ပျော်ပွဲစားထွက်သူများ


(က)
ဒီနေရာလေးက တကယ်အေးချမ်းတယ်။ ကန်ရေပြင်ကြီးရယ်... ရေတံခွန်ကြီးရယ်... အလှမွေးထားတဲ့ ယဉ်ကျေးတဲ့ တိရိစ္ဆာန်ကလေးတွေရယ်... သစ်ပင်တောအုပ်စိမ်းစိမ်းစိုစိုတွေရယ်... မြက်ခင်းစိမ်းနုနုတွေရယ်... အရိပ်ရသစ်ပင်တွေနဲ့မို့ ပျော်ပွဲစားထွက်ဖို့ တကယ်ကောင်းတဲ့နေရာကလေးပေါ့။ ဒီနေရာကလေးက မြို့ပြနဲ့လည်း ဝေးတယ်လေ။ မြို့ထဲကနေ ဒီနေရာကလေးဆီကို ပျော်ပွဲစားထွက်ဖို့ ငါးမျှားဖို့ လာချင်ရင် ကားနဲ့တော်တော်ဝေးဝေးကို မောင်းရတာ။ ပျော်ပွဲစားထွက်ဖို့ ငါးမျှားထွက်ဖို့ သူတို့ သူငယ်ချင်းသုံးယောက် ပိုက်ဆံစုကြရတာကတင် တစ်လလောက်ကြာပါတယ်။ ပိုက်ဆံကို ဘယ်လိုစုရတယ်များမှတ်လဲ။ ယာယီလမ်းဘေးဆိုင်လေးထိုးပြီး hot-dog နဲ့ အချိုရည်၊ ပြီးတော့ tea coffee စတဲ့ လွယ်လည်းလွယ်၊ အပန်းလည်းမကြီး အရင်းလည်းသိပ်မများဘဲ အမြတ်များများရတဲ့ ဈေးရောင်းနည်းနဲ့ ရောင်းပြီး အမြတ်ငွေကို စုခဲ့ကြတာပါ။ ဟော... အခုတော့ သူတို့ဆန္ဒပြည့်ဝခဲ့ပါပြီ။ အငှားကားတစ်စင်းငှားပြီး သူတို့သုံးယောက် ပျော်ပွဲစားထွက်နိုင်ခဲ့ကြပြီ။ 
သူတို့လက်ထဲမှာ ငါးမျှားတံကိုယ်စီလည်းပါရဲ့။ အဆင်သင့်စားဖို့ ကော်ဖီဓာတ်ဗူးအပြည့်နဲ့ အသားညှပ်ပေါင်မုန့် Sandwich တွေလည်း ယူလာခဲ့တာမို့ အပြင်ကနေ ဝယ်စားစရာမလိုတော့ဘူးပေါ့။ ငါးကိုတော့ အပျော်ပဲ မျှားကြမှာပါ။ သူတို့သုံးယောက် အလောင်းအစားတစ်ခု လုပ်ထားခဲ့ကြတယ်လေ။ ဘယ်သူက ငါးအကောင်အကြီးဆုံး မျှားနိုင်မလဲ ဆိုတာပေါ့။ အကြီးဆုံးငါးရတဲ့သူကို အသေးဆုံးငါးရသူ ဒါမှမဟုတ် ငါးတစ်ကောင်မှမရတဲ့သူက တစ်နာရီတိတိနှိပ်ပေးကြေးလေ။ တကယ်ဇိမ်ပဲ။ တကယ်တော့ ပျော်ပွဲစားထွက်တာထက် ငါးမျှားရတဲ့ဖီလင်ကို သူတို့ပိုပြီး စိတ်ဝင်စားရင်ခုန်တာပါ။ ငါးမျှားရတဲ့ဖီလင်ဟာ မိန်းကလေးတစ်ယောက်ကို လိုက်ရသလိုပဲ ရင်ခုန်စရာကောင်းတယ်လေ။ အဖြေရမလား... မရဘူးလား ဆိုတာကို ကြိုတင်မမျှော်လင့်နိုင်ဘဲ ရင်ဖိုမျှော်လင့်ရသလိုပေါ့။ 
