စိတ်တစ္ဆေ


ဆူညံပြင်းထန်နေသော မိုးသံလေသံများမှအပ 
နောက်က ခြေသံလည်း 
တိတ်ဆိတ်စွာ ငြိမ်သက်နေသည်
စောင့်ကြည့်ကာ အခွင့်အရေးကို ချောင်းမြောင်းနေခြင်းလား
ဒီလောက် ရဲတင်းထုံပေသော လူတစ်ယောက်ဟာ 
ဘာအကြောင်းနှင့် သူမ၏   အိမ်တံစက်မြိတ်အထိ
ကပ်ပါလိုက်လာခဲ့ပါသနည်း

 ...........

ပြင်းထန်စူးရှသော မိုးချုန်းသံများနှင့်အတူ သူမ၏တကိုယ်လုံး လွင့်စင်ပြိုကွဲသွားတော့မတတ် တိုက်စားသယ်ငင် ပစ်လိုက်သည့် လေကြမ်းမုန်တိုင်းများ အသားများကို ခွဲရှနာကျင်စေသည့် မိုးသီးပေါက်ကြမ်းများနှင့်အတူ ရုတ်ချည်းမှောင်မိုက် ပိန်းပိတ်သွားသော ပတ်ဝန်းကျင်တွင် သူမတစ်ဦးတည်းနှင့် ချောက်ချားကျောစိမ့်စေသော ခြေသံတဖျပ်ဖျပ်ကို ကြားနေရ၏။ ပထမတော့ အဆမတန် ပင့်တိုက်ဆူညံနေသော လေဒဏ်မိုးသံများတွင် အာရုံစိုက်မိနေသောကြောင့် ပတ်ဝန်းကျင်ကို ဂရုမပြုမိခဲ့ပါ။ ပြီးတော့ သူမက အလွယ်တကူ ကြောက်ရွံ့တုန်လှုပ်တတ်သူ မဟုတ်ပါ။ ဟောက်စ်ဆာဂျင်ဘဝတုန်းက သေလုမျောပါး လူနာများနှင့် သေပြီးခါစ ကြောက်မက်ဖွယ် ရုပ်ပျက်ဆင်းပျက် လူနာများနှင့် ညပေါင်းများစွာ နပမ်းလုံး ရင်ဆိုင်ခဲ့စဉ်ကပင် သူမ သွေးမပျက်ခဲ့ဘူးပါ။ သွေးသံရဲရဲနှင့် အော်ဂလီဆန်ဖွယ်ကောင်းသော ညှီစို့ ပုပ်အဲ့ ဒဏ်ရာများနှင့် ကြောက်မက်သွေးလန့်ဖွယ် အော်ဟစ်ညည်းညူသံများကိုလည်း သူမ အပြုံးမပျက် ရင်ဆိုင်ကုသခဲ့ဖူးသည်။ 
ဤမျှ သတ္တိကောင်းသော သူမသည် စည်းချက်မမှန် တည်ငြိမ်မှုကင်းသည့် ခြေသံခပ်အက်အက်တစ်ခုကို ကျောမလုံ ချောက်ချားနေမိခြင်းသည် အနည်းငယ် ရယ်မောဖွယ်ကောင်းနေသော်လည်း ခုချိန်မှာ သူမရယ်ဖို့ သတိမရနိုင်ပါ။ သူမ၏ ထီးနက်ကလေးကို နောက်ကျောဘက် တစ်ခုလုံးကို ကွယ်ကာထားလိုက်သောကြောင့် ပြင်းရှသည့်မိုးဒဏ်မှ အကာအကွယ်မရှိ။ သူမစိုးရိမ်နေသည်မှာ ပင့်ဝှိက်ဝှေ့ယူနေသည့် လေဒဏ်ဖြင့် ထီးအမိုးပျက်စီးသွားမှာကိုပဲ ဖြစ်သည်။ သူမအတွက် အကာအကွယ်လုံးဝ ကင်းမဲ့ ယဲ့ယွင်းသွားတော့မည်။ ဒါဆို နောက်ကလူတွေအတွက် အသာစီးရနိုင်သွားတော့မည်။ အို... သေတော့မှာပဲ ထီးရွက်ပါးတစ်ခုဟာ သူမအတွက် လုံခြုံမှုပေးနိုင်ပါ့မလား။ ပြီးတော့ ရန်သူတစ်ယောက်အတွက်ရော အဟန့်အတား အပိတ်အဆို့တစ်ခု ဖြစ်နိုင်ပါ့မလား။ အချိန်မရွေး ထိုသူသည် သူမကို အလွယ်တကူ ရန်ပြုနိုင်သည်။ ဘယ်လောက် တုံးလိုက်သည့် အတွေးပါလဲ။ သူမစိတ်တွေ ဘယ်လောက် ယိုင်နဲ့ယိုယွင်းနေပြီလဲ။ သူမ၏စိတ်ဓာတ်များကို ဖဲ့ခြွေခိုးယူသွားသောအရာသည် ထိုခြေသံတစ်ခုပဲဖြစ်သည်။ 
