စာရေးဆရာသာ ဖြစ်ချင်တယ်


(က)
အင်္ဂလန်သို့ ရောက်နေတာ လေးနှစ်ကျော်လာခဲ့ချိန်မှာ ကျွန်မစိတ်တွေ ဇဝေဇဝါဖြစ်စ ပြုလာပါတယ်။ ဒီလေးနှစ်လုံးလုံး ကျွန်မဘာတွေလုပ်နေခဲ့သလဲဆိုတဲ့ မေးခွန်းကို ကျွန်မကိုယ်ကျွန်မ အကြိမ်များစွာပင် မရေတွက်နိုင်အောင် မေးနေခဲ့မိပါတယ်။ ဒီလေးနှစ်အတွင်းမှာ သိပ်ချစ်စရာကောင်းတဲ့ အဖိုတန်ရတနာလေးတစ်ပါးနဲ့တူတဲ့ သမီးကလေးတစ်ယောက် ရရှိခဲ့သလို ကျွန်မ အမြတ်နိုးဆုံး စိတ်အချမ်းသာဆုံး အလုပ်တစ်ခုဖြစ်တဲ့ စာရေးခြင်း အလုပ်ကိုလည်း တစ်နေ့မပြတ် ရေးနေခွင့်ရခဲ့ပါတယ်။ ကျွန်မရေးသမျှ စာတွေဟာလည်း မြန်မာပြည်မှာ ပုံမှန်ထွက်ရှိနေပြီး ပရိသတ်ကလည်း ဟိုးအရင်ကအတိုင်းပဲ အားပေးဖတ်ရှုနေဆဲပါ။ အဲဒီလောက် ငြိမ်းချမ်းနေပြီဖြစ်တဲ့ ကျွန်မဘဝမှာ ကျွန်မ ဘာဖြစ်ချင်သေးသလဲလို့ ဇဝေဇဝါတွေးမိတာလည်း အခါခါပါပဲ။
ကျွန်မနဲ့ ရွယ်တူတန်းတူ သူငယ်ချင်းတွေကို ကျွန်မ လှမ်းကြည့်မိပါတယ်။ တချို့ကလည်း အမေရိကားမှာ အသီးသီး ဆရာဝန်တွေလုပ်နေကြပြီး မြန်မာပြည်က ရွယ်တူ သူငယ်ချင်းတွေဆိုရင်လည်း MSC တွေအောင်ပြီး နောက်ထပ် ဘွဲ့လွန်တွေထပ်ယူဖို့ ကြိုးစားနေကြပါတယ်။ ဒီအင်္ဂလန်မှာလည်း MRCP ရသူတွေ၊ MRCGP ဘွဲ့ တစ်ခုအတွက် Part 1 တောင် အောင်ခဲ့ပြီးပြီ။ ကျွန်မကတော့ မောင့်ရဲ့ဇနီး နဲ့ သမီးလေးရဲ့ မေမေ အဖြစ် အိမ်မှုကိစ္စတွေနဲ့ မောင့်ရဲ့ပါရမီဖြည့်ဖက် တစ်ယောက်အဖြစ်သာ ကျေနပ်ရောင့်ရဲပြီး နေသားတကျ နေခဲ့တာ လေးနှစ်ကျော်ခဲ့ပါပြီ။
တစ်ခါ တစ်ခါ သူငယ်ချင်းတွေစုချိန်းပြီး gathering လုပ်ကြတဲ့အခါမှာ ကျွန်မရဲ့မေးခွန်းက ကျွန်မကိုစပြီးတော့ နှိပ်စက်ပါရော။ သူတို့တစ်တွေ အသီးသီးက ဆေးရုံအကြောင်း၊ အလုပ်အကြောင်း၊ ရာထူးအကြောင်း ပြောနေကြချိန်မှာ ကျွန်မက ဆရာဝန်တစ်ယောက်ဖြစ်လျက်နဲ့ စည်းအပြင် ရောက်နေပြီလား၊ ကျွန်မ ဘာဖြစ်လို့ ဆရာဝန်မလုပ်သေးတာလဲ၊ ကျွန်မရဲ့ ဘဝက ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်းပါ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်မ တစ်ခါတလေ စိတ်ဓာတ်တောင် ကျချင်သလိုလိုပါ။ ဒီလောက် အခွင့်အရေးလည်း ရနေရက်သားနဲ့ စာမေးပွဲဖြေပြီး ဆရာဝန်လုပ်ဖို့ ငါ ဘာဖြစ်လို့ မကြိုးစားရတာလဲလို့ ကျွန်မကိုယ်ကျွန်မ စိတ်တိုင်းမကျစွာ ခံစားရပါတယ်။