သူတို့သုံးယောက်စလုံး အသက်နှစ်ဆယ်စီပဲ ရှိကြသေးတယ်။ တစ်ယောက်မှ ရည်းစားမထားဖူးကြသေးဘူး။ ရည်းစားတော့ အလိုချင်သားပေါ့လေ။ ဒါပေမယ့် ရည်းစားရရင် ရည်းစားကို ကျွေးရမွေးရ သူ့အကြိုက် မိတ်ကပ် နှုတ်ခမ်းနီ ရေမွှေး အဝတ်အစားစတဲ့ အသုံးအဆောင်တွေ ဝယ်ပေးဖို့ သူတို့မှာ ပိုက်ဆံ မှ ဖောဖောသီသီ မကြွယ်ဝတာ။ အဲဒီတော့ သုံးယောက်စလုံး ရည်းစားမရှာနိုင်သေးဘဲ လွတ်လပ်ပေါ့ပါးစွာပဲ အတောင်ဖွင့် ပျံသန်းလျက်ပေါ့။ သူတို့လို လူငယ်လေးတွေအတွက်တော့ ဘဝဆိုတာ အပြောကျယ်တဲ့ ကောင်းကင်ပြင်ကြီးလိုပါပဲ။ အနှောင်အဖွဲ့မရှိလေ ကြိုက်လေပဲ။ တတ်နိုင်သရွေ့ ကမ္ဘာကုန်ကျယ်သ၍ ပျံသန်းမယ်လေ။ လိုချင်တာရဖို့အတွက်လည်း အရင်းအနှီးကို ကြိုးစားရှာဖွေဖို့ ဝန်မလေးဘူး။ အခုလို ပျော်ပွဲစားထွက်ချင်တဲ့အခါ ကိုယ့်အားကိုယ်ကိုးပြီး ငွေရှာကြသလိုပေါ့။ သူတို့က ဘဝဆိုတာ အပေးအယူတစ်ခုလို့ နားလည်ထားတယ်လေ။ လိုချင်တာရှိတဲ့အခါ ညီမျှတဲ့အရင်းအနှီးတစ်ခု ပေးရမယ်ဆိုတာကိုပေါ့။ အဲဒါ အခုခေတ်လူငယ်တွေရဲ့ အယူအဆ တချို့ပဲ ဆိုပါစို့။ 
(ခ) 
ဒီနေရာလေးက အေးချမ်းလိုက်တာ။ ချစ်သူနှစ်ယောက် နှစ်ကိုယ်ကြား တီးတိုးချစ်စကား ခွန်းခြွေဖို့ အင်မတန် လုံခြုံအရိပ်ရတဲ့ နေရာကလေးတွေ ရှိတယ်လေ။ ရေကန်စပ်ကလေးမှာ နှစ်ယောက်သားထိုင်လို့ တီတာချွဲနွဲ့တဲ့ စကားလုံးအသစ်အဆန်းတွေကို တောင်စဉ်ရေမရ ခြွေချနေရမယ်ဆိုရင်တော့ ညနေစောင်း အိမ်ပြန်ချိန်ကိုတောင် မုန်းမိပါရဲ့။ တကယ်ပါ ... ချစ်သူ့ပုခုံးကလေးကို မှီရင်း အိမ်ထောင်သည်ဘဝဆိုတဲ့ အနာဂတ်ဆီ စိတ်ကူးတွေယဉ်ရတဲ့ ပီတိဟာ ဘာနဲ့မှ မတူပါဘူး။ လောကမှာ ကိုယ်ချစ်တဲ့သူနဲ့ အတူ တူနှစ်ကိုယ်တိုင်းပြည်တစ်ခု ထူထောင်ရတာလောက် စွန့်စားခန်းမြောက်တာ ဘာမှ မရှိတော့ပါဘူး။ 
သူမသည် မယားကောင်းတစ်ယောက်အဖြစ် သူမကိုယ်သူမ စိတ်ကူးထဲမှာ ထင်ယောင် မြင်ယောင် ကြည့်မိလျှင် ပီတိဖြင့် ရွှင်ကြည်စွာ ပြုံးမိလေသည်။ မျက်လုံးကလေး မှေးရီကာ စဉ်းစားကြည့်မိသည်မှာ မနက်မိုးလင်းသည်နှင့် ချစ်သူအတွက် ကော်ဖီပူပူနှင့် ပေါင်မုန့်မီးကင်ကို ထောပတ်ရွှဲစိုစိုလေးသုတ်လျှက် breakfast ကို ပြင်ဆင်ပေးမည်။ ပြီးလျှင် သူရုံးသွားဖို့အတွက် မီးပူဖြင့် သပ်ရပ်ကျော့မော့နေစေမည့် ရုံးသွားဝတ်စုံကို အဆင်သင့်ပြင်ဆင်ပေးမည်။ ထမင်းချိုင့်ကလေးက အဆင်သင့်ဖြစ်စေလို့ပေါ့။
