စိတ်ကူးသက်သက်



(က)
သူမရင်ထဲတွင် သက်ပြင်းကလေး ခပ်တိုးတိုး တစ်ချက်ချမိသည်။ ဒီ ဘတ်စ်ကားမှတ်တိုင်ကလေးဆီ ရောက်တိုင်း သူမရင်ခုန်လှုပ်ရှားစမြဲဖြစ်သည်။ သိပ်တော့မကြာလှသေးပါ။ လွန်ခဲ့သော တစ်ပတ်လောက်ကမှ စတင်ခဲ့ခြင်းဖြစ်သည်။ များသေားအားဖြင့် ဒီဘတ်စ်ကားမှတ်တိုင်ကလေးမှာ လူတော်တော်ရှင်းလေ့ရှိပါသည်။ ဘတ်စ်ကားတစ်စီးလာဖို့ဆိုလျှင် အတော်ကြာအောင် စောင့်ရတတ်သည်။ ဟိုးအရင်တွေတုန်းက ဘတ်စ်ကားစောင့်ရတာကို စိတ်မရှည်၊ ငြီးငွေ့ခဲ့ဖူးသော်လည်း လွန်ခဲ့သောတစ်ပတ်လောက်မှစ၍  သူမစိတ်တွေ ပြောင်းလဲလာခဲ့သည်။
သူမစိတ်ကို ပြောင်းလဲပေးခဲ့သော အရာမှာ စူးရှချိုမြိန်သော မျက်ဝန်းတစ်စုံဖြစ်သည်။ ထိုမျက်ဝန်းတစ်စုံကို လူငယ်လေးတစ်ယောက်က ပိုင်ဆိုင်ပါသည်။ သူ့ပုံစံကလေးမှာ အရပ်မြင့်မြင့်၊ သွယ်လျလျနှင့် ဆံပင်ကလေး တွေက ဖြောင့်စင်းမနေဘဲ ခွေတွန့်တွန့်ကလေးတွေ ဖြစ်သည်။ လူပုံစံကလေးက ဂျစ်ကန်ကန်၊ အပိုးမကျိုးသော အရုပ်ကလေးနှင့် သူမကိုစောင့်ကြည့်သော မျက်ဝန်းတွေက ညှို့ငင်နိုင်စွမ်းအပြည့်ရှိသည်။ ထိုကောင်ကလေးကို လွန်ခဲ့သော တစ်ပတ်လောက်က စတင်၍ သတိထားမိခဲ့ကာ သူကလည်း သူမအလာကို အချိန်မှန်မှန်လာစောင့်နေသလိုပင် တစ်ရက်မပျက် ဒီနေရာကလေးမှာ ရှိနေခဲ့လေသည်။ ပြီးတော့ ခပ်လှမ်းလှမ်းမှနေ သူမဆီသို့ အကြည့်ဆိုးဆိုးဖြင့် စိုက်ငေးကြည့်နေတတ်သည်။ သူ့ပုံစံကလေးက ခေတ်လူငယ်တစ်ယောက်လို တီရှပ်အမည်းနှင့် ဂျင်းဘောင်းဘီကိုသာ အမြဲတမ်းဝတ်လေ့ရှိသည်။ သူမနှင့်သူ မျက်လုံးအကြည့်ချင်းဆုံဖြစ်ကြသည်ကလွဲလို့ ထိုတစ်ပတ်အတွင်း ဘာမှမထူးခြားပါ။
ဘတ်စ်ကားလာလျှင် သူမတက်သော ဘတ်စ်ကားပေါ်သို့ သူပါလိုက်တက်ကာ သူမကို ငေးကြည့်တတ်မြဲဖြစ်သည်။ တဖြည်းဖြည်းနှင့် သူမရင်ထဲတွင် သာယာယစ်မူးသောစိတ်ကလေး ဘယ်ကနေ ဘယ်လို စိမ့်ဝင်လာခဲ့သည်မသိဘဲ ယစ်မူးချိုမြိန်လာခဲ့သည်။ ရင်ခုန်တိမ်းမူးဖွယ် စိတ်ကူးအိပ်မက်သည် ထိုအချိန်မှ စတင်ခဲ့တာဖြစ်သည်။
(ခ)