ဒီအကြောင်း မောင့်ကို ရင်ဖွင့်မိတော့ မောင်က သူ့ထုံးစံအတိုင်းပဲ ခပ်ပြုံးပြုံးနဲ့။ 
“ချစ်က ဆရာဝန်မလုပ်ချင်ဘူးဆို၊ စာရေးဆရာပဲ ဖြစ်ချင်တာဆို၊ ချစ်ရဲ့ဘဝမျိုး၊ ချစ်ရထားတဲ့ အောင်မြင်မှုမျိုးကို ဆရာဝန်တိုင်း တခြားလူတိုင်း လိုချင်လို့မရပါဘူးချစ်ရယ်၊ ချစ်က ပါရမီရှင်ပဲ ဥစ္စာ၊ ဆရာဝန်အလုပ်က လူတိုင်းလုပ်လို့ရတယ်၊ စာရေးဆရာအလုပ်က လူတိုင်း လုပ်လို့မရဘူး၊ ဆရာဝန်မလုပ်ပေမယ့် ချစ်မှာ စာရေးတဲ့အလုပ် ရှိနေတာပဲ၊ ဘာအားငယ်စရာလိုသလဲ”
လို့ စိတ်ရှည်နွေးထွေးစွာ ရှင်းပြ အားပေးဖော်ရပါတယ်။ ဟုတ်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း စာပဲရေးနေချင်တာ။ တစ်နေ့တစ်နေ့ စာမရေးရရင်မှ မနေနိုင်တဲ့ဥစ္စာ။ ဆရာဝန်သာ လုပ်လျှင် ကျွန်မ ဘယ်လိုလုပ်ပြီး စာရေးခွင့် ရပါတော့မလဲ ဆိုတဲ့အတွေး ဝင်လာပြန်တော့လည်း ကျွန်မ အနည်းငယ် စိတ်သက်သာရာ ရသွားပြန်ပါတယ်။ ဆရာဝန်မလုပ်လို့ ကျွန်မ သေမသွားနိုင်ပါဘူး။ စာမရေးရရင်သာ ကျွန်မ သေချင်သေသွားနိုင်တာ။ အင်း ဒါပေမယ့် အဲဒီ စိတ်သက်သာရာ ရမှုကလည်း ခဏပါပဲလေ။
(ခ)
တကယ်တော့ ဆရာဝန်အလုပ်က စိတ်ရောလူပါ သိပ်ပင်ပန်းတဲ့ အလုပ်တစ်ခုပါ။ တစ်နေ့တစ်နေ့ မောင်ပင်ပန်းသမျှကို မြန်နေရရုံနဲ့တင် ကျွန်မပါ အလိုလို ပင်ပန်းနေမိတာပါ။ သူငယ်ချင်းတွေဆုံတိုင်း သူတို့လည်း ညည်းကြပါတယ်။ သူတို့ကတော့ အပြုံးကလေးတွေနဲ့ 
“ထားရဲ့ဘဝကို တကယ်အားကျတယ်ဟေ့၊ ဖြစ်နိုင်ရင် ငါတို့လည်း အလုပ်မလုပ်ချင်ပါဘူးဟယ်၊ ထားလို စာမရေးတတ်လို့သာ အလုပ် လုပ်စရာမလိုရင် လုပ်မနေနဲ့ ပင်ပန်းတယ်”
လို့ ပြောကြပေမယ့် ကျွန်မကကျတော့ သူတို့ရဲ့ ဘဝကလေးတွေကို ပြန်ပြီး အားကျနေမိပြန်ပါရော။ ဆရာဝန်ဖြစ်ပြီး ဆရာဝန် မလုပ်ဘဲနေတာကို အပြစ်ရှိသူတစ်ယောက်လို ခံစားလာရပါတယ်။ အနည်းဆုံးတော့ ကျွန်မစိတ်ဝင်စားတဲ့ စိတ်ရောဂါအထူးကုဆရာဝန်တော့ လုပ်သင့်နေပြီလို့ စဉ်းစားမိတိုင်း မောင်က...
