သမီးလေးနဲ့အချစ်


(က)
အသက်ငါးနှစ်ကျော်လာပြီဖြစ်တဲ့ သမီးကလေးက သူ့ရဲ့စာရေးစားပွဲမှာ စမတ်ကျကျထိုင်ပြီး စာရေးနေတာမို့ ကျွန်မက စပ်စပ်စုစုနဲ့လှမ်းမေးမိပါတယ်။
`သမီးကလေး ဘာတွေရေးနေတာလဲ´
ဆိုတော့ သူကလေးက ဣနြေ္ဒတစ်ခွဲသားနဲ့ ပြန်ဖြေတာက
`I am writing about Secret of Love’
တဲ့လေ။ ကျွန်မမှာ ကြားကြားချင်း မျက်ခုံးတွေပင့် မျက်လုံးတွေပြူးပြီး အရမ်းလည်း စိတ်ဝင်စားသွားမိပါတယ်။
`What is Secret of Love သမီးလေး´
လို့ ရယ်ချင်တဲ့စိတ်ကို အသာမြိုသိပ်ပြီး စိတ်ဝင်တစားမေးမိလိုက်တော့ သူကလေးက မှင်သေသေမျက်နှာပေးနဲ့ ကျွန်မကို သူ စာရှင်းပြရမယ့် တပည့်ကလေးတစ်ယောက်လို ကြည့်ပြီး မျက်ခုံးကလေးပင့်ကာနဲ့ `Secret of Love means A man loves a woman. But they didn’t marry, they love eachother. That is Secret of Love.’ လို့ ကျွန်မကို ရှင်းပြပါတယ်။ ကျွန်မမှာ အံ့သြလွန်းလို့ စကားတောင် ပြန်မပြောနိုင်ပါ။ အဲ့ဒါ သူပြောတဲ့အတိုင်း ကျွန်မရေးပြတာ။ ဘယ်သူတွေ ယုံနိုင်ပါ့မလဲ။ အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက် ဒီလိုအတွေးမျိုး ရှိနေတယ်ဆိုတာ ကျွန်မတို့ ငါးနှစ်သမီးအရွယ်တုန်းက ဘာပြောမှန်းတောင် သိမှာမဟုတ်တဲ့ စကားတစ်ခွန်းကို သမီးလေးဆီက ကြားတော့ ကျွန်မမှာ အံ့လည်းသြ ရင်သပ်ရှုမောစွာလည်း ခံစားရပါတယ်။ ဒီခေတ် ကလေးတွေ တတ်သိလိုက်ပုံများ မလွယ်ပါလား။
`နေပါဦး သမီးက အဲဒါကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ´
လို့ ထပ်မေးတော့ ပြုံးစိစိမျက်နှာပေးနှင့်….
`I’m  just thinking in my head.’  တဲ့…
`သမီးက စာရေးမလို့လား´
`ဟုတ်တယ် မေမေ´ တဲ့။ ပြီးတော့ ကျွန်မကို Secret ရဲ့ စာလုံးပေါင်းမေးပြီး သူ့စာအုပ်ထဲ ချရေးနေတော့တာ။ ဒီအကြောင်း မောင့်ကိုပြန်ပြောပြတော့ မောင်က အမလေးဆိုပြီး ရယ်လို့မဆုံး။ ခုချိန်ကတည်းက သမီးကလေးကို အရိပ်တကြည့်ကြည့် နဲ့ သူဘာကို စိတ်ဝင်စား အားသန်မလဲဆိုတာကို သိချင်နေမိတဲ့ ကျွန်မအတွက်တော့ စိတ်လှုပ်ရှားစရာ မျှော်လင့်ချက်တစ်ခုပေါ့လေ။ သမီးကလေးဟာ ကျွန်မလိုပဲ စာရေးခြင်းကို မက်မောတွယ်တာလာမည့်သူလား။ အဲ့ဒါဆိုရင်တော့ ကျွန်မသူ့ကို စနစ်တကျ ပြုစုပျိုးထောင်ပေးချင်မိပါတယ်။ သမီးလေးက အတွေးသမား၊ သူ့ကြည့်လိုက်ရင် တွေးနေတတ်တာက များပါတယ်။ ပြီးရင် မေးခွန်းတွေ အမြဲတမ်းမေးလေ့ရှိသူမို့ သူနားလည်အောင် ကျွန်မမှာ ကြိုးစားပြီး ဖြေပေးရပါတယ်။ စာအုပ်တွေဖတ်တာ နှစ်သက်သူကလေးမို့ အားရင် စာအုပ်ကလေးတွေ အမြဲတမ်းဖတ်နေတတ်ပါတယ်။ အိမ်သာထိုင်ရင်တောင် လက်ထဲမှာ စာအုပ်ကလေးနဲ့မို့ သူ့ပုံစံကလေးကြည့်ရတာ လူကြီးပေါက်စကလေးလို အရင့်ကျက်လွန်နေပါတယ်။ ဒီအရွယ်ကလေးနဲ့ ဘယ်သူက ဘယ်လိုစိတ်ထားမျိုး ရှိတယ်ဆိုတာကို သူကိုယ်တိုင် ဉာဏ်ကလေးနဲ့ သုံးသပ်ပြတတ်ပါတယ်။ တစ်ရက်တော့ သမီးကလေး ကျောင်းကအပြန် သူ့ကို မေးကြည့်မိပါတယ်။
`သမီးလေး ကျောင်းမှာ သူငယ်ချင်းတွေက သမီးလေးကို ချစ်ကြရဲ့လား Are they kind to you? ‘Yes, they are. But actually, they are pretending.’ တဲ့။ ပြီးတော့ ခေါင်းကလေး တဆတ်ဆတ်ညိတ်ကာနဲ့ ‘I know, I really know.’ လို့ ဆက်ပြောပါတယ်။ ကျွန်မမှာ ဘာပြောရမှန်းမသိ။ ကလေးတွေဟာ ဟန်ဆောင်တတ်ပါ့မလား။ ကလေးချင်းကော ဟန်ဆောင်နေတာပါလို့ သမီးလေးက ဘယ်လိုလုပ်ပြီး သေချာပြောနိုင်ပါသလဲ။ အဲ့ဒါကတော့ ကျွန်မအတွက် တွေးစရာပါ။ ကျွန်မတို့ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေအချင်းချင်း ဒီလိုပဲ ပေါင်းသင်းခဲ့ကြတာ။ သူတို့ ကျွန်မကို ခင်မင်ဟန် ကြင်နာဟန်ဆောင်ခဲ့ကြသလားဆိုတာ။ ကျွန်မ အမှန်တကယ်မသိခဲ့။ သမီးကလေးကတော့ သူ့ကို ဘယ်ဆရာမက ဘာပြောတာ ဘယ်လိုပြောတာ ဘယ်သူငယ်ချင်းက ဘယ်လိုဆက်ဆံတာ စသဖြင့် အသေးစိတ်ကို စုံစုံစေ့စေ့ ပြန်ပြောပြတတ်တာမို့ ကျွန်မမှာ သူ့ကျောင်းက ဆရာမတွေ ဘယ်လိုစိတ်ထားမျိုး ရှိတယ်ဆိုတာကအစ သူ့သူငယ်ချင်းတွေအားလုံးရဲ့နာမည်တွေနဲ့တကွ စိတ်ထားကလေးတွေကိုပါ သိခွင့်ရနေခဲ့ပါတယ်။ သမီးကလေးကို ကျွန်မက သူငယ်ချင်းတစ်ယောက်လို တရင်းတနှီးပေါင်းပြီး သူ့ရင်ထဲမှာရှိနေတာ စိတ်ထဲမှာရှိနေတာလေးတွေကို အမြဲတမ်း မျက်ခြေမပြတ်လေ့လာနေရပါတယ်။ ဒါကြောင့်လည်း သမီးလေးကပြောတာပါ ‘May May, You’re my best friend. We will never ever break up.’  တဲ့လေ။
(ခ)
တစ်နေ့ကတော့ ဘာစိတ်ကူးပေါက်တယ်မသိပါ။ ပြတင်းပေါက်ကနေ သူ့ဖေဖေ အလုပ်သွားတာကို ငေးကြည့်ရင်း သမီးလေးက စကားတစ်ခွန်းဆိုလာပါတယ်။
