အတောင်ပံတွေ ရှိခဲ့လျှင်

(က)
မေသည် သက်ပြင်းတစ်ချက်ကို တိုးတိတ်ဖြည်းညင်းစွာ ချမိသည်။ မေ့ဘေးမှာ မေချစ်ခဲ့သော၊ မေ့ကိုလည်း ချစ်ခဲ့သော ထိုယောက်ျားက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်။ အိပ်မောကျနေတာများ ဟောက်တောင်နေသေးသည်။ မေသည် သူ၏မျက်နှာကို စေ့စေ့ကြည့်မိသည်။ 
သူဟာ လူချောတစ်ယောက်၊ အဲဒါကြောင့်လည်း မေ သူ့ကို အသည်းစွဲခဲ့သည်။ သူက စကားပြော အလွန်ကောင်းသော နှုတ်ချိုသူတစ်ယောက်လည်း ဖြစ်ခဲ့သည်။ အဲဒါကြောင့် မေသူ့ကို သိပ်ချစ်ခဲ့တာပေါ့။
သူသည် သူ့ရုပ်ရည်ချောမောလှပမှု၊ စကားပြောကောင်းမွန်မှုတို့ဖြင့် မေ့နှလုံးသားကို ညှို့ယူသိမ်းပိုက်နိုင်စွမ်း ခဲ့သူဖြစ်သည်။ အခုတော့ မေတို့လက်ထပ်ခဲ့ကြသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီ။ သူသည် မေ့ခင်ပွန်းယောက်ျားတစ်ယောက်အဖြစ် မေ့ဘေးမှာ ရှိခဲ့ပြီ။ သူ့ကို မေသာလျှင်ပိုင်ဆိုပြီး မေ့ကိုလည်း သူသာလျှင် ပိုင်ဆိုင်လေသည်။
သူ၏အလုပ်က ဓာတ်ပုံဆရာတစ်ယောက်ဖြစ်သောကြောင့် မိန်းမချောလေးများစွာနှင့် တရင်းတနှီး ဆက်ဆံပတ်သက် နေရသည်ဖြစ်ရာ မေသည် သူ့ကို စိတ်မချ။
သဝန်တိုစိတ်ဖြင့် အမြဲတမ်း တထင့်ထင့်ဖြစ်ခဲ့ရသည်ကလွဲလို့ မေတို့၏ အိမ်ထောင်ရေးမှာ ပျော်စရာအတိ ပြီးလျက် သာယာချမ်းမြေ့ခဲ့ပါသည်။
(ခ)
သူက မေ့ကိုသာလျှင် အချစ်ဆုံး၊ မေကလွဲလျှင် ဘယ်မိန်းကလေးကိုမှ လှတယ်လို့မထင်ကြောင်း အမြဲတဖွဖွ ပြောခဲ့ဖူးသည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ မေကတော့ သူ့ရဲ့ချိုသာသော အဲဒီပျားရည်စကားတွေထဲမှာ ပျော်ဝင်ခဲ့ရသည်ချည်းပင်။
“ဂျနီဖာလိုပက်ဇ်လား၊ လှတော့လှပါတယ်ကွာ ဒါပေမယ့် ကိုယ့်မိန်းမလောက်တော့ ဘယ်လှမလဲ” ဟု သူကပြောလျှင် မေသည် တခစ်ခစ်ရယ်မောကာ တကယ်ထင်ခဲ့ဖူးသည်။ အဲဒီလိုပဲ တခြား မိန်းကလေးတွေကိုပဲတွေ့တွေ့ သူက ထိုမိန်းကလေးတွေကို စေ့စေ့ကြည့်ပြီးလျှင်....“ကောင်မလေးက မဆိုးပါဘူး၊ လှတော့လှရှာသားပဲ၊ ဒါပေမယ့် ခက်တာက ကိုယ့်မိန်းမရဲ့ အလှကို မမှီတာခက်တယ်၊ ကိုယ့်မိန်းမလောက် ဘယ်သူမှ မချောဘူးကွာ..”