ပိုမိုသည်းထန်လာသော မိုးပြင်းနှင့် လွှမ်းခြုံအုပ်စိုးလာသော အမှောင်ထုသည် ရန်သူအတွက် အခွင့်ကောင်းဖြစ်ပြီး သူမအတွက်တော့ မျှော်လင့်ချက်များ ဆိတ်သုဉ်းပြိုကွဲ ချောက်ချား တုန်လှုပ်လာစေသည်။ ဘယ်အချိန်မှာများ ထိုနောက်ကလူ သူမကို လှမ်းဆွဲ ရန်မူလိုက်မည်လဲဟု သတိမလွင့်စေဘဲ စောင့်စားနေရင်း တကယ်တမ်းအရေးကြုံလာလျှင် တုံ့ပြန်ခုခံဖို့ ကြံစည်တွေးတောနေရသေးသည်။ သူမ၏ဆေးအိတ်ထဲမှာတော့ ဆေးတချို့နှင့်နားကြပ်တစ်ခု ဖိအားတိုင်းကိရိယာတစ်ခုပဲ ပါသည်။ သူ့ထံမှာတော့ လက်နက်တစ်စုံတစ်ရာ ပါလာနိုင်သည်။ ဘုရားရေ သူမရှုံးနိမ့်ကျဆင်းဖို့က ရာနှုန်းပြည့်သေချာနေသည်။
သူမ ခြေလှမ်းကို မြှင့်တင်အားဖြည့်လိုက်သည်။ သူမ တစ်ဦးတည်းနေသော အိမ်ကလေးဆီရောက်ဖို့ အတော်လေးလိုနေသေး၏။ ဒီအတောအတွင်းမှာ တစ်စုံတစ်ခု ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာနိုင်မည်လား။ သူမနောက်မှ ခြေသံသည်လည်း ပိုမိုအားကောင်း လျင်မြန်လာသည်မို့ သူမ စူးစူးရွားရွား အော်ဟစ်မိတော့မတတ် ကြောက်လန့်လာသည်။ သို့သော် အသံလှိုင်းတို့သည် သူမလည်ချောင်းအတွင်းမှာ တိမ်မြုပ်တွယ်ကပ်နေလေ၏။ ပတ်ဝန်းကျင်တိတ်ဆိတ်ကြီးစိုးခြင်းက သူမစိတ်ဓာတ်များကို ချိုးဖျက်ဖဲ့ခြွေနေသလိုပါပဲ။ 
သူမအတွက် ကံကောင်းခြင်းမှာ လမ်းတစ်လျှောက် ပတ်ဝန်းကျင်တွင် အကူအညီတစ်စုံတစ်ရာ မရရှိနိုင်တော့ခြင်းပင် ဖြစ်သည်။ လူသားသက်ရှိဆိုလို့ ဤလမ်းမှောင်မှောင်ကလေးတွင် သူမတစ်ဦးတည်းနှင့် နောက်ဘက်မှ ခြေသံပိုင်ရှင် လူတစ်ဦးသာရှိသည်။
ခြေသံသည် ပိုမိုလျှင်မြန်လာသည်နှင့်အမျှ ယိုင်နဲ့ပျက်ယွင်းလာသည်။ ခက်ခဲပင်ပန်းစွာ လမ်းလျှောက်နေရသူတစ်ယောက်၏ ခြေသံမျိုး။ သို့သော် အားတင်းစုစည်းထားဟန်လည်း ရှိသည်။ သူမကို ရန်ပြုဖို့ အားယူဖွဲ့စည်းနေသလိုပဲ။ သို့သော် သူသည် အရက်ပြင်းများ အများအပြားသောက်သုံးထားသည်မှာ သေချာသည်။ ယစ်မူးစူးရဲ ရနံ့မျာသည် မိုးစက်များမှတဆင့် သူမထံ သယ်ဆောင်ရိုက်ခတ်နေ၏။ မိစ္ဆာ၏ ဝိုင်ရနံ့သည် သူမကို မူးရီပြုစားနေသည်။ ပြီးတော့ သူမထံမှ စွမ်းအားများကို ခြွေသဲ့ယူနေလေသည်။ သူမခေါင်းထဲ ရီဝေမူးနောက်လာသည်။ သို့သော် ခြေလှမ်းများကို ပိုမိုသွက်တင်ပစ်လိုက်သည်။ သူမအိမ်ကို ရောက်သွားလျှင် အနည်းငယ်ကျိုးပဲ့နေသော သစ်သားတံခါးသည် သူမအတွက် အတိုင်းအတာ တစ်ခုအထိ လုံခြုံမှုတော့ ပေးနိုင်မည်ထင်သည်။ ဒီလူဟာ အိမ်ထဲအထိပါ ထိုးဖောက်ဝင်ရောက်လာဦးမည်လား။ ဟင့်အင်း။ တစ်ဖက်အခန်းကို သူမ အော်ဟစ်အကူအညီတောင်းရမည်။ တံခါးကို ချိုးဖျက်ထုရိုက်ပြီး ဝင်လာမည်ဆိုလျှင်တော့ သူမသည် ဓားမြှောင်တစ်ချောင်းကိုင်ပြီး စောင့်နေရမည်။ ပြီးတော့ သူ၏ ဝမ်းဗိုက်အတွင်းသို့ တဆုံးထိုးသွင်း စီရင်ပစ်လိုက်မည်။ အခုလောလောဆယ် သူသည် သူမကို ရန်မူဖို့ မကြိုးစားနိုင်သေးသည်မှာ သူမ ကံကောင်းနေသေး၍ ဖြစ်သည်။
သူမအတွက် ဆက်လက်ကံကောင်းနေခြင်းလား၊ ကံဆိုးမိုးမှောင်ကျရောက်ခါနီး ဖြစ်လာခြင်းလား၊ မဝေခွဲတတ်စွာပင် သူမ၏ လူခြေတိတ်ဆိတ်သော အိမ်ကလေးဆီသို့ ရောက်ရှိလာခဲ့သည်။ နောက်က ခြေသံသည် ပိုမိုလေးနှေးကွေးကာ တစ်လှမ်းချင်း ခပ်ကျဲကျဲလှမ်းနေရသလိုမျိုး ။
ရပ်ကွက်လေးထဲမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်မှောင်မိုက်လျက်၊ သည်းထန်စူးရှသောဒဏ်၏ အောက်တွင် အေးလူငြိမ်သက်စွာ အိပ်စက်နေကြပြီထင်၏။ လမ်းမီးရောင် မှိန်ဖျော့လေးသည် ပျက်စီးလောင်ကျွမ်းသွားဖို့ အားယူနေသလို တဖျပ်ဖျပ် ခတ်နေသည်။
သူမသည် မည်းမှောင်အေးစက်သော သူမ၏ အိမ်တံစက်မြိတ်သို့ ရောက်လာခဲ့တော့သည်။ ဟိုဘက်ခန်းကို လှမ်းကြည့်မိစဉ်မှာ သူမအကြီးအကျယ် စိတ်ဓာတ်ကျဆင်းသွားခဲ့သည်။ အိမ်တံခါးများ အလုံပိတ်လျက် မီးရောင်မျှပင် မမြင်နိုင်တော့လောက်အောင် မှောင်မိုက်တိတ်ဆိတ်နေပြီး စောစီးစွာ အိပ်ရာဝင်တတ်ကြသည့် အဘိုးကြီး အဘွားကြီးတွေပဲ။ 
သူမ တံခါးကိုသော့ဖွင့်နေစဉ် တဝှီးဝှီး ဆူညံပြင်းထန်နေသော မိုးသံလေသံများမှအပ နောက်ကခြေသံလည်း တိတ်ဆိတ်စွာ ငြိမ်သက်နေသည်။ စောင့်ကြည့်ကာ အခွင့်အရေးကို ခြောင်းမြောင်းနေခြင်းလား။ ဒီလောက် ရဲတင်းထုံပေသော လူတစ်ယောက်ဟာ ဘာအကြောင်းနှင့် သူမ၏အိမ်တံစက်မြိတ် အထိ ကပ်ပါလိုက်လာခဲ့ပါသနည်း။ သူ ဘာကို လိုချင်တာပါလိမ့်။ ပစ္စည်းလိုချင်ရုံလောက်နှင့် ဆိုလျှင်တော့ လမ်းမှာတင် ကိစ္စပြတ်ခဲ့မှာပဲ။ လုယူထွက်ပြေးသွားနိုင်လောက်အောင် အခြေအနေကောင်းတွေ သူရရှိနေခဲ့တာပဲ။ 
