမျှ သူကြည့်ပြီးသား။ MAMMA MIA ကားဆို မျက်လုံး အ၀ိုင်းသားနဲ့ကို သဘောတကျ ကြည့်တာ။ ABBA သီချင်းတွေနဲ့ မြူးမှမြူးကိုး။ 12A တို့ 15 တို့ 18 တို့ဆိုတဲ့ ကားတွေ ကျတော့ သမီးလေး ကြည့်လို့ မရတော့ ကျွန်မနဲ့ မောင်တစ်လှည့်စီ ကြည့်ရတာပေါ့လေ။ မိသားစုဝင် သုံးယောက်စလုံး ရုပ်ရှင် ကြိုက်ကြတော့ ပျော်စရာ ကြီးပေါ့နော်။
(င)
ညတိုင်း ညတိုင်း သမီးကို အိပ်ရာဝင် ပုံပြင်ဖတ်ပြရတဲ့ Story time ကလည်း ရှိပါသေးတယ်။ Story Books တွေကို စာကြည့်တိုက် ကနေ သမီးအတွက် ငှားပေးပြီး ညတိုင်း Story တွေ ဖတ်ပြ ရပါတယ်။ Story ဖတ်သူကို သမီးက အင်မတန် လူရွေးတာပါ။ အမြဲတမ်း မေမေ ဖတ်ပြမှ ဆိုတာချည်းပဲ။
“သမီးရယ် လူမရွေးနဲ့နော်။ ဖေဖေ ဖတ်ပြလည်း ဒီ Story ပဲဥစ္စာ”လို့ ကျွန်မက ပြောရင် သူကလေးက ငိုမဲ့မဲ့နဲ့။

“မီးလေး လူရွေးချင်တယ်နော်” လို့ ပြန်ပြော တတ်သူပါ။ အိပ်ခါနီး ဘုရားခန်း ၀င်ပြီး ဘုရားရှိခိုးရင်လည်း သူက လူရွေးပြန်တာပါပဲ။ သူ့ဖေဖေနဲ့ ရှိခိုးရရင် အကြာကြီး ရှိခိုးရလို့တဲ့။ သြကာသရော၊ သမ္ဗုဒ္ဓေရော၊ ဂုဏ်တော် ကိုးပါး အပြင် တရားထိုင်၊ မေတ္တာပို့တာတွေ သူ့ကို ဒီ အရွယ်ကတည်းက ကျင့်သား ရနေအောင် လေ့ကျင့် ပေးထားပါတယ်။ တစ်ပြည်ခြား လူမျိုးခြားတွေရဲ့ကြားမှာ တရားက သာလျှင် သူ ကလေးကို စောင့်ရှောက်မှာလေ။ ဒီက ကလေးတွေ အာခေါင်ခြစ် အော်ငိုတတ်လွန်းလို့ သမီးလေးတောင် အရင်က မငိုတတ်ဘဲ Nursery ပို့ပြီး မှ ငိုတတ်တာ ကူးစက်လာတာပါ။ အခုတော့ တရားထိုင် ခိုင်းရင် နှစ်မိနစ်လောက် ငြိမ်ငြိမ်မတ်မတ် ကလေး ထိုင်ပြီး မျက်လုံးကလေးတွေ မှိတ်၊ နှာခေါင်းကနေ အသက်မှန်မှန် ရှူတတ် လာပါပြီ။ အခုတော့ ကျွန်မ ရွေးချယ် တည်ဆောက်ထားတဲ့ ဘ၀ တစ်ခုထဲမှာ အချစ်တို့နဲ့ နေသားတကျ ပျော်ရွှင် နေခဲ့ပါပြီ။


လွန်းထားထား(ဆေးတက္ကသိုလ်) 
(ရွှေအမြုတေမဂ္ဂဇင်း)

0 comments:

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...