အကျီစားသန်သူ


(က)
ထိုအဆောင်တွင် စိုးစိုး၊ ယုယုနှင့် ဝေဝေတို့ သုံးယောက်ပေါင်းမိပြီဆိုမှဖြင့် တစ်ဆောင်လုံး ရှိသူတွေ အားလုံး နားရွက်ပင် မခတ်ရဲလောက်အောင် အလွန်တရာမှ သတိထား၍ နေကြရတတ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသုံးယောက်ပေါင်း လိုက်လျှင် လူတကာကို အခံရခက်အောင် အကျီစားသန်လွန်းသော ကြောင့်ဖြစ်ပါသည်။ တစ်ဆောင်လုံးတွင် သူတို့သုံးယောက်၏ အစအနောက်ကို မခံရသူရယ်လို မရှိ။ ယုတ်စွအဆုံး အဆောင်ပိုင်ရှင် အပျိုကြီးပင် မနေရချေ။ သူမတို့ ကျီစားပုံက ထိုအချိန်မှာတော့ ဆွေ့ဆွေ့ခုန်အောင် စိတ်ဆိုးကြသလောက် အားလုံးပြီးသွားချိန်တွင် ထိုအကြောင်းကို တစိမ့်စိမ့် ပြန်ပြောကြရသည့်အခါ ရယ်မောကြရမြဲဖြစ်သည်။ ပထမတော့ သူတို့သုံးယောက်၏ သည်းညဉ်းကို မည်သူမျှ မခံနိုင်ကြ။ အဆောင်ပိုင်ရှင်က သူတို့သုံးယောက်ကို အဆောင်ကနေ နှင်ဖို့အထိပင် စဉ်းစားခဲ့မိသေးသည်။ သို့သော် နောက်ဆုံးမှာတော့ သူတို့သုံးယောက်မှာ အဲဒီ အစအနောက် အကျီစားသန်တာကလွဲပြီး စိတ်ကောင်းနှလုံးကောင်းရှိကာ ရိုးသာားဖြူစင်သူ  ကလေးတွေမို့ အဆောင်မှာ ဆက်လက်နေခွင့်ပြုလိုက်ရသည်။
သူတို့နောက်ပုံကလည်း လွန်လွန်းသည်။ ဥပမာ- မြန်မာ့အသံ(သို့မဟုတ်) မြဝတီမှ ရုပ်ရှင်ကောင်းသော စနေနေ့ညမျိုးဆိုလျှင် သူတို့ သုံးယောက်သား ခေါင်းချင်းဆိုင်ကာ အမျိုးမျိုး အကျီစားသန်ဖို့ စီစဉ်ကြတော့သည်။ အဲဒါကို မသိသူတွေကတော့ အငိုက်မိကာ ခံရမြဲဖြစ်သည်။ တစ်ခါတုန်းကဆိုလျှင် စနေနေ့ညမှာ ရုပ်ရှင်ကားကောင်းတွေမို့ ဧည့်ခန်းတွင် အဆောင်သူတွေ စုံစုံလင်လင် ရှိကြချိန်မှာ သူမတို့သုံးယောက်သား ဧရာမဇလုံကြီးတစ်လုံးဖြင့် ဧည့်ခန်းသို့ရောက်ရှိလာကာ ...
