သဝန်တိုတယ်

 သူ့ရဲ့ချစ်သူ ဖြစ်ခွင့်ရတဲ့အတွက်လည်း ကျွန်မ အမြဲဂုဏ်ယူ ကျေနပ်ခဲ့ရပါတယ်။ ဘယ်သူ့ကိုမှ ကျွန်မထက်ပိုပြီး ချစ်မြတ်နိုးဦးစားပေးခြင်း မရှိခဲ့တဲ့ သူ့ကို ကျွန်မ မက်မက်မောမော ယုံယုံကြည်ကြည်နဲ့ပဲ လက်ထပ်ခဲ့ပါတယ်။
(၁)
တကယ်ပါ...။ ကျွန်မဘဝတစ်လျှောက်လုံးမှာ သူ့ကို အခုတစ်ကြိမ်လောက် ဘယ်တုန်းကမှ သဝန်တိုငြူစူခြင်း မရှိခဲ့ဖူးပါဘူး။ ချစ်သူဘဝတုန်းကတောင် သူ့ကို သဝန်မတိုခဲ့ရပါဘူး။ သူကလည်း ကျွန်မကလွဲလို့ ဘယ်မိန်းမကိုမှ မျက်လုံးနဲ့တောင် မပြစ်မှားခဲ့သူလေ။ အဲဒီလောက် တည်ငြိမ်အေးဆေးခဲ့သူပါ။
 ချစ်သူဘဝတစ်လျှောက်လုံး ကျွန်မကလွဲလို့ ဘယ်သူ့ကိုမှ ဦးစားမပေးခဲ့။ ကျွန်မကို ဦးစားပေးလွန်းလို့ သူ့သူငယ်ချင်းတွေနဲ့လည်း မကြာခဏ ပဋိပက္ခ ဖြစ်ခဲ့ရသူ...။ သူ့မိဘတွေနဲ့ ယှဉ်လိုက်ရင်လည်း ကျွန်မမှကျွန်မ။ ကျွန်မကတော့ အလိုလိုက်ခံရလွန်းတဲ့ ကလေးတစ်ယောက်လို သူ့အပေါ် အမြဲဗိုလ်ကျ နွဲ့ဆိုးဆိုးခဲ့သူပါ။ 
သူ့ရဲ့ချစ်သူ ဖြစ်ခွင့်ရတဲ့အတွက်လည်း ကျွန်မ အမြဲဂုဏ်ယူကျေနပ်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ ကျွန်မထက်ပိုပြီး ချစ်မြတ်နိုးဦးစားပေးခြင်း မရှိခဲ့တဲ့ သူ့ကို ကျွန်မ မက်မက်မောမော ယုံယုံကြည်ကြည်နဲ့ပဲ လက်ထပ်ခဲ့ပါတယ်။
ကျွန်မနဲ့သူ့ကို စံပြချစ်သူတွေအဖြစ် သတ်မှတ်ထားခဲ့ကြတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေက ကျွန်မတို့အိမ်ထောင်ရေးကိုလည်း စံပြအိမ်ထောင်ရေး ဖြစ်လာလိမ့်မယ်လို့ ကြိုတင်နိမိတ်ဖတ်ခဲ့ပါရဲ့။
တကယ်လည်း ကျွန်မတို့နှစ်ယောက်ရဲ့ အိမ်ထောင်သည်ဘဝဟာ ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံခမ်းနားခဲ့ပါတယ်။ စားအတူ၊ သွားအတူ အမြဲမခွဲဘဲ တတွဲတွဲရှိခဲ့ပါတယ်။ မြင်သူတကာတိုင်းလည်း သိပ်ချစ်တတ်ကြတဲ့ ကျွန်မတို့နှစ်ယောက်ကို အမြဲချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
ကျွန်မတို့နှစ်ယောက်ကြားကို “သူ” ရောက်လာခဲ့တဲ့ အချိန် မတိုင်ခင် အထိပေါ့လေ။
(၂)
“သူ” ဆိုတာ “AROWANA” ဆိုတဲ့ အများက LUCKY FISH လို့ခေါ်တဲ့ ငွေရောင်ငါးအမြီးရှည်ရှည်ကြီးပါပဲ။
သူက စတင်ပြီး “ချစ်ရေ ကိုယ်တို့ LUCKY FISH မွေးရအောင်”လို့ ပြောလာစဉ်က ကျွန်မအလွယ်တကူပဲ ခေါင်းညိတ်သဘောတူခဲ့ပါတယ်။ သူနဲ့ကျွန်မကြားမှာ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က ကြည်ကြည်သာသာ လိုက်လျောပေးနေကျလေ...။ အဲဒီတော့ မွေးပေါ့...။