သူက အဲဒီလို အမြဲတမ်း ပြောတတ်သူဖြစ်သည်။ အဲဒီအခါမျိုးတွေမှာ သူတမင်သက်သက် လိမ်လည်နောက်ပြောင်နေမှန်း သိလျက်နှင့်ပင် မေသည် သဘောအကျကြီး ကျမိလေသည်။ သူ၏အလုပ်က မိန်းမချော၊ မိန်းမလှလေးတွေ တရုန်းရုန်းဆိုပေမယ့် သူသည် မေ့အပေါ်မှာ အမြဲတမ်းသစ္စာရှိလိမ့်မည်ဟု မေတထစ်ချ ယုံကြည်ခဲ့သည်။
တခြားမိန်းကလေးတွေဆီ သူ့စိတ်မရောက်စေရအောင်လည်း မေ့ကိုမေ အမြဲတမ်း လှပကျော့မော့နေအောင် ပြင်ဆင်ခြယ်သတတ်သည်။
ပြီးလျှင် သူ့ကိုပြုစုသည့်နေရာမှာလည်း လိုလေးသေးမရှိအောင် အစွမ်းကုန်ပြုစုလေသည်။ မေသည် အချက်အပြုတ် အိမ်ထောင်မှုအထိန်းအသိမ်းမှာ အလွန်ကျွမ်းကျင်နိုင်နင်းသော မိန်းမပီသသူတစ်ဦးဖြစ်ရာ ထိုအချက်ကပင် ယောက်ျားတစ်ယောက် ကိုယ့်အပေါ် သစ္စာရှိရှိ စွဲမြဲဖို့ လုံလောက်ခိုင်မာတော့ အကြောင်းတစ်ချက်ဖြစ်သည်ဟု အမြဲတမ်း ယုံကြည်ခဲ့လေသည်။
(ဂ)
တကယ်တမ်းတော့ ထိုစိတ်ကူးကို မေသည် ရူးရူးနှမ်းနှမ်းဖြင့် ရခဲ့တာဖြစ်သည်။ မေ့အပေါ် တစ်သက်လုံး သစ္စာရှိရှိချစ်ပါမည် မေကလွဲပြီး တခြား ဘယ်မိန်းကလေးကိုမှ စိတ်နဲ့တောင် မပြစ်မှားပါဘူးဟု တဖွဖွကတိပေးခဲ့သော မေ့ယောက်ျားကို အကယ်၍များ မေ့ကွယ်ရာမှာ မိန်းကလေးတစ်ယောက်ယောက်က သူ့ကို အခွင့်အရေးတွေပေးကာ ဖြားယောင်းချဉ်းကပ်ခဲ့လျှင် သူ မေ့အပေါ် သစ္စာရှိနိုင်ပါတော့မလား ဆိုသော သံသယဖြင့်သူ့ကို စမ်းသပ်ချင်ခဲ့သော ရူးနှမ်းနှမ်းစိတ်ကူးတစ်ခုမှ စတင်ခဲ့လေသည်။ မေသည် ယခုချိန်အထိ သူ့အချစ်ကို ယုံကြည်လေသည်။ မေ့ကိုဆို အမြဲတမ်း ဖူးဖူးမှုတ်အလိုလိုက်ကာ ရှေ့တန်းတင်လွန်းသော သူ့ရဲ့ စရိုက်ကြောင့် မေ့ကွယ်ရာမှာ တခြားမိန်းမတစ်ယောက်ယောက်နှင့် သူ ဘယ်လိုမှ သာယာလိမ့်မည်မဟုတ်ဟု တစ်ဖက်ကလည်း ယုံကြည်စိတ်ချနေခဲ့သေးသည်။ သူ့ကိုတစ်ဖက်လှည့်ဖြင့် မေ့အပေါ် တကယ်သစ္စာရှိမရှိ စမ်းသပ်မည်ဟု စိတ်ကူးတစ်ခုစတင်လိုက်ရခြင်းသည် တကယ်တော့ မေ အရူးထခြင်းသက်သက်သာ ဖြစ်ပါသည်။
သို့သော် မေ တကယ်အရူးထခဲ့သည်။
(ဃ)
ပထမဆုံး ဆိုင်တစ်ခုနှင့်ဆက်သွယ်ကာ သူ၏ရုံးခန်းလည်းဖြစ်၊ စတူဒီယိုလည်းဖြစ်သော မြို့ထဲက တိုက်ခန်းလိပ်စာအတိုင်း တစ်ပတ်လျှင် ပန်းစည်းတစ်စည်း တစ်လတိတိ အမည်မဖော်ဘဲ ပို့ပေးခိုင်းဖို့ မေကစီစဉ်လိုက်သည်။ 
ပထမဆုံး ပန်းစည်း သူ့ဆီ စပို့ဖြစ်သောနေ့က သူအိမ်ပြန်လာချိန်တွင် သူ့မျက်နှာကို မေက မသိမသာ အကဲခတ်လေသည်။ မေ့စိတ်ထဲမှာ သူ့ဆီ တစ်ယောက်ယောက်က ပန်းစည်းပို့တဲ့အကြောင်းကို သူ မေ့ကို ရိုးသားစွာ ဖွင့်ပြောပြလိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် သူက ဘာမှမပြောချေ။ ထိုအချိန်ကစပြီး မေ့ရင်ထဲမှာ အနည်းငယ်တော့ အောင့်မျက်ခဲ့သည်။ သူ မေ့ကို လျှို့ဝှက်ထားပြီပေါ့လေ။ ရှိစေတော့။ ဒုတိယအပတ်တွင်လည်း သူ့ဆီ နောက်ထပ် ပန်းစည်းတစ်စည်း ပို့စေခဲ့ပြန်သည်။ အဲဒီနေ့ကလည်း သူ့အမူအရာမှာ ဘာမှ ထူးထူးခြားခြားမပြချေ။
တတိယမြောက်အပတ်တွင်တော့ မေသည် သူလျှို့ဝှက်နေတာကို မခံနိုင်တော့ဘဲ သူ၏ရုံးခန်းဆီသို့ အမှတ်မထင် လမ်းကြုံသလိုလိုနှင့် ရောက်အောင်ဝင်သွားခဲ့သည်။
မေရောက်သွားချိန်မှာ ပန်းစည်းကရောက်နေခဲ့ပြီ။ စားပွဲပေါ်မှ တင်ထားသော ပန်းစည်းကို သူက ဝင်လာသည်နှင့် ပန်းအိုးတစ်အိုးထဲသို့ ဖျတ်ခနဲထိုးလိုက်လေသည်။ မေက မျက်ခုံးကလေးပင့်ကာ...
“အဲဒါ ဘယ်က ပန်းစည်းလဲမောင်” ဟု အမှတ်မထင်ဟန်ဖြင့် မေးလိုက်ရာ သူက တစ်ချက်ရယ်လျက်
“ဘယ်ကမှမဟုတ်ပါဘူးကွာ၊ ကိုယ်ဝယ်လာတာပါ၊ ဒီနေ့ မော်ဒယ်လ်တစ်ယောက် ဓာတ်ပုံရိုက်ရင် အဲဒီပန်းစည်းနဲ့ ရိုက်မလို့ပါ”
သူ ဗြောင်လိမ်လိုက်သောကြောင့် မေ ပိုအောင့်မျက်သွားလေသည်။ သူ ဘာဖြစ်လို့ အဲဒီလို လိမ်ရတာလဲ။ ဒီပန်းစည်းကို အမည်မဖော်လိုသူ မိန်းကလေးတစ်ယောက်က ပို့ပေးနေတယ်ဆိုတာ သူဘာဖြစ်လို့ မေ့ကို ဖြောင့်ဖြောင့်မှန်မှန်ဖွင့်မဝန်ခံရဲရတာလဲ။ မေသည် ချက်ချင်းပင် ဝမ်းနည်းနာကျင်ကာ အိမ်သို့ပြန်ခဲ့လေသည်။
စတုတ္ထမြောက်အပတ်တွင်လည်း သူ့ဆီသို့ ပန်းစည်းလေးပို့စေခဲ့ပြန်သည်။ သူ့ထံမှ မေ့ကို ထူးထူးခြားခြား ဘာမှ မပြောခဲ့ချေ။ မေသည် အပြင်မှနေ၍ သူ၏ရုံးခန်းဆီသို့ အသံဖျက်၍ ဖုန်းလှမ်းခေါ်လိုက်သည်။
“ဟဲလို” သူဖုန်းလာထူးချိန်တွင် မေ့ရင်ထဲ တလှပ်လှပ် တုန်လာခဲ့သည်။ မေ့အသံကို မေမှန်းမမှတ်မိအောင် အသံတိုးတိုးအက်အက်ကလေး ဖြစ်အောင် ဖျက်လျက်....