လ္ဖက်သုတ်ဆိုလျှင် ဘယ်မိန်းကလေးမှ မကြိုက်ဘဲ မနေနိုင်ကြသောကြောင့် လ္ဖက်ဇလုံကြီးဆီ လူတွေအားလုံး ဝိုင်းအုံလာကြကာ တစ်ယောက်တစ်ဇွန်းအလုအယက်ဖြင့် ခပ်စားမိကြလေသည်။ လ္ဖက်အနံ့ကလည်း ပုဇွန်ခြောက်နံ့ကလေး တသင်းသင်းဖြင့် မွှေးမြလှသည်ဖြစ်ရာ အားလုံးအားပါးတရ ပြုံးပြုံးကြီး ဝါးမိကြချိန်မှာ ထောက်ခနဲမြည်သံနှင့်အတူ သွားကျွတ်ထွက်သွားပြီလား ထင်ရလောက်အောင် ခပ်မာမာ အရာလေးတွေကို လူတိုင်းလိုလို ကိုက်မိကြလေသည်။ အားလုံး မျက်နှာလေးတွေ ကိုယ်စီကိုယ်ငှ ရှုံ့မဲ့သွားကြကာ မျက်လုံးတွေပြူးပြီး ပါးစပ်ထဲမှ လ္ဖက်သုပ်တွေကို လက်ထဲသို့ ပြိုင်တူထွေးထုတ်မိကြသည်။ အဲဒီတော့မှ လ္ဖက်ထဲမှာ ကျောက်စရစ်ခဲ့လို ပြောင်ချောချောအလုံးတွေ လူတိုင်းတွေ့ကြလေသည်။ “ဟယ်... အဲဒါ ဘာကြီးလဲ ကြည့်စမ်း... ဝေဝေတို့ ယုတ်မာလိုက်ကြတာ။ လ္ဖက်ထဲ ကျောက်စရစ်ခဲတွေ ထည့်သုပ်လိုက်တယ်ဟုတ်လား” ဟု စိတ်ဆိုးမာန်ဆိုး အော်ဟစ်ကြစဉ် သူမတို့ သုံးယောက်က စပ်ဖြီးဖြီးမျက်နှာကလေးတွေဖြင့်  
“ဟင် ဟုတ်လား အဲဒါဆိုရင် ကျောက်စရစ်ခဲနဲ့ မြေပဲ အထုပ်မှားပြီး သုပ်မိတာ ထင်တယ်... ဟီးဟီး” ဟု အော်လျက် သုံးယောက်သား တစ်ချိုးတည်းထ လစ်ပြေးသွားကြသည်။ 
ကျန်ခဲ့သော သူတွေမှာ သူမတို့သုံးယောက်ကို ဒေါသတကြီး ပြစ်တင်ဝေဖန်ရှုတ်ချလျက် လ္ဖက်သုပ်ပန်းကန်ကြီးကို ဆက်စားရကောင်းနိုး လွှင့်ပစ်ရကောင်းနိုးဖြင့် ဇေဝေဇဝါ ရယ်မောခဲ့ဖူးသည်။ သူတို့သုံးယောက်က အဲဒီလိုဖြစ်သည်။
(ခ)
ညဘက်ဆိုလျှင် သူတို့သုံးယောက်သည် ဘယ်တော့မှ စောစောအိပ်လေ့မရှိ။ သူမတို့ မအိပ်ချင်တိုင်း စောစောစီးစီးအိပ်ရာဝင်သူတွေကို အမျိုးမျိုး အကျီစားသန်တတ်သေးသည်။ တစ်ရက်တုန်းက ခြင်ထောင်ချထားသော အဆောင်သူတစ်ယောက်၏ ခြင်ထောင်ကို မွေ့ရာဖြင့် တစ်စပ်တည်းဖြစ်အောင် သူတို့သုံးယောက် ကြိုးစားပမ်းစားဝိုင်း၍ သီချုပ်ထားကြလေသည်။ ညသန်းခေါင်ကျော်တွင် အဆောင်သူက အိမ်သာသွားဖို့ ခြင်ထောင်ထဲမှ ဘယ်လိုမှ ထွက်မရသောကြောင့် သွေးပျက်ချောက်ချားကာ ....