ညနေ သူပြန်လာချိန်ကို မျှော်မောရသည်ကလည်း ရင်တဖိုဖိုကလေး နေမှာပဲ။ ညနေထမင်းဝိုင်းသည် ချစ်သူနှင့်သူမတို့၏ စကားသံရယ်မောသံတို့ဖြင့် ချိုမြိန်စည်ဝေနေစေပါမည်။ ညအိပ်ရာမဝင်ခင် ချစ်သူနှစ်ဦး ဘုရားခန်းမှာ အတူတူ ဘုရားရှိခိုး၊ တရားထိုင်ခြင်းတို့ကို ငြိမ်းချမ်းကြည်မွေ့စွာ လုပ်ကိုင်မည်။ အိပ်ရာဝင်ပုံပြင်ကို မောင့်ကို ပြောစေမည်ပေါ့။ တီးတိုးခွန်းချို၊ ချွဲနွဲ့ပလီစကားတို့ဖြင့် အိပ်ရာဝင်ကြမည်။ ကဲ ဘယ်လောက် အဓိပ္ပါယ်ရှိ၊ ကြည်နူးသာယာဖွယ် ကောင်းလှသော ဘဝပါလဲ။ စိတ်ကူးဖြင့်ပင် သူမက ရင်ခုန်ကာ ပျော်ရွှင်လာသည်။ ထိုအကြောင်းကို ချစ်သူကို ပြောပြတော့ ချစ်သူက ကျေနပ်ရွှင်ပျခြင်းဖြင့် ရယ်မောကာ သူမ၏ ဆံနွယ်မျှင်ကလေးများကို ချစ်စနိုးကျီစယ်ဆော့ကစားနေလျက် သူမ၏ မျက်နှာကလေးကို တစိမ့်စိမ့် ငေးကြည့်နေသည်။ ချစ်သူ၏ မျက်လုံးတွေဆီမှာ ရင်ခုန်ခြင်း၊ ယစ်မူးခြင်း၊ ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်း၊ ပီတိတို့ကို မြင်ရသည်။
'မောင်ကလည်း ချစ်ခင်ပွန်းတစ်ယောက်ရဲ့ တာဝန်ကို ကျေစေမှာပေါ့ကွယ်၊ ခုကတည်းက ချစ်လေးနဲ့လက်ထပ်ဖို့ မောင့်ဆီမှာ စိတ်ကူးနဲ့ငွေစုထားရတာ တော်တော်တောင်စုမိနေပြီ၊ မောင်တို့ ဘယ်တော့ လက်ထပ်ကြမလဲဟင်'
ဟု ပုခုံးစွန်းကလေးကို ဖွဖွနမ်းလျက် မွတ်သိပ်ရီဝေစွာ မေးလျှင် သူမသည် နှစ်သိမ့်မောရီစွာဖြင့် အဖြေပေးလိုက်လေသည်။ ချစ်သူတွေအတွက် ဘဝဆိုတာ လက်တွဲဖော်နဲ့ အတူတကွ လျှောက်လှမ်းရတဲ့ ခရီးတစ်ခုပဲ ဆိုပါတော့။
(ဂ)
ရေကန်စပ်ဘေး ခုံတန်းလျားကလေးကို သူတို့ ရွေးချယ်လိုက်ကြသည်။ ဇနီးဖြစ်သူက ယိုးဒယားမြက်ဖျာ ခပ်ကြီးကြီးကလေးကို ဖျန့်ခင်းလိုက်ကာ ယိုးဒယားကော်ခြင်းကြီးထဲမှာ ထည့်ယူလာသော ပေါင်မုန့်အသားညှပ် Sandwich မုန့်တွေ၊ စတီးလ်ဓာတ်ဗူးကြီးနဲ့တကွ ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး စသော သစ်သီးတွေကို တစ်ခါသုံးဖော့ပန်းကန်ကြီးထဲမှာ စီရရီထည့်လျက်ရှိစဉ် ခင်ပွန်းဖြစ်သူက အသင့်ယူလာသော ငါးမျှားတံကလေးဆွဲကာ ကန်စပ်ဆီသို့ ထွက်ခဲ့သည်။ 