“ကိုမဟော်လားဟင်... ပန်းစည်းတွေ ရသလားလို့”
“သြော်... ကိုယ့်ဆီပန်းစည်းတွေပို့ပေးနေတာ မင်းလား၊ မင်း ဘယ်သူလဲ၊ ဘာဖြစ်လို့ ကိုယ့်ဆီ ပန်းစည်းတွေပို့နေတာလဲ”
သူ၏ အသံက နွေးထွေးကာ ချိုမြနေသည်။ မေသည် စိတ်ထဲမှာ တင်းကျပ်သွားသော်လည်း အသံတိုးတိုး ချိုချိုကလေးဖြစ်အောင် ဖန်တီးရင်း 
“ကိုမဟော်ရယ်... ပန်းစည်းပို့ပေးပါတယ်ဆိုမှ စိတ်ဝင်စားတဲ့ အမှတ်အသားပေါ့၊ ဘယ်မိန်းကလေးက ယောက်ျားတစ်ယောက်ဆီကို အားအားယားယား ပန်းစည်းပို့ပေးပါ့မလဲ၊ ကိုမဟော်ဒီနေ့ တီရှပ်အနက်ရောင်ကလေး ဝတ်ထားတယ် မဟုတ်လား”
“အင်း၊ ဟုတ်တယ်၊ မင်းဘယ်လိုလုပ် သိတာလဲ။ ကိုယ့်ကို မင်းသိလား”
“သိပ်သိတာပေါ့၊ ဒီလောက်နာမည်ကြီးတဲ့ Photographer ပဲ ဥစ္စာ” မေက ခပ်သဲ့သဲ့ကလေးပြောလိုက်လျှင် သူက ကြည်နူးပီတိဖြာသွားသော အသံဖြင့်၊ တဟင်းဟင်း ရယ်မောနေလေသည်။
မေသည် စိတ်ထဲကနေ ယောက်ျားကို ကျိန်ဆဲမိလေသည်။ ကြည့်စမ်း ယောက်ျားတွေများ ဘယ်လောက်သစ္စာမရှိလိုက်သလဲ၊ မိန်းမကွယ်ရာမှာ လစ်လျှင်လစ်သလို သာယာမှု ရှာနေလိုက်တာ။ 
“ဒါနဲ့ မင်းဘယ်မှာနေတာလဲ၊ ဓာတ်ပုံတွေဘာတွေရိုက်ဖို့ ဝါသနာမပါဘူးလား၊ ကိုယ်ရိုက်ပေးမယ်လေ၊ ကိုယ့် Studio ကို သိတယ်မဟုတ်လား”
“သိတာပေါ့၊ တကယ်လာရမှာလား”
“လာခဲ့ပါ၊ ကိုယ်ရိုက်ပေးမှာပေါ့၊ ဒါနဲ့ မင်းကချောလားဟင်”
“ဟီး ဟီး၊ ကိုယ့်ကိုယ်ကိုယ်မို့ ပြောတာမဟုတ်ဘူးနော်၊ ကျွန်မကို လှတယ်လို့ လူတိုင်းပြောကြတယ် သိလား”
“အဲဒါဆို လာခဲ့လေ၊ မင်းရဲ့ပုံတွေ ကမ္ဘာကျော်သွားအောင် ကိုယ်ရိုက်ပေးမှာပေါ့”
မေ့ယောက်ျားအသံမှာ ချိုမြနွေးထွေးလျက်ရှိလေသည်။ မေသည် အသံမထွက်အောင် စိတ်ထဲကနေ အကျယ်ကြီးတောက်ခတ်ပစ်ရင်း အံတင်းတင်းကြိတ်မိလေသည်။ “တစ်နေ့နေ့ပေါ့လေ လာခဲ့မယ် သိလား ” ဟု ပြောပြီး ဖုန်းကို ချပစ်လိုက်သည်။
ထိုအကြောင်းကို ညနေအိမ်ပြန်လာသောအခါ ယောက်ျားဖြစ်သူများ ဖွင့်ဟဝန်ခံမလားလို့ မေ မျှော်လင့်မိသေးသော်လည်း သူက တစ်ခွန်းမှ မဟချေ။
(င)