“ချစ်ရယ် မိသားစု ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားပြီဆိုရင် ဒီမိသားစုဟာ အတူတူနေနိုင်မှ ကောင်းတာလေ၊ ချစ်အလုပ်လုပ်ရင် သမီးလေးကို ခုလို ကိုယ်တိုင် စိတ်တိုင်းကျ ပြုစုစောင့်ရှောက်ခွင့် ဘယ်ရနိုင်မလဲ၊ ကောင်းတဲ့ဘက်က လှည့်တွေးကြည့်ပါ၊ အခုဆိုရင် ချစ် အလုပ်မလုပ်တော့ သမီးလေးက ဘယ်လောက်ကံကောင်းသလဲ၊ မိဘရဲ့ချစ်ခြင်းမေတ္တာနဲ့ ဂရုတစိုက် ပုံသွင်းပြုစုမှုကို အပြည့်အဝရထားတော့ သမီးရဲ့ပုံစံက ငယ်ငယ်ကလေးနဲ့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေတာလေ။ ဒါ ချစ်ရတဲ့ ဆုလာဘ်တစ်ခုပေါ့”
လို့ နှစ်သိမ့်ဖျောင်းဖျပြီး ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရမှုကို ဖြေဖျောက်ပေးတတ်ပါတယ်။
တကယ်လို့ ကျွန်မ အလုပ်လုပ်မယ် ဆိုရင် သမီးလေးကို Nursery အစောကြီး ပို့ရတော့မှာလေ။ ပြီးတော့ လင်မယားနှစ်ယောက်ဟာ တစ်နေရာ တစ်မြို့တည်းမှာ အလုပ်ရဖို့ဆိုတာ မလွယ်ပြန်တဲ့အခါ မယ်တစ်ရွာ မောင်တစ်မြို့ ခွဲနေရမယ့်ကိန်းကို တွေးမြင်ယောင် ကြည့်မိပြန်တော့လည်း ကျွန်မ လုံးဝခွဲမနေနိုင်ပြန်ပါဘူး။ အဲဒီခံစားချက်နဲ့ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်က ရင်ဖွင့်ပြောပြဖူးပါတယ်။
“ထားရယ် စိတ်ကူးမလွဲနဲ့ဟေ့၊ နှစ်ယောက်စလုံးအလုပ်လုပ်တယ်ဆိုတာ တခြားလူကြည့်တော့သာ အထင်ကြီးဖို့ကောင်းတာ၊ တကယ့်လက်တွေ့မှာ စဉ်းစားကြည့် သူတစ်မြို့ ကိုယ်တစ်မြို့နဲ့ ခွဲနေရတော့ အိမ်က နှစ်အိမ် ငှားနေရတယ်၊ အဲဒီတော့ အိမ်ငှားခ၊ ရေဖိုး၊ မီတာဖိုး၊ ဖုန်းဖိုး၊ ဓာတ်ငွေ့ဖိုး အစစအရာရာ နှစ်ဆကုန်ရတယ်။ ပြီးတော့ လင်မယားနှစ်ယောက် တစ်ပတ်တစ်ခါတွေ့ရဖို့ အရေး သောကြာနေ့ညဆို ယောက်ျားလုပ်သူက တောင်နဲ့မြောက် ခရီးအဝေးကြီးကို ကားနဲ့အဝေးကြီးမောင်းလာရတယ်၊ စနေနေ့တစ်နေ့ အတူနေပြီးရင် တနင်္ဂနွေဆို ပြန်ရပြန်ရော၊ မသက်သာလိုက်တာ ထားရယ်၊ နှစ်ယောက်စာ လခရပေမယ့် ကုန်ကျစားရိတ် နှစ်ဆကို နှုတ်လိုက်တော့ ဘာမှမထူးဘူးဟေ့။ တစ်ယောက်တည်း အလုပ်လုပ်သလောက်ပဲ ကျန်တယ်။ အပိုဆုက စိတ်ဆင်းရဲရတာပဲ၊ နှစ်ယောက်ခွဲနေရတော့ ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာနိုင်မလဲဟယ်။ လွမ်းရတာနဲ့ သူ့ ကိုယ် စိတ်မချ၊ ကိုယ့် သူ စိတ်မချ နဲ့ မဟန်ပါဘူး ထားရယ်၊ ရှင် စိတ်ကူးလွဲမနေနဲ့။ အလုပ်လုပ်ချင်မနေနဲ့၊ စိတ်ပင်ပန်း လူပင်ပန်းနဲ့ ရှင့်လိုလည်း စာမရေးတတ်တော့ ခက်သားပဲ”