‘May May, You’ve got a wonderful husband.’ တဲ့။ ကျွန်မက အံ့သြလည်းသြ၊ ရယ်လည်း ရယ်ချင်စွာနဲ့…
`သမီးက ဘယ်လိုလုပ်ပြီး သိတာလဲ´လို့ ပြန်မေးမိပါတယ်။
‘Phay Phay always plays with me and  he always helps you.’ လေ။
`အေး… ဟုတ်တာပေါ့ သမီးရယ်။ မေမေ ကံကောင်းတာပေါ့နော်´ လို့ ကျွန်မပြန်ပြောတော့ သူက သဘောတွေကျလို့လေ။ သမီးက ကျွန်မနဲ့သူ့ဖေဖေမှာ သူ့ဖေဖေဘက်က ပိုလိုက်ပေးတတ်ပါတယ်။ တစ်ရက်တော့ ကျွန်မက မောင့်ကို စိတ်ကောက်ပြီး စကားမပြောဘဲ နေမိပါတယ်။ မောင်ဆေးခန်းကနေ ဖုန်းဆက်ရင်လည်း ကျွန်မမဖြေဘဲ သမီးကိုသာ ကိုင်စေပါတယ်။ အဲ့ဒါကိုပဲ သူကလေးခမျာ သူ့ဖေဖေကိုယ်စား မခံမရပ်နိုင်တွေ ဖြစ်နေတော့တာ။ မျက်ခုံးကလေး ပင့်ကာ ပင့်ကာနဲ့ ကျွန်မကို ကြည့်ပုံရှုပုံက အပြစ်ရှိတဲ့ကျောင်းသူကလေးကို ကြည့်တဲ့ ကျောင်းဆရာမ စတိုင်လ်မျိုးနဲ့ပါ။
`မေမေ… Why don’t you speak my Phay Phay?’ တဲ့ စမေးပါတယ်။
`ဘာဖြစ်လို့လဲဆိုတော့ မေမေသူ့ကို စိတ်ဆိုးနေလို့ပေါ့ သမီးရဲ့´
`Why? Phay Phay is your husband. လေ… You should say sorry to him and hug him when he comes back နော်´ လို့ လူကြီးသူမ လေသံနဲ့  ကျွန်မကို သွန်သင်ဆုံးမနေတာမို့ ကျွန်မမှာ ရယ်ချင်မိပါတယ်။
`အို… တောင်းပန်နိုင်ပါဘူးအေ… သမီးဖေဖေက တစ်ခါတလေ naughty ဖြစ်တယ်။ မေမေ စိတ်တိုနေပါတယ်ဆိုနေမှ´
‘Although he might be naughty sometimes, but he is so kind. You shouldn’t mad at Phay Phay.’ တဲ့။ သူကလည်း အလျှော့ကို မပေးတာ။ ဖုန်းလာလို့ ကျွန်မမကိုင်ဘဲနေတာကိုပဲ သူ့မှာ အသည်းတွေယားနေတဲ့ပုံ။ ကျွန်မမှာ စိတ်ကောက်တာတောင် စိမ်ပြေနပြေ မကောက်နိုင်အားပါဘူး။ သူ ကြားဝင်ဖြန်ဖြေနေတာနဲ့ပဲ ရယ်ချင်မိတော့တာ။ ဖုန်းဆက်လာတဲ့ သူ့ဖေဖေကိုလည်း
`ဖေဖေ… မေမေ doesn’t want to tell you at the moment. She’s still allergic to you.’ လို့ ပြန်ပြောရင်း ‘Oh! Poor ဖေဖေ´ လို့လည်း ညည်းပါသေးတယ်။ ဒီလိုနဲ့ပဲ ကျွန်မရဲ့ စိတ်ကောက်ခြင်းက သက်တမ်းမရှည်နိုင်တော့ဘဲ ရယ်မောခြင်းနဲ့အတူ ပြယ်လွင့်ရတော့တာပါလေ။
(ဂ)
တစ်နေ့ကတော့ ခြံထဲမှာ ကျွန်မက စာဖတ်နေရင်း သမီးလေးက သူ့ဘာသာသူ ဒန်းကလေးစီးရင်း သီချင်းတစ်ပုဒ်ကောက်ဆိုနေသံကို အမှတ်တမဲ့ ကျွန်မနားထောင်လိုက်မိပါတယ်။ စာသားလေးတွေက ချစ်စရာ…