ကယ်ကြပါဦး... ကယ်ကြပါဦး။ ဒီမှာ ခြင်ထောင်ထဲက ထွက်လို့မရတော့ဘူး။ ဘာဖြစ်နေမှန်းမသိဘူး။ ခြင်ထောင်ကြီးက လေးဖက်စလုံး အလုံပိတ်နေတယ်” ဟု
ညသန်းခေါင်းမှာ အသံကုန်ဟစ်လျက် အော်ဟစ်ခဲ့ရဖူးလေသည်။ အဆောင်သူတွေအားလုံး အလန့်တကြားနိုးလာကာ အပြေးအလွှားရောက်လာပြီး ခြင်ထောင်ကို အမျိုးမျိုးဆွဲလှန်ဖို့ ကြိုးစားကြသည်။ သို့သော် မအောင်မြင်ချေ။ စိုးစိုးတို့က သေသေချာချာ အခိုင်အခံ့ ဝက်သိုးထိုးနည်းဖြင့် သေသေသပ်သပ်ချုပ်ထားသောကြောင့် ဖြစ်လေသည်။ နောက်ဆုံးမှာတော့ ခြင်ထောင်ကြီးကို အလယ်သားမှနေ၍ ဓားဖြင့်ထိုးခွဲချလိုက်ကြကာ ခြင်ထောင်ထဲမှ အဆောင်သူကို အပြင်ထွက်ခွင့်ရစေတော့သည်။
အားလုံးက ထိုလက်ရာကို စိုးစိုး၊ ယုယုနှင့် ဝေဝေတို့လက်ရာမှန်း ပြောစရာမလိုဘဲ တန်းသိကြသည်။ အဲဒီလောက် အကျီစားသန်ရပါ့မလားဟု ခံရသူက ဖြစ်ခါစမှာ ဒေါသတကြီး ဆွေ့ဆွေ့ခုန်ကာ ငိုယိုပြီး သူမတို့ကို ရန်တွေ့သော်လည်း သူမတို့သုံးယောက်က အပြုံးမပျက်ကြချေ။ သူမတို့မှာ ဆင်ခြေက အဆင်သင့်။
“မဟုတ်ပါဘူး ကြည်ဖြူရယ်။ စိတ်မဆိုးပါနဲ့။ ရှင့်ခြင်ထောင်ထဲကို ခြင်တွေ ခဏခဏဝင်လာတတ်တယ်လို့ ရှင်ပဲ ခဏခဏညည်းတယ်လေ။ အဲဒါကြောင့် ရှင့်ခြင်ထောင်ထဲ ခြင်မဝင်အောင် ကျွန်မတို့သုံးယောက်က ဝိုင်းချုပ်ပေးထားကြတာပါ” ဟု ပြုံးပြုံးဖြီးဖြီး မျက်နှာကလေးတွေနှင့် ဆင်ခြေပေးလေသည်။
(ဂ)
အဆောင်မှာ အဆောင်သူတွေ မကြာခဏ သရဲခြောက်ခံရတတ်လျှင် အဲဒါ ဘယ်သူ့လက်ချက်မှမဟုတ်။ သူတို့သုံးယောက်၏ လက်ချက်ပဲဖြစ်သည်။ သရဲဆိုလျှင် ဘယ်သူကမှ မကြောက်ဘဲ မနေနိုင်ကြသူတွေမို့ သရဲခြောက်ခံရလျှင် လိပ်ပြာလွင့်မတတ် အားပါးတရ ထိတ်လန့်ကြရမြဲဖြစ် သည်။ နောက်တော့မှ တကယ့်သရဲခြောက်ခြင်းမဟုတ်ဘဲ အနောက်ခံရမှန်း သိကာ စိတ်ဆိုး၍ မဆုံးတော့ချေ။ နောက်တော့လည်း အဲဒီစိတ်ဆိုးစရာသည် ရယ်စရာမောစရာအဖြစ် ပြောင်းလဲသွားရပြန်သည်။
တစ်ခါတုန်းကဆိုလျှင် အဆောင်ပိုင်ရှင် အပျိုကြီးမမက တစ်ရေးနိုးအိမ်သာ သို့ဝင်မိစဉ်  အိမ်သာခန်းထဲမှာ လည်ပင်းမှာ ကြိုးကွင်းစွပ်လျက် တန်းလန်းဖြင့် လျှာကြီးတွဲလောင်ထုတ်ကာ မျက်နှာတပြင်လုံး ဖြူဖွေးလျက်ရှိသော ဆံပင်ဖိုးရိုးဖားရားနှင့် ယုယုကိုတွေ့ရစဉ် ယုယုမှန်းမမှတ်မိဘဲ သရဲဟုထင်မှတ်မှားကာ အာခေါင်ခြစ်လျက် အသံကုန်ကျုံးအော်ပြီး ဝရုန်းသုန်းကား ထွက်ပြေးရလေသည်။ တစ်ဆောင်လုံးရှိ လူတွေကို...