အဲဒီလိုနှင့် မေသည် အပတ်တိုင်း သူ့ဆီသို့ ပန်းစည်း ကလေးတွေ၊ ရှပ်အင်္ကျီကလေးတွေ၊ ပုဆိုးကလေးတွေ ပို့ပို့ပေးလေသည်။ အဲဒီပစ္စည်းတွေများ အိမ်ကို သူယူလာမလားဟု မျှော်လင့်ကာ မသိမသာ စောင့်ကြည့်သော်လည်း ကိုယ့်ယောက်ျားက ထိုပစ္စည်းတွေကို အိမ်သို့ ယူမလာဘဲ သူ့ရုံးခန်းမှာပင် ပိပိရိရိ ဖွက်ထားခဲ့လေသည်။
အဲဒါအပြင် မေသည် တပတ်လျှင်တကြိမ် ပစ္စည်းကလေးတွေ ပို့ပြီးတိုင်း သူ့ဆီကို အသံဖျက်ကာ ခပ်ညုညု ခပ်ချွဲချွဲလေသံဖြင့် ဖုန်းမှန်မှန်ဆက်လေသည်။ ယောက်ျားလုပ်သူကလည်း ဖုန်းထဲမှာ တစ်ဖက်မိန်းကလေး အရည်ပျော်သွားမတတ် အချွဲကြီး ချွဲလျက်ရှိလေသည်။
မေသည် စိတ်ထဲမှနေ သူ့ကို စိစိညက်ညက်ဖြစ်အောင် အမှုန့်ချေပစ်ချင်စိတ် ပေါက်လာခဲ့သည်။ သူက အင်မတန် ဟန်ဆောင်ကောင်းလှပါသည်။ မေ့ရှေ့မှာ တစ်ချက်ကလေးမှ အမူအရာမပျက်ချေ။ မေ့ကိုလည်း
 ခါတိုင်းလိုပင် အချစ်ဆုံးဟု ပြောမြဲ၊ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းမဟု မြှောက်မြဲပင်။
မနေနိုင်တဲ့ တစ်နေ့မှာ မေသည် သူ့ကိုသွေးတိုးစမ်းသလိုမျိုးနှင့် “မောင်ရယ် ကျွန်မကွယ်ရာမှာများ ရှင်မိန်းကလေးတစ်ယောက်ယောက်နဲ့ ကျိတ်ပုန်းခုတ်နေသလားဟင်” ဟု မေးမိလျှင် သူက မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကပျာကယာ ငြင်းဆန်လေသည်။
“ဟာ... ပေါက်ပေါက်ရှာရှာ မေရယ်... ကိုယ့်မှာ ဒီလောက်ချစ်စရာကောင်းတဲ့ ဇနီးအချောအလှကလေး ရှိနေပြီပဲဟာ။ ဘယ်မိန်းမမှ ကိုယ့်မိန်းမရဲ့ ခြေဖျားကိုတောင်မမှီဘူး သိလား၊ မေကလွဲပြီး ဘယ်မိန်းမကိုမှ ကိုယ် ဂရုလည်း မစိုက်ဘူး။ ကိုယ့်အလုပ်မှာ ဒီလောက် မိန်းမချော၊ မိန်းမလှတွေ များနေတာပဲ။ ဒါပေမယ့် ကိုယ် စိတ်မဝင်စားပါဘူးကွာ” ဟု ပြောင်ပြောင်တင်းတင်း လိမ်နေသည်။ 
မေသည် ကိုယ်အလိမ်ခံနေရတာကို သိသိကြီးနှင့် ကိုယ့်ရဲ့မိုက်မဲမှုဖြင့် ဆက်ဆံနေရခြင်းဖြစ်သည်။
(စ)
အဲဒီလိုနှင့် မေ သူ့ဆီ လက်ဆောင်ပစ္စည်းကလေးတွေ တပတ်တစ်ခါ ပို့ရင်း၊ တပတ်တစ်ခါ ဖုန်းမှန်မှန်ဆက်နေခဲ့သည်မှာ သုံးလလောက် ကြာသွားခဲ့ပြီ။