သူမ၏ ဘဝတလျှောက်လုံးတွင် ချစ်သူဟူ၍ တစ်ခါမျှ မထားခဲ့ဖူးချေ။ တကယ်တော့ သူမ၏ရုပ်ရည်က အချောအလှစာရင်းထဲမှာ မပါဝင်ပါ။ သူမ၏မျက်နှာပေါ်ရှိ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ နှုတ်ခမ်းတို့မှာ ဘာတစ်ခုမှ ထူးထူးခြားခြား အသိအမှတ်ပြုလောက်စရာ အလှအပမရှိပါ။ ထူးခြားတာတစ်ခုကတော့ သူမ၏ ဒူးခေါက်ခွက်အထိ ရှည်လျားလှသော ဆံပင်အုံထူထူအရှည်ကြီးပင်ဖြစ်သည်။ ထိုဆံပင်တွေက သူမအတွက် အထူးခြားဆုံး ကျက်သရေတစ်မျိုးဖြစ်ခဲ့သည်။ သူမ၏ ရှေးကုသိုလ်ဟုပင် ဆိုရမလိုပင်။ လူတိုင်းက သူမဆံပင်တွေကိုမြင်တိုင်း တအံ့တသြ သဘောကျနှစ်ခြိုက်ကြမြဲဖြစ်သည်။ သူမ၏ဆံပင်သားတွေမှာ ပိုးသားမျှင်တွေလို တောက်ပြောင်သန်စွမ်းလျက် နက်မှောင်ထူထဲလှပေသည်။ လူတကာက သူမကို အနောက်ကနေ မြင်ပြီးလျှင် သူမ၏မျက်နှာကို သဲကြီးမဲကြီး လိုက်ကြည့်ကြမြဲဖြစ်သည်။ သူမ၏မျက်နှာကို မြင်လိုက်ရချိန်မှာတော့ သူတို့၏စိတ်ဝင်စားမှုက အနည်းငယ် လျော့ပါးသွားတတ်သည်။ ဆံပင်တွေက ထူးထူးခြားခြား ဆွဲဆောင်မှုရှိသလောက် သူမ၏မျက်နှာက ထူးထူးခြားခြား မလှပဘဲကိုး။
အဲသည်ထက် ပိုဆိုးသည်က သူမသည် မျက်နှာကို ဘာမျှ ခြယ်သခြင်းမရှိခြင်းပင်။ နှုတ်ခမ်းနီကလေးပင် မဆိုးတတ်ချေ။ ခပ်ရိုးရိုး ခပ်အေးအေးသာ နေတတ်ခဲ့သူဖြစ်သည်။ သို့သော် ထိုစိတ်ကူးအိပ်မက်ကလေး စတင်ခဲ့ချိန်မှစ၍ သူမက မျက်နှာကို ပေါင်ဒါခပ်ဖုံဖုံ ရိုက်တတ်ခဲ့သည်။ နှုတ်ခမ်းနီ ခပ်ပါးပါး ဆိုးခြယ်တတ်ခဲ့ပြီ။
(ဂ)
တကယ်တမ်းပြောရလျှင် သူမဘဝမှာ ယခုတစ်ကြိမ်သည် ပထမဆုံးသော ရင်ခုန်ရခြင်းဖြစ်သည်။ ကောင်ကလေးက သူမထက်တော့ ငယ်ပုံရှိသည်။ သို့သော် အဲဒါက အရေးမကြီးပါ။ သူဟာ သူမကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေခဲ့တာတော့ သေချာသည်။ ဘယ်အချိန်မှာ သူမကို စကားလာပြောမလဲလို့
သူမက စိတ်လှုပ်ရှား ရင်တဖိုဖိုဖြင့် စောင့်ဆိုင်းနေခဲ့လေသည်။
အကယ်၍ သူဟာ သူမကို ချစ်စကားဆိုလာခဲ့လျှင် သူမ ဘယ်လို ဆုံးဖြတ်ရမှာပါလိမ့်။ အို... ချက်ချင်းကြီးတော့ အဖြေပေးဖို့ မသင့်တော်ပါဘူးလေ။ တစ်လ၊ နှစ်လလောက်တော့ စဉ်းစားဦးမည်ဟု အချိန်ယူကာ မူလိုက်ဦးမည်ဟု စိတ်ထဲမှာ ကြံစည်ထား၏။ အဲသည်နောက်တော့ သူနှင့်အတူ လက်ချင်းတွဲကာ လူတွေကြားထဲမှာ လျှောက်သွားကြမည်။ ရုံးမှာ သူမကိုမြင်တိုင်း...
“အပျိုကြီး... မစွံသေးဘူးလား”
ဟုမေးတတ်သည့် ရုံးသူ ရုံးသားတွေကို သူမမှာ ချစ်စရာလူငယ်ကလေးတစ်ယောက်ရှိခဲ့ပြီ ဖြစ်ကြောင်းကို သက်သေပြဦးမည်။