“သရဲ သရဲ... လုပ်ပါဦး ။ အိမ်သာခန်းထဲမှာ သရဲကြီးလည်ပင်းမှာ ကြိုးတန်းလန်းနဲ့” ဟု ခုန်ဆွခုန်ဆွဖြင့် အော်ဟစ်၍ မဆုံးနိုင်အောင် ရှိလေသည်။
အဆောင်သူတွေအားလုံး အလန့်တကြားနိုးထကြရကာ အိမ်သာခန်းဆီမှာတော့ ယုယုက မရှိတော့ချေ။ ကိုယ့်အခန်းထဲကိုယ်ပြန်ပြီး ဖွေးနေသော ပေါင်ဒါတွေကို မျက်နှာသစ်ပစ်ကာ ဆံပင်တွေကို သပ်သပ်ရပ်ရပ်ပြန်ဖြီးရင်း သုံးယောက်သား ကျိတ်လျက် ရယ်မောနေကြလေသည်။ အိမ်သာခန်းထဲမှာ ဘာသရဲမှ မတွေ့တာမို့ တခြားအဆောင်သူတွေက မယုံကြည်ကြသော်လည်း အဆောင်ပိုင်ရှင်ကတော့ သူမကိုယ်တိုင် မျက်လုံးနဲ့တပ်အပ်မြင်လိုက်ရသည်မို့ ချောက်ချားရင်ဖိုကာ တစ်ကိုယ်လုံး အေးစက်လျက်ရှိသည်။ အဲဒီအကြောင်းကို တဖွဖွ ပြော၍မဆုံးတော့ချေ။ နောက်ဆုံးတော့ ထိုလက်ချက်မှာ ယုယုတို့၏ လက်ချက်မှန်း ပြန်သိသွားချိန်မှာတော့ အဆောင်ပိုင်ရှင်သည် စိတ်လည်းဆိုးကာ အောင့်သီးအောင့်သက်ဖြင့် ရယ်မောရလေသည်။
သူတို့သုံးယောက်က အဲဒီလိုဖြစ်သည်။
(ဃ)
အဆောင်တစ်ဆောင်လုံးရှိ လူတွေအားလုံးကို နောက်ပြောင်၍ အားရပြီဆိုလျှင် သူမတို့သုံးယောက်က အဆောင်အပြင်ရှိလမ်းသွားလမ်းလာတွေကိုလည်း အလစ် မပေးချေ။ အဆောင်ရှေ့မှာ ညောင်ပင်ကြီးတစ်ပင်ရှိသည်မို့ သူမတို့အတွက် အဲဒီညောင်ပင်ကြီးက တကယ်အသုံးဝင်သော ညောင်ပင်ကြီးဖြစ်လေသည်။ အဲဒီညောင်ပင်ကြီးကို အကာအကွယ်ယူကာ လမ်းသွားလမ်းလာတွေကို မကြာခဏ သရဲခြောက်သလို ကျီစားပြီး သုံးယောက်သား အူလှိမ့်ကာ ရယ်မောကြမြဲဖြစ် လေသည်။
“သူငယ်ချင်းတို့ရေ ..ဒီတစ်ခါတော့ နည်းနည်းလေးစွန့်စားပြီး တကယ်ယုတ္တိတန် အောင် နောက်ရအောင်။ ဒီညောင်ပင်ကွယ်ကနေ ခဲလုံးနဲ့ လှမ်းပေါက်တာလောက်တော့ လူတိုင်းနောက်လို့ ရတာပဲ” ဟုစိုးစိုးက စတင်လေသည်။
ကျန်နှစ်ယောက်က နောက်ရမည်ဆိုလျှင် အလွန်စိတ်ဝင်စားတက်ကြွစွာဖြင့် .
“ကဲ..ဆိုစမ်းပါဦး။ နင့်အကြံကို..”