တကိုယ်တည်း အေးအေးလူလူ အတွေးဝေဖြာရင်း ငါးမျှားရသောအလုပ်ကို သူအလွန်ပဲ နှစ်ခြိုက်လှပါသည်။
ဒါကြောင့်လည်း သူ ရုံးအားလပ်တိုင်း ဇနီးနှင့်တကွ သားနှင့်သမီးကိုပါ တစ်ပါတည်းခေါ်လျက် ပျော်ပွဲစားထွက်ရအောင်ဟူသော ခေါင်းစဉ်တပ်ပြီး တစ်ချက်ခုတ် သုံးချက်ပြတ် စေသည်။ သူ့အတွက်လည်း သူဝါသနာပါရာကို တစ်ကိုယ်တည်း အေးအေးလူလူဆောင်ရွက်နိုင်သလို ဇနီးဖြစ်သူကိုလည်း သူမ၏တစ်နေ့တာ အိမ်မှုကိစ္စတွေကနေ ခဏကင်းဝေးစေကာ ပြင်ပလောကသို့ အလည်အပတ်ခရီးအဖြစ် စိတ်အပန်းပြေစေသည်။ သူ့သားနှင့်သမီးအတွက်လည်း ဧရာမပန်းခြံကျယ်ကြီးထဲမှာ ဘောလုံးကန်ချင်ကန်၊ စိန်ပြေးတန်းကစားချင်ကစား၊ ဗိုက်ဆာလာလျှင် မိသားစုမျက်နှာချင်းစုံညီစွာ Sandwich နှင့် ကော်ဖီပူပူကို သောက်ကြမည်။ အကယ်၍ ကံကောင်းလွန်းစွာ ငါးတစ်ကောင်တစ်လေကို သူဖမ်းမိလျှင် ဇနီးရော ကလေးတွေပါ ဝမ်းသာအားရ ပျော်မြူးကြမည်။ ထိုနေ့တစ်နေ့တာလုံး သူတို့မှာ ပူပန်သောကမရှိ၊ စိတ်ညစ်နာကျင်ရခြင်းတွေမရှိ၊ အဆင်မပြေခြင်းတွေ၊ မပြေလည်ရခြင်းတွေလည်း မရှိ။ ပကတိငြိမ်းချမ်းပျော်ရွှင်စွာ။ နောက်နေ့အတွက် အားအင်တွေအပြည့် ဖြည့်တင်းသိုမှီးခဲ့ရသလိုပင်။ တစ်နေကုန် အေးအေးဆေးဆေး အချိန်ကုန်လွန်စေပြီး ညနေစောင်းမှ သူတို့ အိမ်ပြန်ကြသည်။ သူတို့မိသားစုအတွက် ဘဝဆိုသည်မှာ စည်းလုံးညီညွတ်ခြင်း ၊ မရှိအတူ ရှိအတူ၊ အေးအတူပူအမျှ ခံစားယူရခြင်း ဖြစ်လေသည်။
(ဃ)
ရေကန်စပ်နံဘေး ခုံတန်းလျားလေးကို သူတို့ နှစ်ယောက် ရွေးချယ်လိုက်လေသည်။ နှစ်ယောက်သား တစ်ယောက်လက် တစ်ယောက် ညင်သာ ဖွဖွတွဲဆုပ်ထားလျက်။ နွေးထွေးစွာ၊ ယုယကြင်နာစွာ။ အဘိုးကြီးက အသက်ရှစ်ဆယ်ရှိခဲ့ပြီ။ အဘွားကြီးကတော့ ခုနစ်ဆယ့်ငါး။ သူတို့နှစ်ဦးအိမ်ထောင်သက်မှာ နှစ်ပေါင်း ငါးဆယ်ကျော်ခဲ့ပြီ။ နှစ်ပေါင်းငါးဆယ်လုံးလုံး ရဲဘော်ရဲဘက်တွေလို၊ တစ်ခါတစ်ရံ သူငယ်ချင်းမိတ်ဆွေတွေလို၊ တစ်ခါတစ်ရံမှာတော့ ချစ်သူဇနီးမောင်နှံတွေလို၊ တစ်ခါတစ်ရံ သားအမိလို၊ မောင်နှမလို တီးတိုးတိုင်ပင်ညှိနှိုင်းလိုက်ကြ၊ လောကဓံအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်လိုက်ကြနှင့် တိုက်ပွဲတစ်ပွဲကို တက်ညီလက်ညီ တိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်ရဲဘက်တွေ ဖြစ်ခဲ့ကြသည်။