အတွေးစိတ်ကူးဖြင့်ပင် သူမက ရှက်သွေးဖြာသွားကာ ပြုံးတွန့်တွန့်ကလေး ဖြစ်မိသေးသည်။ သူမ၏စိတ်ကူးကို သူများစိုးရိမ်သွားမလားဟု စိုးရိမ်ရင်ဖိုစွာဖြင့် သူ့ဆီ မသိမသာ ခိုးကြည့်မိတော့ သူက သူမကို စူးစူးစိုက်စိုက် ငေးမောနေဆဲပင်။
သူ စီးကရက်သောက်နေတာမြင်တော့ စိတ်ထဲမှာ မကြိုက်ချင်သလို ဖြစ်မိသေးသည်။ သူ ငယ်ငယ်ရွယ်ရွယ်နှင့် ဘာဖြစ်လို့များ စီးကရက်တွေ သောက်နေတာပါလိမ့်။ ရုပ်တွေရင့်ကုန်တော့မှာပဲ။ နောင်တစ်ချိန် ရင်းနှီးပတ်သက်လာတဲ့အခါ ဆေးလိပ်မသောက်ရဟု တားမြစ်ရဦးမည်။
ဘတ်စ်ကားလာသောအခါ သူမ ဘတ်စ်ကားပေါ်သို့ ကပျာကယာတက်လိုက်မိသည်။ သူက ထုံးစံအတိုင်းပင် ဘတ်စ်ကားပေါ်သို့ ပါလာခဲ့သည်။ ခုချိန်ထိတော့ သူ့ဘက်မှ ထူးထူးခြားခြား လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိသေးတာကို အနည်းငယ်တော့ အံ့အားသင့်ရသည်။
(ဃ)
အဲဒီနေ့က နည်းနည်းတော့ ထူးခြားသည်ဟု ဆိုရမည်။ ဘတ်စ်ကားမှတ်တိုင်မှာ သူမနှင့်သူ နှစ်ယောက်တည်းရှိစဉ် ဗြုန်းဆို မိုးက ရွာချလိုက်သည်။ သူမက ထီးပါလာသောကြောင့် ထီးကို ဖွင့်ဆောင်းလိုက်မိကာ သူ့ဆီသို့ တစ်ချက်ကြည့်မိသေးသည်။ ကြည့်စမ်း... မိုးရေထဲမှာ ကောင်လေး ဖျားတော့မှာပဲ ဟု ကရုဏာစိတ်ကလေး ဖြစ်သွားမိ၏။ သို့သော် သူမက စပြီးခေါ်ရအောင်လည်း မသင့်တော်ဘူးမဟုတ်လား။ 
မိုးက သည်းသည်းထန်ထန်ပင် ရွာလျက်။ သူမမှာ သူ့ကိုစိုးရိမ်သောစိတ်ကလေးနှင့် မကြာခဏ လှည့်ကြည့်မိလေသည်။ ဒီကောင်ကလေး တော်တော်ပေတေတာပဲနော်။ 
ခဏနေတော့ သူ သူမရှိရာသို့ တရွေ့ရွေ့ ချဉ်းကပ်လာသည်ကို မျက်ဝန်းထောင့်စွန်းများဖြင့် မြင်ရသောအခါ သူမရင်ထဲ တထိတ်ထိတ်ဖိုလာခဲ့သည်။
အို... သူစပြီးတော့ လှုပ်ရှားပြီ။ သူ ဘာလာပြောမလို့ပါလိမ့်။ မိုးတွေသည်းနေသည့်ကြားမှ သူမမျက်နှာဆီမှာ ရှိန်းခနဲ ပူနွေးလာခဲ့သည်မှာ ရှက်သွေးကြောင့်ပင် ဖြစ်ရမည်။ 
“ကျွန်တော် ခဏ ထီးခိုလို့ရမလား”
သူ့အသံမှာ ခပ်သြသြ ချိုချိုကလေး ဖြစ်သည်။ 
“ရပါတယ်.. လာလေ”
သူမ အလွယ်တကူပင် ထီးကိုမြှောက်၍ သူ့အပေါ်ပါ ဆောင်းပေးလိုက်သည်။ သူက သူမ၏အနောက်နားမှာ ရပ်လျက် ထီးအရိပ်အောက်မှာ မိုးခိုနေလေသည်။ သူမကို ဘာစကားတစ်ခွန်းမှ မပြောချေ။ သူမ၏နှလုံးသားတွေ လှုပ်ရှားယိမ်းထိုးလျှက်ရှိသည်။ ဘုရားရေ... မကြာခင်မှာ သူတစ်ခုခုပြောတော့မှာပဲ။