“အဆောင်ရှေ့က ဖြတ်သွားတဲ့ကားတစ်စီး စီးရဲ့အရှေ့မှာ ကားတိုက်ခံရသလို အရင်ဆုံးလှဲအိပ် ချပစ်လိုက်မယ်။ အဲဒါဆိုရင် ကားသမားက လူတစ်ယောက်ကို ကားတိုက်မိပါပြီဆိုပြီး အလန့်တကြား ဖြစ်မယ်။ ပြီးရင်ကားရှေ့ကို
ဆင်းလာပြီးကြည့်မယ်။ အဲဒီအချိန်အထိ ငါကလှဲအိပ်နေမယ်။ သူကြံရာမရဖြစ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ အချိန်မှာ နင်တို့ထဲက တစ်ယောက်က ကားနောက်ခန်းဘက်ကနေ အသံတစ်ခုခုပေးလိုက်။အဲဒါဆို အဲဒီလူက ကားနောက်ဘက်ကို အလန့်တကြား သွားကြည့်လိမ့်မယ်။ အဲဒီအချိန်ကျမှ ငါကသုတ်ခနဲ၊ ဖျတ်ကနဲထပြီးတော့ ပြေးပုန်းနေလိုက်မယ်။ အဲဒီလူကားရှေ့ကို ပြန်လာကြည့်တဲ့ အချိန်မှာ ငါမရှိတော့ဘူးဆိုရင် သူဘယ်လောက်တုန်လှုပ် ချောက်ချားသွားမလဲ။ စဉ်းစားကြည့်စမ်း။အဲဒါကမှ တကယ်သရဲခြောက်တာနှင့် တူတာ”ဟု စိုးစိုးက ၀မ်းသာအားရပြောလေသည်။
ကျန်နှစ်ယောက်ကလည်း ကျေကျေနပ်နပ်ကြီး ထောက်ခံကြလေသည်။ အဲဒီလိုနှင့် ညတစ်ညမှာ သူမတို့သုံးယောက် အဆောင်ရှေ့ ညောင်ပင်ကြီးနောက်မှာ အကာအကွယ်ယူရင်း ဖြတ်သွားမည့် ကားတစ်စီးစီးကို စိတ်ရှည် လက်ရှည်စောင့်ကြလေသည်။ အဲဒီအချိန်မှာ ကားမီးရောင်ကို သူတို့တွေ့ရလျှင်..
“ဟဲ့..ကားတစ်စီးတော့ လာပြီ။ သွား..သွား သတိတော့ထားနော်။” ဟုဆိုပြီး စိုးစိုးကို ကျန်နှစ်ယောက်က တွန်းလွှတ်လိုက်လေသည်။ စိုးစိုးသည် ကားရှေ့တစ်ပေခန့်သာသာလောက်တွင် လှဲချဖို့ ကြိုတင်ချိန်ဆ ထားသော်လည်း သူမ၏ခန့်မှန်းချက်လွဲသွားလေသည်။ သူမကားရှေ့သို့ ဘွားခနဲရပ်လိုက်စဉ် ကားသမား ကြောက်အားလန့်အားဖြင့် ဘရိတ်အုပ်လိုက်မည်ဟု သူမတို့မျှော်လင့်ခဲ့သည်။ သို့သော် သူမတို့ လူရွေးမှားသွားခဲ့လေသည်။ ကားသမားက အရက်မူးနေပုံရသည်။ ကားကိုလုံးဝမရပ်လိုက်ချေ။ ကားရှေ့မှာ ဗြုန်းကနဲ ပြေးရပ်လိုက်သော စိုးစိုးကို ကားကအရှိန်မလျော့ဘဲ ဖြတ်တိုက်သွားလိုက်လေသည်။ စိုးစိုးသည် ကားဘောနက်(စ်) ပေါ်သို့ မြောက်တက်သွားပြီးမှ ပြန်လိမ့်ကျကာ ကတ္တရာလမ်းမပေါ်သို့ ပြုတ်ကျသွား လေသည်။
ပထမတော့ ထိုအဖြစ်အပျက်ကို ညောင်ပင်နောက်ကွယ်မှ စောင့်ကြည့်နေကြသော ယုယုနှင့် ဝေေ၀က စိုးစိုးနောက်တာ အောင်မြင်သည်ဟု ထင်နေကြသည်။ သို့သော် ကားသမားဆင်းလာပြီး စိုးစိုးကိုပွေ့ထူ လိုက်ချိန်မှာ တိုင်ပင်ထားသည့်အတိုင်းယုယုက ကားနောက်ဘက်ကနေ အသံတစ်ခုပေးလိုက်သည်။ သို့သော် ကားသမားက ထိုအသံကို စိတ်မ၀င်စားပါ။ ကားရှေ့မှာ သတိလစ်လျက်ရှိသော စိုးစိုးကိုသာ ထိတ်လန့်တကြား အော်ဟစ်နှိးလျက်ရှိသည်။