လူတစ်ယောက် ဝင်လာလောက်အောင်သာ တံခါးကို အလွန်တရာ မြန်ဆန်စွာဖွင့်လိုက်ပြီး သူမ တွန်းတိုက် တိုးဝင်လိုက်ခဲ့သည်။ ပြီးနောက် တံခါးချက်ကို အလျှင်အမြန် ချလိုက်၏။ ထိုအခါကျမှ သူမကိုယ်သူမ အကြောအစိုင်များ ပြေလျော့ပြတ်ကျကုန်ပြီး သူမ ကြမ်းပြင်ပေါ် ဒူးထောက် ကျဆင်းလဲကျခဲ့တော့သည်။ အပြင်ကို အာရုံစူးစိုက် နားစွင့်လိုက်ပြီး သူမ ရင်တဒိတ်ဒိတ် ခုန်နေလေသည်။ ဘယ်အချိန်မှာ ထိုသူသည် တံခါးကို ဝုန်းခနဲ ဖြိုခွဲဝင်ရောက်လာမည်လဲ။ ဒါမှမဟုတ် သူ့တွင်ပါလာနိုင်သည့် ဓားချွန်မြမြဖြင့် ထိုးဖြတ် ပျက်စီးစေမည်လား။
အမှောင်ထဲတွင် သူမ၏ အသက်မျှင်းမျှင်းရှူသံများသည် မိုးသံများကြားတွင် တိုးလျနစ်မြုပ်နေခဲ့သည်။ ဒီလိုပဲ အပြင်ကလူ၏ လှုပ်ရှားမှုတစုံတရာသည်လည်း ထစ်ချုန်းမြည်ဟီးသံများကြားတွင် ပျောက်ဆုံး အကာအကွယ် ရနေနိုင်သည်။ အား... သူမ ကြက်သီးတဖြန်းဖြန်းထလျက် ခါးခါးသီးသီး ကြောက်ရွံ့လာသည်။ အစွမ်းကုန် အော်ဟစ်လိုစိတ်များသည် လည်ချောင်းနေရာ အနှံ့အပြားတွင် နစ်ဝင်စူးမြုပ်နေကြသည်။ သူမအတွက် ကူညီခြင်းဟူသော အလင်းရောင်သည် ရိုးရိပ်ဖျော့တော့မျှပင် ရောက်ရှိမလာခဲ့။
လျှပ်စစ်မီးများ ဖွင့်ဖို့တော့ သူမ ကြိုးစားရဦးမည်။ အမှောင်ထုသည် လူတစ်ဦး၏စိတ်ဓာတ်ကို ရိုက်ချိုးဖျက်ဆီး ပစ်နိုင်သည် မဟုတ်ပါလား။ အလင်းရောင် အပိုင်းအစများသည်ပင် ခုချိန်မှာ သူမအတွက် ခွန်အားဖြစ်လာနိုင်သည်ပဲ။ ဒူးများကို မသယ်နိုင်တော့သောကြောင့် သူမ တရွတ်တိုက်ဆွဲလျက် မီးခလုတ်များရှိရာသို့ စီးမျောရွေ့လျားသွားသည်။ မီးခလုတ်ဆီ မရောက်သေးမီမှာပင် တစ်စုံတစ်ရာ အသံတစ်ခုသည် မိုးသံကိုခွင်းလျက် သူမဆီ ပြေးဝင်လာလေသည်။ တစ်စုံတစ်ခု ပြိုလဲကျဆင်းသွားသောအသံ။ သစ်သာနှင့် ခပ်လေးလေး ထိတိုက်သွားသံတစ်ခု။ အပြင်ကလူ လဲကျ မူးမျောသွားခြင်းလော။ ဒါမှမဟုတ် ဦးနှောက် သွေးကြောပြတ်ကာ သေဆုံးကျလဲသွားတာလည်း ဖြစ်နိုင်သည်။ ထိုစဉ်မှာပင် လေးပေချောင်း မီးဖြူကလေး လင်းလက်လာခဲ့သည်။ သူမ စိတ်ဓာတ် အတန်အသင့် ဖွံ့ဖြိုးရှင်သန်စ ပြုလာသည်။