လို့ ချူသံပါအောင် ညည်းသံကို ကြားဖူးပြန်တော့ အလုပ်လုပ်ချင်စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ကုန်ပြန်ပါတယ်။ ဒါပေမယ့်လည်း အဲဒီစိတ်ဟာလည်း ခဏပါပဲ။ မကြာခင်မှာ နောင်တရချင်တဲ့ စိတ်ကလေးက ပြန်ပေါ်လာပြန်ရော။
(ဂ)
ယှဉ်ပြိုင်ချင်တဲ့ စိတ်ကလေးက ကျွန်မမှာ ရှိနေပြန်တော့ သူများတွေ အသီးသီးအလုပ်တွေ လုပ်နေချိန်မှာ ကျွန်မက အေးအေးဆေးဆေး အိမ်မှာ ဘုရားဂုဏ်တော်ပွားလိုက်၊ စာလေးရေးလိုက်၊ စာလေးဖတ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ Internet ဝင်လိုက်၊ လေ့ကျင့်ခန်းလေးလုပ်လိုက်၊ သမီးလေးနဲ့ ဆော့လိုက်နဲ့ ဘဝတစ်ခုကို အခက်အခဲမရှိ လွယ်လွယ်ကူကူ သက်သောင့်သက်သာ ဖြတ်သန်းနေတာဟာ တရားမျှတပါရဲ့လားလို့ ဘယ်သူ့အပေါ် မတရားရာ ကျနေမှန်း မသိ တစ်ယောက်တည်း ခံစားနေရတတ်ပြန်ပါတယ်။ ကြာရင် အဲဒီဝေဒနာဟာ စိတ်ရောဂါတောင် ဖြစ်လာတော့မလား မသိတော့ပါ။
အဲဒီတွေဝေမှု၊ မရေရာမှု၊ ဆုံးဖြတ်ချက် မပြတ်သားနိုင်မှု၊ လုပ်ရကောင်းနိုး စွန့်ရကောင်းနိုး ဇဝေဇဝါဖြစ်နေမှုတွေ အားလုံးကို စိတ်ချမ်းသာစွာ ပြတ်ပြတ်သားသား ဆုံးဖြတ်သွားနိုင်အောင် ကူညီလမ်းပြပေးခဲ့သူကတော့ ကျွန်မလေးစားကိုးကွယ်ရတဲ့ ကျွန်မကို ဘဝနေနည်း၊ စိတ်ထား တတ်နည်းတွေ၊ တရားစိတ်ကလေးနဲ့ သိမ်မွေ့ချမ်းသာအောင် နေနည်းတွေ သင်ပြပေးခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိကပဲ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ “အကြင်နာပေါင်း ရှစ်သောင်းလေးထောင်” ဆိုတဲ့ ဆရာတော်ရဲ့ သက်တော်၄၀ပြည့် အမှတ်တရ ထုတ်ဝေတဲ့ စာအုပ်ကလေးကို ဖတ်မိချိန်မှာ ဆရာတော်ရဲ့ စာသားကလေးတချို့က ကျွန်မရဲ့ တွေဝေငေးငိုင်စွာ ဝေခွဲရခက်နေတဲ့စိတ်ကို ကြည်လင်ပြတ်သား သေချာသွားအောင် မီးမောင်း အလင်းတန်းကြီးတစ်ခု ထိုးပြလိုက်သလိုပါပဲ။
“ငါသေသွားပြီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ စာပိုဒ်ရဲ့ စာမျက်နှာ ၆၄မှာ 
“တိုတောင်းလှတဲ့ ဘဝလေးမှာ ကိုယ်လုပ်ချင်တာလုပ်ပြီး စိတ်အေးချမ်းစွာ နေသွားရဖို့က အဓိကပါပဲ။ ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေ၊ ကိုယ်မလုပ်နိုင်တဲ့အလုပ်တွေ၊ မနိုင်ဝန်ထမ်းရင် စိတ်ဖိစီးမှုများပြီး သတ်သေချင်စိတ်ဖြစ်သွားပါလိမ့်မယ်၊ မလုပ်လောဘမကြီးဖို့၊ ကုသိုလ်လောဘ မကြီးဖို့ အရေးကြီးပါတယ်”
ဆိုတဲ့ စာပိုဒ်ကလေးပါ။ အို မှန်လိုက်တာ။ ဆရာတော်ရဲ့တရားက ပြတ်သားတိကျလိုက်တာ။ လူ့ဘဝကလေးက တိုတိုလေးပါ။ ကျွန်မအသက် ၃၆ ကျော်ခဲ့ပြီ။ ကျန်တဲ့သက်တမ်း တစ်လျှောက်မှာ အခုလောက် စိတ်ချမ်းသာ ငြိမ်းချမ်းဖွယ်ကောင်းတဲ့ စာရေးဆရာဘဝကလေးနဲ့ အေးအေးချမ်းချမ်းရှင်သန်ဖို့ ဘာကြောင့်များ ကျွန်မ မရောင့်ရဲမတင်းတိမ် နိုင်တာပါလိမ့်။ အခု ကျွန်မ ဘယ်လောက် စိတ်ချမ်းသာလိုက်သလဲ၊ ပူပန်ကြောင့်ကြ ကင်းလိုက်သလဲ၊ သောကနဲ့ စိတ်ဖိစီးမှု ကင်းလိုက်သလဲ၊ ဒီဘဝကလေးကို လူတိုင်း လိုချင်လို့မရနိုင်ပါဘူး။ ဘာဖြစ်လို့ အလုပ်တွေ လုပ်ချင်နေရသလဲ။ ကျွန်မ မြတ်နိုးတန်ဖိုးထားတဲ့ စာရေးဆရာဘဝကလေးကို ကျွန်မ ရဲ့ နောက်ဆုံး ထွက်သက်အထိ မက်မက်မောမော ဖက်တွယ်ထားတော့ရော ဘယ်သူတွေက အပြစ်တင်ကဲ့ရဲ့ မှာမို့လဲ။ ရခဲလှတဲ့ စာရေးဆရာဘဝကလေးကိုပဲ ကျွန်မတစ်သက်လုံး ထိန်းသိမ်းတန်ဖိုးထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ စိတ်သက်သာရာရမှု၊ ဆုံးဖြတ်ချက် ပြတ်သားသွားမှု ကလေးကို ခဏလေးမဖြစ်အောင် “လူ့ဘဝဆိုတာ တိုတိုလေး” လို့ နှုတ်ကနေ ရေရွတ်ကြည့်မိလိုက်ရင် ကျွန်မ စိတ်ချမ်းသာ ကျေနပ်သွားပါတော့တယ်။ ဘာနောင်တရစရာရှိလဲ၊ ကျွန်မ စာရေးဆရာသာ ဖြစ်ချင်ပါတယ်။
(ကျွန်မဘဝရဲ့ အရေးကြီးလှတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားခိုင်မာသွားအောင် လမ်းပြပေးခဲ့တဲ့ တစ်နည်းအားဖြင့် ကျွန်မကို တင်းတိမ်ရောင့်ရဲစွာ စိတ်ချမ်းသာ ကျေနပ်စေအောင် တရားပြပေးခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိက အား ကျေးဇူးအထူးတင်စွာ လက်စုံမိုး ရှိခိုးဦးခိုက်လျက်....)