သူက ရှည်လျားတဲ့ ငါးကန်ကြီးကို စနစ်တကျ ပြင်ဆင်ပြီး ကျွန်မတို့ အိပ်ခန်းထဲ သွင်းလာပါတယ်။ အဲဒီအထိ ကျွန်မမှာ ဘာမှ မဖြစ်ဘူးနော်။
“မောင်ကလည်းကွယ်... ဧည့်ခန်းမှာပဲ ထားကြတာ ကြားဖူးပါတယ်... အလှမွေးတာပဲ” လို့ ကျွန်မကပြောတော့ သူက အပြုံးလေးနဲ့ “မောင်အမြဲမြင်နေရအောင်လို့ပါ” တဲ့။ ကဲ... ထားလိုက်ပါတော့။
သူစိတ်ချမ်းသာသလိုသာ လုပ်ပါစေဆိုပြီး ကျွန်မ အသာ လက်ပိုက်ကြည့်နေလိုက်ပါတော့တယ်။
သူနဲ့ကျွန်မ  LUCKY FISH သွားဝယ်ကြတဲ့အချိန်မှာ ကျွန်မ မျက်လုံးပြူးရပါတယ်။ ခေါင်ခိုက်နေတဲ့ ငါးဈေးတွေ။ အနီရောင်ငါးတွေက ဈေးပိုကြီးပါတယ်။ တချို့ဆို သိန်းသုံးဆယ်အထိ ဈေးရှိပါတယ်။ လက်မကျော်ကျော်လောက် သေးသေးကလေးတောင် ငါးသိန်းနဲ့ တစ်သိန်းကြားမှာ ရှိပါတယ်။
“ဈေးကြီးလိုက်တာ မောင်ရယ်” လို့ ကျွန်မလက်ကုတ်တော့ သူက “ဒီငါးက စီးပွားတက်တယ်၊ လာဘ်ရွှင်တယ် ချစ်ရဲ့။ လူတိုင်းမွေးကြတယ်” လို့ ဆိုပါတယ်။ နောက်ဆုံးတော့ တစ်ထွာကျော်ကျော်ရှည်တဲ့ ငွေမင်ရောင်ငါးတစ်ကောင်ကို ငါးသိန်းပေးပြီး သူဝယ်ယူလိုက်တော့ ကျွန်မက မိန်းမပီပီ နှမြောတသစိတ်နဲ့ ပင့်သက်ရှိုက်ပြီး ငြိမ်နေလိုက်ရပါတော့တယ်။
(၃)
ကြည်လင်တဲ့ မှန်ငါးကန်ကြီးထဲ အဲဒီငါး ရောက်တဲ့အချိန်ကစပြီး နောက်ထပ် လိုအပ်တာတွေက နှစ်ဆယ့်လေးနာရီ ဖွင့်ပေးထားမယ့် အောက်ဆီဂျင်လွှတ်စက်၊ ရေသန့်စင်ပေးတဲ့စက်၊ ရေကန်ထဲမှာ အလှထားတဲ့ ကျောက်ခက်လှလှကလေးတွေအပြင် ငါးစာဝယ်ရပါတယ်။ ငါးစာကလည်း တစ်ထုပ်ကို ခုနစ်ထောင်ကျော် ရှိပါတယ်။
“မောင်ရယ်... ငါးစာကလည်း တစ်ထုပ်ကို ခုနစ်ထောင်ကျော် ရှစ်ထောင်နား ကပ်နေပြီ။ ကျွန်မ ဒီလောက်တန်ဖိုးရှိတဲ့ အစာမျိုး မစားဖူးဘူး” လို့ ကျွန်မကပြောတော့ သူက ပြုံးမြဲပြုံးလျက်ပါ။ ရေကန်ထဲက ငါးကြီးကို အရိပ်တကြည့်ကြည့်နဲ့ ကြည်နူးသဘောကျနေတဲ့ဟန် ရှိပါတယ်။ သူ့မျက်လုံးတွေရဲ့ အကြည့်ဟာ ကျွန်မကို ချစ်သူဘဝကနေ သူကြည့်ခဲ့တဲ့ အကြည့်မျိုးနဲ့ ဆင်ဆင်တူလှပါတယ်။ တလက်လက် ရွှန်းပ ဖြာလက်နေတဲ့ အကြည့်လေ...။ ကျွန်မရင်ထဲ သဝန်တိုမှုဟာ အဲဒီအချိန်ကစတင်ပြီး ကျွန်မရင်ထဲ တိုးဝင်လာခဲ့တာ ထင်ပါရဲ့။
မနက်မိုးလင်းတာနဲ့ သူက ငါးကန်ရှေ့ရောက်နေပြီ။ တစိမ့်စိမ့်၊ တရွှန်းရွှန်းနဲ့ ငါးကြီးကို တမေ့တမော ထိုင်ကြည့်နေတာများ ခါတိုင်းလို... ကျွန်မကို...