အပြင်ကလူ တစ်ခုခုဖြစ်တာကတော့ သေချာသွားပြီ။ ဒါကြောင့်ပဲ သူမ စိတ်ချပေါ့ပါးသွားတာလား။ အနည်းငယ် ရယ်မောလိုစိတ်တွေသည် တင်းကျပ်ဆို့ပိတ်နေသော သူမရင်ခွင်ထဲ ထိုးဖြတ်ဖြိုခွင်း၍ ဝင်လာသောကြောင့် သူမ ခပ်တိုးတိုး ရယ်သံထွက်ကြည့်လိုက်သည်။ သို့သော် အက်ကွဲသွေ့ရှသော ညည်းညူသံတစ်ခုအဖြစ်သာ သူမ လည်ချောင်းထဲမှ ဖြတ်စီး ထိုးခွဲ ထွက်လာခဲ့သည်။ နေပါစေ။ သူမ အတော်လေး စိတ်ငြိမ်သက်သွားပြီ။  စိတ်ငြိမ်ဆေး နှစ်ပြား ခပ်သွက်သွက် စားလိုက်ပြီး သူမအဝတ်အစားများ လဲလိုက်သည်။ ပြီးနောက် ထုံးစံလို မီးမမှိတ်တော့ဘဲ ခုတင်ပေါ် တက်လှဲနေသည်။ ခဏအကြာမှာတော့ သူမမျက်လုံးများ မှေးစင်းလေးလံလာတော့သည်။ သူမ စိတ်ချစွာ မအိပ်စက်ရဲသေးမှန်းကို သိနေရင်းကပင် ဘယ်လိုမှ မထိန်းသိမ်းနိုင်စွာ အိပ်ပျော် မှိတ်စက်သွားရတော့၏။ သိပ်ကိုလည်း ပင်ပန်းနာကျင်ခဲ့သည်ပဲ။ သူမတစ်ကိုယ်လုံးကို တစ်စုံတစ်ရာနှင့် ဖိသိပ်ကျပ်ခဲထားသလို ပိဆိုင်းထိုင်းမှိုင်းနေလေသည်။ ထိုနောက်တော့ သူမ ကမ္ဘာလောကတစ်ခုလုံး မောပန်းဖျားနာစွာ အိပ်မောကျ မှောင်မိုက်သွားခဲ့တော့သည်။
သူမ စတင်အာရုံဝင်လာတာက တံခါးသံ တိုးသဲ့သဲ့ဖြစ်သည်။ ညက အဖြစ်အပျက်အားလုံးတို့သည် သူမခေါင်းထဲ စူးစူးရှရှ ဝင်ဖြတ်စီးလာသည်။ ညကလူ တံခါးခေါက်နေခြင်းများလား။ မိုးလင်းနေတာတော့ သေချာသည်။ လောက၏အသံများသည် အလင်းကမ္ဘာကို အသက်ဝင်နေစေသည်။ ကြောက်ရွံ့တုန်လှုပ်ခြင်းများလည်း ဆန်းကြယ်စွာ ဝေးလွင့်ပျောက်ဆုံးနေသည်။ သို့သော် သူမ ထ၍မရတော့။ လှုပ်ရှားမှုအသေးအဖွဲကလေးအတွက်ပင် သူမ အားစိုက်မထုတ်နိုင်လောက်အောင် ပင်ပန်းလေးလံနေတယ်။ ပြီးတော့ သေချာသေးသည်မှာ သူမ အပြင်းအထန် ဖျားနေပြီဆိုတာပဲ ဖြစ်သည်။ အဖျားဆိပ်သည် ဘယ်စဉ်ကတည်းက သူမကိုယ်ထဲ ဝင်ရောက်နေခဲ့သည်တော့ မသိ။ ခုချိန်မှာတော့ အတော်ရင့်သန်ဖိစီးနေသော အဖျားဆိပ်သည် စူးရှပျံ့နှံ့စွာ သူမတစ်ကိုယ်လုံးကို ပူခြစ်တောက်လောင်တော့မတတ် တုန်ရီမူးမိုက်ခြင်းများဖြင့် ချုပ်နှောင်ဖိစီးထားတော့သည်။
သို့သော် သူမ တံခါးဝသို့ ရောက်အောင် သွားရဦးမည်။ အပြင်ကလူ၏ အခြေအနေကို သိဖို့ ပတ်ဝန်းကျင်၏ အကူအညီကိုယူဖို့ ....