လွန်းထားထား။ဆေးတက္ကသိုလ်။
သရဖူမဂ္ဂဇင်း (သြဂုတ်၊ ၂၀၀၈)

10 comments:

ချစ်စရာကောင်းလွန်းလှတဲ့ သမီးလေးရဲ့မေမေဖြစ်ခွင့်ရနေတာကိုက လူ့လောကကြီးအတွက်အကျိုးပြုတဲ့မေမေဖြစ်နေပါပြီ၊ စာတွေရေးနိုင်နေတာကလည်း မလွန်းထားထားမှာ တန်ဖိုးမဖြတ်နိုင်တဲ့ပါရမီပါလာလို့ပါ၊ ထက်မြက်တဲ့ခင်ပွန်းကောင်းလဲရှိနေတယ်၊ ဘ၀ဆိုတာတိုတိုလေးဆိုတာ သိပ်ဟုတ်ပါတယ်၊ မလွန်းထားထားရဲ့ စာတွေခဏခဏလာဖတ်ဖြစ်ပါတယ်၊ ကြိုက်လည်းကြိုက်တယ်၊ ကွန်မန့်သာမထားဖြစ်ခဲ့လို့ပါ၊
ပျော်ရွှင်ချမ်းမြေ့ပါစေ၊
ခင်မင်လေးစားလျှက်

 

ဟုတ်တယ်နော် မမ..လူ့ဘဝဆိုတာ တိုတိုလေးပါပဲ။
တစ်ခါတစ်လေ အလုပ်လုပ်နေရင်းလဲ အလုပ်မလုပ်ချင်တော့ဘူး..တစ်ဘဝလုံး အလုပ်တွေ လုပ်ပြီး သေသွားရတော့မှာလားလို့ တွေးမိတယ် ။
မမလိုပဲ စာလေးတွေ ထိုင်ရေးချင်တဲ့ စိတ် ဖြစ်မိတယ်...။ အေးချမ်းတဲ့ဘဝလေးကိုပဲ လိုချင်မိတယ်..။
မနက်မိုးလင်းအိပ်ရာထတာနဲ့ သူများအလုပ်သမား အဖြစ် စပြီး တာဝန် ထမ်းဆောင်ရတော့တာပဲ..။
အိမ်ပြန်ရောက်တော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်မယ် ကြံတိုင်း အချိန်ကမရှိတော့ဘူး။
ပင်ပန်းပြီး အိပ်ပျော်သွားပြန်ရောလေ..။
မမလို ဝါသနာပါတဲ့အလုပ်လေးလုပ်ပြီး အေးအေးချမ်းချမ်းလေးနေနေရတာ အားကျဖို့ ကောင်းပါတယ်..။
နေမကောင်းလို့ အလုပ် တစ်ပါတ်လောက်နားလိုက်တာ အိမ်မှာနေတာ များလာတဲ့အခါလဲ စိတ်ဖိစီးမှုတွေ ဝင်လာတက်ပြန်ရောလေ..။ လူစိတ်ဆိုတာ ဟိုဟာလဲမဟုတ် ဒီဟာလဲ မဟုတ် တောင်ရောက် မြောက်ရောက်ပါပဲလေ....။ စိတ်ဆိုတာ သိပ်ကြောက်ဖို့ ကောင်းတယ် ...။
အပန်းပြေ ခရီးလေးတွေ ထွက်ပြီး အနားယူသင့်တယ်လို့ ထင်ပါတယ်။

ချစ်ခင်လေးစားစွာ

 