အဲဒီအချိန်ကျမှ ယုယုနှင့် ဝေေ၀သည် စိုးစိုးနောက်နေတာ မဟုတ်တော့မှန်း ရိပ်မိပြီး ကားရှေ့သို့ အပြေးအလွှား ရောက်လာကြ၏။
စိုးစိုး၏ခေါင်းနောက်မှာ သွေးတွေ တကယ်ပဲ ရွှဲနစ်နေခဲ့သည်။ စိုးစိုးကို သူမတို့နှစ်ယောက် တုန်လှုပ်စွာ ၀ိုင်း၍နိုးကြသော်လည်း စိုးစိုးက သတိပြန်လည်မလာပါ။ ထိုညတွင်းချင်းမှာပင် ဆေးရုံကြီး အရေးပေါ်ဌာနသို့ သူမတို့အမြန်ဆုံးပို့လိုက်ရလေသည်။ မယုံနိုင်လွန်းသဖြင့် ယုယုနှင့်ဝေေ၀မှာ သွေးပျက်မတတ် တုန်လှုပ်ချောက်ချားလျက်ရှိကြသည်။ စိုးစိုး တကယ်ကားတိုက်ခံရကြောင်း သူမတို့နှစ်ယောက် မယုံကြည်နိုင်။ အဲဒီလိုပင် အဆောင်တစ်ဆောင်လုံးရှိ လူတွေကလည်းလုံးဝမယုံကြည်ကြချေ။ သူမတို့ ဆေးရုံကနေ အဆောင်ကို လှမ်းဖုံးဆက်ပြီး စိုးစိုးအကြောင်းပြောပြချိန်မှာတောင် ဖုန်းလာနားထောင်သော အဆောင်မှူးကလုံးဝ မယုံကြည်ချေ။
“ကလေးမလေးတွေ လာနောက်မနေကြနဲ့။ နင်တို့ဒီအချိန် အချိန်မတော်ကြီးဘာလို့ အဆောင်အပြင် ရောက်နေကြတာလဲ။ နင်တို့အဆောင်လမ်းထိပ်ကနေ ဆက်နေတာမဟုတ်လား။ ဒီတစ်ခါတော့  နင်တို့ထက်ပိုလည်သွားပြီ။ နင်တို့ကျီစားတာ ကိုငါမယုံတော့ဘူးသိလား။” ဟုဆိုကာ ရယ်ရယ်မောမောဖြင့် ဖုန်းချသွားလေသည်။ ယုယုနှင့်ဝေေ၀မှာ တစ်ယောက်ကို တစ်ယောက်ဖက်ရင်း၊ တစ်ကိုယ်လုံး သွေးဆုတ်ဖြူရော်ကာ တုန်ရီလျက်ရှိကြသည်။ စိုးစိုးကတော့ သတိပြန်လည်မလာတော့ချေ။

(င) 
စိုးစိုးသေဆုံးသွားသောအဖြစ်ကို သူမတို့ ဘယ်လိုမှ ယုံကြည်လက်ခံ၍မရနိုင်ခဲ့သလို တစ်ဆောင်လုံးရှိ လူတွေကလည်း မယုံကြည်နိုင်ကြချေ။ အဖြစ်အပျက်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှပြီး တစ်ယောက် ယောက်ကကျီစားနောက်ပြောင်နေသလိုပဲ။ မယုံနိုင်စရာကောင်းလှသည့်ကို။ အဲဒီအချိန်ကစပြီး ဝေေ၀နှင့် ယုယုတို့သည် ဘယ်သူ့ကိုမှ မစမနောက်ဖြစ်တော့ပေ။ သူတို့စိတ်ထဲမှာ ယခုအချိန်အထိ စိုးစိုးသူမတို့ကို နောက်နေခြင်း၊ ကျီစားနေခြင်းဖြစ်သည်ဟုအမြဲတမ်း သံသယဖြစ်လျက် ရှိလေသည်။

လွန်းထားထား(ဆေးတက္ကသိုလ်) 
အိုင်ဒီယာမဂ္ဂဇင်း(အောက်တိုဘာလ ၂၀၀၄)

1 comments:

သနားလဲ သနားပါတယ်။ ဒါပေမယ့် ကျီစားသန်က ရန်များ၏ တဲ့....အန္တရာယ် လဲ များတယ်နော်။

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...