ဖုန်းထဲမှ သူ့ဆီက ချစ်တယ်ဟု မပြောရုံတမယ် တရင်းတနှီးသော စကားတွေကိုလည်း ကြားခဲ့ရပြီ။ “အပြင်မှာ တွေ့ရအောင်ကွာ” ဟု သူက စချိန်းလေသည်။ 
“တွေ့တော့ တွေ့ချင်ပါတယ် ကိုမဟော်ရယ်၊ ဒါပေမယ့် ကျွန်မကသာ တစ်ဖက်သတ်ချစ်နေရတာ၊ ကိုမဟော်မှာက အိမ်ထောင်ရှိတယ်လေ၊ အိမ်ထောင်ရှိ ယောက်ျားတစ်ယောက်နဲ့ ကျွန်မ ဇာတ်လမ်းရှုပ်လို့ ဘယ်ဖြစ်မလဲနော်၊ သူများအိမ်ထောင်ရေးကို နှောင့်ယှက်ရာ ကျမှာပေါ့” ဟု မေက ပြောလိုက်လျှင် သူ့ဘက်မှ အတော်ကလေး ကြာအောင် တိတ်ဆိတ်သွားပြီး သက်ပြင်းတစ်ချက် ရှိုက်လေသည်။
“ကိုယ့်မှာ အိမ်ထောင်ရှိတယ် ဆိုပေမယ့် ကိုယ့် မိန်းမနဲ့က သိပ်အဆင်မပြေပါဘူးကွာ၊ ကိုယ်တို့ အိမ်ထောင်ရေးက သာသာယာယာ မရှိလှပါဘူး၊ ကိုယ့်မိန်းမက နည်းနည်းဆိုးတယ်ကွာ၊ ကိုယ့်အပေါ်မှာ သိပ်အနိုင်ယူ ဗိုလ်ကျချင်တယ်၊ ကိုယ်နဲ့မျက်နှာကြောတည့်လှတာ မဟုတ်ဘူး၊ ပြီးတော့ စွာလည်းစွာတယ်၊ ဒေါသကလည်း အရမ်းကြီးတာ၊ သူ တစ်ခါတစ်ခါ သောင်းကျန်းရင် ဝုန်းဒိုင်းကြဲနေတာပဲ၊ ကိုယ်လည်း စိတ်ညစ်တော့ တစ်ခါတစ်လေ အိမ်တောင်မပြန်ဖြစ်ပါဘူး၊ ကိုယ့်ရုံးခန်းမှာပဲ အနေများတယ်၊ ကိုယ့်စိတ်ထင်တော့ ကိုယ်တို့အိမ်ထောင်ရေးဟာ သက်တမ်းမှ ရှည်ပါ့မလား မသိပါဘူးကွာ” 
မေသည် သူ၏စကားကြောင့် တအံ့တသြ ရင်နာသွားလေသည်။ မေ့ကိုချစ်လိုက်တာဟု တဖွဖွပြောသော မေ့ရဲ့ ယောက်ျားက ပြောလိုက်သော စကားမှ ဟုတ်ပါရဲ့လားဟု မေမယုံနိုင်၊ မေ့အပေါ် အမြဲတမ်းသစ္စာရှိရှ ချစ်နေလိမ့်မည်ဟု မေယုံကြည်ခဲ့သော မေ့ယောက်ျားသည် ကွယ်ရာမှာ မေ့ရဲ့မကောင်းကြောင်းကို လုပ်ကြံပြောနေခဲ့သည်။
မေသည် ရင်ထဲမှာ ပြင်းပြစွာ နာကျင်လျက် အသံတိတ် ငိုကြွေးမိလေသည်။
“တကယ်ပြောတာပါ နှင်းဆီရယ်၊ တစ်ခါတစ်လေတော့ ကိုယ်လေ ကိုယ့်ကို နားလည်နိုင်မယ့် မိန်းမတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ အမောဖြေချင်မိတယ် သိလား၊ ကိုယ့်ဘဝက ရင်မောစရာကောင်းတာ....”