ဟုတ်ပါတယ် မထားရေ
ဆရာဝန်တွေ အများကြီးဖြစ်နိုင်ပေမဲ့ ပါရမီရှင် စာရေးဆရာတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်ကို မလွယ်ပါဘူး
တော်ရုံဆရာဝန်တစ်ယောက်ရဲ့ ဘ၀ကို လူတွေက သိပ်အားမကျပေမဲ့
မထားရဲ့ဘ၀ကိုတော့ လူတိုင်းက အားကျကြရတာ အမှန်ပါ။
မထားဂုဏ်ယူသင့်တာပေါ့နော်။
ဒါပေမဲ့ ခက်တာက ကိုယ့်လက်ရှိဘ၀ကို ရောင့်ရဲတင်းတိမ်တတ်တဲ့သူဆိုတာ တကယ်လည်း ရှားပါးပါတယ်.. မထားရဲ့ ခံစားချက်ကိုလည်း နားလည်မိပါတယ်.။
အခုတော့ ဆရာတော်ရဲ့ တရားနဲ့ တင်းတိမ်ရောင့်ရဲသွားနိုင်ပြီဆိုတဲ့အတွက် ၀မ်းသာမိပါတယ်..
တကယ်တော့ မထားရဲ့ဘ၀ဟာ ပြည့်စုံအောင်မြင်စွာ စိတ်ချမ်းသာဖို့ကောင်းတဲ့ ဘ၀လေးပါ။
ဒီဘ၀လေးမှာ မိသားစုနဲ့အတူ စိတ်ချမ်းသာ ပျော်ရွှင်ပါစေရှင်။

 

ဆရာမ ရှိနေတာကို ခုမှသိရတယ်။ နောက်လည်းအမြဲလာလည်မယ်။ လွင့်ဝဲနေတဲ့ စိတ်ရဲ့အကြောင်းလေးကိုဖတ်ရတဲ့အတွက် ဆရာမကို ကျေးဇူးတင်ပါတယ်။ link လေးလည်းယူသွားပါရစေ။ ခွင့်ပြုပါခင်ဗျာ။

ခင်မင်လေးစားစွာဖြင့် ( ဖိုးကြယ် )

 

ဖြိုး..မြတ်မွန်..ချော နဲ့ ..ဖိုးကြယ် ...

လှပတဲ့  comments လေးတွေအတွက်..ရင်မှာ နွေးထွေးကြည်နူ:မိပါတယ်..ကျေးဇူ:နော်။

 

ma ba wa lay ga a yan aye chan pi , a yan bae arr kya bar dae ma ye

 

ထား‌ရေ....ခံစားချက်ချင်းကွက်တိကျ‌နေလို့အရမ်းကို‌ကျေးဇူးတင်မိတယ်
တို့လဲအဲလိုဘဲ..ကိုယ့်ဘဝကိုယ်‌ကျေနပ်လိုက်..သူငယ်ချင်း‌တွေနဲ့‌တွေ့ရင်
‌ထွေပြားလိုက်နြဲ့ဖစ်‌နေခဲ့တာ..ခု‌တော့ကိုယ့်စိတ်ကိုယ်နိုင်သွားပါပြီ..သမီး
‌လေးကိုရင်အုပ်မကွာ‌စောင့်‌ရှောက်နိုင်ခဲ့တာရယ်..‌ယောက်ကျားနဲ့လဲခွဲမ
‌နေရ‌တော့‌နေ‌ရေး၊စား‌ရေး၊လူမှု‌ရေး‌တွေမှာစိတ်ချမ်းသာစွာနဲ့‌ပျော်စရာမိ
သားစုဘဝ‌လေးကိုပိုင်ဆိုင်ခွင့်ရထား‌တော့..ဒီဘဝ‌လေးကိုဘာနဲ့မှမလဲနိုင်
‌တော့ပါဘူး....။တို‌တောင်းလှတဲ့ဘဝ‌လေးမှာစိတ်‌အေးချမ်းစွာ‌နေနိုင်ဖို့အ‌ကောင်းဆုံးအကြံဥာဏ်‌လေးကိုမျှ‌ဝေ‌ပေးတဲ့ထားကို‌ကျေးဇူးအထူးပါ...။