သူမ ခုတင်ပေါ်မှ လှိမ့်ဆင်းချလိုက်ပြီးနောက် တွားသွားသလို တရွတ်တိုက်ဆွဲကာ ပင်ပန်းဆင်းရဲနာကျင်စွာ တံခါးဝဆီ လျှောဆင်းလာခဲ့သည်။ သူမကိုယ်ခန္ဓာမှာ တဆတ်ဆတ် တုန်ရင်ပေါ့ပျက်နေသည်။ မူးမောအော့အန်လိုစိတ်များ လျှံဝေလျက် အင်အားများ ဆုတ်ယုတ်ပျက်စီးနေပြီပဲ။ ရင်ထဲကနှလုံးသည် အပြင်သို့ ပြိုဆင်းဖိတ်စင်ကျလာတော့မတတ် ခုန်ပေါက်ပြင်းထန်နေ၏။ လည်ချောင်းအတွင်းမှာ လှိုက်စားလောင်ကျွမ်းနေသော မီးစများ ပြန့်ကျဲစင်နှံနေသလို။
စွမ်းအားသုံးကာ တံခါးချက်ကို ကိုယ်ကိုမြှင့်၍ ဆွဲချပေးလိုက်ပြီးနောက် သူမ အရုပ်ကြိုးပြတ်ပြိုလဲသွားတော့သည်။ 
“ဟင်... ဒေါက်တာ၊ ထင်တဲ့အတိုင်းပါပဲလား။ မနေ့က မိုးပြင်းမိပြီး ဖျားနေပြီကိုး။ ကျွန်မတို့ မနက်အစောကြီးကတည်းက ထလာမလို့။ မနေ့က ဒေါက်တာတစ်ယောက်တည်း မိုးထဲလေထဲ ပြန်လာတာ တွေ့ကတည်းက မနက် ဖျားတော့မှာပဲလို့ စိတ်ပူနေတာ... တော်ပါသေးရဲ့။ တံခါးလာဖွင့်ပေးနိုင်သေးလို့”
ဟိုဘက်ခန်းက အဘွားကြီးအသံပဲ။ သူမ အဘွားကြီးကိုကျော်လျက် အနောက်သို့လှမ်းကြည့်လိုက်သည်။ အံ့သြစဖွယ် တစ်စုံတစ်ရာမှ သံသယဖြစ်စရာ မတွေ့ပါ။ ဟိုလူ လဲကျသေဆုံးနေခြင်းမျိုး ရှိမနေခဲ့။ ဒါမှမဟုတ် မူးမေ့သွားရာကနေ သတိပြန်လည်လာပြီး ပြန်လည်ထွက်ခွာသွားတာလည်း ဖြစ်နိုင်သည်။ ဒါဆိုရင်တော့ ဒီအဒေါ်ကြီးတွေ မြင်နိုင်မှာပဲ။
“လူ... လူတစ်ယောက် တွေ့လား။ ထွက်သွားတာ”
လေးလံတိုးတိတ်စွာ မပီသရောပြွမ်းနေသော အသံကို အဘွားကြီး မနည်းနားထောင်ယူရပုံရှိသည်။ အံ့သြစွာ သူမကို ကြည့်ပြီး ....