“ချစ် နိုးပြီလား” လို့ အိပ်ရာထ နှုတ်ဆက်ဖို့တောင် သတိမရတော့ပါဘူး။ ခါတိုင်းဆို အိပ်ရာက နိုးတာနဲ့ ကျွန်မ ပထမဆုံး တွေ့မြင်ရတာက သူ့ရဲ့ချစ်မြတ်နိုးရိပ်တွေ လွှမ်းထုံနေတဲ့ မျက်ဝန်းအကြည့်တွေပါ။
အခုတော့ အဲဒီအကြည့်တွေကို LUCKY FISH က သိမ်းပိုက်ယူသွားခဲ့ပါပြီ။ ငါးကို အစာကျွေးလိုက်၊ ငါး အစာစားတာကို သဘောကျစွာပြုံးပြီး ငါ့သားကြီးက ဘယ်သို့ ဘယ်ချမ်းသာ၊ ဘာညာနဲ့ စကားတွေတတွတ်တွတ်ပြောနေတတ်တဲ့ သူဟာ ခါတိုင်း ကျွန်မကို ပီယဝါစာ ချစ်ခင်ကြင်နာဖွယ်စကားတွေ ဆိုဖို့ တဖြည်းဖြည်းနဲ့ မေ့လျော့ ပျက်ကွက်လာခဲ့ပါတော့တယ်။
(၄)
ညဘက် မီးပျက်တဲ့အခါ သူက ငါးကြီးဆီ ဓာတ်မီးတဝင်းဝင်း ထိုးကြည့်ပြီး
“ငါ့သားကြီးတော့ အောက်ဆီဂျင်မရရင် ဒုက္ခရောက်တော့မှာပဲ ချစ်ရေ... မောင်တို့ အင်ဗာတာဝယ်ရအောင်” လို့ ပူဆာပါတယ်။ အဲဒီနောက်တော့ အင်ဗာတာ သွားဝယ်လာပြီး မီးပျက်တာနဲ့ ငါးကြီး အောက်ဆီဂျင်ရဖို့ မီးချိန်းပေးရတဲ့ အလုပ်တစ်ခု ပိုလာပါတယ်။ တစ်ခါတစ်ခါဆို ငါးကြီးကို တစ်နေကုန် အင်ဗာတာ လွှတ်ထားပေးရတာမို့ ညဘက်ဆို လူတွေက မီးမှောင်မှောင်ထဲမှာ ငုတ်တုတ်။ ငါးကြီးက အင်ဗာတာနဲ့ အောက်ဆီဂျင်တွေရလို့။ 
သူက ဆိုလာပါသေးတယ်။
“ချစ်ရေ... ဈေးသွားရင် ဝက်သားအစအနလေးတွေ ၊ ငါးသလဲထိုးတို့၊ ပုဇွန်ပေါက်စနလေးတွေတို့ ဝယ်လာခဲ့ပါကွာ၊ ဒီကောင်ကြီးက သားစိမ်း၊ ငါးစိမ်းတွေလည်း ကြိုက်တယ်တဲ့”
“သြော် ၊ ကျွန်မက ငါးလေး ပုဇွန်လေး တစ်ကောင်နှစ်ကောင်ကို ဘယ်လိုလုပ် ဝယ်မှာတုန်း မောင်ရဲ့။ တောင်းရမှာလည်း အခက်။ ရှက်စရာကြီး” လို့ ကျွန်မက ပြောမိပေမယ့် ဈေးကပြန်လာတိုင်း ကျွန်မမျက်နှာပူပူနဲ့ တောင်းလာရတဲ့ ငါးသလဲထိုးကောင်လေးတွေ၊ ပုဇွန်ပေါက်စနလေးတွေကို သူ့လက်ထဲ ဆောင့်အင့်အင့်နဲ့ ထည့်မိတတ်စမြဲပါ။
သူကလည်း ကျွန်မဈေးကပြန်လာတာနဲ့ ခါတိုင်းလို
“ချစ်.. ဘာတွေချက်မလဲ” လို့ မမေးတော့ဘဲ
“ချစ်ရေ... ငါ့သားကြီးအတွက် ဘာပါလဲ” ဆိုတဲ့ မေးခွန်းဆီ ပြောင်းသွားပါပြီ။ အဲဒါကို သူသတိမထားမိပေမယ့် ကျွန်မကတော့ သတိထားမိနေပြီ။ 
ခါတိုင်းဆို အလုပ်ကပြန်လာတာနဲ့ ကျွန်မကို ဆီးကြိုပွေ့ဖက် နှုတ်ဆက်လေ့ရှိတဲ့ သူဟာ အခုတော့ ငါးကြီးရှိရာဆီ ဦးဦးဖျားဖျားသွားပြီး နှုတ်ဆက်တတ်နေပြီလေ။
(၅)