 

တစ်ခါခါတော့လည်း ကိုယ်ရရှိထားတဲ့ ဘ၀လေးကို မပျော်ဖူးလို့ထင်ရရတတ်တာ သဘာဝပဲနော့် မကျေနပ်ချက်တွေလည်း ဖြစ်တတ်တယ် ဒါပေမယ့် အလုပ်တွေများပြီး ပူလောင်နေမိတဲ့ ဘ၀ကိုတွေ့ရပြန်တော့လည်း စိတ်ကုန်ရပြန်ကော ။

ဆရာမရဲ့ စာတွေကို ဆယ်တန်းကျောင်းသားတည်းက စွဲ၂လမ်း၂ ဖတ်ခဲ့ဖူးတယ်ဗျ အုပ် 50 ပြည့်အမှတ်တရက ပုံလေးတောင် ညှပ်သိမ်းထားဖူးတယ် ။ မိသားစု ဓာတ်ပုံလေးကိုတွေ့တော့ ပီတိဖြစ်မိတယ် ပျော်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာပဲလို့ တွေးမိတယ် ။

ဆရာမက စာရေးဆရာသာဖြစ်ချင်တယ်ဆိုသလို ကျနော်တို့ကလည်း ဆရာမရဲ့ စာတွေကို အမြဲဖတ်ချင်နေပါသေးတယ်ဗျာ အမြဲ အားပေးလျှက် ။

 

ဆရာမရေ ...
စာလေးက ကောင်းလိုက်တာဗျာ
အွန်လိုင်းပေါ်ရောက်တိုင်း ဆရာမရဲ့သုတရသမြို့လေးကို
အလည်လာနေကြဗျ
ပိုက်ဆံလေး သုံးလေးငါးရာနဲ့ အဖိုးမဖြတ်နိုင်တဲ့ သုတတွေ ရသတွေ
ခွန်အားတွေ ရလို့လေ
ဆရာမရဲ့စာတွေ အများကြီး ဖတ်ချင်နေတဲ့သူပါ
အဲ့ဒါကြောင့် အွန်လိုင်းပေါ်မှာ ဖတ်ရုံတင်မကဘဲ
microsoft office နဲ့ ဆရာမရဲ့စာတွေ ကူး
stick လေးထဲထည့်
အိမ်ရောက်မှ ကိုယ့်ကွန်ပျူတာနဲ့ဖတ်တယ်
စာရေးဆရာဆို ကျွန်တော် အမြဲလေးစားတယ်
အခုလည်း စာရေးဆရာ ဆိုတဲ့ နာမည်လေးပါလို့ ဖတ်ကြည့်လိုက်တာ
ကောင်းသဗျို့
စာရေးဆရာသာ ဖြစ်ချင်တဲ့ဆရာမကို စာတွေကိုပဲ များများရေးပါလို့
တောင်းဆိုချင်ပါတယ်

 

ဆရာ မလွန်းထားထား သို့ 
သမီးစောင်းပါးလေးတွေ ရေးချင်လို့ ပါ ဆရာမ ဘယ်လို စည်းမျဉ်းစည်းကမ်းလေးတွေ ရှိလဲဆိုတာလေးကို သင်ပြပေးပါလား ဟင် ဆရာ မ ။ အလုပ်ရူပ်နေ လို့ မအားရင်လည်း ရပါတယ် နောက်အားတဲ့ အချိန်လေးပဲ ဖြစ်ဖြစ် ဆရာမရှိက ပညာလေး တွေ သင်ချင်လို့ ပါ E-mail လိပ်စာလေးဖြစ်ဖြစ် သိခွင့် ရ ရင် သိပါရစေနော် ဆရာမ သမီးနာမည် က မြတ်မြတ်ဝင်း ပါ ဆရာမ
သမီးရဲ့ မေးလိပ်စာ က myatmyatwin21@gmail.com ပါ ဆရာမ ။ ကျေးဇူးတင်စွာဖြင့် စောင့်မျှော်နေ့ ပါ့မယ် နော် ဆရာမ

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...