“ဟင့်အင်း... ဘာလူတစ်ယောက်မှ မတွေ့ပါဘူး။ ဘာဖြစ်လို့ပါလိမ့်။ ဒေါက်တာ အဖျားတက်ပြီး ကယောင်ကတမ်းတွေ ဖြစ်ကုန်ပြီထင်ပါရဲ့။ ကိုအုန်းခိုင်ရေ လာပါဦး။ ဒေါက်တာ့ကို ဆေးခန်းပို့ရအောင်။ ဟုတ်ပါရဲ့ ကိုယ်တွေများ မီးခဲလိုပဲ ပူလိုက်တာ”
အဘွားကြီး၏ ရေရွတ်ညည်းညူသံများကြောင့် သူမခေါင်းတွေ ပိုမို မူးရီလာသည်။
“နေပါဦးအဒေါ်၊ ကျွန်မသတိရှိနေပါတယ်။ မေးတာ ဖြေစမ်းပါ။ လူတစ်ယောက်လေ ကျွန်မအိမ်ရှေ့မှာ လဲပြုကျနေတာမျိုး”
“ဟင့်အင်း။ ဘယ်သူမှ မရှိဘူး ဒေါက်တာ။ မနေ့ညက ဒေါက်တာပြန်လာပြီးကတည်းက ဘာလူမှ ကျွန်မတို့အိမ်ရှေ့ ရောက်မလာတော့ဘူး။”
“မနေ့ညက ကျွန်မနောက်က ကပ်ပါလာတဲ့ လူတစ်ယောက်လေ အဒေါ်။ အဒေါ် ကျွန်မပြန်လာတာကို တွေ့တာ သေချာရဲ့လား။ ကျွန်မပြန်လာတော့ အဒေါ်တို့အိမ် မီးတွေမှိတ်ထားပါပြီ။”
“ကျွန်မတို့အိမ် ညက မီးပျက်နေလို့ပါ။ ကျွန်မတို့လင်မယားနှစ်ယောက်စလုံး ဧည့်ခန်းမှာ ထိုင်နေကြတာပဲ။ ဒေါက်တာပြန်လာတာ ကျွန်မတို့ နှစ်ယောက်လုံး တွေ့တာပဲ။ လှမ်းသာ မခေါ်ဖြစ်တာ”
တစ်ခုခုတော့ မှားယွင်းနေပြီဆိုတာ သူမသိလိုက်သည်။ သူမ ငြိမ်သက်တိတ်ဆိတ်စွာ စိတ်အနှောင့်ယှက် ဖြစ်နေတော့၏။ မကြာခင်မှာ ရပ်ကွက်ထဲက ဆရာဝန်တစ်ယောက်ကို အဘိုးကြီးပင့်လာတာ၊ သူမကို ဆေးထိုး ဆေးတိုက် လုပ်ပေးနေတာတွေကို သတိမလစ်ဘဲ သူမခံနိုင်ရည် တင်းနေခဲ့သည်။
လောကကြီးနှင့် သူမ အကြားရှိ အစပ်အဆက်တစ်ခု ချို့ယွင်းသွားခြင်း များလား။ သူမ မနေ့က အဖြစ်အပျက်တွေကို ပြန်တွေးတောကြည့်သည်။ ဆေးခန်းမှာ အရက်အလွန်အကျွံမူးနေသော လူနာတစ်ယောက်ကို နောက်ဆုံးကုသပေးပြီးနောက် ဆေးခန်းအပေါ်ထပ်မှာ သော့တက်ပေးပြီး အိမ်ရှင်တွေ ကြည့်နေသော မကောင်းဆိုးဝါး သရဲကားတစ်ကားကို ခဏတစ်ဖြုတ်ဝင်ကြည့်ခဲ့ပြီး သူမ တစ်ဦးတည်းပြန်လာခဲ့သည်ပဲ။ မိုးများ သည်းမိုက်စွာ ရွာသွန်းမှောင်ပိန်းလာစဉ်မှာ သူမ အရက်နံ့နှင့်အတူ ခြေသံတစ်ခုကို စတင်ကြားမိ ချောက်ချားလာခဲ့မိခြင်း ဖြစ်သည်။ ထိုစဉ်က ကြည့်ခဲ့သော သရဲကားကိုပင် ပြန်မတွေးမိအောင် သူမ ထိန်းသိမ်းမေ့ပျောက်ထားခဲ့သေးသည်။ အရက်နံ့နှင့် ခြေသံကို သူမတကယ်ပဲ ခံစားနေခဲ့ရတာ သေချာပါသည်။ ဘာတစ်ခုခုများ မှားယွင်းနေပြီလဲ။ 