မေ့ယောက်ျားက ဆက်ပြောနေလေသည်။ မေသည် သူ့ရဲ့စကားတွေကို ကြားတစ်ချက် မကြားတစ်ချက်၊ မေ့အပေါ် သူ အဲဒီလောက် ရက်ရက်စက်စက် သစ္စာဖောက်လိမ့်မည်ဟု မေ မထင်ခဲ့မိချေ။
“ကောင်းပြီလေ၊ ကိုမဟော်တွေ့ချင်တယ်ဆို ကျွန်မတို့ လူချင်းတွေ့ကြတာပေါ့။ အခုလာမယ့် တနင်္ဂနွေနေ့ သမ္မတရုံမှာ ရုပ်ရှင်ကြည့်ရင်း တွေ့ကြမယ်လေ။ ကျွန်မမှန်းသိသာအောင် မိုးပြာရောင် ဝမ်းဆက်ကလေး ဝတ်ခဲ့မယ်၊ ပြီးတော့ လက်ထဲမှာ နှင်းဆီပန်းအဖြူတစ်ပွင့် ကိုင်ထားမယ်လေ၊ ကိုမဟော်က ဘာအရောင် ဝတ်လာမှာလဲ”
“တကယ်လား နှင်းဆီ၊ နှင်းဆီ ကိုယ်နဲ့ တကယ်တွေ့တော့မယ်ပေါ့လေ၊ အိုကေ ကိုယ်လာခဲ့မယ်၊ ကိုယ်လည်း နှင်းဆီနဲ့ဆင်တူ မိုးပြာရောင် ရှပ်အင်္ကျီ ဝတ်ခဲ့မယ်။ ဘောင်းဘီကတော့ ဂျင်းဘောင်းဘီပဲပေါ့၊ ဘယ်နှစ်နာရီ တွေ့ကြမလဲဟင်”
“၁၂နာရီ အတိမှာ ရုပ်ရှင်ရုံရှေ့မှာ ဆုံမယ်လေ။ ဒါပဲနော်”
ဟု ပြောကာ မေက ဖုန်းချလိုက်လေသည်။
ယောက်ျားတစ်ယောက် သစ္စာမရှိမှုကို သိပြီးတဲ့နောက်မှာ မေဘာများ ဆက်လုပ်ရမည်နည်း။ မေသူ့ကို ပညာပြချင်လှသည်။
(ဆ)
 တနင်္ဂနွေနေ့မနက်ကတည်းက သူက လေကလေး တချွန်ချွန်ဖြင့် သီချင်းကလေး ငြီးနေခဲ့သည်။ မေက သူ့ကို မသိမသာ အကဲခတ်လျက်....
“ဒီနေ့ မောင် Studio မှာပဲ ရှိမှာလားဟင်၊ မေလိုက်ခဲ့မလို့” ဟု ပြောလိုက်လျှင် သူ သိသိသာသာ မျက်နှာပျက်သွားကာ “ဟာ မလိုက်ခဲ့နဲ့ မေ၊ ဒီနေ့ ကိုယ်အောက်ဒိုး ထွက်ရိုက်ရမှာ၊ မေပင်ပန်းလိမ့်မယ်၊ မောင့်မိန်းမ အလှပဂေးလေး အိမ်ထဲမှာပဲ နေပါကွာ၊ အပြင်မှာ နေပူကပူနဲ့ မေ့အသားလေးတွေ မည်းကုန်ပါ့မယ်”
 “အို မရဘူး အောက်ဒိုးဆိုလည်း မေ လိုက်ခဲ့မှာပဲ”
 မေသည် သူ့ကို သွေးတိုးစမ်းက ဆက်ရစ်နေပြန်သည်။ သူ၏မျက်နှာဟာ ဟန်မဆောင်နိုင်လောက်အောင် ပျက်လာပြီး “မေကလည်းကွာ ဂျီကျစရာမရှိ ကြံဖန်ဂျီမကျစမ်းပါနဲ့၊ ကိုယ့်အလုပ် ကိုယ်သွားလုပ်မှာ၊ အပျော်သွားမှာမှ မဟုတ်တာ”
“သေချာလို့လား၊ ရှင် မိန်းမတစ်ယောက်နဲ့ သွားမတွေ့ဘူးလို့ ဘယ်သူက သေချာအာမခံနိုင်မလဲ”