သို့သော် သူမမျှော်လင့်ခဲ့သလို သူက ဘာစကားတစ်ခွန်းမျှ မပြောခဲ့ပါ။ သူမ မမျှော်လင့်သော အလုပ်တစ်ခုကိုသာ ဖျတ်ခနဲလှုပ်ရှားခဲ့ခြင်းဖြစ်သည်။ သူ၏ လှုပ်ရှားမှုအရှိန်အဟုန်မှာ လျင်မြန်လွန်းလှသဖြင့် ရုတ်တရက် သူမပင် အငိုက်မိကာ ကြောင်အမ်းလျက် ကျန်ရစ်ခဲ့မိသည်။ အော်ဟစ်ဖို့ သတိမရလိုက်ချေ။ မယုံကြည်နိုင်လွန်းသဖြင့် ဆွံ့အသွားခြင်းမျိုးလည်း ဖြစ်မည်။
သူက လျင်မြန်သွက်လက်စွာ လှုပ်ရှားသွားပြီးနောက် တစ်ကြိုးတည်းထွက်ပြေးသွားခဲ့သည်မှာ အနောက်သို့ပင် တစ်ချက် လှည့်မကြည့်ချေ။ သူ့လက်ထဲမှာတော့ သူမ အနှစ်နှစ်အလလ တန်ဖိုးထားစွာ တယုတယ ပိုးမွေးသလို ပြုစုယုယ မွေးမြူခဲ့ရသော ဆံပင်အရှည်ကြီးက ကျစ်ဆံမြည်းကျစ်ထားသည့်အတိုင်း ပါသွားခဲ့သည်။
“သွားပါပြီ၊ ဘုရားရေ...လုပ်ရက်လိုက်တာ၊ လူယုတ်မာကလေး”
သူမ နာနာကျင်ကျင် ဆို့ဆို့နစ်နစ်ကြီး ရေရွတ်မြည်တမ်းမိကာ သူမဆံပင်အနောက်ဆီသို့ စမ်းလိုက်မိသည်။ သူ ဘယ်အချိန်မှာ ကတ်ကြေးထုတ်လိုက်သလဲပင် သူမ မသိလိုက်။ သူမ၏ကျောပြင်နောက်နားဆီမှာ တစ်ချောင်းတည်းသော ကျစ်ဆံမြည်းအရှည်ကြီးကို ကျစ်လျက် ချထားသော သူမ၏ဆံပင်တွေကို သူက ရွှီခနဲနေအောင် ဖြတ်ယူလျက် ပြေးသွားခြင်းဖြစ်သည်။
မယုံကြည်နိုင်မှု၊ အံ့သြနာကျင်မှု၊ နှမြောကြေကွဲမှုတို့ဖြင့် သူမတကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေကာ မျက်ရည်တွေက ပါးပြင်ပေါ်သို့ တလိမ့်လိမ့်ကျဆင်းလာခဲ့သည်။ ဘေးပတ်ဝန်းကျင်မှာ အော်ဟစ်အကူအညီတောင်းဖို့ပင် လူမရှိချေ။ ဘယ်လိုမှ မျှော်လင့်မထားသောကြောင့် အငိုက်မိကာ ခံလိုက်ရခြင်း ဖြစ်သည်။ မယုံနိုင်စရာကောင်းလိုက်တာ။ အရုပ်ကလေးက သနားကမားနှင့် သူတစ်ပါး၏ ဆံပင်တွေကို ဖြတ်လုတတ်သည့် လူဆိုးတေလေကလေးဟု ထင်ပင်မထင်ရက်ခဲ့ချေ။ သူမ၏အဖြစ်ကို ဘယ်သူ့ကိုမှ ဖွင့်ပြော၍မရ။ စိတ်ထိခိုက်လွန်းသဖြင့် တကိုယ်လုံး တုန်တန်ယင်ယင်ဖြစ်နေသည်။ ထို ကောင်လေး၏ အရိပ်အယောင်ကလေးမျှကိုပင် မမြင်ရတော့ချေ။
ဘတ်စ်ကားဆိုက်လာသောအခါ သူမသည် ဘတ်စ်ကားပေါ်သို့ ကပျာကယာတက်လိုက်လေသည်။ အကျင့်ပါနေသော လက်တွေက အနောက်မှာပို့ထားသော ဆံပင်တွေကို သိမ်းယူဖို့ သပ်လိုက်မိစဉ် လက်ထဲမှာ ဘာဆံပင်မျှ ပါမလာခဲ့တော့ချေ။
“တောက်... လုပ်ရက်လိုက်တာ၊ သေနာကလေး”
သူမစိတ်ထဲက ခပ်တိုးတိုး ကျိန်ဆဲပစ်လိုက်မိပါသည်။ 