သူမ အနောက်မှာ လူတစ်ဦး ယိုင်နဲ့နီးကပ်စွာ လိုက်ပါလာခဲ့ပါသည်။ ညအမှောင်မှာ ခြေသံတရှပ်ရှပ်ကို သူမ တကယ်ပီသစွာ ကြားခဲ့၏။ ပိုသေချာသေးသည်မှာ အိမ်ဝမှ တစ်ခုခု ပြိုလဲကျဆင်းခဲ့တာ သေချာပါသည်။ သူမဆီမှာ သေချာမှုတစ်မျိုး တွယ်ကပ်ကျန်နေသေးသည်။
ထိုနေ့က တစ်နေ့လုံး သူမ အိပ်ပျော်တလှည့်၊ တွေးတောတလှည့်ဖြင့် အဖြစ်အပျက်ကို သံသယရှိနေခဲ့သည်။ အဒေါ်ကြီးကတော့ အသေအချာပင်။
“ဒေါက်တာတစ်ယောက်တည်းပါ။ ဘယ့်နှယ့် လူတစ်ယောက်ပါလာရမှာလဲ။ ကျွန်မတို့ သေချာတွေ့နေခဲ့တာပဲ။ နေပါဦး ဒေါက်တာ တစ္ဆေတွေ ဘာတွေများ ဝင်ပူးခံရပြီလား။ ခုဟာ မဖြစ်နိုင်သေးပါဘူး။ ဒေါက်တာ တစ်ခုခု စိတ်စွဲခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒေါက်တာ့အနောက်မှာ လူလုံးဝမပါတာ ကျွန်မရော ကိုအုန်းခိုင်ပါ ကျိန်ပြောရဲတယ်။ သေချာပါတယ်။ ဒေါက်တာ မှားနေတာ။”
သူမ တကယ်ပဲ မကောင်းဆိုးဝါး တစ်ကောင်ကောင်၏ ဝင်ရောက်စီးနင်း ပူးကပ်ခြင်းကို ခံခဲ့ခြင်းကို ခံခဲ့ရခြင်းလော။ စွဲကပ် စူးရဲသော အရက်နံ့သည် သူမ၏ နောက်ဆုံးလူနာကို ကုသခဲ့စဉ်ကအတိုင်း ခြေသံ တဖျပ်ဖျပ်သည်လည်း သူမ နောက်နားမှာ ကပ်လျက်။ သူမဘာတစ်ခုခုကို စိတ်စွဲခဲ့မှာပါလဲ။ သူမ တကယ် ကြုံတွေ့ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်ပဲ။
“သူ တံခါးဝမှာ လဲကျသွားသံကိုလည်း ကျွန်မ ကြားခဲ့ရပါသေးတယ် အဒေါ်ရယ်။ ကျွန်မ တကယ်ဖြစ်ခဲ့တာပဲ ထင်တယ်”
“ကျွန်မတို့ အိမ်ရှေ့က ကုက္ကိုကိုင်းတစ်ကိုင်း မိုးဒဏ်လေဒဏ်နဲ့ ပြိုကျခဲ့သေးတယ် ဒေါက်တာ။ အဲဒီအသံဖြစ်မှာပါ။ ဒေါက်တာစိတ်ထင်နေတာပါ။ စိတ်အေးအေးထားလိုက်ပါ။ အားရှိသွားအောင် အိပ်လိုက်နော်။ ကျွန်မတို့ စောင့်နေမယ်”
အသံသည် တိုးတိတ်ပျောက်ကွယ်သွားသည်။ သူမ စိတ်ဒဏ်ရာသည် ပိုမို ပြင်းထန်စူးရှလျက်။ သံသယသည် မှေးမှိန်ပျောက်ကွယ်သွားလိုက် တောက်ပအရောင်လက်လာလိုက် နှင့် သူမဦးနှောက်များကို ဖဲ့ခြွေ တိုက်စားနေသည်။ မိုးတစ်ည၏ စိတ်တစ္ဆေသည် သူမအား ဖမ်းစားခြောက်လှန့်ခဲ့သည်လား။ သူမ ချောက်ချားစွာ သက်ပြင်းရှိုက်လိုက်လေသည်။ 
ကမ္ဘာလောကကြီး နှင့် သူမအကြားတွင် တစ်စုံတစ်ရာ ပြတ်တောက်ကင်းမဲ့လျက်။



လွန်းထားထား ၊ဆေးတက္ကသိုလ်၊
ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း (အမှတ်၁၂၊ စက်တင်ဘာလ၊ ၁၉၉၀)
[ရွှေအမြုတေ ဝတ္ထုတို ၆၀ စုစည်းမှု]

0 comments:

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...