ငါးတစ်ကောင်ကို ကြံကြံဖန်ဖန် သဝန်တိုစရာမရှိ တိုနေပါလားလို့ လူတွေကတော့ ကျွန်မကို ပြစ်တင်ရှုတ်ချရင်ချမယ်။ ဒါပေမယ့် ကျွန်မကတော့ အဲဒီငါးကြီးကို အကြီးအကျယ်သဝန်တိုတတ်နေပြီ။ အထူးသဖြင့် မနက်မိုးလင်းတာနဲ့ မျက်နှာတောင်မသစ်နိုင်၊ ဘာအလုပ်မှ မလုပ်နိုင်ခင် ငါးကြီးကို ရွှန်းရွှန်းစားစား ထိုင်ကြည့်နေတတ်တဲ့ သူ့ရဲ့မျက်လုံးတွေကို ကျွန်မ မကြည်ဖြူနိုင်တော့ပါဘူး။
သူဟာ ဦးစားပေးခြင်းဆိုတဲ့ အရာအားလုံးကို ကျွန်မဆီကနေ သူ့ရဲ့ငါးကြီးဆီကို ပြောင်းလဲပေးပစ်လိုက်ပြီလေ။ ဒီငါးကြီးကြောင့် သူ့အလုပ်အကိုင်၊ စီးပွားရေးလုပ်ငန်းတွေ ပိုပြီးအဆင်ပြေတိုးတက်ပြီး လာဘ်ရွှင်လာတယ်လို့ သူက ထူးထူးကဲကဲ ယုံကြည်တတ်လာတဲ့အခါမှာ ကျွန်မက သူနဲ့ငါးကြီးကို ခွဲခွာဖို့ စိတ်ကူးရလာပါတယ်။
“မောင်ရေ... ကျွန်မတို့ ချောင်းသာ သွားရအောင်။ တပတ်လောက်ဖြစ်ဖြစ်ပေါ့... အနားယူရအောင်” လို့ ကျွန်မကမ်းလှမ်းလိုက်တော့ အမြဲလိုက်လျော သဘောတူနေကျ သူ့ဆီက ကမန်းကတန်း ငြင်းဆန်သံတစ်ခု ချက်ချင်းထွက်လာပါတယ်။
“ဟာ... ဘယ်ဖြစ်မလဲ ချစ်ရဲ့... ကိုယ့်ငါးကြီးရှိနေတာ သူ့ကိုတစ်ယောက်တည်း ထားပစ်ခဲ့လို့ ဘယ်ဖြစ်မလဲ။ မနက်ဆို သူ့ကို ဘယ်သူအစာကျွေးမလဲ၊ ဘယ်သူ အင်ဗာတာ ချိန်းပေးမလဲ”
“ဟင် ဒါဆို ကျွန်မတို့က ဘယ်တော့မှ ခရီးမထွက်ရတော့ဘူးပေါ့။ ဒီငါးကြီး ရှိနေသမျှလေ”
“ဒါပေါ့ ဘယ်ဖြစ်မလဲ”
ကျွန်မ သူ့အပေါ် အမြင်မကတ်စဖူးကတ်သွားခဲ့ပါတယ်။ အမြဲဦးစားပေးခံနေရတဲ့ ကလေးတစ်ယောက် သူ့ထက်ပိုဦးစားပေးရမယ့် နောက်ထပ်တစ်ယောက်ပေါ်လာတဲ့အခါ မနာလိုစိတ်ဝင်တတ်ကြတာ ကျွန်မကြားဖူးပါတယ်။ အဲဒီကလေး ဘယ်လောက်ဝမ်းနည်းကြေကွဲမလဲဆိုတာ ကျွန်မ ကိုယ်ချင်းစာတတ်ပါပြီ။
အဲဒီအချိန်ကစပြီး ကျွန်မနဲ့သူဟာ အနီးဆုံးမှာ ရှိနေကြပါလျက် ဝေးသွားခဲ့ကြတာပါ။ သူက သူ့ငါးကြီးကို ချစ်ခင်မက်မောမှုအပြည့်နဲ့ ကြည့်လေ့ရှိတဲ့အခါတိုင်း ကျွန်မကတော့ အဲဒီငါးကြီးကို မနာလိုဝန်တိုမှု အပြည့်နဲ့ စူးစူးရှရှကြည့်နေတတ်ပါပြီ။

ကဲ... ကျွန်မ လွန်လားဟင်....။



လွန်းထားထား(ဆေးတက္ကသိုလ်)

1 comments:

ကျွန်မ မလွန်ပါဘူး ... အဲလူကြီး လွန်တာ ... တစ်ကယ်ဆို မျှမျှတတချစ်သင့်တာပေါ့နော် ... :)

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...