လွန်းထားထား(ဆေးတက္ကသိုလ်) 
Beauty Max (ဒီဇင်ဘာ ၂၀၀၄)

6 comments:

မထင်မှတ်ထားတာ မတွေးမိတာလေးကို ရုတ်တရက် ဖတ်လိုက်ရတော့ ဇာတ်ကွက်လေးကို သိပ်ကို ဘဝင်ကျသွားတယ်.. တကယ်ကို အရသာရှိတဲ့ စာတစ်ပုဒ်ပါပဲ..

ဆရာမရေ..
အကြံတစ်ခုလောက် ပေးချင်ပါတယ်...

Font size လေး နည်းနည်းလောက် ကြီးပြီး Line Spacing တွေ နည်းနည်းလောက်ခြား လိုက်ရင် ဖတ်ရတာ ပိုရှင်းလင်းပြီး ပိုပြီးလှသွားမယ်လို့ ထင်မိပါတယ်...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
(ကိုရင်နော်)

 

သွားရောင်းစားပြီ ထင်တယ်။
အင်း ဆံပင်ရှည်ရှည် မိန်းကလေးတွေ သတိထားစရာပေါ့နော်။

 

ကိုရင်နော်ရေ...
အကြံပေးတာလေးအတွက် ကျေးဇူ:ပါ...

 

ဖတ်ပြီးတော့ တမျိုးလေးခံစားရတယ်.. မိန်းကလေးတွေ သတိထားစရာ
လေးပဲနော်မ...။

ခင်မင်စွာ
သဒ္ဓါ

 

ရုပ်ကလေးနဲ့ မလိုက် အကျင့်တန်တဲ့ သူတွေ ဒီလောကကြီးမှာ အများအပြားပါဘဲနော်။
ဒီလိုလူမျိုးတွေကို မီးမောင်းထိုးပြထားသလိုပါဘဲ

 

မထင်မှတ်တဲ့ ဇာတ်ကွက်လေးတခုပါပဲ

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...