‘This is me. This is you. I’m the only one who hold your hands.
This is me. This is you. I’m the only one who touch your heart.’ တဲ့။ ဒီသီချင်းကို ကျွန်မ တစ်ခါမှ မကြားဖူးတာမို့ `ဟဲ့ သမီး အဲဒါ ဘယ်သူ့သီချင်းလဲ။ မေမေလည်း တစ်ခါမှ မကြားဖူးပါလား´ လို့ မေးလိုက်တော့ သူကလေးက ပြုံးစိစိမျက်နှာကလေးနဲ့ ကျွန်မကို ပြန်ပြောပါတယ်။
`အဲ့ဒါ မီးလေး Song လေ´
`ဘာရယ်… မီးလေးရဲ့ သီချင်းလား။ မီးလေး ဘာသာ စပ်လိုက်တာလား´
`အင်း… ဟုတ်တယ် မီးလေးဘာသာ ဒီအတိုင်းပဲ ဆိုလိုက်တာ´ တဲ့။
ဖြစ်နိုင်တာက သူ့ခေါင်းထဲပေါ်လာတဲ့ စာသားကလေးကို လက်တန်းစပ်ဆိုလိုက်တာ ဖြစ်မှာပါ။ ကျွန်မမှာတော့ မျက်ခုံးတွေပင့် မျက်လုံးပြူးလို့။ ဒီခေတ်ကလေးတွေ အတတ်မြန်ပုံများ အံ့သြစရာကြီးပါလားပေါ့။ ကျွန်မတို့ ငါးနှစ်သမီးအရွယ်တုန်းက သီချင်းစပ်ဖို့ မပြောပါနဲ့၊ သီချင်းတောင် သိပ်နားထောင်တတ်လှတာ မဟုတ်။ အခုတော့ ကျွန်မရဲ့ ငါးနှစ်အရွယ်သမီးကလေးက အချစ်သီချင်းတွေ ဘာတွေ စပ်လို့ပါလား။ သူကလေးက သီချင်းတွေလည်း အရမ်းကြိုက်တာ။ သေသေချာချာ နားထောင်လေ့ရှိတာမို့ သီချင်းစပ်ဖို့ စိတ်ကူးပေါ်လာတာလည်း ဖြစ်မှာပါ။
`သမီးရယ်… သမီးက ငါးနှစ်ပဲရှိသေးတယ်။ သီချင်းတောင် စပ်တတ်နေပြီလား။ ကဲ ဆက်ဆိုပါဦး။ မေမေ ဗွီဒီယို ရိုက်ထားပေးမယ်´
ဆိုပြီး ကျွန်မက iphone ကလေးနဲ့ ဗွီဒီယိုရိုက်ယူထားတော့ သူက ဟန်ပါပါ မာန်ပါပါနဲ့ သီချင်းကို စိတ်ကူးပေါက်သလို လက်တန်းဆက်ဆိုနေပါတော့တယ်။ အာခေါင်ခြစ်ပြီး This is me. This is you. ဆိုတာကိုလည်း ဆိုသေးရဲ့။ သူ့ကို ကြည့်ပြီး ကျွန်မ လှုပ်လှုပ်ခတ်ခတ် ပြုံးမိပါတယ်။ အင်း နောက်ဆယ်နှစ်ဆိုရင်ဖြင့် သမီးလေးကို ကျွန်မလိုက်လို့များ မီနိုင်ပါတော့မလား မသိပါဘူးလေ။

နိုဝင်ဘာ ၂၀၁၁ People Magazine
လွန်းထားထား(ဆေးတက္ကသိုလ်)

1 comments:

ဖတ်လို့ပြီးသွားတော့ မော်နီတာကြီးရှေ့မှာ ကိုယ်တစ်ယောက်ထဲ ပြုံးနေမိတယ်လေ၊၊ သမီးလေးက တော်တော်ချစ်ဖို့ကောင်းသလို ဥာဏ်လဲ ထက်လွန်းလှတယ်နော်၊၊

 

Post a Comment

ဝေဖန်ချက်လေးတစ်ခုခုပေါ့....

Related Posts Plugin for WordPress, Blogger...