နှစ်ပေါင်းငါးဆယ်ကျော်ကာလအတွင်းမှာ သူတို့ တစ်ညကလေးတောင် မခွဲခဲ့ကြပါဆိုလျှင် ယုံနိုင်ပါ့မလားမသိ။ တကယ်ပင် မခွဲခဲ့ကြပါ။ ထိုသက်တမ်းရှည်လျားအတွင်းမှာ သူတို့ ရယ်မောခဲ့ကြဖူးရဲ့။ ငိုကြွေးဝမ်းနည်းခဲ့ရဖူးရဲ့။ ရန်ဖြစ် စိတ်ဆိုး စိတ်ကောက်ကြသည့် အခါတွေလည်း ရှိခဲ့သလို ချစ်ကြည်နူးရင်ခုန်ပျော်ရွှင်ခဲ့ရသော အချိန်တွေလည်း မရေမတွက်နိုင်အောင် ရှိခဲ့တာပါပဲ။
သူတို့နှစ်ယောက်မှာ အဘိုးကြီးဖြစ်သူက အစဉ်အလာကလေးတစ်ခု အမြဲတမ်းလုပ်ခဲ့သည်မှာ တစ်ပတ်မှာတစ်ရက် ရုံးအားရက်ရလေတိုင်း ဇနီးဖြစ်သူကိုခေါ်ကာ ဘုရားကျောင်းဖြစ်ဖြစ်၊ တိရိစ္ဆာန်ဥယျာဉ်ဖြစ်ဖြစ်၊ ဈေးဖြစ်ဖြစ် လိုက်ပို့ကာ လည်ပတ်လေ့ရှိခြင်းဖြစ်သည်။ ထိုအကျင့်ကလေးက ခုချိန်ထိ စွဲမြဲတုန်းပါပင်။
သူတို့နှစ်ယောက်မှာ သားသမီးရတနာ မထွန်းကားခဲ့ပေမယ့် တစ်ယောက်ကိုတစ်ယောက် ခိုင်မြဲသော သစ္စာနှောင်ကြိုးတို့ဖြင့် မြဲမြဲမြံအောင် တုပ်နှောင်ခိုင်မြဲစေခဲ့ပါသည်။ ခုလို အသက်တွေ ကြီးရင့်အိုမင်းလာသောအခါ မှီခိုအားထားရာ သားထောက်သမီးခံမရှိသည်မို့ သူတို့နှစ်ယောက်သာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးဖေးမကြရင်း တရားဓမ္မနှင့်မွေ့လျော်ရင်း ဘဝ၏နောက်ဆုံးအချိန်ကို ဖြတ်သန်းရင်ဆိုင်လျှက်ရှိကြသည်။
သူတို့ မညည်းညူကြပါ။ မငြီးငွေ့ကြပါ။ နောက်ဆုံးထွက်သက်ကလေးမှာ ဝင်သက်ထွက်သက်ကလေးဆီမှာ အာရုံသတိကပ်ငြိရင်း တရားကိုသိစွာ သေဆုံးကြဖို့ကိုလည်း ပြင်ဆင်ထားပြီးသား ဖြစ်ပါသည်။ သူတို့နှစ်ယောက်အတွက်တော့ ဘဝဆိုသည်မှာ မည်မျှပင်ရှည်လျားလွန်းလှသော်လည်း တခဏလေးဖြစ်ပြီး ပျက်သွားတတ်သော မမြဲသောတရားတွေနှင့် ပြည့်နှက်နေသည့် ရေပွက်ပမာပင်။


လွန်းထားထား(ဆေးတက္ကသိုလ်) 
ကလျာမဂ္ဂဇင်း (စက်တင်ဘာ ၂၀၀၉)

1 comments:

ပွဲပျော်စား မထွက်ဖြစ်သေးပါဘူး မထားရယ်။
နေရာမရမှာစိုးလို့။ ပျော်ပွဲစားထွက်ပြီးမှာ ၇န်ဖြစ်စိတ်ညစ်ရမှာ ကြောက်တာလဲပါတယ်လေ။

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...