မေ့စကားကြောင့် သူ အရှိုက်ထိသွားသလို ဖျတ်ခနဲ ငြိမ်သွားလေသည်။ “မေကလည်းကွာ၊ ကိုယ် ဘယ်နှစ်ခါ ပြောရမလဲ၊ ကိုယ့်ဘဝမှာ မေကလွဲပြီး တခြားဘယ်မိန်းမကိုမှ စိတ်မဝင်စားပါဘူးဆို၊ အခု ကိုယ် မော်ဒယ်လ်တစ်ယောက်ကို  ဓာတ်ပုံ သွားရိုက်ပေးရမှာ၊ အဲဒါလည်း မိန်းမတစ်ယောက်တော့ မိန်းမတစ်ယောက်ပဲပေါ့၊ ဒါပေမယ့် ကိုယ် အလုပ်သွားလုပ်မှာလေ၊ မေ့ကို မလိုက်စေချင်တာ မေပင်ပန်းမှာ စိုးလို့ပါကွာ၊ မေက လိမ္မာပါတယ်နော်၊ အိမ်မှာပဲ အေးအေးဆေးဆေး နားနေခဲ့လေ၊ ကိုယ် အလုပ်စောစောပြီးတာနဲ့ ပြန်လာခဲ့မယ်၊ ညကျရင် တစ်ခုခု ထွက်စားကြတာပေါ့၊ ဟုတ်လား၊ မောင့်မိန်းမက လိမ္မာပါတယ်ကွာ” 
သူက မေ့ခေါင်းကို ဖွဖွသပ်ရင်း ချော့မော့ နှစ်သိမ့်ကာ မိုးပြာရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီ နက်ပြာစိုစို ကို ဝတ်ကာ ခေါင်းကို ဂျဲလ်ဖြင့် နက်မှောင်ပြောင်လက်နေအောင် ဖြီးကာ ထွက်သွားလေသည်။
မေသည် အလိမ်ခံနေရသည်ကို အသည်းဆတ်ဆတ်ခါအောင် နာကြည်းလာသည်။ တကယ်တော့ မေမှားခဲ့ခြင်းဖြစ်သည်။ ယောက်ျားတစ်ယောက်ဆီက သစ္စာရှိမှုနှင့် အချစ်တွေကို မေ လောဘတကြီးမျှော်လင့်ခဲ့မိသည်ကိုက မေ့အမှားဖြစ်သည်။ သူထွက်သွားပြီး မကြာခင်မှာ မေသည် မိုးပြာရောင်ဝမ်းဆက် ဝတ်စုံကလေးကို ဝတ်လျက် လက်ထဲမှာ နှင်းဆီဖြူတစ်ပွင့်ကိုင်လျက် သမ္မတရုံရှေ့သို့ တက္ကစီဖြင့် ထွက်ခဲ့လေသည်။
မေ့ကိုမြင်သောအခါ ဖြစ်ပျက်သွားမည့် သူ၏မျက်နှာကို မေ မြင်ချင်စမ်းလှသည်။ ယောက်ျားဆိုတာမျိုးဟာ အတောင်ပံသာ ရှိခဲ့လျှင် မိုးအဆုံး မြေအဆုံး ပျံချင်တိုင်း ပျံသန်းကြမယ့် လူတွေချည်းပဲလေ။


လွန်းထားထား(ဆေးတက္ကသိုလ်)

3 comments:

"ယောက်ျားဆိုတာမျိုးဟာ အတောင်ပံသာ ရှိခဲ့လျှင် မိုးအဆုံး မြေအဆုံး ပျံချင်တိုင်း ပျံသန်းကြမယ့် လူတွေချည်းပဲလေ။"

အဲဒီစကား သိပ်ကြိုက်တယ်။ :-)

 

‌အော်‌...မေရယ်...ကိုယ့်ဒုကှခကိုယ်ရှာတယ်ဆိုတာဒါမျိုး‌ပေါ့...။
ရုပ်ရှင်ရုံ‌ရှေ့မှာ‌တြွေ့ကတာ‌လေးဆက်ဖတ်ချင်တယ်..ထားက‌ကောင်းခန်း
‌ရောက်မြှဖတ်လိုက်တာကိုး...။

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...